ဖတ်ဖူးတာလေးတစ်ခု ရှိတယ်။ တက္ကသိုလ်တွေမှာ ကျောင်းသူကျောင်းသားတွေကို စစ်တမ်းကောက်တော့ အများစုက ဆရာမတွေဟာ စာအသင်အပြပိုကောင်းတယ်လို့ ဖြေကြပါတယ်တဲ့။ ဒါပေမယ့် တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူနေကြတာကတော့ အမျိုးသားတွေဖြစ်နေတာ ပိုများတယ်။ ဘာလို့လဲ။ အမျိုးသားတွေဟာ အပြင်လူတွေနဲ့ ပိုပြီး ဆက်ဆံတတ်လို့ပါတဲ့။ စကားပြောရဲတယ်။ လုပ်ရဲကိုင်ရဲတယ်။ ခေတ်စကားနဲ့ပြောရင် ရောင်းတတ်တယ်။ ဒီတော့ လူတွေက နေရာပိုပေးတယ်ပေါ့။
အမျိုးသမီးတွေ ကိုယ်ရည်ကိုယ်သွေးပိုင်း အားနည်းနေတော့ လူတွေက နေရာမပေးဘူး။ နေရာမရတဲ့အတွက် ကိုယ်ရည်ကိုယ်သွေးပိုင်းကလည်း တိုးတက်မလာတော့ဘူး။ ဒီလိုသံသရာလည်နေတယ်။ ဒါကို ဖြတ်တောက်ပစ်ဖို့ဆိုရင် အချက် ၃ ချက်လိုတယ်။
၁။ နေရာပေးဖို့
လူဆိုတာ အဆုံးအဖြတ်ပေးရတဲ့နေရာ၊ စီမံခန့်ခွဲရတဲ့နေရာတွေ ရဖူးမှ ဒီလိုတွေ ဆုံးဖြတ်ရဲလာတာ၊ စီမံခန့်ခွဲတတ်လာတာ၊ စိတ်ဖိစီးမှုတွေ၊ Risk ယူရတာတွေ၊ မှားသွားရင် တာဝန်ခံရတာတွေနဲ့ ရင်းနှီးလာတာ။ ဒီအတွက် Exposure လို့ခေါ်တဲ့ ထိတွေ့မှု လိုအပ်တယ်။
ငယ်ငယ်ကတည်းကလည်း ဒီလိုတွေ ဆုံးဖြတ်ရဲအောင်၊ အမှားလုပ်ရဲအောင် သင်ပေးမထားဘူး။ အကုန်လုံး မိဘကပဲ အကုန်လုပ်ပေး၊ ဆုံးဖြတ်ပေး၊ ကာကွယ်ပေးလာတော့ မလုပ်ရဲ မကိုင်ရဲတွေ ဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ လေးစားမှုတွေ အားနည်းနေတယ်။ အလုပ်မှာလည်း အဲ့လို Exposure က ထပ်မရဘူး ဆိုတဲ့အခါ တိုးတက်လာဖို့ရာ ခက်သွားတယ်။
ဒီနေရာမှာ အမျိုးသား၊ အမျိုးသမီး ဘယ်လောက်တန်းတူညီမျှမှု ရှိသလဲဆိုတာကို တိုင်းတာကြတဲ့ ပေတံတွေရှိတယ်။ ဥပမာ လွှတ်တော်အမတ်ထဲမှာ အမျိုးသမီး ဘယ်နှရာခိုင်နှုန်းပါရမယ် ဆိုတာမျိုးပေါ့။ အဲဒီအခါ တချို့ကပြောတယ်။ အဲ့လိုဘယ်နှရာခိုင်နှုန်း ပါရမယ်ဆိုတိုင်း အရည်အချင်းမရှိသူတွေကို နေရာပေးလိုက်လို့ ရမလားတဲ့။ မှန်ပါတယ်။ ဘာအရည်အချင်းမှ မရှိသူကိုတော့ နေရာပေးလို့ မရဘူးပေါ့။ ဒါပေမယ့် အရည်အချင်းရှိပါရက်နဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်း တစုံတရာ အားနည်းနေသူတွေကိုတော့ နေရာပေးရမယ်။ ဒါမှပဲ Exposure ရလာမယ်။ အထိအတွေ့ရှိလာမယ်။
ဒီကမှတဆင့် ကိုယ်ရည်ကိုယ်သွေး တိုးတက်လာမယ်။ နောက်ဆုံး အမျိုးသမီးတွေကို ကိုယ်စားပြုနိုင်တဲ့ အသံတွေ၊ ဆောင်ရွက်ချက်တွေ ရှိလာလိမ့်မယ်ပေါ့။ ဒီအတွက် အမျိုးသမီးတွေကို နေရာပေးဖို့၊ တနည်းအားဖြင့် Exposure များများရစေဖို့ တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေကို နေရာမပေးခြင်း ဆိုတဲ့ကိစ္စမှာ ကြီးမားတဲ့ အကြောင်းရင်းတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ အမျိုးသမီးတွေဆို ခေါင်းဆောင်နိုင်စွမ်းမရှိပါဘူး ဆိုပြီး တရားသေသတ်မှတ်ထားတဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။ Stereotype လို့ ခေါ်တာပေါ့။ အမျိုးသမီးဆိုတာနဲ့ကို လူမမြင်ရသေးဘူး၊ ဖြစ်ပါ့မလားဆိုပြီး သံသယ၀င်နေကြတာတွေကို ဆိုလိုတာပါ။ ဒါတွေကိုလည်း ပြင်ဖို့လိုပါလိမ့်မယ်။ ခေါင်းဆောင်မှု အရည်အသွေးဆိုတာ ယောကျာ်းမှာပဲ ရှိပြီး မိန်းမမှာ မရှိတဲ့ အရည်အသွေးမျိုး မဟုတ်ပါဘူး။ ပျိုးထောင်နိုင်တယ်ဆိုရင် ဘယ်သူမဆို ပိုင်ဆိုင်နိုင်တဲ့ အရည်အသွေးတစ်ခုသာ ဖြစ်ပါတယ်။
၂။ နေရာနဲ့ ထိုက်တန်ကြောင်း ပြသဖို့
တစ်ဖက်က Exposure ပေးဖို့ လိုသလို၊ အမျိုးသမီးတွေကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်အောင် လုပ်ဖို့လိုမယ်။ နေရာပေးတာကို ထိုင်စောင့်နေမလား၊ ကိုယ့်ဟာကိုယ် နေရာယူမလား စဉ်းစားကြည့်ပါ။ ဒီအတွက် ‘နေရာမပေးဘူးဆိုရင် နေရာနဲ့ထိုက်တန်တဲ့ အရည်အသွေးရှိကြောင်း သက်သေပြမယ်’ ဆိုတာမျိုး ဖြစ်ဖို့လိုပါတယ်။
ပုံပြင်လေးတစ်ပုဒ် ဖတ်ဖူးတယ်။ မွေးကင်းစ ကျားပေါက်လေးတစ်ကောင်ဟာ ကံဆိုးချင်တော့ မိသားစုနဲ့ ကွဲသွားပြီး ဆိတ်တွေကြားထဲကို ရောက်သွားသတဲ့။ အနေကြာလာတော့ သူ့ကိုယ်သူလည်း ဆိတ်လို့ပဲ ထင်လာတယ်။ အသံထွက်တာတောင်မှ ကျားတစ်ကောင်လို မဟိန်းဟောက်နိုင်တော့ဘူး၊ ပဲပဲ ပဲပဲနဲ့ပဲ အသံထွက်တော့တယ်။ အဖေဖြစ်တဲ့ ကျားကြီးနဲ့ ပြန်တွေ့တော့မှ ကျားပေါက်လေးကို ရေကန်အစပ်နား ခေါ်သွား၊ ရေထဲမှာ ပေါ်လာတဲ့ ကိုယ့်ပုံရိပ်ကို မြင်အောင်ကြည့်ခိုင်း၊ မင်းဟာ ကျားတစ်ကောင်ဖြစ်တယ် လို့ အားပေးပြီး ကျားလို ဟိန်းဟောက်ခိုင်းတယ်။ အစပိုင်းတော့ ပဲပဲ ပဲပဲ ပဲအသံထွက်တယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ကျားသံပေါက်လာပြီး တကယ့်ကျားစစ်စစ် ပြန်ဖြစ်သွားတော့သတဲ့။
အမျိုးသမီးတွေရဲ့ အဖြစ်ကလည်း အဲဒီကျားပေါက်လေးလိုပဲ။ တစ်ဆင့်နိမ့်တယ်ဆိုတဲ့ အမြင်တွေအောက်မှာ အနေကြာလာတော့ ကိုယ်ကိုယ်တိုင်ကပါ ငါဟာ အစွမ်းအစရှိတဲ့သူဆိုတာ မေ့သွားတယ်။ ငါတို့က အားနွဲ့တယ်လေ၊ အားကိုးရှိမှ၊ ယောကျာ်းကို မှီခိုရမယ်၊ ဦးမဆောင်နိုင်ဘူး၊ ငါတို့ မလုပ်နိုင်ပါဘူး၊ ငါတို့ဒီလောက်ပဲ တတ်နိုင်တယ် ဆိုပြီး ကိုယ့်အစွမ်းအစကိုယ် ပိတ်ပင်ပစ်လိုက်ကြတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မြင်အောင်ကြည့်ကြစေချင်တယ်။
ကျားပီပီ အသံထွက်လာအောင် ဟိန်းဟောက်ကြည့်ပါ။ စစချင်းတော့ ပဲပဲ ပဲပဲ ဆိုတဲ့အသံပဲ ထွက်လာလိမ့်မပေါ့။ စိတ်ဓါတ်မကျနဲ့၊ ဒီလိုသတ်မှတ်ချက်တွေအောက်မှာ ဒီလောက်အကြာကြီး နေလာခဲ့ကြမှပဲဟာ။ ဇွဲမလျှော့ဘဲ ကြိုးစားကြည့်။ တဖြည်းဖြည်းနဲ့ ကိုယ့်အသံတွေ ဟိန်းထွက်လာလိမ့်မယ်။ ကိုယ့်ရဲ့ အစွမ်းအစတွေ ပေါ်လာပါလိမ့်မယ်။
၃။ သိမ်းကျုံးမပြောဖို့
နေရာပေးဖို့နဲ့ နေရာယူဖို့တွေ ပြောပြီးသွားတဲ့နောက်မှာ အရေးကြီးတဲ့ ပြဿနာတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ သိမ်းကျုံးပြောကြတာပါ။ ဥပမာ ကိုမျိုး ဆိုတဲ့ အမျိုးသားတစ်ယောက်က စီမံခန့်ခွဲတဲ့နေရာမှာ အသုံးမကျဘူး ဆိုပါတော့၊ ဒါဆို လူတွေက ကိုမျိုး အသုံးမကျဘူးလို့ပဲ ပြောလိမ့်မယ်။ တကယ်လို့ မမျိုး ဆိုတဲ့ အမျိုးသမီးတစ်ယောက်က စီမံခန့်ခွဲတာ သိပ်အဆင်မပြေဘူး၊ မပြတ်မသား မ၀ံ့မရဲ့ ဖြစ်နေတယ် ဆိုပါတော့၊ တွေ့တယ်မှလား မိန်းမတွေက အဆင်မပြေပါဘူးလို့ ဆိုပြီး လူတွေက ပြောကြပါလိမ့်မယ်။
တကယ်တော့ ဒါဟာ အမျိုးသမီးတစ်ယောက် အဆင်မပြေတာသာ ဖြစ်ပါတယ်။ အမျိုးသမီးတိုင်း ညံ့နေကြတာ မဟုတ်ပါဘူး။ အဲ့လိုပဲ အမျိုးသားတိုင်းလည်း တော်နေကြတာ မဟုတ်ဘဲ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုအားနည်းတဲ့ အမျိုးသားတွေမှ အများကြီးကို ရှိနေပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ယောက် အသုံးမကျရင် သူတစ်ယောက်တည်း အသုံးမကျတာလို့ မြင်ပေးနိုင်ကြဖို့လည်း သိပ်အရေးကြီးပါတယ်။
အနှစ်ပြန်ချုပ်ပြီး ပြောရရင်တော့ အမျိုးသမီးတွေ ခေါင်းဆောင်နေရာရဖို့ဆိုရင် လူ့အသိုင်းအ၀ိုင်းရဲ့ အမြင်တွေ၊ သတ်မှတ်ချက်တွေ ပြင်ဖို့လိုတယ်။ အမျိုးသမီးဆိုတာနဲ့ နေရာမပေးတော့တာမျိုးတွေ မလုပ်ဖို့လိုတယ်။ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ့်မှာရှိရက်နဲ့ တိမ်မြှုပ်နေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဖော်ထုတ်ပြီး လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုပါတယ်။
ဒေါက်တာ ဖြိုးသီဟ
(၂၀.၁၀.၂၀၁၈ ထုတ် Voice Weekly ပါ ဆောင်းပါးအား အနည်းငယ်တည်းဖြတ်ထားပါသည်)
No comments:
Post a Comment