Saturday, November 17, 2018

ဘွဲ့ရကျောင်းဆင်းတွေ ဘာဖြစ်လို့အလွယ်တကူအလုပ်မရကြတာလဲ?


ဘွဲ့ရကျောင်းဆင်းတဲ့ လူငယ်မောင်မယ်လေးတွေရဲ့ ညည်းတွားသံက အလုပ်ရှာရတာခက်တယ်ဆိုတာပါပဲ။ ဒါဟာလုပ်ငန်းအတွေ့အကြုံမရှိတာကြောင့် ဖြစ်တယ်လို့ သူတို့ရဲ့ စိတ်ထဲမှာလည်း အရိုးစွဲနေပါတယ်။ ဒီအချက်က အတော်လေးတော့ မှန်ကန်မှုရှိပါတယ်။ ဒါပေမယ့် ဘွဲ့ရကျောင်းဆင်းတွေ အလုပ်အလွယ်တကူမရကြတာဟာ လုပ်ငန်းအတွေ့အကြုံမရှိလို့ဆိုတဲ့ အချက်တစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး။ လုပ်ငန်းခွင်နဲ့ သူစိမ်းတရံဆန် အနေအထားတစ်ခုမှာ ရှင်သန်နေရသူတွေအဖို့ အလုပ်လျှောက်တဲ့အခါ ရှောင်ရန် ဆောင်ရန်တွေကိုများသောအားဖြင့် မသိကြတာများပါတယ်။

ဒါကြောင့် ကျနော့်အနေနဲ့ ဘွဲ့ရကျောင်းဆင်းတွေ အလုပ်အလွယ်တကူ မရကြတာဟာ လုပ်ငန်းအတွေ့အကြုံ မရှိလို့ဆိုတဲ့အချက်တစ်ခုတည်းကြောင့်ဆိုတဲ့ အရိုးစွဲနေတဲ့အတွေးအခေါ်တွေကို ပြောင်းလဲနိုင်စေခြင်းအလို့ငှါ ဒီစာကိုရေးလိုက်ရပါတယ်။

ယှဉ်ပြိုင်ဖက်တွေများလာတာ
တစ်နှစ်နဲ့တစ်နှစ် ကျောင်းတစ်ကျောင်းကနေ မွေးထုတ်ပေး လိုက်တဲ့ဘွဲ့ရသူဦးရေဟာ မနည်းလှပါဘူး။ ဒါဆိုတစ်နိုင်ငံလုံးအတိုင်းအတာဆို ပိုဆိုးတော့မှာပေါ့။ ဖြစ်ချင်တော့လုပ်ငန်းခွင်မှာ နှစ်စဉ်လုပ်ငန်းလိုအပ်ချက်တွေဟာ ဘွဲ့ရသူဦးရေအတိုင်း မဖြစ်တာများပါတယ်။ ဒီလိုနဲ့ နှစ်တိုင်းဘွဲ့ရကျောင်းသားတွေ ပုံမှန်မွေးထုတ်ပေးနေတဲ့အခါ အလုပ်လက်မဲ့ဖြစ်မှု အရေအတွက်ဟာ အဆမတန်ဖောင်းပွလာတော့တာပါပဲ။ ဒီလိုနဲ့လုပ်ငန်းလိုအပ်ချက်အရ ခေါ်ယူတဲ့ရာထူးတစ်နေရာစာမှာ အလုပ်လျှောက်ချင်သူတွေ အများကြီးရှိလာတော့တာပါပဲ။ တစ်နည်းပြောရရင် မိမိလျှောက်မယ့်အလုပ်ရာထူးနေရာအတွက် ယှဉ်ပြိုင်တဲ့ပြိုင်ဖက်တွေများလာတာပေါ့။ အဲဒီအခါမှာ အရည်အချင်းမရှိတဲ့သူတွေ ကျန်ခဲ့တော့တာပါပဲ။

သင်ယူခဲ့တဲ့ပညာရေးစနစ်အခြေအနေ
လူငယ်နှင့်အလုပ်လက်မဲ့ပြဿနာ ဆောင်းပါးမှာရေးခဲ့ဖူးသလိုမျိုးပါ။ ကျနော်တို့နိုင်ငံကတက္ကသိုလ် အတော်များများဟာ အရည်အချင်းရှိတဲ့ ကျောင်းသားတွေမွေးထုတ်ပေးဖို့ထက် တစ်နှစ်မှာဘွဲ့ရသူဦးရေ ဘယ်လောက်မွေးထုတ်ပေးလိုက်တယ်ဆိုတဲ့ အရေအတွက်ပိုင်းကိုပဲ ဦးစားပေးနေကြပါတယ်။ နောက်တစ်ချက်က ပညာရေးစနစ်ကိုက စာမေးပွဲအတွက်ကြည့်ဖို့ ရွေးချယ်ပေးထားတဲ့ အပုဒ်သုံးဆယ်ကြည့်ရင်ရပြီ။ တစ်ခြားကြည့်စရာမလိုဘူးဆိုတဲ့ နည်းလမ်းနဲ့ ကလေးတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို သတ်ပစ်လိုက်ပါတယ်။ နောက်တစ်ချက်က သင်တဲ့စာတွေဟာ မိခင်ဘာသာမဟုတ်ပဲ အင်္ဂလိပ်လိုတွေပဲများတယ်။ ဒီတော့ ဆရာမတွေ
အရည်အချင်းမရှိရင် ကျောင်းသားတွေ စိတ်ဝင်စားမှုနည်းကြတယ်။ တစ်ချို့ဘာသာတွေမှာ စာပြန်သင်တဲ့ ဆရာဆရာမတွေ ကြည့်လိုက်ပြန်ရင်လည်း ကျောင်းသားဘဝတုန်းက ဆရာတွေရှင်းပြတာနားမလည်တဲ့သူက ဆရာပြန်လုပ်တယ်။ ဆရာဖြစ်လို့သင်တာတွေကလည်း ဖတ်စာအုပ်ကြီးမှာ ရေးထားတာတွေကို ပြန်ရွတ်ပြနေတယ်။ တစ်ခါတစ်လေ တစ်နေ့ကို တစ်ခန်းနှစ်ခန်းလောက်အထိစာသင်ချိန် ၄၅ မိနစ်အတွင်းသင်ပစ်လိုက်တယ်။ ဒီတော့ ကျောင်းသားတွေက စိတ်မဝင်သားသလို နားလည်းမလည်ကြတော့ပါဘူး။ ပညာရေးစနစ်ကိုက အဲဒီလိုမျိုးပုံစံနဲ့ အသတ်ခံထားခဲ့ရတာ ဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ပြောင်းလဲလာဖို့တော့ မျှော်လင့်မိပါရဲ့။

ဒီလိုမျိုးပညာရေးမှာမိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းဘာသာရပ်ကို စနစ်တကျမတတ်မြောက်ခဲ့တော့ အလုပ်အတွေ့အကြုံမရှိသလို စာတွေ့လည်းမသိတော့ပါဘူး။
ဒီလိုအခြေအနေမျိုးကိုတော့ ဘယ်အလုပ်ရှင်ကဝမ်းပန်းတသာနဲ့ အလုပ်ခန့်ကြမှာတဲ့လဲ။

လုပ်ငန်းအတွေ့အကြုံအားနည်းတာသို့မဟုတ် လုံးဝမရှိတာ
အလုပ်ရှင်တွေအတော်များများကလုပ်နေဆဲအလုပ်မှာလူလိုတယ်ဆိုရင် များသောအားဖြင့်တော့ လုပ်ငန်းအတွေ့အကြုံရှိသူကိုပဲ ရွေးချယ်ချင်ကြပါတယ်။ ဒါမှသာအသစ်ကနေ ပြန်သင်ပေးရတာမျိုး မလုပ်ရတော့ပဲ လည်ပတ်နေဆဲအလုပ်တွေနဲ့ ဝန်ထမ်းအသစ်တို့ အလျင်အမြန်အသားကျလာမှာ လည်းဖြစ်ပါတယ်။ တစ်ချို့ကတော့ ရေရှည်အကျိုးမျှော်ကိုးပြီး လုပ်ငန်းအတွေ့အကြုံ
မရှိသေးသူတွေကိုပါ တွဲခေါ်ပြီးနေရာတစ်ခုပေးထားတာမျိုး တွေလည်းရှိပါတယ်။ အတော်လေးတော့ရှားပါတယ်။

တစ်ချို့တွေကလည်း ငါတို့ကျောင်းတက်ခဲ့ရတာ ဘယ်နှစ်နှစ်။ ငါတို့ရခဲ့တာဘာဘွဲ့။ လစာကိုဒီလောက် အထိနှိမ်ပေးရကောင်းလားဆိုပြီး မာနတွေထားကြပါတယ်။

အတွေ့အကြုံမရှိသေးလည်း လာလျှောက်နိုင်တယ်ဆိုတဲ့ အလုပ်မှာပေးတဲ့လစာက နှစ်သိန်းလောက်ဆိုအောက်ကနေဝိုင်းလှောင် ဝိုင်းပြောကြတော့တာပဲ။ လုပ်ငန်းအတွေ့
အကြုံမရှိသေးတဲ့ အချိန်မှာ ဒီလိုအဖြစ်အပျက်မျိုးတွေကိုကြိတ်မှိတ်သည်းခံပြီး လုပ်ငန်းအတွေ့အကြုံ ရှိလာအောင်လုပ်ယူသင့်တာဖြစ်ပါတယ်။ အခုလိုမျိုးတစ်လွဲမာနတွေနဲ့တော့ အိုသွားတဲ့အထိ လုပ်ငန်းအတွေ့အကြုံရဖို့ မမြင်ပါဘူး။

- လုပ်ငန်းနဲ့ပတ်သက်တဲ့ Skill တွေအားနည်းတာ

ဒီခေတ်ကြီးမှာအနည်းဆုံးတော့ ကွန်ပျူတာအခြေခံ
တတ်ဖို့လိုပါတယ်။ကွန်ပျူတာနဲ့ပဲအလုပ်လုပ်ကြရတာကိုး။
ဥပမာပြောရရင် အဆောက်အဦပုံစံတစ်ခုကိုကွန်ပျူတာ
ဆော့ဖ်ဝဲလ်နဲ့ပုံဆွဲတတ်တဲ့သူကမဆွဲတတ်တဲ့သူထက် အခွင့်အရေးပိုသာပါတယ်။ပုံဆွဲတတ်တာခြင်းတူရင်တောင်မှ ပိုမြင့်တဲ့နည်းပညာကိုအသုံးပြုနိုင်တဲ့သူကအခွင့်အရေး
ပိုသာသွားပါတယ်။

ဒါ့အပြင် အင်္ဂလိပ်စာလိုမျိုးဘာသာစကားတွေနဲ့ ပတ်သက်ပြီးတော့လည်းအခြေခံလောက်ဖြစ်ဖြစ် တတ်မြောက်ထားဖို့လိုပါတယ်။ခေတ်ကာလအလျောက်ရေပန်းစားအသုံးပြုနေတဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့ Skill တွေအားနည်းရင်လည်းအလုပ်ရဖို့ခက်ပါလိမ့်မယ်။

- CV form နဲ့ပတ်သက်ပြီး ဖြစ်သလိုလုပ်တာ

အခုထက်ထိကို CV form နဲ့ပတ်သက်ပြီးအလေးမထား
ကြတဲ့လူငယ်တွေအများကြီးတွေ့နေရပါသေးတယ်။မိမိရဲ့
ကိုယ်ရေးအချက်အလက်တွေကိုမိမိမှအလေးမထားရင် အလုပ်ရဖို့ခက်ပါလိမ့်မယ်။

တစ်ချို့တွေကအခုထက်ထိဆိုင်မှာဝယ်လို့ရတဲ့ CV form အလွတ်မှာမိမိရဲ့ကိုယ်ရေးအချက်အလက်တွေကို
ဘောပင်နဲ့ဖြည့်ပြီးပဲအလုပ်လျှောက်ပါတယ်။တစ်ချို့ Viberနဲ့ပို့ခိုင်းတဲ့နေရာတွေဆိုရင် CV form ကိုဓါတ်ပုံရိုက်
ပြီးပို့ကြပါတယ်။ဒါတွေကဆင်ခြင်သင့်တဲ့အချက်တွေပါပဲ။

Cover letter,Resumeစသဖြင့် CV form တစ်စောင်မှာ
ပါသင့်တဲ့အချက်အလက်တွေအတိုင်းကွန်ပျူတာနဲ့စာစီ
စာရိုက်လုပ်ပြီး Word file နဲ့သော်လည်းကောင်း/ Pdf file နဲ့သော်လည်းကောင်း ပြုလုပ်ထားကာဖုန်းထဲမှာဆောင်
ထားသင့်ပါတယ်။ဆွဲဆောင်မှုမရှိပဲဖြစ်ကတတ်ဆန်းပုံစံနဲ့ CV form တစ်စောင်ဟာအလုပ်ရဖို့ခက်ခဲပါလိမ့်မယ်။

- အင်တာဗျူးအတွေ့အကြုံမရှိတာ
အခုမှကျောင်းဆင်းလာတာပါ။ဘယ်လိုလုပ်အင်တာဗျူးအတွေ့အကြုံရှိမလဲလို့တော့ ဆင်ခြေမပေးပါနဲ့။ကျောင်းတုန်းကမိမိတို့နှစ်သက်တဲ့မိန်းကလေးတစ်ယောက်ကိုမရင်းနှီးသေးပဲနဲ့ ဘယ်လိုချဉ်းကပ်ခဲ့သလဲ။ဟိုကပြန်ပြောတာတွေ ပြန်မေးတာတွေကိုဘယ်လိုဖြေရှင်းခဲ့သလဲ။အဲဒါတွေကမိမိရဲ့အရည်အချင်းတွေပါပဲ။အင်တာဗျူးခံရဖူးခဲ့တာပဲမဟုတ်လား။

အခုလုပ်ငန်းခွင်အင်တာဗျူးကတော့ ဖြေရတဲ့ပုံစံတွေပဲ
ပြောင်းသွားတာပါ။မိမိနဲ့မသိတဲ့သူတွေရှေ့မှာဖြေရတာခြင်း
ကတော့ အတူတူပါပဲ။ဒီအတွက် မိမိလျှောက်မယ့်ရာထူးနဲ့
ပတ်သက်တဲ့အချက်အလက်တွေကိုစုဆောင်းတတ်ဖို့လိုပါ
တယ်။လက်တွေ့ပိုင်းမသိသေးရင်တောင် စာတွေ့ပိုင်းမှာ
အားမနည်းရင်တော့ အင်တာဗျူးတဲ့သူတွေကအမှတ်ပေး
မှာပါပဲ။

နောက်တစ်ချက်ကတော့ အင်တာဗျူးနဲ့ပတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေကိုကြိုတင်လေ့လာဖတ်ရှုထားပါ။
ယနေ့အင်တာနက်ခေတ်မှာဒါတွေလေ့လာဖို့အတွက် သိပ်ကိုလွယ်ကူလာနေပါပြီ။အခွင့်အလမ်းလိုမျိုးဂျာနယ်တွေမှာလည်းအင်တာဗျူးနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ မကြာခဏပါတတ်ပါတယ်။ဒီအချက်တွေကမိမိရဲ့အင်တာဗျူးကိစ္စကိုအနည်းနဲ့အများအထောက်အကူပြုမှာအသေအချာပါပဲ။

- သင်တန်းဆင်းလက်မှတ်တွေသာရှိပြီးအမှန်တကယ် တတ်မြောက်မှုမရှိတာ
ဒီအချက်ကလည်းအလုပ်ရဖို့အတွက် ခက်ခဲတဲ့အချက်
တစ်ခုပါပဲ။မိမိအနေနဲ့သင်တန်းတစ်ခုက်ုတက်ရောက်တယ်
ဆိုရင် သင်တန်းဆင်းလက်မှတ်ရဖို့ထက် အမှန်တကယ် တတ်မြောက်ကျွမ်းကျင်မှုရှိဖို့လိုပါတယ်။ဥပမာAutocadသင်တန်းဆင်းလက်မှတ်တော့ရထားပါရဲ့။အင်တာဗျူးမှာပုံဆွဲခိုင်းလို့ ကတုန်ကယင်ဖြစ်နေရင်တော့ မိမိရဲ့ပုံရိပ်ကိုထိခိုက်စေမှာဖြစ်ပြီးအလုပ်ရဖို့လည်းမရေရာပါဘူး။

- အတွေ့အကြုံရှိပြီးသားသူတွေရဲ့အကြံပြုချက်တွေကိုမလိုက်နာတာ
မိမိထက်စီနီယာကျတဲ့သူတွေက CV form ကိုဘယ်လို
ပြင်ဆင်သင့်တယ်။လက်ရှိကာလအနေအထားအရဘယ်လိုသင်တန်းတွေကိုတက်ထားသင့်တယ်။လျှောက်မယ့်ရာထူးနဲ့ပတ်သက်ပြီးအင်တာဗျူးမှာဘာတွေတော့ မေးနိုင်တယ်ဆိုတာလေးတွေ ဝိုင်းဝန်းအကြံပြုတတ်ကြပါတယ်။ဒါ့အပြင် ဘယ်နေရာကခေါ်တာဆိုရင်တော့ သွားလျှောက်သင့်တယ်။လစာပေးတာနည်းပေမယ့် အတွေ့အကြုံရအောင် အရင်ကြိုးစားဖို့လိုတယ် စသဖြင့်
လည်းပြောပြပေးတတ်ကြပါတယ်။ဒါတွေကိုလိုက်နာမှုမရှိ
တာ/နားမထောင်တာကတော့ မိမိရဲ့အပိုင်းပဲဖြစ်ပြီးအလုပ်
လျှောက်တဲ့အခါ သေချာပေါက်ရိုက်ခတ်မှုရှိမှာဖြစ်ပါတယ်။

- စိတ်အားငယ်လာတာ
အလုပ်လျှောက်လို့အဆင်မပြေတာကြာလာတဲ့အခါ မိမိစိတ်ထဲမှာအလိုလိုအားငယ်စိတ်တွေဖြစ်လာပါတယ်။ဒီတော့အလုပ်လျှောက်တဲ့အခါ မိမိကိုယ်မိမိယုံကြည်ချက်
မရှိတာကြောင့် အင်တာဗျူးမှာအယောင်ယောင်အမှားမှား
တွေဖြစ်ရပါတော့တယ်။
ဒါကြောင့် အလုပ်မရသေးပေမယ့် အပျက်သဘောဆောင်
တာတွေကိုပဲတွေးမနေဖို့နဲ့ သင်ယူလေ့လာခြင်းတွေပြုလုပ်
ထားရင်းမိမိကိုယ်မိမိအားမွေးထားဖို့အကြံပြုလိုက်ပါတယ်။

အချုပ်ပြောရရင် လုပ်ငန်းအတွေ့အကြုံမရှိသေးတဲ့
အချိန်ဟာရေနည်းနည်းလေးပဲရှိတဲ့ကန်ထဲက ကြာပွင့်လိုပါ
ပဲ။အတွေ့အကြုံဆိုတဲ့ရေနည်းနေတော့ လစာဆိုတဲ့ ကြာပင်လည်းနိမ့်နေပါတယ်။ဒီတော့ကြာပင်မြင့်လာအောင်
ရေတွေထပ်ဖြည့်ဖို့လိုပါတယ်။ရေဖြည့်နေဆဲကာလမှာတော့ ခက်ခဲမှုတွေ ပင်ပန်းဆင်းရဲမှုတွေကိုအားတင်းခံရမှာ
ဖြစ်ပြီးမာန်မာနတွေကိုနှိမ့်ချထားဖို့လည်းလိုပါလိမ့်မယ်။
လုပ်ငန်းအတွေ့အကြုံဆိုတဲ့ရေတွေ တစ်ဖြည်းဖြည်းနဲ့ မြင့်မားများပြားလာတာနဲ့အမျှ လစာဆိုတဲ့ကြာပင်ကလည်းသူ့အလိုလိုလိုက်ပြီးမြင့်လာမှာဖြစ်ပါကြောင်းစကားလက်ဆောင်ပါးလိုက်ရပါတယ်။



ရာသက်ပန်
(သစ္စာပန်းတို့ လန်းရာမြေ )

မူလစာမျက်နှာ - 24jobs.com.mm

No comments: