Sunday, September 2, 2018

❄ ထမင်းလုံးတစ္ဆေ ❄




 
ညနေ သုံးနာရီခန့်မှစ၍ ရွာသွန်းချနေသော မိုးသည် စဲသည်မရှိပဲ စွေ၍နေရာ ညစဉ်ညတိုင်း ထမင်းစားပြီးလျှင် ထွက်၍ လည်ပတ်သွားလာခြင်း၊ ရုပ်ရှင်ကြည့်ခြင်း တို့ဖြင့်မပျင်းဖြေလေ့ရှိသော ကျွန်တော့်မှာ ထိုနေ့အဖို့၌ စွတ်စိုလွန်းသည့်အတွက် အပြင်သို့ထွက်ရန် ခက်နေတော့၏။ အိမ်တွင် နေရန်ကလည်း ငြီးငွေဖွယ်ကောင်းလှ၍ သံချိုင့်တွင်းသို့ ရောင်နေသော ကျားကဲ့သို့ ဆောက်တည်၍ မနေနိုင်တော့ပဲ အခန်းတွင်း၌ ခေါက်တုန့်ခေါက်ပြန်လျှောက်၍ စိတ်အိုက်နေမိပါတော့သည်။

    ပြတင်းပေါက်သို့ ရောက်တိုင်းရောက်တိုင်း အပြင်သို့ မျှော်ကြည့်လိုက်သောအခါ လမ်းပေါ်သို့ တဖြောက်ဖြောက်ကျနေသော မိုးသံများသည် ကျွန်တော်အား ပိုမိုစိတ်ညစ်စေ၏။ အချိန်မှာ ရှစ်နာရီထိုးပြီ။ မိုးလည်းစဲတော့မည့် လက္ခဏာမရှိတော့သဖြင့် ထိုနေ့အဖို့ မိုးကို အရှုံးပေးရတော့မည်၊ အပြင်သို့ထွက်နိုင်တော့မည် မဟုတ်ဟု စိတ်ကိုတုံးတုံးချလျက် မအိပ်မီ အပျင်းပြေစေရန် အိပ်ခန်းတွင်း၌ စာအုပ်များကို လိုက်၍ရှာသောအခါ စုံထောက်ဝတ္ထု၊ အမေရိကန် လူဆိုးဂိုဏ်ဝတ္ထုနှင့် မဂ္ဂဇင်းတစ်စောင်ကို တွေ့ရှိသဖြင့် ပက်လက်ကုလားထိုင် ထိုင်ကာ အဆင်သင့်ရာဖွင်၍ ဖတ်တော့၏။ ကျွန်တော်လှန်လိုက်သော ဝတ္ထုတို့မှာ သတ်မှု၊ ဖြတ်မှု၊ လူဆိုးများ၊ စုံထောက်များ၊ ဂါတ်များ၊ ထောင်များအကြောင်း ပါရှိသည့်သွေးထွက်သံယို ဝတ္ထုချည်းဖြစ်၍ နေတော့၏။ နာရီလည်း ညနာရီပြန်တစ်ချက်တီးလေပြီ။

    ဤသို့ အာရုံတွင် ကြမ်းသော ဝတ္ထုချည်း ဖြစ်နေသောကြောင့် စာအုပ်များကိုပိတ်၍ မီးမှုတ်ပြီးလျှင် အိပ်ရာထဲသို့ ဝင်၍ အိပ်တော့၏။ အိပ်ပျော်သွားသည်နှင့် တပြိုင်နက် အိပ်မက်မက်တော့သည်။ အိပ်မက်ထဲတွင် အိပ်၍မပျော်နိုင်သည့်အတွက် မိုးရွာနေ၍ အပြင်သို့မထွက်နိုင်သည်ကို အရှုံးမပေးလိုတော့ပဲ တရုတ်တန်းသို့သွား၍ ဆန်ပြုတ်သောက်ဦးမည်ဟု အိမ်မှ ညသုံးနာရီ အချိန်လောက်တွင် ထွက်ခဲ့၏။ လမ်း၌မိုးသည် တဖြောက်ဖြောက်ရွာလျက်ပင်ရှိ၏။ လမ်းပေါ်၌ အသွားအလာတို့လည်း မရှိတော့ပဲ အိမ်တို့မှာ တိတ်ဆိတ်လှ၏။

    ဆိုက်ကား၊ လန်ချား စသည်တို့လည်း မရှိတော့ပေ။ ရုပ်ရှင်ရုံများအနီးသို့ ရောက်သောအခါ မိုးမှာ ဖွဲရာမှတဖန် ရွာချလာပြန်သောကြောင့် ရုပ်ရှင်ရုံတစ်ရုံ၏ ဆင်ဝင်အောက်သို့ မိုးဝင်ခိုရလေ၏။ ထိုအခိုက်တွင် မိုးရိပ်ကြောင့် ကောင်းစွာအလင်းသော လမ်းမီး၏အရာင်ဖြင့် လူတစ်ယောက်သည် ကျွန်တော်ရှိရာ ရုပ်ရှင်ရုံဘက်သို့ ယိမ်းထိုး၍ လာနေတော့၏။ ၄င်းကို ကြည့်ရခြင်းအားဖြင့် မဟန်နိုင်အောင် အရက်မူးလာနေမှန်း သိရ၏။ ၄င်း၏ ခြေထောက်များမှာ ၄င်းလိုရာသို့အား အလိုက်ပါပဲ အခြား သွားချင်ရာဘက်သို့ သွားနေသောကြောင့် တချက်တချက် “သည်မအေ ခြေထောက်ကွာဘာဖြစ်ရတာတုံး” ဟုဆဲသံကိုကြားရ၏။

    ဤသို့ရိမ်းထိုးလျက်ပင် ရုပ်ရှင်ရုံ ဆင်ဝင်အောက်သို့ ရောက်လာသောအခါ ထိုအမူးသမားကိုကြည့်၍ ရှောင်ရန်ကျွန်တော် သတိထားနေသော်လည်း အမူးသမားသည် ကျွန်တော်ရပ်နေရာသို့ ယိမ်းထိုး၍လာတော့၏။

    ကျွန်တော်က တဘက်ကို အရှေင်တွင် သူကလည်းတဘက်ကို ပြန်၍ ယိမ်းထိုးလိုက်ရာ လူချင်း တအားဝင်တိုက်မိတော့၏။
    ဤသို့ တိုက်မိသည်နှင့် တပြိုင်နက် ထိုအမူးသမားက “ ဟေ့... မင်း လူတစ်ယောက်လုံးကို မမြင်ဘူးလား။ မျက်စိကန်းနေသလား” ဟုဆဲတော့၏။

    ကျွန်တော်က “ ခင်ဗျားမူးပြီး ဝင်တိုက်တာ။ ကျွန်တော်က ဝင်တိုက်တာမဟတ်ဘူး” ဟုပြောလိုက်ရာတွင် သူ့ကို မူးတယ်ပြောရပါမည်လောဟု ဆဲဆိုပြီး ကျွန်တော်အား အတင်းဝင်၍ ထိုးတော့၏။ ကျွန်တော်လည်း ဒေါသထွက်သွားတော့ရာ ခါးကြားတွင်ပါသော ဓားမြှောင်ကို ထုတ်ပြီး အချက်ပေါင်းများစွာ ဆင့်ထိုးတော့ရာ ဓားအောက်၌ပင် တစ်ချက်မျှမအော်နိုင်တော့ပဲ ခွေလဲ၍ ကျသွားလေတော့၏။

    လူသူလေးပါးများ မြင်သလားဟု အသာ တောင်မြောက်လေးပါးကြည့်ပြီး နောက် မည်သူမျှ မရှိသဖြင့် ဆန်ပြုတ်သောက်ရန် ဆက်မသွားဝံ့တော့ပဲ ရင်တဖိုဖိုနှင့် အိမ်သို့ပြန်ပြေးခဲ့တော့၏။ အိမ်ရောက်သောအခါ အခန်းဓာတ်မီးကို ဖွင့်လျက် သွေးစက်များစဉ်နေသော လုံချည်နှင့် အင်္ကျီကိုချွတ်ကာ ခုတင်ဘေးရှိ တန်းပေါ်တွင် တင်ပြီးနောက် အိပ်ရာထဲသို့ ပြန်ဝင်၍ အိပ်တော့၏။

    နံနက် နေအတန်မြင့်မှ ကျွန်တော်၏တပည့် ဘသိန်း လက်ဖက်ရည်ပွဲထိုးရန် တံခါးခေါက်သောအခါမှ အိပ်ရာမှနိုး၍ တံခါးဖွင့်ပေးရလေ၏။ ဘသိန်းသည် လက်ဖက်ရည်ပွဲနှင့် သတင်းစာကို ထားခဲ့ပြီးနောက် ပြန်ထွက်သွားတော့၏။ ကျွန်တော်လည်း လက်ဖက်ရည်သောက်ယင်း ငါညက မဟုတ်တဲ့ သတ်ဖြတ်တဲ့ဝတ္ထုတွေကို ဖတ်မိလို့ ဒါလောက် ကြောက်စရာကောင်းတဲ့ အိပ်မက်ကို မက်တာပဲဟု စဉ်းစားမိယင်း အိပ်မက်ထဲမှ ဆဲသံများကို နားကကြားယောင်ရှိလျက် မိမိကဒေါသနှင့် အရက်သမားကို ဓားမြှောင်နှင့် အချက်ပေါင်းများစွာ တအားထိုးသည်တို့ကို စိတ်ထဲက ပြန်မြင်လာပြန်တော့သဖြင့် အိပ်မက်ကို အစအဆုံး ပြန်လည် စဉ်းစားမိတော့၏။ ဤအာရုံပျောက်စေရန် သတင်းစာကို ဖတ်မည်ဟု လှမ်း၍ ဆွဲယူလိုက်၏။

    ထိုအခါ အိမ်ခန်းအတွင်းရှိ ဓာတ်မီးမှာ လင်းနေသည်ကို သတိပြုမိတော့၏။ ညက မိမိအိပ်ရာတွင်းမဝင်မီ မီးပိတ်လိုက်၏။ ထို့နောက် မီးကို ပြန်မဖွင့်မိချေ။ သို့ရာတွင် အိပ်မက်တွင်၌ကား အရက်မူးသမားကို သတ်ပြီး ပြန်လာခဲ့ရာ၌ မီးဖွင့်ပြီး ပြန်မပိတ်ပဲ အိပ်ရာထဲသို့ ဝင်အိပ်တော့၏။ ယခုမီးဖွင့်လျက် ရှိနေ၏။ ငါ၏အိပ်မက်သည် ငါ့အား အိပ်ရာမှယောင်၍ ထစေပြီး လူသတ်စေခဲ့သလော၊ အိပ်မက်မဟုတ်ပဲ လူသတ်ခဲ့ခြင်းမှာ တကယ်ပဲလောဟု သံသယ ရှိလာတော့၏။

    ဤသို့ အိပ်မက်ကို သံသယရှိနေစဉ် ဘသိန်းသည် အခန်းသွင်းသို့ ဝင်လာပြီးနောက် ဆရာထမင်းခူးပြီးပြီဟု ပြော၍ နေ့တိုင်းကဲ့သို့ အဝတ်ဟောင်းများကို ဒိုဘီပေးရန် စုဆောင်းတော့၏။ ကျွန်တော်မှာ မီးလုံးပွင့်နေသည်ကို ဘသိန်း သတိပြုမိမည်စိုး၍ “ဟေ့ ဘသိန်း၊ ဒီကနေ့ အဝတ်တွေ ဒိုဘီမပေးနဲ့။ နက်ဖြန်မှ စုပေး။ ငါအလုပ်သွားဖို့ ဖိနပ်ကိုသာ ဆေးမြန်မြန်တိုက်လိုက်” ဟုပြောပြီးနောက် “ဒီကနေ့ ဘာသတင်းထူးသေးလဲ” ဟုမေးလိုက်ရာ “ကျွန်တော် ဈေးနားသွားယင်း ရုပ်ရှင်ရုံရှေ့မှာ ညက လူတစ်ယောက်သတ်သွားလို့ အလောင်းကိုခုမနက် တွေ့ရကြောင်းနဲ့ သတင်းကြားခဲ့တယ်” ဟုပြောပြီးပြန်ထွက်သွားရာ ကျွန်တော်မှာ မနည်းပင် ဣနြေ္ဒလုပ်၍ နေရ၏။

    ဘသိန်းထွက်သွားပြီးနောက် ညက အိပ်မက်ထဲတွင် ချွတ်ထားသော အင်္ကျီလုံချည်များကို တန်းမှ ဆွဲကြည့်သောအခါ၊ သွေးစက်များ စွန်းနေသည်ကို အသေအချာ မြင်ရသောအခါ ဇောချွေများပြန်လျက် အိပ်မက်မှာ တကယ်ဖြစ်နေသည်ကို လေးလေးနက်နက် သိရတော့၏။

    စိတ်ထဲ၌ ငါသည် လူသတ်ခဲ့ပြီ။ သို့ရာတွင် ငါမဖော်ပဲ ပေါ်မည်မဟုတ်။ သက်သေ မည်သာမျှမရှိသဖြင့် ဒီ သွေးစွန်းသော အဝတ်တို့သာ ဖျောက်ဖျက်ပစ်ရန် အရေးကြီးတော့သည်ဟု လက်ဆွဲသားရေအိတ်တစ်လုံးထဲသို့ ထို အင်္ကျီနှင့် လုံချည်ကိုထည့်၍ အခြားပစ္စည်း အနည်းငယ်ထည့်ပြီးနောက် အဝတ်အစားလဲလျက် ဓာတ်မီးပိတ်ကာ သားရေအိတ်နှင့်တကွ အခန်းမှထွက်၍ ထမင်းစားပါသည်။

    ဘသိန်းက “ဆရာအလုပ်သွားမယ်ဆို။ သားရေအိတ်ကြီးဘာလုပ်ဖို့လဲ” ဟုမေးရာ  “ ဟာ ဒီကနေ့ အလုပ်မသွားတော့ဘူး။ အရေးကြီးတဲ့ ကိစ္စသတိရလို့ အင်းစိန် အမိန့်တော်ရ ဦးဖော့တို့အိမ်ကို သွားလိုက်ဦးမယ်။ တစ်ရက်နှစ်ရက် ကြာချင် ကြာလိမ့်မယ်” ဟု ပြောပြီး ထမင်းကမန်းကတန်းစားကာ တက္ကစီတစ်စီးငှားပြီး အင်းစိန်ကို သွားပါသည်။

    အင်းစိန်သို့ ရောက်သောအခါ ဦးဖော့အား ဗေဒင်က တစ်ညအိပ် ခရီးထွက်မည်ပြော၍ အဝေးကို မသွားလိုသောကြောင့် လာခဲ့ကြောင်းပြောပြီး လူအလစ်တွင် အင်္ကျီနှင့် လုံချည်ကို အုတ်ခဲ့နှင့်လိပ်ပြီး အပေါ်က စက္ကူနှင့် သေသေချာချာထုပ်၍ ပါဆယ်ထုပ်သဏ္ဌာန် ပြုလုပ်ထားပါသည်။

    နေ့လည်အချိန်တွင် ပါဆယ်ထုပ်ကို အိမ်နှင့်မဝေလှသော လူပြတ်သည့် ရေကန်တွင်းသို့ချရန် အိမ်မှထွက်လာသောအခါ ဦးဖော့၏ဇနီး ဒေါ်မယ်က “ဘယ်သွားမလို့လဲ” ဟုမေးသဖြင့် “စာတိုက်ကိုပါဆယ်ထုပ် ပို့စရာရှိလို့” ဟုပြောခဲ့ပြီး ရေကန်သို့ သွားပါတော့သည်။ လူပြတ်သည်နှင့် အဆင်သင့်နေသဖြင့် ကန်ထဲသို့ ပစ်ချခဲ့ပြီးနောက် ပြန်လာပါသည်။ စိတ်ထဲ၌လည်း အတော်ပေါ့သွားပါသည်။

    အင်စိန်တွင် တစ်ညအိပ်ပြီးနောက် နံနက်အိပ်ရာထတွင် ရန်ကုန်သို့ မီးရထားနှင့် ပြန်ခဲ့ပါသည်။ ဘူတာရုံတွင် တွေ့သမျှ သတင်းစာများကို ဝယ်၍ တွဲထဲတွင် ဖတ်သွားရာ ရုပ်ရှင်ရုံရှေ့ လူသတ်မှုမှာ သတင်းစာတိုင်းတွင် ပါလျက် ပုလိပ်တို့က လက်သည်တရားခံကို စုံစမ်းလျက်ရှိကြောင်း၊ အလောင်းတွင် စိုက်လျက်ကျန်ရှိသော ဓားမြှောင့်မှတပါး အခြားသဲလွန်စ မရှိပဲ ဓားမြှောင်တွင် “ပျော်ဘွယ်ဆရာရှိန်” ဟူသောဓားလုပ်သူအမည် ပါရှိကြောင်းတို့ကို ဖေါ်ပြပါရှိလေသည်။ ကျွန်တော်မှာ ဓားမြှောင်ကို ကြောက်အားလန့်အားနှင့် ထားပစ်ခဲ့မိသည်ကို မှားလေခြင်းဟု အောက်မေ့မိသော်လည်း ဤဓားမြှောင်မှာ ဆပ်ပါးမိုင်းနားတပ်သားများကို ယမန်နှစ်က ဝေငှသောဓားမြှောင်ဖြစ်၍ ဓားပေါင်း ၁၀၀ ကျော်သဖြင့် မည်သူ့ပစ္စည်းဟု သိနိုင်လိမ့်မည်မဟုတ်ဟု ဖြေရလေတော့သည်။

    ထို့နောက် အမှုနှင့်စပ်လျဉ်း၍ ဘာသတင်းမှ မကြားရတော့ပဲ ငြိမ်သက်သွားတော့ရာ ကျွန်တော်လည်း စိတ်အေးသွားပြီ။ ထိုကိစ္စအတွက် စိတ်ချနေပါတော့သည်။ ဤသို့ ၁၀ ရက်ခန့်နေပြီး နောက်တစ်နေ့တွင် စုံထောက်ဌာနမှ ကျွန်တော့်အား အခေါ်ရောက်လာသဖြင့် ကျွန်တော် လိုက်သွားသောအခါ အင်စပိတ်တော်က “ကိုခင်အောင် ခင်ဗျားလာတာ ကျေးဇူးတင်သဗျာ။ ကျွန်တော်တို့မှာ ရုပ်ရှင်ရုံရှေ့ လူသတ်မှုအတွက် အခက်အခဲ တွေ့နေရလို့ ခင်ဗျား အကူအညီကို တောင်းချင်လို့ပါ”

    “ဟုတ်ကဲ့။ ကျွန်တော် ကူညီနိုင်တာရှိလျှင် ကူညီပါ့မယ်။” “ဒီအမှုမှာ ဓားမြှောင်တစ်ခုကလွဲလို့ စုံထောက်စရာ သက်သေခံဘာမှ မရှိပါ။ သို့သော်လဲ ဒီဓားမြှောင်မှာပါတဲ့ ဓားဆရာနာမည်ကစပြီး စုံစမ်းလိုက်တော့ ဒီဆရာထံမှာ အစိုးရက ဓား ၁၀၀ မှာဖူးတယ်။ အဲဒီဓား ၁၀၀ မှာဆရာ့နာမည်တွေပါတာချည်းပဲ။ ဒီဓား ၁၀၀ ကို မနှစ်က ဆပ်ပါးမိုင်းနား တပ်သားများကို ထုပ်ပေတဲ့အခါမှာ ခင်ဗျားတို့ရုံးက ခင်ဗျားပဲထုတ်ပေးရတယ်။ ဓား ၂၅ ချောင်းပိုနေတာကို ခင်ဗျားတို့ရုံးသားတွေက ဝေယူကြတယ်လို့ သိရတယ်။ တပ်သားတွေမှာ သူတို့ဓားများရှိတော့ အခုထိုးတဲ့ဓားဟာ အပို ၂၅ ချောင်းထဲက ဖြစ်ရမယ်။ ဒီတော့ ကျွန်တော်တို့စုံထောက်ဖို့ဟာ လူ ၂၅ ယောက်ပဲကျန်တော့တယ်။ အဲဒီ ၂၅ ယောက်ဟာ ဘယ်သူတွေလဲဆိုတာ ခင်ဗျားမှတ်မိသလောက်  ပြောစမ်းပါ” ဟုမေးပါသည်။

    ကျွန်တော်လည်း မှတ်မိသလောက်ပြောရတွင် ကျွန်တော်၏အမည်ကို ထည့်မပြောပါ။ အင်စပိတ်တော်က “ကျေးဇူးတင်ပါတယ်ဗျာ။ ဓားရှင်တွေရဲ့ လက်ပုံစံကိုယူပြီး အခုလူသတ်တဲ့ဓားမှာ ကျန်ရစ်တဲ့သွေးစေးနဲ့ထင်နေတဲ့ လက်ပုံစံကိုတိုက်ကြည့်ရလျှင် တရားခံပေါ်စရာရှိရဲ့လို့ ဒီတစ်လမ်းပဲ လိုက်နေရတယ်။ ခင်ဗျားရဲ့လက်ပုံစံလေးလဲ တဆိတ်ယူထားလိုက်ပါရစေ။” ဟုဆိုသောအခါ ကျွန်တော့်မှာ ခေါင်းကြီးသွားပြီးလျှင် “ခင်ဗျား ကျွန်တော့်ကို လူသတ်တယ်လို့ စွပ်စွဲတာလား။ ကျွန်တော့်ကိုခေါ်ပြီး ဒီလိုလုပ်တာဟာ စော်ကားတာနဲတူတယ်။ ကျွန်တော့်လက်ပုံစံလိုချင်လျှင် ခင်ဗျား ယူနိုင်တဲ့ အာဏာရှိအောင် ကျွန်တော့်ကို အမှုဖွင့်ဦး” ဟုစိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်ရာ အင်စပိတ်တော်က “စိတ်မဆိုးပါနဲ့ဗျာ။ အတင်းယူဖို့လဲ အာဏာမရှိပါဘူး။ ခင်ဗျား တရားခံမှမဟုတ်သေးပဲ။ ကျွန်တော်က အခြားလူများ လက်ပုံစံယူတော့ နမူနာပြရလျှင် လွယ်မလားလို့ပါ။” ဟု ကျွန်တော့်ကို ချော့၍လွှတ်လိုက်၏။ ကျွန်တော်လည်း အမှုအတွက်စိတ်မအေးပဲ ရုံးကိုသာ အလုပ်ဆင်းသွားရတော့၏။

    ညနေ အိမ်ပြန်လာသောအခါ ဘသိန်းက “ဆရာ ဒီကနေ့ စုံထောက်နှစ်ယောက် အိမ်ကိုလာပြီး ကျွန်တော့်ကို စစ်မေးကြတယ်။ မေးလိုက်တာစုံလို့။ ဆရာအင်းစိန်သွားတဲ့ ရက်ဆီကပေါ့။ ကျွန်တော်က ဒီမှာနေတဲ့အကြောင်းပြောပြီး ဆရာမရှိတဲ့တစ်ရက်ပဲ ဒလကိုကူးတဲ့အကြောင်းကိုပြောလိုက်တယ်။ ဆရာမရှိဘူးပြောတာမယုံလို့ အင်းစိန်ဦးဖောတို့အိမ် ဆရာသွားကြောင်း ပြောလိုက်ရသေးတယ်။

    ကျွန်တော့်မှာကား ဝမ်းထဲ၌ ကမ္ဘာမီးလောင်စ ပြုလာတော့၏။ စုံထောက်များသည် အင်းစိန်သို့သွား၍ ဦးဖော့အိမ်သားများကို စစ်ကြ၏။ ကျွန်တော် နေ့လယ် အိမ်မှပါဆယ်လုပ်ရန်သွားကြောင်း ဦးဖော့၏ဇနီးထံမှ သတင်းရ၏။ ထိုနေ့က စာတိုက်တွင် ထိုအချိန်၌ ပါဆယ်မလုပ်ရကြောင်း စာတိုက်က သက်သေခံ၏။ ဦးဖော့အိမ်နှင့် စာတိုက်အကြားတွင် အထုပ်တစ်ထုပ် ဖျောက်ဖျက်နိုင်သော နေရာကိုရှာရာတွင် ရေကန်ကိုတွေ့၏။ ရေကန်ကို ပိုက်ဆွဲရှာသောအခါ အထုပ်ကိုရသဖြင့် ဖြေသောအခါ သွေးစွန်းသောအဝတ်များကို တွေ့ရုံသာမက ရှပ်အင်္ကျီတွင် ကျွန်တော်၏နာမည် ထိုးထားသော တံဆိပ်ကလေးကို ကျွန်တော်မဖြုတ်မိခဲ့ချေ။

    ကျွန်တော့်မှာ ပုလိပ်အဖမ်းခံရပြီး လက်ပုံစံယူလိုက်သောအခါ ဓားတွင်ကျန်ရစ်သောလက်ပုံစံနှင့် ကိုက်နေတော့သဖြင့် ကျွန်တော့်မှာ လူသတ်မှု ထင်ရှားသောကြောင့် ရုံမှ ကြိုးဒဏ်စီရင်လိုက်တော့၏။ ကြိုးစင်သို့ရောက်သောအခါ ကျွန်တော်၏မျက်နှာကို အဝတ်စည်း၍ လည်ပင်းကို ကြိုးကွင်းစွပ်တော့၏။ ထိုအခါကျွန်တော်သည် ရုန်းတော့ရာ ကျွန်တော်၏ကိုယ်မှာ ထွေးလုံးရစ်ပတ်ဖြစ်ပြီး လန့်၍ နိုးလာတော့၏။ တကိုယ်လုံးလည်း ချွေးများ ရွှဲနေတော့၏။ ဘသိန်းလည်းရုံချိန်နီး၍ ကျွန်တော့်ကို လာနှိုးသည်နှင့် ကြုံကြိုက်နေတော့၏။

    ထိုအခါမှ ကျွန်တော်သည် ညကအိပ်မက်မက်ပြီး နောက်နံနက်လက်ဘက်ရည်သောက်ပြီး သတင်းစာဖတ်မည်အလုပ်တွင် ထပ်မံအိပ်ပျော်သွားပြီး ညက အိပ်မက်ကို ဆက်၍မက်နေပြန်ကြောင်း သိရတော့၏။ သတင်းစာကိုလှမ်း၍ကြည့်လိုက်သောအခါ ရုပ်ရှင်ရုံရှေ့ လူသတ်သွားခြင်းဟူသော ခေါင်းစဉ်ကို မြင်ရသောအခါ သာ၍အံ့အားသင့်သွားတော့၏။

    အသေအချာယူ၍ကြည့်သောအခါမှ သတင်းစာမှာ အင်္ဂါနေ့ထုတ် သတင်းစာဖြစ်နေ၍ ကျွန်တော်အိပ်မက်မက်နေသည်မှာ ဗုဒ္ဓဟူးနေ့မနက်ဖြစ်၏။ အင်္ဂါနေ့က အမှတ်မဲ့ ဖတ်သွားသဖြင့် သတိမရသောလူသတ်မှုကို တညလုံးနှင့် တနံနက်လုံး အိပ်မက်လျှောက်မက်နေသည်ကို ထိုအခါမှ စဉ်းစားမိတော့၏။ ထို့ကြောင့် နောင်အိပ်ရာဝင်ခါနီးတွင် စာဖတ်လိုပါက ရွေး၍ဖတ်မှဟု သတိပြုမိပါသည်။

⬛                                                                                            စပယ် (ဒီဒုတ်ဦးဘချို)

ယခင် အခြေခံပညာအထက်တန်း ပြဌာန်းစာအုပ်ဖြစ်တဲ့ စိတ်ကြိုက်မြန်မာဝတ္ထုတိုများ မှကူးယူထားပါသည်။
 
***၁၉၂၅ တွင် ဒီးဒုတ်ဂျာနယ် ကို ထုတ်ဝေခဲ့သည်။ သူ၏ ဒီးဒုတ်ဂျာနယ် ကို အမျိုးသား လွတ်လပ်ရေး တိုက်ပွဲ၊ အမျိုးသား ပညာရေး၊ အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းရေး တို့အတွက် ရှေ့တန်းအောင်လံ ဂျာနယ် တစ်စောင် ဟု သိခဲ့ကြသည်။ ထိုဂျာနယ်၏ အမည်ကို သူ့အမည်တွင် တွဲပြီး ဒီးဒုတ်ဦးဘချို ဟု အများက သိခဲ့ကြသည်။ “ဒီးဒုတ်ဦးဘချို” အမည်အပြင် “ဒိုးဒိုးဒေါက်” “ကျူကောက်” “ကေသာ” “စပယ်” “ဥက္ကလာ-မခင်စိန်” “အမိုက်မလေး” စသော အမည်များဖြင့်လည်း ဝတ္ထုဆောင်းပါး များစွာကို ရေးသားခဲ့သေးသည်။

No comments: