Tuesday, September 18, 2018

*** Migraine ခေါ် ပြင်းထန်သောခေါင်းကိုက်ဝေဒနာ ***



...................................................................

MWD: ပြီးခဲ့တဲ့ တစ်ပတ်က သာမာန်ခေါင်းကိုက်ဝေဒနာအကြောင်း ဆွေးနွေးတင်ဆက်ပြီးတဲ့နောက်မှာ ဒီတစ်ပတ်မှာတော့ မိုင်ဂရိန်း (Migraine) လို့ခေါ်တဲ့ ပိုမိုပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာ အကြောင်းကို ဆက်လက်တင်ဆက်သွားမှာ ဖြစ်ပါတယ်..

MWD: ဆရာရှင့်.. ပထမဆုံးအနေနဲ့ Migraine ခေါင်းကိုက်ဝေဒနာဆိုတာ ဘယ်လိုမျိုးကို ခေါ်တာလဲဆိုတာ ရှင်းပြပေးပါ...

Dr.KML: Migraine ဟာ ရိုးရိုးခေါင်းကိုက်တာထက် ပိုမိုပြင်းထန်တဲ့ခေါင်းကိုက်ရောဂါ ဖြစ်ပါတယ်.  ဖြစ်လိုက် ပျောက်လိုက်နဲ့လည်း နာတာရှည်ဖြစ်လေ့ရှိပါတယ်.. ခေါင်းကိုက်တယ်ဆိုတာနဲ့  ပျို့ချင် အန်ချင်စိတ်ပါ တစ်ခါတည်း တွဲဖြစ်လေ့ရှိပါတယ်.. အချို့ဆို တစ်ခါတည်း ထိုးအန်တတ်ပါတယ်..  ပြီးတော့ မျက်စိထဲမှာ ပုံမှန်မဟုတ်တဲ့ အလင်းရောင်တွေ ပြိုးပြိုးပျက်ပျက်တွေ မြင်ရလေ့ရှိပါတယ် (Visual disturbance) .. များသောအားဖြင့် မျိုးရိုးလိုက်တတ်ပါတယ်.. အဖေသို့မဟုတ် အမေလုပ်သူမှာ Migraine ရှိခဲ့ရင် သားသမီးအချို့လည်း ဒီရောဂါ ရနိုင်တယ်လို့ ဆိုလိုတာပါ.. ခေါင်းကိုက်တယ်ဆိုတဲ့နေရာမှာ ခေါင်းတစ်ခုလုံး ကိုက်တာရှိသလို တစ်ခါတစ်လေမှာ ခေါင်းတစ်ခြမ်းဘဲကိုက်လို့ေ ခါင်းတစ်ခြမ်းကိုက်ရောဂါလို့လည်း လူသိများလေ့ရှိပါတယ်..

MWD: Migraine အမျိုးအစား ဘယ်နှစ်မျိုး ခွဲထားပါသလဲ ဆရာ..

Dr.KML: အဓိက (၂) မျိုး ခွဲထားပါတယ်..

(၁) ပထမတစ်မျိုးကတော့ “Classical migraine” လို့ခေါ်ပါတယ်.. ဒါကတော့ ခေါင်းကိုက်တော့မယ်ဆိုတာ ကြိုပြီးသိလေ့ရှိတဲ့အမျိုးအစား ဖြစ်ပါတယ်.. Aura လို့ခေါ်ပါတယ်.. ဥပမာ ခေါင်းကိုက်တာ (Headache) နဲ့ ပျို့ချင်အန်ချင်စိတ်ဖြစ်တာ (Nausea) မတိုင်မီမှာ အလင်းရောင်တွေ မြင်ရတာမျိုး၊ လက်တွေခြေတွေ ထုံသလိုလို ကျင်သလိုလို ဖြစ်လာတာမျိုး၊ စိတ်ထဲမှာ ယောက်ယက်ခတ်ပြီး ဂနာမငြိမ်သလိုမျိုးဖြစ်လာတယ်..ပြီးမှ Migraine attack ရတာမျိုးကို ဆိုလိုတာပါ..

(၂) ဒုတိယအမျိုးအစားကိုတော့ “Common Migraine” လို့ခေါ်ပါတယ်.. သူကတော့ ပိုပြီးအဖြစ်များပါတယ်.. Migraine ဖြစ်တော့မယ်ဆိုတာကို ကြိုတင်မသိရတဲ့ အမျိုးအစားဖြစ်ပါတယ်.. ဒါ့ကြောင့် သူ့မှာ Aura မရှိပါဘူး.. Migraine attack ရချင်တဲ့အချိန်မှာ တန်းရသွားတာမျိုးကို ဆိုလိုတာပါ..

MWD: Migraine ခေါင်းကိုက်ရောဂါ ဘာကြောင့်ဖြစ်ရတာပါလဲ ဆရာ..

Dr.KML: အဓိကအချက်ကတော့ ဦးခေါင်းအတွင်းပိုင်းမှာရှိတဲ့ သွေးကြောလေးတွေ ရုတ်တရက် ကျယ်သွားလို့ ဖြစ်ပါတယ်.. သွေးကြောတွေ ကျယ်သွားတော့ သူ့ရဲ့နံရံမှာ ရှိတဲ့ အာရုံကြော (Never) လေးတွေကို လှုံ့ဆော် (Irritate) တဲ့အတွက် ရုတ်တရက် ခေါင်းကိုက်လာရခြင်းဖြစ်ပါတယ်.. သွေးကြောတွေ ရုတ်တရက် ဘာကြောင့် ကျယ်သွားရသလဲဆိုတာတော့ ပြောဖို့ခက်ပါတယ်.. တိတိကျကျရယ်လို့ မဟုတ်ပေမယ့် ဆက်စပ်တဲ့အကြောင်းအရာအနေနဲ့

(၁) အချို့သောအစားအစာတွေကြောင့် Migraine attack ရတတ်ပါတယ်..
(၂) သွေးထဲမှာ glucose ဓာတ် ရုတ်တရက် လျော့နည်းသွားခဲ့ရင် Migraine attack ရတတ်ပါတယ်..
(၃) အမျိုးသမီးဟော်မုန်းတွေကြောင့် Migraine ရတတ်ပါတယ်..
(၄) Stress လို့ခေါ်တဲ့ စိတ်ပူပင်သောကတို့ကြောင့် Migraine ရတတ်ပါတယ်..
(၅) ပြင်းထန်တဲ့လေ့ကျင့်ခန်း (Vigorous exercises) တွေကြောင့်လည်း Migraine ရတတ်ပါတယ်..

MWD: အချို့အစားအစာတွေကြောင့် Migraine ရတတ်တယ်ဆိုတော့ ဘယ်လိုမျိုးအစားအစာတွေပါလဲ ဆရာ.. Migraine မဖြစ်အောင် ဘယ်လိုမျိုးအစားအစာတွေကိုရှောင်ပြီး ဘယ်လိုမျိုးအစားအစာမျိုးတွေကို စားသင့်တယ်ဆိုတာလဲ သိပါရစေ..

Dr.KML: Migraine attack ရစေနိုင်တဲ့ အဓိကအစားအစာ (၅) မျိုးရှိပါတယ်.. အင်္ဂလိပ်လို 5C နဲ့ မှတ်လို့ရပါတယ်.. အဲဒါတွေကတော့..

Chocolate   -  ချောကလက်
Cheese       - ဒိန်ခဲ
Caffeine     - ကော်ဖီ၊ လက်ဖက်ရည်၊ cola
Citrus   fruit     - အရည်ရွှမ်းသောသစ်သီးများ
Claret              - ၀ိုင်အရက်တစ်မျိုး၊ အလားတူ red wine ဒါတွေကိုရှောင်ဖို့လိုပါတယ်..

စားသင့်တဲ့အစားအစာတွေကတော့

(၁) Magnesium ကြွယ်ဝတဲ့ အစိမ်းရောင်အရွက်တွေ ဖြစ်ပါတယ်.. သွေးထဲမှာ Magnesium လျော့နည်းနေရင် Migraine attack မကြာခဏ ရနိုင်ပါတယ်.. အစားမစားဖြစ်ရင် Magnesium ပါဝင်တဲ့ Supplemant တွေမှီဝဲနိုင်ပါတယ်.. တစ်နေ့ကို 400 mg လောက်ရဖို့လိုပါတယ်..

(၂) Omega 3 fatty acid -  ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အဆီဓာတ်ကြွယ်ဝတဲ့ ငါးမျိုးစုံ၊ ကျွန်တော်တို့ဆီမှာ ငါးမြင်း၊ ငါးကြင်း၊ နိုင်ငံခြားမှာတော့ Salmon တို့၊ Sadine တို့.. ပြီးရင်အခွံမာ အစေ့ အဆန်တွေဖြစ်တဲ့ Walnuts ,Brazil nut, Almond nuts, flaxseeds စတာတွေ ပုံမှန်စားပေးရင် Migraine attack ကနေ ကင်းဝေးစေနိုင်ပါတယ်.. အထူးသဖြင့် ငါးကြီးဆီဆိုရင် EPA နဲ့ DHA နဲ့ ပါဝင်နေလို့ ပိုကောင်းပါတယ်.. အစားအနေနဲ့မစားဖြစ်ရင် ငါးကြီးဆီ ဒါမှမဟုတ် Omega -3 မှန်မှန်မှီဝဲနိုင်ပါတယ်..

MWD: ရိုးရိုးခေါင်းကိုက်တုန်းကလို အစားအစာတွေကို တာရှည်ခံအောင် အရသာရှိအောင် ထည့်ထားတဲ့ Food additive တွေကရော ဘယ်လိုနေပါသလဲ ဆရာ..

Dr.KML: Food additive အချို့ကလည်း Migraine attack ရစေနိုင်တဲ့အတွက် သူပါဝင်တဲ့ အစားအစာတွေကို တတ်နိုင်သလောက် ရှောင်စေချင်ပါတယ်.. ဥပမာ အချိုမှုန့် (MSG)၊ ဆေးသကြား(Saccharin /Aspartane) ၊ယမ်းစိမ်း(Nitrate)တွေကို ရှောင်နိုင်လေ ကောင်းလေပါပဲ..

MWD: ရုတ်တရက် Migraine attack ရရင် ဘယ်လိုမျိုးဆေးဝါတွေ အသုံးပြုသင့်သလဲ ဆရာ..

Dr.KML:
(၁) ပထမဆုံးအနေနဲ့ အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုး သောက်ဖို့လိုပါမယ်.. ဥပမာ Paracetamol တို့ Aspirin၊ lbuprofen စတဲ့ OTC ဆေးတွေကို သောက်နိုင်ပါတယ်.. အဲဒီ့ဆေးတွေသောက်ရင် အစာနဲ့အတူ သောက်ဖို့လိုပါမယ်.. အဲဒီဆေးတွေဟာ အိမ်မှာ ဆောင်ထားသင့်ပါတယ်.. ခရီးသွားရင်လည်း အလွယ်တကူ သောက်နိုင်ဖို့ ဆောင်သွားသင့်ပါတယ်..

(၂) ဒုတိယအုပ်စုကတော့ ဆရာဝန်နဲ့ပြပြီးမှ အသုံးပြုသင့်တဲ့ ဆေးတွေ ဖြစ်ပါတယ်..အဲဒီမှာ သွေးကြောတွေကျဉ်းစေတဲ့ Triptans တို့ Avamigran လိုဆေးမျိုးတွေ၊ ဦးနှောက်ထဲကို သွေးရောက်တာနည်းအောင်ပေးတဲ့ Beta-blocker အုပ်စုဝင်ဆေးတွေဖြစ်တဲ့ ဥပမာ Propanolol လိုဆေးမျိုးတွေ ဖြစ်ပါတယ်.. ဒီဆေးတွေကတော့ ပထမဆေးအုပ်စုနဲ့ မသက်သာတဲ့သူမျိုးတွေကို ပေးလေ့ရှိပြီး ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့မှ သောက်ရမယ့်ဆေးတွေ ဖြစ်ပါတယ်..

MWD: သဘာဝဆေးဝါတွေအနေနဲ့ရော ဘယ်လိုဆေးမျိုးတွေ သုံးစွဲသင့်ပါသလဲ ဆရာ..

Dr.KML:
(၁) ဂျင်ဆင်းပါဝင်တဲ့ဆေးဝါးတွေဟာ stress ကိုလျော့စေလို့ ပုံမှန်သောက်ရင် Migraine attack လျော့သွားစေပါတယ်..

(၂) St.john wort (တောင်ရေချမ်းယား) ကို တစ်ခါသောက်တစ်လုံး တစ်နေ့သုံးကြိမ်သောက်ရင် Stress တွေလျော့တဲ့အပြင် ညဘက်မှာပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့အာနိသင်ပါရလို့ ပိုကောင်းပါတယ်.. ဒါ့အပြင် စိတ်ညစ်တာတွေ ပျောက်သွားလို့ Migraine attack ကနေ ကင်းဝေးစေနိုင်ပါတယ်..

MWD: မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ရော Migraine ရောဂါဆက်စပ်မှု ရှိပါသလား ဆရာ..

Dr.KML: ရှိတာပေါ့.. မိမိပတ်ဝန်းကျင်ဖြစ်တဲ့ အိမ်၊ ရုံး လုပ်ငန်းခွင်မှာရှိတဲ့ အဆိပ်အတောက်တွေ၊ ဓာတုဗေဒပစ္စည်းတွေဟာလည်း Migraine attack ရစေနိုင်ပါတယ်.. ဥပမာ
- သန့်ရှင်းရေးလုပ်တဲ့ပစ္စည်းတွေ (Cleaning supplies)
- အိမ်သုတ်ဆေးအမျိုးမျိုး (Paints)
- ပိုးသတ်ဆေး၊ ကြွက်သတ်ဆေး (Insecticides)
- ဓာတ်ငွေ့သုံးမီးဖို (gas oven)
- ဓာတ်ငွေ့သုံးအနွေးပေးစက် (gas heater)
- မီးစက် (generator)- ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ထွက်သဖြင့်
- မော်တော်ကား exhaust စသည်ဖြင့်ပါဝင်ပါတယ်..

MWD: တရားထိုင်ရင်ရော အကျိုးရှိပါသလား..

Dr.KML: ကျိန်းသေပေါက် အကျိုးရှိပါတယ်.. တစ်နေ့ကို ၁၅ မိနစ်၊ နာရီဝက် အထူးသဖြင့် ညအိပ်ယာဝင်ခါနီး မှာ စိတ်ကိုလျော့ပြီး တရားထိုင်ရင် Migraine attack ကနေ တဖြည်းဖြည်း ကင်းဝေမှာဖြစ်ပါတယ်.. သုတေသနစာတမ်းတွေအရ ၅၀ % အထိ လျော့ကျစေနိုင်တယ်လို့ သိရပါတယ်..

MWD: Migraine attack ရနေတုန်းမှာ နှိပ်တာပြုတာရော လုပ်သင့်ပါသလား..

Dr.KML: လုပ်မယ်ဆိုရင် လုပ်နိုင်ပါတယ်.. ပခုံးရယ်၊ နောက်ကြောရယ်၊ ခေါင်းအနောက်မှာရှိတဲ့ကြွက်သားတွေ ဖြည်းဖြည်းချင်း နှိပ်နယ်ပေးရင် သက်သာတာမြန်ပါတယ်.. အထူးသဖြင့် အကိုက်အခဲပျောက်လိမ်းဆေးတစ်မျိုးမျိုးလိမ်းပြီး ဖြည်းဖြည်းနှိပ်ပေးရင် ပိုကောင်းပါတယ်.. ပြင်းပြင်းထန်ထန်တော့မနှိပ်သင့်ပါ.. ကြွက်သားတွေ ထိခိုက်ပြီး ပိုနာတတ်လို့ဖြစ်ပါတယ်..

MWD: ကျွန်မမိတ်ဆွေတစ်ယောက် Migraine မကြာမကြာရလို့ တရုတ်ပြည်ကိုရောက်တုန်း အပ်စိုက်ကုသပြီးတဲ့နောက် အတော်လေးသက်သာသွားတယ်လို့ ပြောဖူးပါတယ်.. အဲ့ဒါနဲ့ပတ်သတ်လို့ ဆရာရဲ့ အမြင်လေးသိပါရစေ..

Dr.KML: Accupuncture ဆိုတာ တရုတ်ပြည်က စခဲ့ပေမယ့် ဒီကနေ့တော့ တစ်ကမ္ဘာလုံး နိုင်ငံအတော်များများမှာ ကျင့်သုံးနေတဲ့ ဆေးပညာရပ်တစ်ခု ဖြစ်ပါတယ်.. မကြာသေးခင်ကမှ UK နိုင်ငံမှာ headache နဲ့ Migraine ဖြစ်တဲ့လူအများကြီးကို အပ်စိုက်ကုသနည်းနဲ့ တစ်ပတ်တစ်ကြိမ်နှုန်း နဲ့(၁၂) ကြိမ်၊ (၁၂) ပတ် ကုသတဲ့အခါမှာ အများစုဟာ လုံးဝနီးပါး ပျောက်ကင်းသွားပြီး တစ်နှစ်အတွင်းမှာ ပြန်မဖြစ်တော့တာ တွေ့ရပါတယ်.. အကိုက်အခဲပျောက်ဆေးတွေလည်း သောက်စရာမလိုတော့တဲ့အတွက် အနောက်တိုင်းဆေးပညာသက်သက်နဲ့ ကုသခြင်း (Coventional treatment) ထက် ပိုကောင်းတယ်လို့ University of Westminster က Professor David Peter ကဆိုပါတယ်.. ဒါကြောင့် Accupuncture ကို တတ်ကျွမ်းနားလည်သူတွေနဲ့ ကုသမယ်ဆိုရင်တော့ ကောင်းပါတယ်. .

MWD: ဆရာ့အနေနဲ့ Migraine ခေါင်းကိုက်ဝေဒနာရှင်တွေကို နိဂုံးချုပ်အနေနဲ့ အကျဉ်းချုပ်လေး မှာကြားပေးပါဦးဆရာ..

Dr.KML: Migraine ခေါင်းကိုက်ဝေဒနာဖြစ်ပြီဆိုတာနဲ့

(၁) စိတ်ရောကိုယ်ပါ ချက်ချင်းအနားယူလိုက်ပါ။
(၂) အကိုက်အခဲပျောက်ဆေးတစ်ခုခု မြန်မြန်သောက်ပါ။ အစာနဲ့အတူသောက်ဖို့ မမေ့ပါနဲ့။
(၃) ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေရှိရင်လည်း ချက်ချင်းသောက်ပါ.. ဥပမာ Triptan, Avamigran, Propranolol စသည့်ဆေးများ
(၄) ရှောင်ရမယ့်အစားအစာတွေကို လုံးဝရှောင်ပါ.. ဥပမာ ချောကလက်၊ ဒိန်ခဲ၊ ၀ိုင်အရက်၊ ဘီယာ၊ အရည်ရွှမ်းသောသစ်သီးများ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ ဆိုဒါပါသောအချိုရည်များ
(၅) စားသင့်တာကိုစားပါ.. ဥပမာ ဟင်းရွက်စိမ်းများ၊ ငါးကြီးဆီ၊ Omega - 3 ပါသောအစားအစာများ သို့မဟုတ် ဆေးဝါးများ
(၆) ညအိပ်ခါနီး တရားထိုင်ပါ.. ၁၅ မိနစ်- မိနစ် ၃၀
(၇) ပတ်ဝန်ကျင်ကို အလင်းရောင်မများဘဲ ဆူညံသံမများဘဲ ရှိအောင်ထားပါ။
(၈) ဂျင်ဆင်း၊ St. John wort မှီဝဲနိုင်ရင် ပိုကောင်းပါတယ်
(၉) ပခုံးနဲ့ လည်ပင်းနောက်ပိုင်းကို အကိုက်အခဲပျောက်လိမ်းဆေး တစ်မျိုးမျိုးလိမ်းပြီး ညင်သာစွာ နှိပ်ပေးနိုင်ပါတယ်
(၁၀) အပ်စိုက် ကုသမှုခံယူနိုင်ပါတယ်။

ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals)
# MWD Health Talk Program

No comments: