Wednesday, September 19, 2018

Asus Zenfone 5 Review (All AI in One)



နောက်ပိုင်းနှစ်တွေမှာLevel တူ Smartphone တွေကြားမှာ Performance ပိုင်းကွာခြားမှုဟာ ကျဉ်းမြောင်းလာတယ်။ ဒီတော့ သူ့ထက်ငါ ဖန်တီးနိုင်စွမ်းကို ပြသနိုင်ဖို့ကြိုးစားရာမှာ AI (Artificial Intelligence) ဟာ Company ကြီးတွေမျက်စိကျစရာ ဖြစ်လာခဲ့တယ်။ Smartphone တွေပေါ်မှာ ဖွံ့ဖြိုးကာစလို့ ဆိုနိုင်တဲ့ AI နည်းပညာကို အသုံးချပြီး User တွေအတွက် အဘက်ဘက်က အထောက်အပံ့ပြုပေးနိုင်ဖို့ ကြိုးစားလာကြတယ်။ 2018 Smartphone တွေမှာ AI မပါရင်ကို ခေတ်မမှီသလို ဖြစ်လာခဲ့ပြီ။

ဆိုတော့ကာ 2018 အတွင်း လက်ရှိထွက်ခဲ့ပြီးသမျှ Smartphone တွေထဲမှာ AI Function အများဆုံးလို့ဆိုနိုင်တဲ့ Asus ရဲ့ Zenfone 5 ရဲ့ AI Function တွေကရော User Experience ကို ဘယ်လိုအထောက်အကူပေးမလဲ၊ သူ့မှာ ဘယ်လိုအားသာချက်တွေရှိနေမလဲ? ဒီ Reivew ကနေ ဖြေပေးသွားပါလိမ့်မယ်။

Asus Zenfone 5, 64GB/4GB ကို ဒီလပိုင်း ၂၄ရက်ဝန်းကျင်မှာ ပြန်လည်ဝယ်ယူနိုင်မှာဖြစ်ပြီး အရောင်နှစ်မျိုးနဲ့ လာပါလိမ့်မယ်။ (လောလောဆယ်မှာတော့ ရောင်းဈေးအတိအကျ မသိရသေးပါ) ကျွန်တော်တို့ရရှိထားတဲ့ Unit ကတော့ Meteor Silver Color ပါ။

- Design & Build Quality

သူ့ရဲ့ Design က First Impression မှာတင် Fresh ဖြစ်တယ်လို့ ခံစားရစေတယ်။ Zenfone ဆိုတဲ့နာမည်အတိုင်း "ဥာဏ်အလင်းကွန့်မြူးခြင်း" ဆိုတဲ့ Zen အယူအဆကို ကျောဘက်က Fingerprint ကိုဗဟိုပြု ပြီး အလင်းဖြာထွက်နေတဲ့ Design နဲ့ ပုံဖော်ပေးထားတယ်။ Glass အုပ်ထားပေမယ့် တစ်ချို့ဖုန်းတွေလို ကြည်မနေပဲ ငွေရောင် ခပ်နှစ်နှစ် Color ကို သုံးပေးထားတယ်။ Camera ဘေးဘောင်လေးတွေက အစ အလင်းဖြာထွက်တဲ့ Design လေးလုပ်ပေးထားတာ သဘောကျမိတယ်။ Flash Light ကတော့ နဲနဲရုပ်ဆိုးတယ်ထင်မိ။

Aluminium Frame က Smooth ဖြစ်ပေမယ့် ရှေ့၊ နောက် မှန်နဲ့ထိဆက်တဲ့ နေရာလေးတွေကို ကြမ်းရှရှ Texture လေးဖြစ်အောင် Line ဖော်ပေးထားလို့ လက်ထဲကိုင်ထားရင်း ချော်မထွက်သွားဘူးဆိုတဲ့ Feeling မျိုး ရစေတယ်။ Size အားဖြင့်လည်း Mi 5X ထက် ပိုသေးပြီး ကျစ်လျစ်တယ်။ 3.5mm Jack ရော၊ Micro USB Type C ကိုပါ ဖုန်းအောက်ခြေမှာမြင်ရတာ စိတ်ချမ်းသာစရာပါ။ အကောင်းချည်းပြောတယ်မဖြစ်အောင် ပြစ်ချက်ရှာရင်း Display အနားသတ်လေးတွေ ဝိုက်ထားတဲ့နေရာတွေမှာ သေချာကြည့်ရင် မသေသပ်တာလေးတွေတွေ့ရတယ်။ ပြီးတော့ Button လေးတွေ နဲနဲ နဲ့နေတာတွေ့ရတယ်။

အဲဒီအချက်တစ်ချို့ကို ဖယ်လိုက်ရင် Asus Zenfone 5 မှာ လူကြီး၊ လူငယ်မရွေး ကြိုက်စေလောက်တဲ့ Design နဲ့ Mid-range ဖုန်းတစ်လုံးထက်ပိုတဲ့ Build Quality ကို ခံစားရတယ်။

- Display

6.2", 18:7.9 Ratio, 1080p+ Display က Zenfone 5 မှာ သဘောအကျမိဆုံးအချက်ပါ။ သူ့ရဲ့ Display က မြင်ဖူးသမျှ Mid-range LCD တွေထဲမှာ အကောင်းဆုံးလို့တောင် ပြောလို့ရတယ်။ Brightness ကလည်း သိသိသာသာကို ကောင်းတယ်။ DCI P3 Wide Color Gamut Mode က AMOLED လို Color စိုမှ ကြိုက်တတ်သူတွေ စိတ်တိုင်းကျမှာသေချာတယ်။

ကိုယ်တွေအတွက် အားအရဆုံးက သူ့ Standard Mode ရဲ့ Color ဟာ လက်ရှိ မြင်ဖူးသမျှမှာ Accurate အဖြစ်ဆုံးလို့တောင် ပြောလို့ရတယ်။ Black Level ကတော့ ပုံမှန်လောက်ရှိပြီး Notch ဖျောက်ရအဆင်ပြေတယ်။ နေရောင်အောက်မှာလည်း ကောင်းကောင်းမြင်နိုင်တယ်။ ပတ်ဝန်းကျင်အလင်းအခြေအနေပေါ် လိုက်ပြီး Color Temperature ကို Auto ချိန်ညှိပေးအောင် လုပ်ထားနိုင်တာက အတော်ကျေနပ်စရာပါ။

မကြိုက်တဲ့အချက်ကတော့ Notch Support ပါ။ နေရာကျယ်ကျယ်ဝန်းဝန်းရပါရက်နဲ့ Noti Icon တွေက ထောင့်နှစ်ဖက်ကို ကပ်လွန်းနေပြီး နေရာလွတ်တွေ ကျန်နေတယ်။ ပြီးတော့ တစ်ချို့ Apps တွေ၊ Game တွေကို Notch အထိအပြည့်ဖွင့်တဲ့အခါ ထောင့်စွန်းတွေ၊ Notch နေရာတွေမှာ သွားကွယ်နေတာတွေ့ရတယ်။

ဒီနှစ်ချက်ကလွဲရင် Zenfone 5 ရဲ့ Display ကို ကြည့်နေ၊ ပွတ်နေရတဲ့ Feel ကိုက စိတ်ချမ်းသာစေပြီး နောက် ဖုန်းတစ်လုံးကို ပြောင်းသုံးတဲ့အခါမျိုးမှာ ကျင့်သားရအောင် အချိန်ပြန်ယူရလောက်တဲ့အထိပါပဲ။


- Fingerprint & Face Unlock

Fingerprint အပိုင်းက Asus ရဲ့ ဝိတ်လျှော့တဲ့အထဲ ပါသွားသလားပဲ။ Zenfone 5 ရဲ့ Fingerprint က Unlock Speed နှေးတယ်။ (ယှဉ်သုံးရင် ပိုသိသာတယ်။) Face Unlock လေးကတော့ မဆိုးဘူးပြောရမယ်။ အရမ်းမနှေး၊ အရမ်းမမြန်ပဲ အဆင်ပြေတယ်။ 360° Unlock ဖြစ်တယ်။ အလင်း၊အမှောင်မရွေး Ok တယ်။ မျက်လုံးစုံမှိတ်ရင် မပွင့်ဘူး။ စမ်းဖြစ်တဲ့ရက်အတွင်းမှာတော့ Face Unlock ကို ပိုသုံးဖြစ်ခဲ့တယ်။

- Speaker & Audio Quality

Zenfone 5 အပေါ် ဒုတိယမြောက် Impressed ဖြစ်စေခဲ့တာက သူ့ရဲ့ Dual Stereo Speaker ပါ။ မကြိုက်တာလေး စ ပြောပါ့မယ်။ အသံထွက်က အတော်လေး Balance မညီပါဘူး။ သေချာနားထောင်ကြည့်ရင် အသံခပ်သေးသေးတွေက အပေါ်ဘက်ကကြားရပြီး ခပ်ကျယ်ကျယ်အသံတွေက အောက်ဘက်က ထွက်တယ်။ (အပြစ်ရယ်တော့မဟုတ်ပေမယ့် နဲနဲတော့ Feel အောက်တာပေါ့)

ကောင်းတဲ့အချက်က သူ့ရဲ့ Stereo Speakers ဟာ Mid-range မှာ အကောင်းဆုံး  လို့တောင် အာမခံနိုင်လောက်တာပါ။ အသံကျယ်ရုံမကပဲ Sound Clarity က Mono Speaker တွေနဲ့ ဘာမှမဆိုင်လောက်အောင် ကောင်းတယ်။ Bass သံလေး မဆိုစလောက်တိုးတာမေ့ထားရင် သူ့ရဲ့ Sound Quality က တကယ်ကျေနပ်စရာပါ။

Speaker ကတော့ ဟုတ်ပြီ၊ နားကြပ်တပ်တော့ရော? အမှန်တိုင်းဝန်ခံရရင် သိပ်အားမရခဲ့။ ပထမတစ်ခုက အသံတိုးလွန်းတာ။ Volume ကို 70-80% လောက်ထိ တင်တာတောင် စိတ်ကြိုက်မဖြစ်ခဲ့ဘူး။ နောက်တစ်ချက်က Bass တွေ Power မရှိတာ။ (ရေထဲကို ခဲလုံးခပ်သေးသေး ပစ်ချသလိုပဲ) အားသာချက်တွေအနေနဲ့ Clarity ကောင်းတယ်၊ Mids နဲ့ Treble တွေအတော်မိုက်တယ်။ Vocal ပိုင်းမှာလည်း အပြစ်ပြောစရာမတွေ့မိ။

Audiophile တွေ သဘောကျလောက်မယ့်အချက်က dts ရဲ့ Audio Wizard ပါ။ Earphone မှာ တခြား Brand တွေရဲ့ Earphone Profile တွေပါဝင်သလို ကိုယ့်နားနဲ့အဆင်ပြေအောင် နားထောင်ပြီးအသံချိန်ညှိနိုင်မယ့် Listening Profile ဆိုတာ ပါဝင်တယ်။ Earphone Sound Effect တွေပါပေမယ့် Huawei ရဲ့ Histen လောက် သဘောမကျမိ။ Equalizer Mode မှာတော့ ဖြစ်နိုင်ရင် ကိုယ်တိုင်ဝင်ပြင်တာက ပိုအဆင်ပြေပါလိမ့်မယ်။

ဒီတော့ Asus Zenfone 5 ရဲ့ Speaker ကို အမှတ်ပြည့်ပေးမယ်ဆိုရင် Audio ပိုင်းမှာတော့ Bass head တွေ၊ High Volume သမားတွေဘက်ကကြည့်ပြီး အမှတ်နဲနဲလျှော့ပါ့မယ်။ Audiophile တွေတွက်တော့ သေချာပေါက် အကြိုက်တွေ့လောက်မှာပါ။

- Performance

Zenfone ကို Performance User တွေ ဝယ်ဖို့တွေဝေစေတဲ့အချက်က သူ့ရဲ့ Snapdragon 636 Chipset ကြောင့်ဆိုရင် မမှားလောက်ဘူးထင်ရဲ့။ ဒါပေမယ့် လက်တွေ့စမ်းသုံးကြည့်ချိန်မှာ Asus ဟာ Snapdragon 636 ကို အကောင်းဆုံးအသုံးချနိုင်တဲ့ Company လို့တောင်မြင်လာမိတယ်။ Daily Normal Usage ကို ကောင်းကောင်း Handle လုပ်နိုင်သလို Gaming ပိုင်းမှာလည်း PUBG ကို HD, High Setting နဲ့ ချောချောမွေ့မွေ့ဆော့နိုင်တယ်။ (SD 660 နဲ့ယှဉ်ရင်တော့ မဆိုစလောက်သိသာပေမယ့်)

ဒီအပိုင်းမှာ သူ့ရဲ့ AI Booster အကြောင်း နဲနဲထည့်ပြောပါ့မယ်။ ကျွန်တော်တို့ Benchmark Apk တွေ ဖွင့်ချိန်မှာ "AI Boost on ပြီး Best Experience ရယူလိုက်ပါ" လို့ Noti တက်လာတယ်။ ဒါနဲ့ Benchmark တွေကို AI on ပြီးတစ်ခါ၊ off ပြီးတစ်ခါ စမ်းကြည့်ချိန်မှာ AI on ထားတဲ့ Result တွေက ပိုပြီးနဲနေတာတွေ့ရတယ်။ ဒါဟာ Bug လား၊ အစပိုင်းမို့လား မသိပေမယ့် Impression အတော်အောက်စရာမို့ နောက်ပိုင်း Update တွေမှာ Fix ဖြစ်ဖို့ မျှော်လင့်မိတယ်။ သူ့ရဲ့ Game Genie ကတော့ Game ဆော့ချိန်မှာ အတော်လေးအကူအညီဖြစ်တယ်။

- Battery & Charging

Zenfone 5 မှာ 3300 mAh Battery ကို သုံးပေးထားတယ်။ Display ကောင်းကောင်းကို Handle လုပ်ရတာမို့လားမသိ၊ Battery Life က အကောင်းကြီးလို့ မခံစားရ။ 50% Volume & Brightness မှာ
- HD Video 1hr ကို 9%
- Youtube 480p, Wifi 1hr ကို 12%
- PUBG HD, High Setting, 4G 1hr ကိုတော့ 27% အထိ ကုန်တယ်။ အဓိက ပြောစရာက Stand-by Time ပါ။ Normal Mode မှာ 8hr ကို 5% ထိ လျော့ပြီး Power Saving Mode မှာတော့ 3% ထိပဲ လျော့တာတွေ့ရတယ်။

Asus မှာ AI ရဲ့အခန်းကဏ္ဍဟာ Battery ပိုင်းမှာလည်း မကင်းပါဘူး။ PowerMaster ထဲမှာ Battery နဲ့ပတ်သက်ပြီး Mode ၄မျိုးအပါအဝင် Battery Saving Function တွေ အတော်စုံအောင် ထည့်ပေးထားတာတွေ့ရတယ်။ အထူးသဖြင့် AI charging နဲ့ ကိုယ့်ရဲ့အားသွင်းတဲ့အကျင့်ကို မှတ်ထားပေးပြီး Battery သက်တမ်းကြာရှည်အောင် Charging rate ကို ထိန်းပေးတာမျိုးက အထင်ကြီးစရာပါ။ ဒါ့အပြင်ညဘက်အားသွင်းအိပ်တတ်တဲ့သူတွေအတွက်တောင် ထည့်စဉ်းစားပေးထားသေးသဗျ။

AI အကြောင်းလေရှည်သွားလို့ Charging Speed ဖက် ဆက်ကြရအောင်။ သူ့မှာ Type C သုံးပေးထားပြီး 5V 2A Original Adaptor ပါတယ်။ အားသွင်းနှုန်းကတော့ 10-80% ကို 1hr လောက် ကြာပြီး 80-90% ကို 15min, 90-100 ကို 30min လောက်စီ ထပ်ကြာတယ်။ Quick Charge Adaptor နဲ့ စမ်းကြည့်ခဲ့သေးပေမယ့် 5min လောက်ပဲ ကွာတာဆိုတော့ သိပ်မထူး။ Battery Temperature အနေနဲ့ ဂိမ်းဆော့ချိန်မှာ 42°C လောက်အထိ Maximum တက်ပြီး Internet အသုံးများ၊ Camera ရိုက်ချိန်မှာတော့ နဲနဲနွေးတာခံစားရတယ်။

ဒီတော့ High Performance, Great Battery Life ကို လိုချင်သူတွေတွက်တော့ Zenfone 5 ကို ဦးစားပေးရွေးဖို့ သိပ်မညွှန်းလိုပါ။

- Camera

Zenfone 5 မှာ AI အလုပ်လုပ်ဆုံးအပိုင်းကိုပြောပါဆိုရင် Camera လို့ပဲ ပြောမိမှာပါ။ သူ့မှာ 12MP f/1.8, 1.4µm Pixel Size Primary Camera နဲ့ 8MP, f/2.2 Wide Angle Camera တို့ ပါဝင်တယ်။ Daylight မှာတော့ Color တွေ၊ Detail တွေကောင်းတယ်။ Dynamic Range ကို သိပ်အားမရလို့ HDR Auto ထားရင် ပိုအဆင်ပြေလိမ့်မယ်။ သဘောမကျတာက AI ကို Off မရတာ။ ပန်းပွင့်တွေ၊ သစ်ပင်တွေ ရိုက်မယ့်အထဲပါလာရင် AI Auto ပွင့်ပြီး Saturation တွေတက်ကုန်တာက Natural Color လိုချင်သူတွေအတွက် စိတ်ကသိကအောက်ဖြစ်စေတယ်။ နောက်တစ်ချက်က Overexposed ခဏခဏဖြစ်တာ။ ဓာတ်ပုံရိုက်ပြီးချိန် Auto Processing လုပ်ပေးတာကြောင့် Light Burn သွားတဲ့နေရာတွေကို Color ပြန်ဖြည့်ပေးပေမယ့် Artificial ဆန်နေတယ်။

Low Light မှာလည်း AI Auto ပွင့်တဲ့အတွက် အလင်းနဲလေ ISO Auto မြင့်လေမို့ Noise များတတ်တယ်။ AI က အသွားနှစ်ဖက်နဲ့ ဓားလိုပါပဲ။ ကောင်းတဲ့အချက်အနေနဲ့ Color Wash out မဖြစ်အောင် ထိန်းပေးပေမယ့် Color တွေများလေ Detail ကျလေပါပဲ။ အကြိုက်ဆုံးအချက်က Manual Mode ပါ။ ISO ကို 25-3200 အထိ၊ Shutter Speed ကို 1/10000 ကနေ 32sec အထိ Support ပေးထားတယ်။ AI off တဲ့ တစ်ခုတည်းသောနေရာမို့ Camera Crazy တွေအတွက်လည်း အဆင်ပြေတယ်။ Wide Camera နဲ့လည်း အပေါ်က Setting တွေသုံးနိုင်ပေမယ့် 5MP photo ပဲ ရမှာပါ။ Zenfone 2 ကတည်းက သုံးလာခဲ့တဲ့ 49MP (12x4) Super Resoultion Mode လည်း ပါဝင်တယ်။

AI mode မှာ Scene Recognition အတော်စုံတယ်ပြောရမယ်။ (Tripod Mode တောင် ပါသေး) Portrait Mode ပါပေမယ့် သိပ်အကောင်းကြီးမဟုတ်။ သူ့ Selfie Camera ကလည်း ထိုနည်းတူပါပဲ။ Selfie Crazy တွေအတွက် Selfie Master ဆိုပြီး Apk သီးသန့်ပါပြီး သူ့ရဲ့ Zenmoji လေးတွေကတော့ Huwei ရဲ့ Qmoji ထက် ပိုအဆင်ပြေတာတွေ့ရတယ်။

Video ပိုင်းမှာ Back Camera နဲ့ 4K, Selfie Camera နဲ့ Full HD Video တွေရိုက်နိုင်မယ်။ 4K ထိ EIS Support ပါပေမယ့် အငြိမ်ကြီးတော့မဟုတ်။ မိုက်တာက 1080 နဲ့ 720p တွေမှာ 120fps ထိ ရိုက်နိုင်တာပါ။ ဒီတော့ ဓာတ်ပုံဆို Saturation များမှ ကြိုက်သူတွေ၊ ခရီးအထွက်များပြီး Landscape ရိုက်တာကြိုက်သူတွေ၊ Manual Mode ကောင်းကောင်းသုံးနိုင်သူတွေတွက်တော့ Asus ရဲ့ Zenfone 5 က စိတ်ကျေနပ်မှု ပေးနိုင်ပါလိမ့်မယ်။

- OS & UI

Asus မှာ Android 8.0 based ZenUI 5 ကို သုံးထားတယ်။ ZenUI ဟာ အမြင်ရှင်းသလောက် သဘောကျစရာ Feature လေးတွေလည်း ပါဝင်နေတယ်။ App Drawer ထည့်၊ မထည့် ရွေးနိုင်တာ၊ Icon Label Color နဲ့ Font Style တွေ စိတ်ကြိုက်ပြောင်းနိုင်တာ၊ Folder Theme စိတ်ကြိုက်ပြောင်းနိုင်တာ စတာတွေက 3rd Party Launcher ကောင်းကောင်း သုံးနေရသလိုပါပဲ။ ဒါ့အပြင် သူ့မှာအားသာချက်အနေနဲ့ Theme Change နိုင်တဲ့အပြင် Playstore ကနေ Icon Pack တွေ Down ပြီး စိတ်ကြိုက် ပြောင်းနိုင်ပါသေးတယ်။

အကြိုက်မိဆုံးတစ်ချက်က Weather Animation တွေကို Lock Screen အပေါ်ဘက်နားမှာ Screen On လိုက်ရင် ပြပေးတာလေးပါ။ ဒါ့အပြင် သူ့ရဲ့ Setting ထဲက Advanced မှာ Emergency အခြေအနေဆိုရင် ရောက်နေတဲ့နေရာနဲ့တကွ အရေးပေါ်ဖုန်းခေါ်ပေးနိုင်တဲ့ Zen Safeguard, Lift to Check Phone, Gesture အမျိုးမျိုးပါတဲ့ ZenMotion စတာတွေက သုံးတတ်ရင် သုံးတတ်သလို Experience ကောင်းတွေ ပေးစွမ်းနိုင်ပါလိမ့်မယ်။

ဒီတော့ အနှစ်ချုပ်ရရင် Zenfone 5 ဟာ ကျွမ်းကျင်မှုနဲ့ သုံးရအဆင်ပြေမှု အစွန်းနှစ်ဖက်ကို ထိန်းညှိပေးတဲ့ဖုန်းတစ်လုံးဆိုရင် မမှားလောက်ပါဘူး။ ZenUI ဟာ MIUI ပြီးရင် ဒုတိယမြောက်အကြိုက်ဆုံး UI ဖြစ်လာခဲ့တယ်။ Pro ကျကျသုံးချင်သူတွေအတွက် Advanced Feature တွေပါသလို အငြိမ်သုံးချင်သူတွေတွက်လည်း လိုအပ်တာထက်ပိုတဲ့ Assistance Function တွေ ပါဝင်နေတယ်။ ဒီတော့ နာမည်ရပြီးသား Brand တွေကြားက ရုန်းထွက်ပြီး အသစ်အဆန်း အရသာကို ခံစားချင်သူတွေအတွက် Asus Zenfone 5 ဟာ အသင့်တော်ဆုံး Mid-range ဖုန်းတစ်လုံး ဖြစ်လာမှာအသေချာပါပဲ။


"Observe here. Trust yourself."

#PlanetX #Asus #Zenfone5 #Review

No comments: