Friday, September 14, 2018

သက်သတ်လွတ် မုန့်ဟင်းခါး - ကြက်သားမုန့်ဟင်းခါး - ငါးခူမုန့်ဟင်းခါး





မော်လမြိုင် မုန့်ဟင်းခါး
=============              
ပါဝင်ပစ္စည်းများ

၁။ မုန့်ဟင်းခါးဖတ် – ၄၀ကျပ်သား
၂။ ငါးခူ – ၃၀ ကျပ်သား (ငါးခူကို ထန်းညက် ၃ခဲ၊ ငါးငံပြာရည်၊ ဆား၊ စပါးလင်တို့ဖြင့် ပြုတ်ရမည်)
၃။ ဌက်ပျောအူ – ၁ပင် (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။
၎။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
၅။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)
၆။ နံနံပင်၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)
ရ။ ပဲကြော် – ၁၀ခု
၈။ ကြက်သွန်ဖြူ ဆီချက် – ၁ခွက် (ကြက်သွန်ဖြူ ၆မွှာကို ထောင်းပြီ ဆီသပ်ပေးပါ)

ဆီသတ်ရန် ပါဝင်ပစ္စည်းများ

၁။ ကြက်သွန်နီ – ၂၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၀ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၁ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
၆။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ရ။ ငရုတ်သီး(အရောင်တင်)မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ပြင်ဆင်နည်း

၁။ ဒယ်အိုးထဲ စပါးလင်(၂ပင်)ကို ထုချည်ပြီ ခင်းပေးပါ။ ပြီမှ ငါးခူ၊ ထန်းညက် အညှိ(၃ခဲ)၊ ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ရေ(ငါးမြုပ်ရုံ) ထည့်ကာ ငါးကျက်သည်အထိ ပြုတ်ပေးထားပါ။ငါးပိကြိုက်ကစိမ်းစားငါးပိအနည်းငယ်ထည့်ပါ။
မှတ်ချက် ။ ။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူကို အသားနွင်းပေးပါ။
၃။ ရလာသော ငါးခူအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောထောင်းပေးပါ။ ပြီမှ ရေဖြင့်ကျင်ကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။

ငါးဆီသတ် ချက်ပြုတ်နည်း

၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသတ်ပေးပါ။
၂။ နောက်မှ ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ပြီနောက် ငါးအသားများထည့်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်မွှေလိုက်ပါ

မုန့်ဟင်းခါး စချက်ပါတော့မည်

၎။ ငါးဆီသတ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (အကွင်းလှီးထားသော ဌက်ပျောအူများ၊ ငါးဆီသတ်နှင့် ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
၅။ ဌက်ပျောအူထဲ အချိုအရသာများ စိမ့်ဝင်သွားရန် အနည်းငယ် တည်ထားပေးပါ။
၆။ ဌက်ပျောအူ နွမ်းသွားပါမှ ရေနွေး(၃လီတာ)ကို ထည့်ပါ။
ရ။ ပြီလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့် ထည့်ပြီ ရောမွှေပေးပါ။
၈။ ပြန်ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။
၉။ ဆန်လှော်မှုန့် ပွလာမှ ချခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။
၁၀။ ကြက်သွန်နီများ နူသွားပြီ အရသာအနေတော်လျှင် ရပါပြီ။
၁၁။ ပန်းကန်ထဲ မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပူစီနံ၊ ပဲကပ်ကြော်၊ ကြက်သွန်ဖြူ ဆီချက် ထည့်၍ အပေါ်မှ ငါးဟင်းရည် လောင်းထည့်ကာ အရသာရှိစွာ တည့်ခင်းသုံးဆောင်နိုင်ပါပြီ…..။

ကြက်သားမုန့်ဟင်းခါး
============

 စားကောင်းလို့ ချက်နည်းလေးယူလာပေးပါတယ်ရှင်။ ငါးမုန့်ဟင်းခါးချက်နည်းအတိုင်းဘဲချက်ထားပါတယ်။ မြန်မာ ပုဇွန်ငပိ မရှိလို့ ထိုင်ဝမ်ငပိကို အစားထိုးသုံးထားပါတယ်။

ပါဝင်ပစ္စည်းများ
1. ကြက်သား ၄၀၀ ဂရမ် ( ၂၅ ကျပ်သားခန့်)
2. ချင်း ၁ လက်မ အရွယ်
3. စပါးလင် ၃ ချာင်း
4. ကြက်သွန်နီ ၂ လုံး
5. ကြက်သွန်ဖြူ ၁၀ မွှာ
6. ကြက်သွန်နီဥသေး ၁၀ လုံး
7. နနွင်း အနည်းငယ်
8. ဆား သင့်ရုံ
9. ငံပြာရည် သင့်ရုံ
10. ပုဇွန်ငပိ (ထိုင်ဝမ်) ၁ စားပွဲဇွန်းမောက်မောက်
11. မွှေးကုလားပဲ အစိမ်းမူန့် ၄၀ ဂရမ်
12. ကြက်ဥ/ဘဲဥ ၅ လုံး
13. နံနံပင်
14. ငရုပ်သီးလှော်ထောင်း

ချက်နည်း
1. ဟင်းရည်ချက်မည့်အိုးတွင် ကြက်သား၊ ကြက်သားမူန့်၊ နနွင်း ၊ ငံပြာရည်၊ ရေ အနည်းငယ် တို့ထည့်ပီး ထည့်ပြုတ်ပါ ။ မီးအေးအေးနဲ့ ကြာကြာပြုတ်ပါ။ သို့မှသာ အသားနူးမြေ့ပီး အချိုရည်ထွက်လာပါမယ်။
2. ကြက်သားနူးသွားတဲ့အခါ အိုးမှ ဆယ်ယူကာ အအေးခံပီး အသားနွင်ပါ။
3. ကြက်သွန်နီ ကို ပါးပါးလှီးထားပါ။
4. ချင်း၊ ကြက်သွန်ဖြူ၊ စပါးလင် အရင်းပိုင်း တို့ကို သီးသန့်စီ ညက်အောင် ထောင်း/ကြိတ်ထားပါ။
5. ကုလားပဲ အစိမ်းမှုန့်ကို ရေ အနည်းငယ်နဲ့ သမအောင်ဖျော်ထားပါ။ အဖုအခဲများလုံးဝ မကျန်စေရပါ။
6. ဆီသတ်မည့်အိုးတွင် ဆီထည့်ပါ၊ ကြက်သွန်နီနဲ့ နနွင်းထည့်ပီး ကြော်ပါ။ တော်တော်ကြီး နွမ်းလာတဲ့အခါ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ စပါးလင်၊ ချင်းတို့ထည့် ဆီသတ်ပါ၊ ရွှေဝါရောင်ပြောင်းပီး ဆီထွက်လာတဲ့အခါမှာ ငရုပ်သီး အရောင်တင်မူန့်နဲ့ ကြက်သား ၊ ငပိတို့ထည့်မွှေပေးပါ။ မီးအေးအေးနဲ့ မကြာခဏမွှေပေးနေပီး ဆီပြန်လာတဲ့အခါ  ပဲရည်ထည့်မွှေပါ။ အိုးကပ်တပ်တဲ့အတွက် မီးအေးအေးနဲ့သာမွှေပေးနေပါ။ ကြက်သားပြုတ်ရည်ထည့်မွှေပေးပါ။ မီးမြှင့်ပီး ဆူအောင်တည်ပါ။
7. ကြက်သွန်နီအလုံးသေးများ အခွံနွှာထည့်ပါ။ ဟင်းရည်ဆူပွက်လာတဲ့အခါ မီးလျော့ပီး မီးအေးအေးဖြင့် ဟင်းအရသာကောင်းလာတဲ့အထိ တည်ထားပါ။ အနည်းဆုံး ၃နာရီခန့်တည်ထားသင့်ပီး ရေခမ်းသွားရင် ရေဆူ ထပ်ရောနိုင်ပါတယ်။

သက်သတ်လွတ် မုန့်ဟင်းခါး
================

 မုန့်ဟင်းခါးမှာ ငါးပိ၊ ငံပြာရည်က  အဓိကပါ။ အဲဒါကြောင့် သက်သတ်လွတ် မုန့်ဟင်းခါးဆိုရင် စားကောင်းပါ့မလားလို့ အမြဲသံသယ ဝင်မိတယ်။ ဝါဝင်ပြီမို့ သက်သတ်လွတ် စားကြသူတွေကို ဂုဏ်ယူအားပေးတဲ့အနေနဲ့ သက်သတ်လွတ် မုန့်ဟင်းခါးလေး စမ်းချက်ကြည့်ဖြစ်ပါတယ်။ ချက်ပြီးတော့ မရဲတရဲလေး စားကြည့်တာ စားကောင်းတာကြောင့် ချက်နည်းလေး ရေးပေးပါတယ်။ အခု ချက်နည်းကတော့ ငရုတ်ကောင်း မုန့်ဟင်းခါး အရောင်ရအောင် ချက်တာဖြစ်တဲ့အတွက် ငရုတ်သီး အရောင်မှုန့် မသုံးထားပါဘူး။

ပါဝင်ပစ္စည်းများ

မုန့်ဟင်းခါးဖတ်  –  ၅၀ ကျပ်သား

ခရမ်းသီး  –  ၃-၄ လုံး

ကြက်သွန်မြိတ်  –  ၄ ပင်

မွှေးမုန့်ဟင်းခါးအစုံမှုန့်  –  စားပွဲဇွန်း ၄ ဇွန်း

ကြက်သွန်နီ  –  ၂၅ ကျပ်သား (၄၀ဝ ဂရမ်)

ကြက်သွန်ဖြူ  –  ၂  ၁/၂ ကျပ်သားခန့် (၂၅ ဂရမ်)

ချင်း  –  ၁ လက်မအရွယ်

စပါးလင်  –  ၂ ပင်

နနွင်း  –  အနည်းငယ်


ဆီ  –  ၅ ကျပ်သားခန့်

ငရုတ်ကောင်း  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း (လှော်ထောင်းမှုန့်)

ထန်းလျက်  –  ၂ ခဲ

ဆား  –  သင့်ရုံ

ကြာမြစ်/ ငှက်ပျောအူ  –  ၂ ပေါင် ( ၁  ၁/၂ ပေအရွယ်) ၁ တုံး

တွဲဖက်စားသုံးရန်

ပဲကပ်ကြော်/ ဘူးသီးကြော်

ကြက်သွန်ဖြူဆီချက်

နံနံပင်

ငရုတ်သီးမှုန့်လှော်ထောင်း

ပဲတောင့်ရှည်

ပြုလုပ်နည်း

၁။       ခရမ်းသီးကို အတွင်းသားပျော့ပျောင်းပြီး အခွံမီးကျွမ်းတဲ့အထိ မီးဖုတ်ပါ။ အအေးခံပြီး အသားများကို ခြစ်ယူထားပါ။

၂။       ကြက်သွန်မြိတ်ကို နုပ်နုပ်လှီးထားပါ။

၃။       မွှေးမုန့်ဟင်းခါးအစုံမှုန့်ကို မွှေးလာအောင်လှော်ပါ။ အအေးခံပြီး ရေကို နို့ဆီဘူး ၁ ဘူးစာခန့် ထည့်ပြီး ဖျော်ထားပါ။

၎။       ကြာမြစ်ထည့်လျှင် အခွံနွှာပြီး အကွင်းလေးများ လှီးထားပါ။ ငှက်ပျောအူသုံးလျှင် အူတိုင်အနုများကို လက်တစ်လုံးအရွယ် လှီးပြီး နနွင်းထည့်ထားသောရေမှာ စိမ်ထားပါ။

၅။       ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပြီး တစ်ဝက်ခန့်ကို ခပ်ပြီး ဖယ်ထားပါ။ ကျန်တစ်ဝက်ကို ပိုညက်သွားအောင် ထောင်းပါ။ ချင်းကို ညက်အောင် ထောင်းထားပါ။ စပါးလင်အရင်းပိုင်းကို အက်သွားရုံလေး ထုပါ။ ပြီးလျှင် ချည်ထုံးထားပါ။

၆။       ဒယ်အိုးထဲ ဆီ၊ နနွင်းထည့်ပါ။ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူကို ကြွပ်အောင် ကြော်ပြီး ဆယ်ယူထားပါ။ ဆီတချို့လည်း ခပ်ပြီး ဖယ်ထားပါ။

၇။       ကျန်တဲ့ဆီမှာ ကြက်သွန်နီကို ဆီသတ်ပါ။ နွမ်းလျှင် ကြက်သွန်ဖြူနှင့် ချင်းတို့ကိုထည့်ပြီး မွှေးလာ သည်အထိ ဆီသတ်ပါ။ မွှေးလာတဲ့အခါ ခရမ်းသီးနှင့် ကြက်သွန်မြိတ်တို့ကို ထည့်မွှေပေးပါ။

၈။       ဟင်းရည်ချက်မည့်အိုးထဲ ရေထည့်ပါ၊ ဆူအောင်တည်ပါ။ ဆူလျှင် ရေဖျော်ထားတဲ့ မုန့်ဟင်းခါး အစုံမှုန့်ထည့်ပါ။ ဆီသတ်ထားသည်တို့ကို ထည့်ပါ။ ထန်းလျက်ခဲနှင့် ဆားထည့်ပါ။ ကြက်သွန်နီဥ အလုံးသေးများကို နွှာထည့်ပါ။ ငှက်ပျောအူ/ ကြာမြစ်ကို ထည့်ပါ။

၉။       ဟင်းရည်ဆူပွက်လျှင် ငရုတ်ကောင်းခတ်ပါ။ ကြက်သွန်ဖြူကြော်တချို့ထည့်ပါ။ အရသာကို လိုအပ်သလို ပြုပြင်ပြီးလျှင် သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။


ချက်ပြုတ်ပြသူ - Meemeetofu 

No comments: