Saturday, September 8, 2018

"မကောင်းသတင်းများ"


မြန်မာနိုင်ငံ၏သတင်းတွေက နိုင်ငံအတွင်းမှာပင်မဟုတ် ၊ နိုင်ငံ၏နယ်နိမိတ်ပြင်ပ သို့ ပင် တကမ္ဘာလုံးသို့ပျံ့နှံရောက်ရှိနေသည် ။ အရင်တုန်းက မြန်မာဆိုလျှင် ဘယ်နားနေမှန်းမသိသော ၊နာမည်ကိုပင်ကောင်းကောင်းမကြားဖူးသောအဖြစ်မှ ယခုအခါ မြန်မာ့သတင်းသည် မြောက်ကိုရီးယား ၊အီရန် ၊ စသောနိုင်ငံများနှင့်တန်းတူ ကမ္ဘာ့ထိပ်တန်းပြောစမှတ်နိုင်ငံဖြစ်လာရသည် ။ ပြီးခဲ့သော အပတ်က အင်္ဂလန်ပရီးမီးယားလိမှ မန်ချက်စတာယူနိုက်တက် အသင်း၏နည်းပြဆရာဖြစ်သူ မော်ရင်ဟိုကိုသတင်းထောက်များက သတင်းစာရှင်းလင်းပွဲတွင်မေးခွန်းတခုမေးမြန်းသည် ။မော်ရင်ဟိုကိုင်တွယ်သောမန်ယူဘောလုံးအသင်းသည် ထိုစဉ်က ပရီးမီးယားလိဂ်တွင် သုံးပွဲကန်အပြီး တပွဲနိုင် နှစ်ပွဲရှုံးကာ ရမှတ်သုံးမှတ်သာရပြီး အမှတ်ပေးဇယား၏ အဆင့် ၁၄ သို့ ရောက်နေသည် ။

“ခင်ဗျား ဒီတပွဲထပ်ရှုံးရင် ရာထူးကနုတ်ထွက်ရတော့မယ်လို့  သတင်းတွေထွက်နေတယ် ။ အဲဒါနဲ့ပတ်သက်လို့စိုးရိမ်ပူပန်မှုတွေရှိလား “
ထိုအခါမော်ရင်ဟိုကဖြေသည် ။

“ ကျုပ်အခြေအနေက မြန်မာနိုင်ငံရဲ့အခက်အခဲတွေလောက်မဆိုးသေးပါဘူး ။ သတင်းတွေကိုဖတ်ကြည့်ကြရင် သိမှာပါ ၊ မြန်မာကမှ တကယ်ခက်ခဲတဲ့အခြေအနေကိုရင်ဆိုင်နေရတာပါ။ ထပ်ပြောမယ် ၊ မြန်မာကခက်ခဲတဲ့အခြေအနေကိုရင်ဆိုင်နေရတယ် “

မြန်မာနိုင်ငံ၏သတင်းကား ကမ္ဘာကျော်ဘောလုံးအသင်းနည်းပြကြီးပါးစပ်ထဲစို့ပင်ရောက်နေချေပြီ ။ ဂုဏ်ယူရမည်လား၊ ၀မ်းနည်းရမည်လားမသိတော့ပါ ။ မော်ရင်ဟို၏ ပြောလိုရင်း ရည်ရွယ်ချက်ကို သတိထားမိပါသည် ။ မော်ရင်ဟိုသည် ဘရိုက်တန် ၊ တော့တင်ဟမ်ဟော့စပါး ဟူသည့် ဘောလုံးအသင်းနှစ်သင်းကို ဆက်တိုက်အရေးနိမ့်ခဲ့ပြီး  ၂.၉.၂၀၁၈ နေ့ တွင်ကန်မည့် ဘန်လေနှင့်အဝေးကွင်းပွဲတွင်ထပ်မံရှုံးနိမ့်ခဲ့မည်ဆိုပါက မန်ယူအသင်းတာဝန်ရှိသူများသည် နည်းပြမော်ရင်ဟိုကိုထုတ်ပယ်ပြီး  ရီးရဲမက်ဒရစ် နည်းပြဟောင်း ဇီဒန်းနှင့်အစားထိုးတော့မည်ဟူသောသတင်းများလည်း ဘောလုံးလောက၀ယ်ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်နေပါသည် ။ လောင်းကစားဒိုင်များသည် မော်ရင်ဟိုပြုတ်မပြုတ်ကိုပင်လောင်းကြောင်းများဖွင့်ကာ အလျော်အစားလက်ခံနေကြပြီဖြစ်သည် ။ထိုသို့ရာထူးမှပြုတ်တော့မလိုဖြစ်နေသော အခြေအနေကိုရည်ညွှန်းကာ သတင်းထောက်များက ထိုအခြေအနေအတွက်စိုးရိမ်ပါသလားဟုမေးခြင်းဖြစ်သည် ။ မော်ရင်ဟိုက မြန်မာကိုဥပမာပေးသွားခြင်း၌ မြန်မာနိုင်ငံ၏ခေါင်းဆောင်များသည်လည်း သူနှင့်တူသော အခြေအနေတခုရိနေသည် ။သူ့ ထက်ပင်ဆိုးနေသောအခြေအနေဖြစ်သည်ဟုထောက်ပြသွားသည် ။ အဓိကပြောလိုရင်းမှာ ထိုအချိန်က မြန်မာနိုင်ငံ၏ တပ်မတော်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်နှင့် စစ်ဘက်အရာ၇ှိကြီးငါးဦးအား ရခိုင်ဒေသတွင်ဖြစ်ပွားခဲ့သောလူ့အခွင့်အရေးချိုးဖောက်မှု ၊ လူမျိုးတုန်းသတ်ဖြတ်မှု စသည့်ကိစ္စများတွင်တာဝန်ရှိသည်ဆိုပြီး တရားစွဲရန်ကုလသမဂ္ဂက ပြောဆိုလာသည် ။ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ရာထူးမှနုတ်ထွက်ပေးရန်အထိ UN အချက်အလက်ရှာဖွေရေးမစ်ရှင်က ပြောဆိုလာကြသည် ။ တချိန်တည်းမှာပင် ဘင်္ဂလီမူဆလင် (မူရင်းတွင်ရိုဟင်ဂျာဟုသုံး)များအစုအပြုံလိုက်အသတ်ခံရသောကိစ္စတွင် တားဆီးရန်ပျက်ကွက်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ရာထူးမှနုတ်ထွက်ပေးပါရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဥက္ကဌ ဇာအိအယ်လ်ဟူစိန် က ပြောဆိုထားသည် ။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င်စစ်ဘက်အရာရှိခြောက်ယောက် ၏ ဖေ့စ်ဘွတ်အကောင့် ၁၈ ခု ၊ အင်စတာဂရမ်အကောင့်တစ်ခု ဖော်လိုဝါ ၁၂ သန်းရှိသည်ဆိုသော မြ၀တီအပါအ၀င်ဖေ့စ်ဘွတ် Page ၅၂ ခုတို့အားဖေ့စ်ဘွတ်က ဖယ်ရှားဖြုတ်ချခဲ့သည် ။ ထိုအချက်များကိုမူတည်၍ မော်ရင်ဟိုက သူ၏အခြေအနေမှာ မြန်မာနိုင်ငံလောက်မဆိုးသေးဘူးဟု သတင်းထောက်များ ကို အရွဲ့တိုက်ကာ ဖြေကြားသွားခြင်းဖြစ်သည် ။ ။မောင်ရင်ဟိုပြောတာမှန်သင့်သလောက်မှန်၏ ။ ပြီးခဲ့သော တနင်္ဂနွေညက ကစားသော ဘောလုံးပွဲတွင် ဘန်လေအသင်းကို လူကာကူ၏ အနိုင်ဂိုးနှစ်ဂိုးဖြင့် နိုင်ပွဲပြန်ရခဲ့ပြီး ဖိအားများအောက်မှအချိန်တိုအတွင်းရုန်းထွက်နိုင်ခဲ့လေသည် ။ မြန်မာနိုင်ငံ၏အဖြစ်ကတော့ မော်ရင်ဟိုလောက်မလွယ်ပေ။  ဘာပဲဖြစ်ဖြစ် တသက်လုံးမကြားဖူးရာမှ မြန်မာနိုင်ငံသည်မကောင်းသည့်ဥပမာတရပ်အဖြစ် စတင်အပြောခံနေရပေသည် ။ စစ်အစိုးရလက်ထက်က ပြောကြားခံရခြင်းကားတမျိုးဖြစ်သည် ။

    စစ်အစိုးရလက်ထက်တွင် ကမ္ဘာ့အမြင်၌ မြန်မာနိုင်ငံသားများသည် အလွန်သနားကြင်နာဖွယ်ကောင်းသော ၊ အဖိနှိပ်ခံ လူများဖြစ်ကြသည် ။ ထို့ကြောင့် ကျွန်တော်တို့ကိုကမ္ဘာကသနားကြည် ။ အော်မင်းတို့ဟာစစ်အစိုးရလက်အောက်မှာ နေရတာပဲ ၊ ရဲရဲဝံ့ဝံ့နဲ့ဒီမိုကရေစီတောင်းနေကြတာပဲ ၊ စသည်ဖြင့် ကမ္ဘာက မြန်မာနိုင်ငံသား များကို ချစ်ခင်ကြသည် ၊လေးစားကြသည် ၊ကရုဏာသက်ကြသည် ။ရောက်ရာအရပ်မှာ ကျွန်တော်တို့ကိုကြင်ကြင်နာနာဆက်ဆံကြသည် ။စစ်အစိုးရကို အမြင်ကပ်ကြသည် ။ ထိုကာလက နိုင်ငံခြားထွက်ရတာ မြန်မာတွေမျက်နှာ ပန်းပွင့်လန်းကြသည် ။ ခေါ်ချင်ပြောချင် ဖိတ်ချင် ကျွေးချင်မွေးချင်သူများလှသည် ။ ယခုအခါ ကမ္ဘာ့ဇာတ်ခုံပေါ်ဝယ် အမြင်တွေပြောင်းသွားသည် ။ ကျွန်တော်တို့သည် ဗီလိန်များဖြစ်သွားသည် ။ မြန်မာများနှင့် စစ်တပ်သည် ဖိနှိပ်သူများဖြစ်သွားကာ ဘင်္ဂလီများ ( သူတို့အခေါ်ရိုဟင်ဂျာများ)က သနားစရာဖိနှိပ်ခံလူတန်းစားဖြစ်သွားသည် ။ မြန်မာများနိုင်ငံခြားသွားသည်ဖြစ်စေ ၊ နိုင်ငံခြားသားများ မြန်မာပြည်လာသဖြင့်အကြောင်းအမျိုးမျိုးကြောင့်တွေ့ ရသည်ဖြစ်စေ ကျွန်တော်တို့ကိုလူ့အခွင့်အရေးချိုးဖောက်သူ ၊ မူဆလင်များကိုသတ်ဖြတ်အနိုင်ကျင့်နေသူ ၊ ဘာသာရေးခွဲခြားသူ စသည်ဖြင့် ထင်မြင်ယူဆတာတွေကိုပဲ ရင်ဆိုင်နေရသည် ။ အစိုးရတာဝန်ရှိသူတွေဆိုတာမပြောပါနှင့်တော့ ၊ ကျွန်တော်တို့လိုသာမန်အရပ်သားတွေပင် ဒါတွေပဲဖြေနေရသည် ။ ရှင်းပြီးရင်းရှင်းနေရသည် ။ရှင်းရင်းနှင့်ရှုပ်သည် ။ ယခုအခါကျွန်တော်တို့သည် ဇာတ်လိုက်ဘ၀မှ ဗီလိန် လူကြမ်းဘ၀သို့သက်ဆင်းကြရသည် ။ လူ့အခွင့်အရေးကိုဂရုမစိုက်သူတွေ ၊ ဘာသာရေးခွဲခြားသူတွေ ၊ ရက်စက်ကြမ်းကြုတ်သူတွေ ဟု မြန်မာကိုကမ္ဘာကမြင်ကြသည် ။ ဟုတ်၍ခံရလျင်တော်သေးသည် ။ သာမန်တိုင်းသူပြည်သားအများစုမှာ ဘာမှအမှားလုပ်ကြသူတွေမဟုတ် ပဲ အချောင်နာမည်ပျက်ကိန်းဆိုက်နေသည် ။

          ကျွန်တော့် မိတ်ဆွေ ခရီးသွားကုမ္မဏီပိုင်ရှင်တွေသည် ။ WTM လန်ဒန် ၊ ITB ဘာလင်  စသော မြို့ကြီးများတွင်တနှစ်တကြိမ်ကျင်းပသည့် ကမ္ဘာကျော်ခရီးသွားပြပွဲ (International Travel Show ) တွေသို့  ကိုယ့်စားရိတ်နှင့်ကိုယ် နှစ်စဉ်တက်ရောက်ကာ မြန်မာနိုင်ငံသို့တိုးရစ်တွေလာလည်ကြဖို့  ဈေးကွက်မြှင့်တင်ရေးတွေလုပ်လေ့ရှိသည် ။ သို့သော် ယခုနှစ်တွင် ထိုနိုင်ငံတကာခရီးသွားပြပွဲများသို ကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်များမသွားကြတော့ပါ ။

“ငွေကုန်ခံပြီးတော့လည်း သွားရသေးတယ် ။ ဟိုကျရင် မြန်မာပြည်က ပြသနာတွေကို လာမေးတဲ့သူတွေကိုချည်းပဲ တရားခံတယောက်လိုဒိုင်ခံဖြေရှင်းနေရတာမျိုး မလုပ်ချင်တော့ဘူး “ ဟုသူတို့ကပြောကြသည် ။ မှန်ပါသည် ။ကိုယ့်နိုင်ငံ ကိုယ့်ကုမ္မဏီကို တိုးရစ်တွေလာစေရန် ငွေကုန်လူပန်းခံ၍ မရေရာသောအခြေအနေတွင် ဈေးကွက်သွားမြှင့်တင်ရခြင်းဖြစ်သည် ။ ထိုအထဲ ကိုယ်မကျူးလွန်သော ကိစ္စတခုအတွက် တရားခံလို လူတိုင်းကိုရှင်းပြနေရတာလည်း မနိပ်သေးချေ ။ ထိုကိစ္စသည် မြန်မာတယောက်ချင်းက တကမ္ဘာလုံးသို့လိုက်၍ ရှင်းပြနေရမည့်ကိစ္စမဟုတ်ပါ ။ မြန်မာသံရုံးများက ၊ မြန်မာသံအမတ်ကြီးတွေအားလုံးက ၊ မြန်မာစစ်သံမှူးတွေကိုယ်တိုင်က တကမ္ဘာလုံးတွင် ရှေ့တန်းသို့ထွက်ကာ အားကြိုးမာန်တက် ရှင်းကြလင်းကြရမည့်ကိစ္စဖြစ်သည် (NLD အစိုးရတက်လာကာစက ယခင်စစ်အစိုးရလက်ထက်မှ မြန်မာသံအမတ်ကြီးတွေကို အသစ်လဲလှယ်တော့မည်ထင်ခဲ့သော်လည်း လူဟောင်းများကိုသာဆက်လက်သုံးစွဲခဲ့တာအံ့သြဖွယ်တွေ့မြင်ရလေသည် ) ။ မြန်မာနိုင်ငံခြားရေးဌာနမှ ကမ္ဘာပတ်၍ရှင်းကြရမည့်ကိစ္စဖြစ်သည် ။ ဒါကိုလည်းကျွန်တော်အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ ။နောက်တခုက မီဒီယာဖြစ်သည် ။ ကမ္ဘာပေါ်တွင်ကိုယ့်ထမင်းကိုယ်စား၍ သတင်းအားလုံးကို တကမ္ဘာလုံးသို့နှံ့အောင်ဖြန့်ပေးနေသူများမှာ မီဒီယာသမားများ ၊သတင်းထောက်များ၊ သတင်းဓာတ်ပုံဆရာများ၊စစ်မြေပြင်သတင်းထောက်များ၊ သတင်းဆောင်းပါးဆရာများ၊  စာရေးဆရာများဖြစ်သည် ။ထိုသူများကိုသာအားကိုးခဲ့လျှင် အစိုးရသည်လည်းကောင်း၊တပ်မတော်သည်လည်းကောင်း အထူးတလည် သတင်းဖြန့်နေစရာ ၊၀ါဒဖြန့်နေစရာလိုမည်တောင်မဟုတ် ။ ကောင်းသတင်းရော ၊ဆိုးသတင်းရော သတင်းမှန်သမျှ ကမ္ဘာကိုပျံ့နှံ့သွားမည်ဖြစ်သည် ။ သတင်းသမားများ သည် ပဋိပက္ခဖြစ်ပွားနေသော နေရာများတွင်သတင်းလိုက် ၊သတင်းယူသည်မှာ သူတို့ကျွမ်းကျင်ရာအလုပ်ဖြစ်သည် ။သူတို့ဘေးကိုသူတို့ကြည့်ရှောင်တတ်သည် ။ ဘက်မလိုက်သော သတင်းသမားများကိုလည်း စစ်ဖြစ်နေသောဘက်နှစ်ဘက် ကပင်လျှင် ရန်ပြုလေ့မရှိပါ ။ထို့ကြောင့် သတင်းသမားများ ဘေးအန္တရာယ်လုံခြုံမှုမရှိသောကြောင့် သတင်းယူခွင့်မပြုခြင်းဖြစ်ပါသည်ဆိုသော ဆင်ခြေဆင်လက်မှာ လက်ခံနိုင်စရာမရှိပါ ။ ယုတ္တိမရှိသောဆင်ခြေသာဖြစ်ပါသည် ။ တပ်မတော်ဘက်က ထိုဆင်ခြေကိုပေးလာခဲ့လျှင် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်သည်လည်းကောင်း၊အရပ်သားအစိုးရခေါင်းဆောင်ဖြစ်သော သမ္မတကြီးဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်းကောင်း သတင်းယူခွင့်ကိုလက်ခံပေးဖို့ တပ်မတော်ကို ပြောရမည်ဖြစ်သည် ။

    ယခုအခါ မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုအားနည်းပါသည် ။ ပြည်ထဲရေး၊ကာကွယ်ရေး၊ နယ်စပ်ရေးရာ ကိစ္စများသည် အရပ်သားအစိုးရလက်အောက်တွင်မရှိပဲ တပ်မတော်ကထိမ်းချုပ်ထားသောဌာနများဖြစ်သည် ဟုသာ အရပ်သားအစိုးရ ကိုလိုလားသူများကတွင်တွင်ထောက်ပြကြပါသည် ။ တပ်မတော်သည် အရာရာကို လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကိုးအကားနှင့်ပဲ အလုပ်လုပ်လေ့ စကားပြောလေ့ရှိသည် ဖြစ်ရာ အရပ်သားအစိုးရနှင့် အာဏာရပါတီသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကိုးအကားနှင့်သာ ပြတ်ပြတ်သားသားအမိန့်ပေးအုပ်ချုပ်ရတော့မည့်ကာလဖြစ်သည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ တွင်  “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တစ်ဝှန်းလုံးတွင် နိင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည် “ ဟုရေးသားထားပေသည် ။

     ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း “ တပ်မတော်အနေဖြင့် သမ္မတ၏ခေါင်းဆောင်မှုအောက်တွင် သာလုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့တပ်မတော်သည် မြန်မာနိုင်ငံ အစိုးရ၏ ဦးဆောင်မှုအောက်တွင် သာရှိသည် “ ဟူ၍ပြောခဲ့ဖူးသည်။ ။ မြန်မာနိုင်ငံသို့ရောက်ရှိလာသော ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံမှ သံအမတ်ကြီးများ နှင့်တွေ့ ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကဤသို့  ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Facebook စာမျက်နှာတွင် ၂၀၁၈ မေလ ၄ ရက် ကသတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည် ။ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရပြောရလျှင် ကာကွယ်ရေး၊ ပြည်ထဲရေး၊နယ်စပ်ရေးရာ ၀န်ကြီး သုံးယောက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှခန့်အပ်သော်လည်း ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်အနေဖြင့်  သမ္မတ၏ခေါင်းဆောင်မှုအောက်တွင်သာလုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပြီး တပ်မတော်သည်မြန်မာနိုင်ငံအစိုးရဦးဆောင်မှုအောက်တွင်သာရှိသည် ဟု တပ်ဘက်ကလက်ခံပြီးဖြစ်သည် ဟုယူဆရမည် ။

 ဆိုလိုသည်မှာ ထိုအရေးအရာကိစ္စများကို သမ္မတသည် တပ်မတော်အား ပြန်ပြတ်သားသားတာဝန်ပေးခိုင်းစေခွင့်ရှိသည် ဟူသည့် အဓိပါယ်ဖြစ်သည် ။ ယခုအခါ မြန်မာပြည်တ၀ှန်းလုံးတွင် ကြောက်ခမန်းလိလိ ဒုစရိုက်မှုများတိုးပွားနေသည် ။ သီပေါမင်းခေတ်ကနှင့်လည်းမတူ ၊ မင်းတုန်းမင်းခေတ်ကနှင့်လည်းမတူ ၊ အင်္ဂလိပ်ကိုလိုနီလက်ထက်နှင့်လည်းမတူ ၊ ဖက်ဆစ်ဂျပန်ခေတ်နှင့်လည်းမတူ ၊ ဦးနုခေတ်နှင့်လည်းမတူ ၊ဦးနေ၀င်းလက်ထက်နှင့်လည်းမတူ ၊ ဦးစောမောင်လက်ထက် ၊ ဦးသန်းရွှေလက်ထက် နှင့်လည်းမတူ ။ခေတ်အဆက်ဆက် အဆိုးရွားဆိုးအခြေအနေအဖြစ် တရားဥပဒေစိုးမိုးရေးလဲပြိုနေပါသည် ။ နေ့ခင်းကြောင်တောင် ဓားနှင့်ခုတ်မှုများ၊ သေနတ်နှင့်ပစ်မှုများ ၊ လူသတ်မှုများ ၊ လုယက်မှုများ ၊ အုပ်စုဖွဲ့ ရိုက်နှက်မှုများသည် တောကြိုအုံ့ ကြားမှာ မဟုတ် ၊ ရန်ကုန် ၊မန္တလေး ၊ တောင်ကြီး စသောမြို့ကြီးများ၏မြို့လည်ကောင်မှာ ပင် ထင်တိုင်းကြဲနေကြသည် ။ ဆိုင်ကယ်ပေါ်မှဓားနှင့်ခုတ်သည် ၊ဆိုင်ကယ်ပေါ်မှသေနတ်နှင့်ပစ်သည် ၊ အုပ်စုဖွဲ့၍ရိုက်ကြနှက်ကြသည် ။ လူသတ်ကြသည် ။မုဒိမ်းကျင့်ကြသည် ။ မူးယစ်ဆေးဝါးပြောင်ပြောင်တင်းတင်းရောင်းဝယ်ဖောက်ကားသည် ။ နှစ်လုံးထီ ၊ သုံးလုံးထီ ၊ဘောလုံး လောင်းကစားကြသည် ။ ဥပဒေဆိုတာဆိုင်းဘုတ်ပဲရှိတာ့သည် ။ နှစ်လောင်းပြိုင်၊ သုံးလောင်းပြိုင်၊လေးလောင်းပြိုင် ၊ ငါးလောင်းပြိုင်စသည်ဖြင့် တရားခံမပေါ်သော လူသတ်မှုများစွာရှိလာသည် ။ လူသတ်ပြီးပြေးနိုင်လျှင်လွတ်သည်ဆိုသော အနေအထားက ပိုပြီးထင်ရှားလာသည်။ အောင်ဝင်းခိုင်လိုနေပြည်တော်မှာပင်ပျောက်သွားသောဖမ်းမမိသည့်တရားခံပြေးများ မှာ မထူးဆန်းတော့သလိုဖြစ်လာသည် ။ ။မူးယစ်ဆေးဝါးဖမ်းဆီးရာတွင်လည်း မူ၇င်းထုတ်လုပ်ဖြန့်ချိနေသော ဧရာမဒိုင်ကြီးတွေထက် ဆေးပြားအနည်းငယ် လက်ဝယ်မိသော လူငယ်များ ၊ ရွာသားများ၊ နာမည်ကျော်အနုပညာသမားများကို အဖမ်းပြနေတာ များနေပေသည် ။ တရားခံအကြီးစားကြီးများမှာတော့ ပိုင်ရှင်မဲ့အဖြစ် မကြာခန လွတ်နေတာတွေ့ ရလေသည် ။  မြို့တွေမှာ နေ့ခင်းကြောင်တောင် အိမ်ပေါ်တက်လုကြသည်၊ ရိုက်ကြနှက်ကြသည် ၊ လူဆိုးကရဲကိုရိုက်သည် ။ ရဲကလည်း အရပ်ဝတ်နှင့် ကားပေါ်တွင်လူတွေတင်၍ ရွာထဲဝင်ကာ လူမိုက်ဆန်ဆန်ရိုက်ကြ နှက်ကြသည် ။လမ်းဘေးတွင်ထမင်းကြော်စားနေသော လင်မယားကို ရန်စခံရခြင်း၌ အပြစ်မရှိသူလင်ယောက်ျားကို ရဲကခေါင်းပေါက်အောင်ရိုက်နှက်ဖမ်းဆီးသည် ။

ဧရာဝတီတိုင်းတွင် ခိုးမှုမသင်္ကာခံရသူကိုရဲက ရိုက်နှက်စစ်ဆေးရာလူသေသည် ။  ရန်ကုန်မှာပြိုင်ကားများသောင်းကျန်းကြသည်။ ထိထိရောက်ရောက်ဖမ်းဆီးအရေးယူသည်ဟူ၍မကြားရသေး၊ နိုက်ကလပ်တွင် လူသေသည်အထိရိုက်ကြနှက်ကြသည် ။ထိုလူသတ်မှုကို ဥပဒေအရာရှိကအကြံပေးကာ တရားသူကြီးက စွဲချက်မတင်ပဲလွှတ်ပစ်သည် ။ ဥပဒေအရာရှိက အိမ်ဖော်ကိုရိုက်သတ်သဖြင့်သေသည် ။WY  အိုက်စ် ၊ စသောမူးယစ်ဆေးဝါးများသည် ပဲကြီးလှော်ဝယ်ရသလိုနေရာတကာတွင် ရရှိနိုင်လေပြီ ။ ရိုက်ခြင်းနှက်ခြင်းသတ်ခြင်းဖြတ်ခြင်း တို့သည် မြို့တွေရွာတွေမှာ လုပ်ရိုးလုပ်စဉ်လိုပင်ဖြစ်လာသည် ။ အသက် ၆၀ ကျော် အဘွားကိုပင် မုဒိန်းကျင့်လူသတ်သည်အထိယုတ်မာကြသည်။ ကလေးများကို မုဒိန်းကျင့် လူသတ်ကြသည် ။  အမျိုးကောင်းသားသမီးတို့သည် ည ၈ နာရီ ကျော်လျှင် အိမ်ထဲမှအိမ့်အပြင်မထွက်ရဲတော့ပြီ ။မြန်မာသည် ကျရှုံးနိုင်ငံ Failed State ဖြစ်နေပေပြီ ။ ဥပဒေမဲ့နိုင်ငံ Failed Law ဖြစ်နေပေပြီ ။ မင်းမဲ့နိုင်ငံ Anarchy ဖြစ်နေပေပြီ ။ တနိုင်ငံလုံးထိတ်လန့်ခြောက်ခြားနေကြလေပြီ။     မြန်မာတပြည်လုံးထိုသို့ဖြစ်နေခြင်းသည်  မည်သူ့တွင်တာဝန်ရှိသလဲ ။ ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြဖို့အချိန်တန်ပြီဖြစ်သည် ။

   ကျွန်တော်တို့သည် ပြည်ထဲရေးက အရပ်သားအစိုးရလက်အောက်မှာမရှိဘူးဆိုတာနှင့် ပဲ တနိုင်ငံလုံးဖြစ်ချင်ရာဖြစ်ဟုပစ်ထား၍မရ ။အစိုးရဟူ၍အာဏာယူထားလျှင်ကောင်းတာရောဆိုးတာရောအစိုးရမှာတာဝန်ရှိသည် ။တာဝန်ယူရမည်။ ယခုဖြစ်ပျက်နေသောအခြေအနေဆိုးများကို နိုင်နိုင်နင်းနင်းကိုင်တွယ် ဖို့ ထိထိရောက်ရောက် ဒုစရိုက်နှိမ်နှင်းရေး၊ ရပ်ရွာအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ကြဖို့ ပြည်ထဲရေးဝန်ကြီးကို သမ္မတက ပြတ်ပြတ်သားသားအမိန့်ပေးညွှန်ကြားရမည် ။ ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ( ဇ) တွင်ပြဌာန်းထားပေ၏ ။ ပြည်ထဲရေးနှင့်ဆိုင်သော ရဲတပ်ဖွဲ့၏တရားဥပဒေစိုးမိုးရေးကိစ္စများ သိသာထင်ရှားတိုးတက်မှုမရှိပါလျှင် ပြည်ထဲရေးဝန်ကြီးအား နိုင်ငံတော်သမ္မတက ရာထူးမှဖယ်ရှားပစ်သင့်ပေ၏ ။ ထိုသို့လုပ်ပိုင်ခွင့်ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံကခွင့်ပြုထားပြီးဖြစ်သည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅ (ဂ) တွင် “နိုင်ငံတော်သမ္မတသည်

(၁) ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီး တစ်ဦးဦးအားရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည် ။ ညွှန်ကြားသည့်အတိုင်း လိုက်နာ ခြင်းမပြုလျှင် တာဝန်မှရပ်စဲရမည် ။

(၂) ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီး နှင့်ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ညှိနှိုင်း ဆောင်ရွက်ရမည် “

လို့ပါပါတယ် ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း  တပ်မတော်အနေဖြင့် သမ္မတ၏ခေါင်းဆောင်မှုအောက်တွင် သာလုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့တပ်မတော်သည် မြန်မာနိုင်ငံ အစိုးရ၏ ဦးဆောင်မှုအောက်တွင် သာရှိသည် ဟူ၍ တိုင်းသိပြည်သိပြောကြားထားပြီးဖြစ်သဖြင့် သမ္မတက ပြည်ထဲရေးဝန်ကြီးကို ရာထူးမှရပ်စဲဖို့ အမိန့်ပေးလျှင် တပ်ချုပ်က သမ္မတညွှန်ကြားချက်ကိုဆန့်ကျင်မည်မဟုတ်ဟု ယူဆရပေသည် ။ အဓိကကတော့ ပွင့်ပွင့်လင်းလင်းပြတ်ပြတ်သားသားလုပ်ကြဖို့လိုအပ်နေခြင်းဖြစ်သည် ။ ဖြစ်ပျက်နေသော ပြည်ထဲရေး၊ ကာကွယ်ရေးစသောဝန်ကြီးဌာနများနှင့်ပတ်သက်၍ အစိုးရသည် အမျိုးသားရင်ကြားစေ့ရေးဟူသော စိုးရိမ်သောကဖြင့် ဘာကိုမှ ၀င်၍ မပြောပဲ တုံဏှိဘာဝေလုပ်နေခဲ့ပါလျှင် အရပ်သားအစိုးရပဲနာမည်ပျက်ပေလိမ့်မည် ။ တိုင်းပြည်ပဲ မတည်မငြိမ်ဖြစ်ကာ နောက်ကြောင်းပြန်လိုသူတို့၏လမ်းကြောင်းအတိုင်း ရေစီးနှင့်မျောတော့မည် ။ ယခုအချိန်တွင် NLD အစိုးရသည် တိုင်းပြည်တွင်ဖြစ်နေသည့်ကိစ္စများကို ဘယ်ဟာကိုတော့ တာဝန်ယူသည် ၊တာဝန်ရှိသည် ၊ ဘယ်ကိစ္စကိုတော့ ကျွန်တော်တို့လုပ်လို့မရဘူး ၊ လုပ်ပိုင်ခွင့်မရှိဘူး ၊ အဲဒိကိစ္စတွေကိုတော့ ပြည်ထဲရေးမှာ တာဝန်ရှိတယ် ၊ သို့မဟုတ် ကာကွယ်ရေး ၊နယ်စပ်ရေးရာစသည်ဖြင့်တာဝန်ရှိတယ် ။ ထိုလုပ်ငန်းစဉ်တွေမချောမွေ့ခဲ့လျှင် လက်ရှိတာဝန်ယူထားသူ ၀န်ကြီးတွေ အကျိုးဆက်ကိုတာဝန်ယူရမယ်ဟု ပွင့်လင်းမြင်သာ ချပြသင့်သည် ။

ဟိုလူ့မှာတာဝန်ရှိသလိုလို ၊ ကိုယ်နဲ့ပဲမဆိုင်သလိုလို လုပ်နေ၍မရတော့ ။ အစိုးရတက်လုပ်ပြီဆိုကတည်းက ကဏ္ဍအားလုံးမှာ တာဝန်ရှိလေသည် ။ မကောင်းသောအစိတ်အပိုင်းများမိမိအစိုးရတွင်ပါဝင်လာပါက ဖြုတ်လဲဖို့လိုလျှင်လဲကောင်းလဲရမည် ။ သတိပေးဖို့လိုလျှင်သတိပေးရမည် ။ သမ္မတသည် နိုင်ငံတော်၏အထိပ်အထိပ်ပုဂ္ဂိုလ်ဖြစ်ပါ၏ ။ ရင်ကြားစေ့ရေးဟူသောနာမည်လှလှကလေးအောက်တွင်တိုင်းပြည်ပျက်ခမ်း မင်းမဲ့တိုင်းပြည်လိုဖြစ်လာနေတာကိုတော့လက်ပိုက်ကြည့်မနေသင့်တော့ပေ ။ မြန်မာနိုင်ငံ၏သတင်းဆိုးများ ကမ္ဘာသို့ ဆက်ကာ ဆက်ကာ ပျံ့နေခြင်း ကို ရပ်တန့်ရန် ယခုအချိန်မှစကာ အပြင်းအထန်ကြိုးစားအားထုတ်ကြပါစို့  ။

သရ၀ဏ်(ပြည်) 

စောင့်ကြည့်ဂျာနယ်
၇.၉.၂၀၁၈

No comments: