Saturday, September 29, 2018

Time-lapse Photography


ကျွန်တော် ဒီနေ့ မှာ time-lapse photography ရိုက်ပုံရိုက်နည်းနဲ့ မရိုက်ခင် ကြိုတင် သိထားသင့်တဲ့ ဗဟုသုတလေးတွေကို ရေးပေးချင်ပါတယ်။
time-lapse ရိုက်ပြီးရင် တစ်ခါတည်း edit လုပ်ပြီး video လုပ်နည်းပါတစ်ဆက်တည်း ရေးပေးပါမယ်။
Beginner တွေအတွက် Time-lapse Photography ကို အစအဆုံး ကိုယ့်ဘာသာ ဖန်တီးတတ်သွားအောင်ပါ။

ကျွန်တော်တို့  online ပေါ်မှာ လှလိုက်တာ မိုက်တယ်ကွာ ဆိုပြီး ကြည့်ကြည့်နေတဲ့ time-lapse တွေက ဗီဒီယိုတွေ ဖြစ်နေပါလျှက်နဲ့ဘာလို့ photography ဖြစ်နေရသလဲဆိုတာကို အရင်ရှင်းပြပါမယ်။

time-lapse ဟာ ကာလအတိုင်းအတာ တစ်ခုအထိ subject တစ်ခုခု၊ background တစ်ခုခုကို (အဲ့ တစ်ခုခုဟာ ရွှေ့လျှား (သို့မဟုတ်) လှုပ်ရှားနေရပါမယ်) ရုပ်သေ ဓါတ်ပုံတွေ ပုံပေါင်းများစွာ တစ်ဆက်တည်းရိုက်ပြီး အဲ့ဒီ ရာထောင်ချီတဲ့ ဓါတ်ပုံတွေကို တစ်စက္ကန့်ကို ပုံပေါင်း ၂၄ / ၂၅ / ၃၀ / ၆၀ စသဖြင့် ဆက်စပ်ပြီး ပြသလိုက်တဲ့ အခါ ဓါတ်ပုံတွေက လှုပ်ရှားလာသလိုထင်ရပြီး ဗီဒီယိုတစ်ခုလို ဖြစ်လာတာပါ။
ဒါဟာ ရုပ်ရှင်တွေရဲ့အခြေခံ နည်းပညာနဲ့တူပါတယ်။

ဒါဆို အဲ့လို ဓါတ်ပုံတွေ မြောက်မြားစွာ ရိုက်ပြီး ဗီဒီယို ပြုလုပ်မယ့်အစား တစ်ခါတည်း ဗီဒီယိုရိုက်ပြီး အမြန်ရစ်ပြလိုက်ရင်ရောလို့မေးစရာရှိပါတယ်။

ဒါလည်း ဖြစ်နိုင်ပါတယ် ဒါပေမယ့် ဗီဒီယိုတစ်ခုရဲ့ရုပ်ထွက် ကွာလတီနဲ့သူတို့ရဲ့ storage နေရာယူမှုတွေကြောင့် time-lapse လို နာရီ၊ ရက်တွေ၊ လတွေ၊ နှစ်တွေချီပြီး တစ်ဆက်တည်း ရိုက်ကူးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

time-lapse မှာ သစ်ပင်တစ်ခု အစေ့ကနေ ပေါက်ဖွားကြီးပြင်းလာတာ၊ ကြက်ဥကနေ အကောင်ပေါက်လာတာ၊ ပန်းသီးတစ်လုံး အကောင်းကနေ ပုတ်သိုးသွားတာ၊ ပင်လယ်ထဲမှာ လတွေချီ ခရီးသွားတာ၊ အဆောက်အဦတစ်ခု အုတ်မြစ်ကနေ လုံးဝပြီးစီးသွားတဲ့အထိ ပြောင်းလဲပုံအဆင့်ဆင့်၊ နေဝင် နေထွက်ချိန်တွေ၊ ကြယ်တွေ ရွှေ့လျားသွားလာတာ ... စသဖြင့် အများကြီး အများကြီးကို မိမိ ဖန်တီးနိုင်သလို စိတ်ကူးရှိသလို ရိုက်ကူးဖန်တီးလို့ရပါတယ်။ အဲ့လို အချိန်ကာလ အကြာကြီးရဲ့ပြောင်းလဲပုံကို လှလှပပ ပုံဖော်ပြသချင်ရင်တော့ time-lapse က အကောင်းဆုံးဖြစ်နေဦးမှာပါ။



*** Time-lapse ရိုက်ဖို့ အတွက် လိုအပ်တာတွေကတော့ 

1) မပါမဖြစ် ကင်မရာပေါ့ (DSLR/ Mirrorless/ compact camera/ smart phone အဆင်ပြေတာနဲ့ရိုက်နိုင်ပါတယ်။ DSLR နဲ့ Mirrorless ကတော့ ဦးစားပေးပါ။)

2) time-lapse ရိုက်ဖို့အတွက် field of view ကျယ်ကျယ်ရတဲ့ wide angle lens တွေလည်းလိုအပ်ပါတယ်။ ဒါပေမယ့် background တွေ foreground တွေက ရှုပ်ထွေးနေတယ် dead space တွေများနေတယ်ဆိုရင်တော့ zoom lens တွေကို အသုံးပြုပြီး subject တစ်ခုခုကို ဦးစားပေး ရိုက်ကူးသင့်ပါတယ်။

3) ထုံးစံအတိုင်း လိုအပ်မှာက tripod တောင့်တောင့်တစ်ခုပါ။ နာရီနဲ့ ချီပြီး တစ်ခါတစ်ရံလေတိုက်နေတဲ့ အခြေအနေတွေမှာလည်း အသုံးပြုရမှာမို့  အချိန်ပြည့် မလှုပ်မရှားပဲရိုက်ကူးနိုင်အောင် တောင့်တင်းခိုင်မာတဲ့ tripod ကောင်းကောင်းတစ်ခု လိုအပ်ပါတယ်။

4) Intervalometer ပါဝင်တဲ့ shutter remote cable တစ်ခု၊ battery အားကုန်သွားတဲ့ ပြဿနာကင်းအောင် wireless ထက် cable ကို ပိုဦးစားပေးပါတယ်။ (တစ်ချို့ကင်မရာတွေမှာလည်း  Intervalometer built in ပါပြီးသားဖြစ်တယ်ဆိုရင်လည်း  Intervalometer cable မယူခဲ့လည်း ရပါတယ်။) ကျွန်တော့ကင်မရာမှာတော့ interval timer shooting ပါဝင်တဲ့အတွက် အဲ့တာနဲ့ပဲရိုက်ကူး ပြသပါမယ်။

5) ပြီးရင် အားအပြည့်သွင်းထားတဲ့ battery နဲ့ storage များပြီး writer speed မြန်တဲ့ memory card လိုပါမယ်။ အဲ့တာက ရိုက်တဲ့အပိုင်းရောက်ရင် ကျွန်တော် ထပ်ရှင်းပြပေးပါမယ်။ တကယ်လို့  battery grip နဲ့ဆိုရင်လည်း အဆင်ပြေပါတယ်။

ခုကတော့ ဒါလောက်ပါပဲ။ တခြားတော့ ထူးထူးထွေထွေ မလိုပါဘူး ပုံမှန် ကိုယ်သုံးနေကျ ဟာတွေပဲပေါ့။
filter တွေနဲ့ရိုက်ချင်တယ်ဆိုရင်တော့ filter တွေ ယူခဲ့ပေါ့နော်။
------------------------------------------------

အိုကေ….! Time-lapse အတွက် gear တွေရပြီဆိုတော့ မရိုက်ခင် ကြိုသိထားသင့်တာတွေကိုအရင်ရှင်းပြပါမယ်။

1) ဘယ်လောက် မိမိနစ်ကြာကြာ time-lapse ဗီဒီယိုလိုချင်တာလဲ

2) မိမိဘယ်လောက် မိနစ်ကြာကြာ ရိုက်ချင်တာလဲ

3)ဘယ်လောက် မိနစ်ကြာကြာ မိမိရိုက်ကူးမယ့်နေရာက အချိန်ရမှာလဲ စတာတွေကို ကြိုတွေးထား သိထားဖို့လိုပါတယ်။

time-lapse မှာ အချိန်တွက်ရင် interval time က အရေးကြီးပါတယ်။ interval time ဆိုတာက လွယ်လွယ်ပြောရရင် ဓါတ်ပုံတစ်ပုံနဲ့တစ်ပုံကြား ဘယ်လောက် အချိန်ခြား ရိုက်ကူးမှာလဲပေါ့။

အဲ့တာ မပြောခင် frame per second (fps) အကြောင်းအရင်ပြောရအောင်ဗျာ။
fps က မိတ်ဆွေတို့အကုန်ကြားဖူးမှာပါ။ ကင်မရာ ဝယ်ရင် ဆိုင်မှာ ဒါ ဘယ်လောက် fps ရလဲ ဘာညာမေးဖူးမှာပါ။ တစ်စက္ကန့်အတွင်းမှာ အမြန်ဆုံး ဓါတ်ပုံဘယ်နှစ်ပုံရိုက်နိုင်လဲဆိုတာကိုပေါ့။ 5 fps, 10 fps, 12 fps စသဖြင့်သိပြီးကြမှာပါ။

time-lapse မှာကျတော့ fps က တစ်စက္ကန့်အတွင်းမှာ ဓါတ်ပုံဘယ်နှစ်ပုံပြမှာလဲကို ဆိုလိုပါတယ်။ cinematic film တွေမှာ 24 fps ကို standard အနေနဲ့ထားပါတယ်။ တစ်ချို့နိုင်ငံတွေကျ 30 fps က standard ပါ။ time-lapse ကိုတော့ အနည်းဆုံးတော့ 24 fps  လောက်တော့ ပြထားသင့်ပါတယ်။ fps များလေ ဗီဒီယိုက ကြည့်ရတာ ပိုအဆင်ပြေလေပါပဲ။  ဒါပေမယ့် fps များလေ မိတ်ဆွေရိုက်ကူးရမယ့် ဓါတ်ပုံအရေအတွက်လည်း များလာလေပါပဲ။ ဓါတ်ပုံပိုများလာရင် ရိုက်ကူးရမယ့် အချိန်ပိုများလာမယ်ပေါ့လေ။

1) ဥပမာ မိတ်ဆွေက 24 fps နဲ့ ၁၀ စက္ကန့်စာ time-lapse တစ်ခု ရိုက်ကူးမယ်ပဲထားပါတော့။ ဒါဆိုရင် 10 second x 24 fps = 240 photos ပါ။ ၁၀ စက္ကန့်စာအတွက် မိတ်ဆွေလိုအပ်မယ့် ဓါတ်ပုံက 240 ဆိုရင်ရပါပြီ။ တကယ်လို့    ၁၀ စက္ကန့်ကိုပဲ 60 fps နဲ့ထားချင်တယ်ဆို မိတ်ဆွေလိုအပ်မယ့် ဓါတ်ပုံက 600 ဖြစ်သွားပါမယ်။ ဒီသဘောပါ..။ အဲ့ဒီတော့ မိတ်ဆွေက အရင်ဆုံး အချိန်ဘယ်လောက်ကြာကြာရိုက်နိုင်မှာလဲ ဒါမှမဟုတ် အချိန်ဘယ်လောက်ကြာကြာ ဗီဒီယိုကို လိုချင်တာလည်းရယ် ဘယ်လောက် fps နဲ့ဗီဒီယို ပြုလုပ်မှာလဲကို အရင်စဉ်းစားထားရပါမယ်။

2) တစ်ခါတစ်လေ ကိုယ်က အချိန်တွေအရမ်းပိုနေတယ်။ အေးအေးဆေးဆေး ကော်ဖီသောက်ရင်း စာအုပ်လေးဖတ်ရင်း time-lapse ရိုက်ချင်တယ်ဆိုရင်တော့ လွယ်ပါတယ်။ ကိုယ်ကြိုက်တဲ့နေရာမှာ tripod ချ composition ယူပြီး exposure ချိန်ကြည့်ပါ။ စမ်းရိုက်ကြည့်ပါ။ စိတ်တိုင်းကျပြီဆိုရင် interval time ကို အောက်မှာ ရေးပေးထားတဲ့အချိန်တွေထဲက သင့်တော်တာတစ်ခုခုကို ယူသုံးပြီး photo count ကို infinity မှာထား၍ camera battery မကုန်မချင်း၊ memory card မပြည့်မချင်း၊ ဒါမှမဟုတ် မိမိဖတ်နေတဲ့ စာအုပ်မပြီးမချင်း :P  ရိုက်ပေးနေပြီး၊ ပြီးသွားမှ ရလာသမျှဓါတ်ပုံတွေကို ကွန်ပျူတာထဲထည့် edit လုပ်ပြီး မိမိထားချင်တဲ့ fps နဲ့ time-lapse video လုပ်လိုက်ရင် သူရချင်တဲ့ ကြာချိန်ရလာမှာပါ။

3) တကယ်လို့မိမိရိုက်ကူုးမယ့်နေရာက ၁၅ မိနစ်ပဲအချိန်ရမယ်ဆိုရင် ဒါကတော့ အတွက်အချက်တွေ လိုလာပါပြီ။
၁၅ မိနစ်စာ ရိုက်ကူးခွင့်ရမယ့် အချိန်အတွက် 24 fps နဲ့ပြုလုပ်ချင်တာဆိုရင်၊ ပြီးတော့ interval time ကလည်း 3 seconds နဲ့ရိုက်ရမယ်ဆိုရင်….
**  15 minutes x 60 seconds = 900 seconds
**  900 seconds ÷ 3 seconds interval = 300 photos
**  300 photos ÷ 24 fps = 12.5 seconds video ကြာချိန်ရလာပါမယ်။

တကယ်က ဘာလို့လိုက်တွက်ပြနေတာလဲ မသိဘူးနော်။ ၁၅ မိနစ်စာ အချိန်ကြည့်ရိုက်။ ရချင်သလောက်ပုံရလာမယ်။ ရလာသလောက်ပုံကို လုပ်ချင်တဲ့ fps နဲ့လုပ်လိုက်၊ ရချင်တဲ့ ဗီဒီယိုကြာချိန်ရလာမှာပဲကို …. :P

*** အခြေအနေအလိုက် ခြုံငုံပြီး Interval time ကို ထားသင့်တဲ့ အချိန်များ (tips ပါ အတိအကျမဟုတ်ပါ)

• လမ်းမပေါ်မှာ လူတွေ ပုံမှန်တိုင်း လမ်းလျှောက်နေကြတာဆို ၂ စက္ကန့်ခန့်
• တိမ်တွေ အရမ်းမြန်မြန်သွားနေတယ်ဆို  ၃ စက္ကန့်ခန့်
• တိမ်တွေ သိပ်လည်းမနှေး၊ သိပ်လည်းမမြန်တဲ့ အခြေအနေမှာဆို ၅ စက္ကန့်ခန့်
• တိမ်တွေ ခပ်ဖြည်းဖြည်းသွားနေတဲ့အခြေအနေမှာဆို  ၁၀ စက္က္ကန့်ခန့်
• နေသွားရာ လမ်းကြောင်းကို ရိုက်ချင်တာဆို  ၃၀ ~ ၆၀ စက္ကန့်ခန့်
• ညမှာ ကြယ်တွေ လာတွေ သွားရာ လမ်းကြောင်းကို ရိုက်ချင်တာဆို ၂၀ ~ ၄၅ စက္ကန့်ခန့်
စသဖြင့် အဆင်ပြေသလို ထားပြီးရိုက်ကူးနိုင်ပါတယ်။

*** Time-lapse စတင်ရိုက်ကူးရန်





1) Composition ရှာပြီး အစမ်းရိုက်ကြည့်ပါ။

ထုံးစံအတိုင်း tripod ထောက်၊ ကင်မရာတင်ပြီး စိတ်ကြိုက် composition ရှာပါ။ compositon ရပြီဆိုရင် အစမ်း ၁ ပုံ၊ ၂ ပုံအရင်ရိုက်ကြည့်ပါ။ မလိုတာတွေ ပါနေမလား၊ ကိုယ်လိုချင်တဲ့ field of view ရမရ၊ ပြီးရင် အလင်းအမှောင်ကိုလည်း Histogram မှာ စစ်ကြည့်ပါ။ time-lapse စရိုက်ပြီဆိုရင် ပထမဆုံး ပုံအတိုင်း အကုန်က ထပ်တူထွက်လာမှာမို့ နောက်မှ စိတ်တိုင်းမကျ ဖြစ်ခဲ့ရင် ပေးလိုက်ရတဲ့ အချိန်တွေ shutter count တွေ နှမြောဖို့ကောင်းပါတယ်။ အကြမ်းအားဖြင့် depth of field များများရအောင် Aperture ကို f8 to f16 လောက်နဲ့ ရိုက်သင့်ပါတယ်။ ညဘက်ဆိုရင်တော့ အသုံးပြုထားတဲ့ lens ပေါ်မူတည်ပြီး f2.8 to f4 ~ f8  လောက်ပေါ့။ ပြီးတော့ time-lapse လုပ်တဲ့အခါ ပုံတွေမှာ motion ပို smooth ဖြစ်အောင် shutter speed ကို 1/30th ~ 1/60thဝန်းကျင်လောက်သာ ထားသင့်ပါတယ်။ ဒါက tips ပေးတဲ့သဘောပါ။ မိမိဘာသာ အဆင်ပြေသလို ရိုက်ကူးနိုင်ပါတယ်။

2) Manual Mode (M) or Aperture Priority (A / AV) နဲ့ရိုက်ပါ။

Time-Lapse ကိုလည်း Manual Mode နဲ့ သာဦးစားပေးရိုက်ကူးသင့်ပါတယ်။ ဘာလို့ M နဲ့ရိုက်လည်းဆိုတာ အများကြီးလည်း ရေးပေးဖူးပြီးသားဆိုတော့ အကျယ်ချဲ့မရှင်းပြတော့ပါဘူး။ ပုံတိုင်းမှာ တူညီတဲ့ exposure နဲု့ဆို post-production လုပ်တဲ့အပိုင်းမှာ အဆင်ပြေသလို ကြည့်ရတာလည်း ပိုချောမွေ့စေမှာပါ။ သို့ပေမယ့် ထည့်သွင်းစဉ်းစားစရာရှိပါသေးတယ်။ Manual နဲ့ က အလင်းအမှောင် ငြိမ်နေတဲ့ မှန်နေတဲ့ နေ့လည်ခင်းလို အခြေအနေမျိုးတွေနဲ့ဆို သင့်တော်ပါတယ်။ သို့ပေမယ့် နေဝင်ချိန် နေထွက်ချိန်လို၊ day to night / night to day လို
 အလင်းအမှောင် သိသိသာသာ ပြောင်းလဲသွားတာမျိုး တွေမှာဆိုရင်တော့ beginner တွေအနေနဲ့  Aperture Priority mode နဲ့ရိုက်ကူးတာ ပိုအဆင်ပြေမှာပါ။ သူက Aperture, ISO ကို အသေထိန်းထားပေးပြီး shutter speed ကို အတင်အချလုပ်ပေးမှာမို့  ပုံတိုင်း exposure မှန်နေစေဖို့  အထောက်အကူပြုပါလိမ့်မယ်။ ကျွမ်းကျင် နားလည်သွားပြီဆိုရင်တော့ Manual mode နဲ့ပဲကိုယ်တိုင် ပြင်ပ အခြေအနေကို ကြည့်ပြီး exposure ကိုယ်တိုင်ထိန်းကာ ရိုက်ကူးလို့ရပါတယ်။
Shutter Priority နဲ့တော့ မရိုက်သင့်ပါဘူး။ သူက shutter အသေထားရင် exposure မှန်ဖို့ aperture ကို အကျဉ်းအကျယ် လိုက်လုပ်နေမှာဆိုတော့ depth of field တွေလွဲပြီး timelapse video ထဲမှာ တလွဲပုံတွေ ဖြစ်နေပါလိမ့်မယ်။

3) White Balance ကို Auto မထားပဲ တစ်ခုခု သတ်မှတ်ပေးထားပါ။

ကျွန်တော် ပုံမှန်အားဖြင့် White Balance ကို  Auto နဲ့ထားရိုက်ဖို့ပြောလေ့ရှိပေမယ့် ဒီနေရာမှာတော့ white balance ကို daylight လို cloudy လို ပြင်ပအခြေအနေနဲ့သက်ဆိုင်တဲ့ mode တစ်ခုခုမှာထားသင့်ပါတယ်။ w-b ကို auto ထားခဲ့မယ်ဆိုရင် သူက ပြင်ပ အလင်းရောင်ကို တွက်ချက်ပြီး လိုက်ပြောင်းပေးနေမှာမို့ ပုံတွေမှာ မတူညီတဲ့ w-b တွေနဲ့ဆို edit ပြန်လုပ်တဲ့အချိန် အလုပ်ပိုသလို jpeg နဲ့ရိုက်လေ့ရှိသူဆိုရင်တော့ သွားပြီပေါ့လေ။

4) Raw or Jpeg ?

မိမိက အလွယ်တကူ လေ့ကျင့် လေ့လာ၊ စမ်းသပ်တဲ့ သဘောမျိုးရိုက်ကူးချင်တာ၊ edit လည်း သိပ်မလုပ်ချင်တာ၊ ဒါမှမဟုတ် memory card storage နည်းနေတာဆိုရင်တော့ jpeg နဲ့သာ ရိုက်ကူးပြီး၊ တခြားအခြေအနေတွေဆိုရင်တော့ Raw နဲ့ပဲ ရိုက်ကူးသင့်ပါတယ်။ ဘာလို့လဲ ထပ်မရှင်းတော့ပါ။

5) Auto Focus နဲ့  Stabilizer (VR, IS) ကို off ပေးထားပါ။

Composition ရပြီး စိတ်တိုင်းကျပြီဆိုရင် auto focus ကို manual ပြောင်းထားပါ။ ဒါက ရိုက်ကူးနေရင်း focus out သွားမယ့် အခြေအနေကို ကာကွယ်ဖို့ပါ။ ပြီးရင် lens stabilizer ကိုလည်း off ပေးထားပါ။ tripod ပေါ်တင်ထားပြီးသားမို့ stabilization လိုက်လုပ်ပေးဖို့မလိုတော့သလို။ တခါတစ်ရံ stabilizer ကိုယ်တိုင်က လှုပ်ရှားမှုကို ဖြစ်စေတတ်တာမို့ပါ။

6) Battery နဲ့ memory card

ရိုက်ကူးနေရင် ပုံတွေ အကုန်မရသေးခင် battery အားကုန်သွားတာ မဖြစ်အောင် အားအပြည့်သွင်းထားတဲ့ battery နဲ့ရိုက်ပါ။ Grip တပ်ထားရင်လည်း battery ၂ လုံးစာဆိုတော့ ပိုအဆင်ပြေပါတယ်။ နောက်တစ်ခုက ရိုက်ကူးနေရင်း memory ကဒ်ပြည့်သွားတာ မဖြစ်အောင် ကဒ်အလွတ်တစ်ခု ထည့်ရိုက်ပါ။ format ပါ ချထားလိုက်ရင် ပိုကောင်းပါတယ်။
Battery မလိုအပ်ပဲ မကုန်အောင် ချွေတာဖို့အတွက် image review ဖွင့်ထားရင် off ထားပါ။ တစ်ချို့ကင်မရာတွေမှာ auto power off function ပါတာမျိုးရှိခဲ့ရင် disable လုပ်ပေးထားဖို့လည်းလိုပါတယ်။ တစ်ခါတစ်ရံ landscape photographer တွေဖွင့်ထားတတ်တဲ့ Long exposure Noise reduction  (LR Noise Reduce) ဖွင့်ထားခဲ့ရင် Off ပေးထားပါ။
(ပုံတွေမှာ ကြည့်နိုင်ပါတယ်)

7) time-lapse ရိုက်ဖို့ရာအတွက် shooting menu ထဲက interval timer shooting ကိုသွားပြီး interval time နဲ့ number of count ကို set လုပ်ပါ။ ကျွန်တော့် Nikon ထဲမှာကပါပြီးသားမို့  intervalometer cable မသုံးတာပါ။ ဝယ်ထားပြီးသားလည်း မရှိတော့ ကျွန်တော် cable မှာ set လုပ်တာကိုတော့ မပြတော့ပါဘူး သဘောတရားက အတူတူပါပဲ။

ဒါဆိုရင်တော့  လိုအပ်တဲ့ setting အကုန် ချိန်ပြီးသွားပြီမို့ shutter ကို နှိပ်ကာ time-lapse စတင်ရိုက်ကူးနိုင်ပါပြီ။



***************************************************
*** Making video for time-lapse
ဓါတ်ပုံရိုက်တာ ပြီးသွားပြီဆိုတော့ ယခု Post-production (Editing) အပိုင်းကို ဆက်ရေးပေးပါမယ်။ ဒါကျ လက်တွေ့ပြမှရမှာမို့ ကျွန်တော် နမူနာပုံတွေလည်း ထည့်ပေးထားပါတယ်။ ပုံတွေမှာလည်း အညွှန်းရေးပေးထားပါတယ်။ နောက်ပိုင်းကျ LR editing tutorial တွေကို ဗီဒီယိုနဲ့လုပ်ပေးမှာမို့ခဏ စောင့်ပေးပါဦးလို့တောင်းပန်ပါတယ်။ (ခဏခဏ မေးထားပေးမယ့် မလုပ်နိုင်သေးလို့ပါ၊ မခက်ခဲပေမယ့် ကျွန်တော် အချိန်ပေးလို့မရသေးလို့ပါ) :’(

ပြီးတော့ ယခုပုံတွေက ဒီ tutorial ပြဖို့အတွက် ၁၀ စက္ကန့်စာ အကြမ်းရိုက်လာတာပါ။ HD က storage နည်းနေလို့ယခင် time-lapse တွေက လုပ်ပြီးတာနဲ့ Raw တွေ ဖျက်ဖျက်ပစ်ရလို့ မရှိတော့လို့ပါ။ အဲ့တော့ ယခု tutorial time-lapse video ကိုတော့ မပြတော့ပါဘူး။ နောက်တစ်ပိုစ့်မှ youtube ပေါ်က နမူနာ time-lapse တွေ လေ့လာဖို့တင်ပေးထားပါမယ်။

* Edit in Lightroom


1) ရလာတဲ့ ဓါတ်ပုံတွေကို folder အသစ်တစ်ခု ဆောက်ပြီး ကွန်ပျူတာထဲထည့်ထားပါ။ ပြီးရင် LR ထဲ  import လုပ်လိုက်ပါ။ ပုံတွေရာထောင်ချီပေမယ့် ကိစ္စမရှိပါဘူး… ကျွန်တော်တို့တစ်ပုံကိုပဲEdit လုပ်ရင်ရပါတယ်။ ကျန်တာတွေကို အကုန် Sync လုပ်လိုက်မှာပါ။ ပထမဆုံးပုံ (သို့) အလင်းအမှောင် စိတ်တိုင်းကျတဲ့ပုံကို ရွေးပြီး မိမိ စိတ်တိုင်းကျ ပြင်ဆင် edit ပါ။ ပြင်ဆင်ပြီးပြီဆိုရင် ပုံတွေအကုန် Select All (Ctrl + A / Command + A) မှတ်ပြီး ဓါတ်ပုံ ညာဘက် အောက်နားလေးက  auto sync ကို နှိပ်လိုက်ပါ။ အဲ့မှာ check လုပ်စရာ တစ်ခုပေါ်လာပါမယ်။ OK ပေးပါ။
2) ပြီးရင် file menu ထဲက export လုပ်ပြီး JPEG file တွေကို folder တစ်ခုထဲ save ပေးလိုက်ပါ။
3) ဒါဆို LR နဲ့လုပ်စရာ ပြီးပါပြီ။  export လုပ်ချိန်ကိုတော့ ပုံအရေအတွက်ပေါ်မူတည်ပြီး အတော်ကြာစောင့်ရပါတယ်။ အညောင်းအညာ ဖြေချိန်ရတာပေါ့။

* Making video by Photoshop


ဒီအဆင့်မှာ တကယ်တမ်းတော့ Video ပြုလုပ်နည်း မြောက်များစွာရှိပါတယ်။ ပေါ့ပေါ့ပါးပါး ဆော့ဝဲတွေကနေ Adobe Premiere Pro, Adobe After Effect, Final Cut Pro  စသဖြင့် နည်းများစွာရှိပေမယ့် ကျွန်တော်ကတော့ လူတို်င်းမှာ အလွယ်တကူရှိပြီး  သုံးလည်းသုံးတတ်ကြတဲ့ Photoshop နဲ့ပဲပြုလုပ်ပြပါ့မယ်။ ကျွန်တော့်မှာတော့ Photoshop CC ပဲရှိတာမို့ ယခင် CS5, CS6 တွေမှာ လုပ်ပုံလုပ်နည်း နည်းနည်းကွဲပြားကောင်း ကွဲပြားမှာမို့ သည်းခံပေးပါ။ လိုက်စမ်းလုပ်ကြည့်ရင်း လုပ်တတ်သွားမှာပါ။

1) PS မှာ file menu ထဲက Open ကိုနှိပ်ပြီး ခုန ဓါတ်ပုံတွေ save ထားတဲ့ folder ကိုသွားပါ။ ပထမဆုံးပုံကို select လုပ်ပြီး ဘယ်ဘက်ထောင့်က Option ကိုနှိပ်ကာ Image Sequence ကိုအမှန်ခြစ်ထည့်ပေးပါ။ Format မှာ JPEG က ရွေးပြီးသားဆိုတော့ မလိုတော့ပါဘူး။
2) Frame Rate ရွေးခိုင်းတဲ့နေရာမှာ ကိုယ်ထားချင်တဲ့ Frame Rate ရွေးပေးပါ။ ပြီးရင် OK ..
3) Window menu ထဲက Timeline ကို ဖွင့်ပေးပါ။ (မဖွင့်ရသေးရင်)
4) ဒါဆိုရင် အောက်က timeline မှာ ဗီဒီယို ပေါ်နေပါပြီ။ မိနစ်ဘယ်လောက်စာ၊ စက္ကန့်ဘယ်လောက်စာလဲဆိုတာလည်း ကြည့်လို့ရပါတယ်။
5) ခုက background audio ထည့်တဲ့အပိုင်းပါ။ ဒီတိုင်း time-lapse video ကြီးထက်စာရင် background audio လေးနဲ့ဆို ပိုပြီး ကြည့်ပျော်ရှုပျော်ရှိသွားတာပေါ့။ time-lapse video မှာ ရှိတဲ့အချိန်အတိုင်း ထည့်ချင်တဲ့ audio file ကို အတိအကျ အရင် ဖြတ်ထုတ်ထားတာ ပိုကောင်းပါတယ်။ PS ထဲမှာ ချိန်ညှိရ ပိုလွယ်သွားအောင်ပါ။ ခုက ၁၀ စက္ကန့်စာတွေလို့ပဲသဘောထားပါမယ်။
6) Audio Track ဘေးနားက ဂီတ သင်္ကေတပုံလေးကို နှိပ်လိုက်ပြီး Add Audio ကို နှိပ်ပါ။ မိမိထားချင်တဲ့ အသံဖိုင်ကိုရွေးပြီး import လုပ်ပါ။ ဒါဆိုရင် video နဲ့ audio အပေါ်အောက် ပူးတွဲပြနေပါလိမ့်မယ်။
7) Play သင်္ကေတလေးကို နှိပ်ပြီး ရုပ်နဲ့အသံ ကိုက်ညီအောင် စိတ်တိုင်းကျ ချိန်ညှိပါ။
8) အိုကေပြီဆိုရင် File menu ထဲက export ကိုသွားပြီး Render Video ကိုရွေးပေးပါ။
9) ကျလာတဲ့ box ထဲမှာ မိမိပြင်ချင်တာရှိ ပြင်ဆင်ပြီး (ဘာမှမပြင်လည်းရပါတယ်) Render လုပ်ပေးလိုက်ပါ။ ဒါဆိုရင် ကိုယ်လိုချင်နေတဲ့ Time-Lapse video တစ်ခု ရလာပါပြီ။ render time ကတော့ video ရဲ့ ကြာချိန်နဲ့ ကွန်ပျူတာရဲ့  performance  ပေါ်မူတည်ပြီး အချိန်အနည်းငယ်ပေးရပါလိမ့်မယ်။ အေးဆေးကော်ဖီသောက်ပြီး နှပ်နေနိုင်ပါပြီ။
10) ဒါဆိုရင်တော့ time-lapse video တစ်ခု အစကနေ အဆုံး ကိုယ်တိုင် ဖန်တီးလို့ရသွားပါပြီ။

***** တခြားဖြည့်စွက်ချက်များ

Tripod ပေါ်တင်ပြီး အသေထားရိုက်ကူးရတဲ့ static time-lapse တွေအပြင် timer နဲ့ရှေ့တိုးနောက်ဆုတ်၊ ဘေးဘယ်ညာ ရွှေ့လျားပြီးရိုက်ကူးလို့ရတဲ့ motion gear တွေနဲ့လည်း time-lapse ကို ရိုက်ကူးလို့ရပါတယ်။ အဲ့လို gear တွေရဲ့အကူအညီနဲ့ဆိုရင် ရုပ်ပုံတွေက ပိုပြီး သက်ဝင်လှုပ်ရှားကြည့်လို့ကောင်းနေမှာပါ။ ဒါပေမယ့် ပိုက်ဆံပိုကုန်ပါတယ်၊ ဝယ်ရတဲ့အတွက် :P ကျွန်တော့်မှာလည်း အဲ့ gear တွေမရှိသေး၊  မဝယ်နိုင်သေးတော့ ဒီအပိုင်းကိုတော့ လက်တွေ့မရိုက်ကြည့်ရသေးလို့ချန်ထားခဲ့ပါ့မယ်။ အဲ့လို ရိုက်လို့ရတယ်လို့ပဲ information ပေးတာပါ။

တခြားတစ်ခုက Time-lapse တို့ Star-trials တို့ဆိုတာ shutter ကို ကြိမ်ဖန်များစွာ အသုံးပြုရလို့ shutter count တက်စေ (ထိစေ) နိုင်ပါတယ်။ ဒါကိုလည်း သိထားရမှာပါ။ အဲ့တာမို့တစ်ချို့  ဓါတ်ပုံဆရာတွေဟာ T-L ကို သူတို့ရဲ့ လေ့လာခါစ ကင်မရာအဟောင်းလေးတွေနဲ့ရိုက်ပြီး အဓိက ကင်မရာကိုတော့ ရိုးရိုး shooting တွေမှာသာ ရိုက်လေ့ရှိပါတယ်။ တကယ်လို့ ကိုယ် camera upgrade လုပ်ဖြစ်ရင်လည်း မိမိကင်မရာအဟောင်းလေးတွေ မရောင်းရက်ရင် အဲ့လို သုံးလို့ရပါတယ်လို့… အကြံပြုရင်း ယခု Post ကို ဒီမှာပဲ နိဂုံးချုပ်အပ်ပါတယ်။
သူငယ်ချင်းများအားလုံး ဓါတ်ပုံလှလှလေးများ ရိုက်နိုင်ကြပါစေ။

သိလိုတာရှိ၊ မရှင်းတာရှိရင် comment မှာဖြစ်ဖြစ် chat box မှာဖြစ်ဖြစ်မေးထားခဲ့ရင် ကျွန်တော် လိုင်းသုံးဖြစ်တဲ့အခါ ပြန်ဖြေပေးထားမှာပါ။
ပြီးတော့ ယခု post က ပုံတွေကိုလည်း ကြည့်ပေးပါ။ ကျွန်တော်ရေးထားတာတွေကို ပုံတွေမှာ ပြန်ရှင်းပြထားပါတယ်။


#Time_lapse_Photography
#Photography
#Knowledge_Sharing
#ဓါတ်ပုံပညာ
#Admin

No comments: