Thursday, September 27, 2018

ကောင်းမွန်တဲ့ ရုံးပိတ်ရက်ကို ဖြတ်သန်းကြစို့



(Successful Weekend Habits You Should Try)

ကိုယ့်အနေနဲ့  အိမ်အနှံ့ သန့်ရှင်းရေး၊ ပုံထားတဲ့ အ၀တ်ဟောင်းတွေလျှော် မီးပူတိုက် ဒါမှမဟုတ်​ ရက်သတ္တပါတ် တပတ်လုံး လက်စမသပ်ရသေးတဲ့ ကိစ္စမျိုးစုံအတွက် ပြုလုပ် ပြင်ဆင်နေရတာကြောင့် အရာရာမှာ အောင်မြင်နေသူတွေကော ရုံးပိတ်ရက်ကို ဘယ်လိုဖြတ်သန်းကြပါလိမ့်လို သိချင်မိပါတယ်။ သူတို့တွေကို ကြည့်လိုက်ရင် ရုံးပိတ်ရက်ဆိုလည်း အခြားသူများကို အကူအညီပေး၊ လူမှုရေးကိစ္စ သို့မဟုတ် ပရဟိတအလုပ်တွေနဲ့ မလစ်ဟင်းရသလို ရက်ရှည်အလုပ်လုပ်ထားတဲ့ သူတို့ဦးဏှောက်တွေ ပြန်လည်အားပြည့်ဖို့လည်း တတ်စွမ်းနိုင်ကြတယ်။

ဒီတော့ ကိုယ်တွေလည်း ရက်သတ္တပါတ် အဆုံးသတ် ရုံးပိတ်ရက်မှာ အကြိုးရှိရှိ အောင်အောင်မြင်မြင် အချိန်ကုန်သွားအောင် စိတ်ကူးအချို့ကို အကောင်အထည်ဖော်ကြည့်ဖို့စလိုက်ကြစို့။

ရုံးပိတ်ရက်အတွက် အစီအစဉ် (Plan your weekend)

အောင်မြင်သူ တစ်ဦးတစ်ယောက်ခြင်းဟာ အစီအစဉ်​လုပ်ထားတဲ့အတိုင်း သူတို့တွေရဲ့ ရုံးပိတ်ရက်ကို ပျော်စရာ လှုပ်ရှားမှုများနဲ့သာ ဖြတ်​သန်း ပြီးဆုံးလိုကြပါတယ်။ မြို့တွင်း အမှတ်တရ ပြတိုက်တစ်ခုကို သွားရောက်လေ့လာခြင်း၊ စကားပြောပွဲ ဟောပြောပွဲတစ်ခုကို တက်ရောက်ခြင်း သို့မဟုတ် မိသားစုနဲ့အတူ ပန်းခြံတစ်ခုသွားပြီး ပျော်ပျော်ပါးပါး ပျော်ပွဲစားထွက်ခြင်းတို့ကဲ့သို့ပေါ့။ အလုပ်ကိစ္စတွေမပါတော့ စိတ်လည်းကြည်၊ ခေါင်းလည်းရှင်းတာပေါ့ဗျာ။

အပျင်းမထူသင့် (Cross-train)

နယ်ပယ်တစ်ခုမှာ အောင်မြင်နေသူအများစုက တနင်္လာနေ့မတိုင်ခင် သူတို့ကိုယ်သူတို့ ကောင်းကောင်းအနားယူ၊ အားပြန်ဖြည့်ဖို့ လိုအပ်တယ်ဆိုတာ သိသလို အလုပ်ခွင်ပြန်အရောက် အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့လိုတာ သိကြပါတယ်။ မကြာခဏဆိုသလို သူတို့​တွေက ရတဲ့အချိန်မှာ မိသားစုနဲ့အတူ အိမ်နောက်ဖေးကွက်လပ်၊ ပန်းခြံမှာ သို့မဟုတ် အပန်းဖြေကစားကွင်းတစ်ခုထဲမှာ ကိုယ်လက်လှုပ်ရှား ကစားတာပဲဖြစ်ဖြစ် သင်ကြားမှု သင်ယူမှု လုပ်ကြတာပဲဖြစ်ဖြစ် ပြုလုပ်ပါသေးတယ်။ သူတို့ခန္ဓာကိုယ်ကို ပျင်းရိ ပျင်းတွဲ မဖြစ်အောင် ပြုလုပ်ရာရောက်သလို မိသားစုအလိုက် အချိန်ကုန်ဆုံးစေရာလည်း ရောက်တာကိုးနော်။


ဝေးဝေးနေ (Unplug)

နောက် ရုံးပိတ်ရက်အလေ့အကျင့် တစ်ခုအနေနဲ့ မိမိ နေ့စဉ် ထိတွေ့နေကြ နည်းပညာသစ် ပစ္စည်းအစုံကနေ ခပ်ခွာခွာနေဖို့ လက်တွေ့ကြံဆောင်ကြည့်သင့်ပါတယ်။ ကိုယ်တွေက မကြာခဏဆိုသလို စမတ်ဖုန်းမျက်နှာပြင်ကို ခဏခဏပွတ်ကြသလို၊ နေ့စဉ်နဲ့အမျှ ကွန်​ပျူတာ အသုံးပြု အလုပ်လုပ်ပြီး ဖြတ်​သန်းကြရတာ မဟုတ်လား။

 ကိရိယာ တန်​ဆာပလာတွေကို ပိတ်သိမ်းပြီး ကိုယ့်​ကိုယ်​ကိုယ် အသက်ရှူ ခွင့် အချိန် ဘာကြောင့်မပေးနိုင်ရမှာလဲ။

 ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ အထိအတွေ့အဆက်အဆံလုပ်တော့ နွေးထွေးတဲ့ ပျော်ရွှင်ဖွယ် ပတ်​၀န်းကျင်​မှာ စတင်ပျော်ရွှင်ရင်း ရုံးပိတ်ရက် အလွန် အားပြန်ပြည့်နေဖို့ အကူအညီဖြစ်ပါလိမ့်မယ်။

အားတဖန်ဖြည့်ဖို့ (Learn to recharge)

အောင်မြင်သူတွေ ရုံးပိတ်ရက်မှာ အခြားဘာလုပ်ကြသေးလဲ။ သူတို့က စာအုပ်တွေကိုဖတ်ပြီး အနားယူ အားပြန်ဖြည့်ကြတာလေ။ စာကောင်းပေမွန်တွေဖတ်ပြီး ရုံးပိတ်ရက်မှာ အနားယူတယ်၊ အားပြန်ဖြည့်တယ်ဆိုတာက လူတွေရဲ့ စရိုက်လက္ခဏာအသစ်တွေသိရသလို မိမိမသိသေးတဲ့ ကမ္ဘာသစ်တွေကို ဖွေရှာကြည့်နိုင်တော့ ​ပျော်​စရာ နည်းလမ်းလေးတစ်ခုဖြစ်တယ်လို့လည်းပြောလို့ရတယ်။ စာတွေဖတ်ရင်း စာအုပ်တွေကြား ဈာန်ဝင်နေတဲ့ ကိုယ့်​ကိုယ်​ကိုယ် ပြန်လည် ရှာဖွေတွေ့မိနိုင်သလို အချိန်တွေ ဘယ်လောက်ကုန်လို့ ကုန်သွားမှန်းတောင် မသိဖြစ်ရမှာပါ။


မိသားစုကို အချိန်ပေး (Make time for the family)

တနင်္လာနေ့ကနေ သောကြာနေ့အထိ မိမိအချိန်တွေ အလုပ်မှာကုန်ဆုံးခဲ့ပြီဆိုတော့ ရက်သတ္တပါတ် အဆုံးသတ် ရုံးပိတ်ရက်ကို  မိသားစုနဲ့ သူငယ်ချင်း မိတ်ဆွေများအတွက် ပေးလိုက်ပါ။ လမ်းလျှောက်ထွက်ကြတာ၊ ရုပ်ရှင်တစ်ကားလောက်သွားကြည့်တာ၊ မုန့်သွားစားကြတာ စသဖြင့် မိသားစုတွေ ရင်းနှီး စည်းလုံး​ရေး အကူအညီရတဲ့ အပြုအမူတစ်ခုခုကို ပြု လုပ်ပါ။ ရုံးပိတ်ရက်က သူတို့​တွေအတွက် ပေးအပ်ထားသင့်ပြီး မိမိအတွက် မဟုတ်ရပါဘူး။

ဝါသနာကို အလိုလိုက် (Pursue your passion)

အောင်မြင်နေသူတွေရဲ့ အခြားရုံးပိတ်ရက်အလေ့အထကတော့ သူတို့​တွေ စွဲလမ်းတဲ့ ၀ါသနာကြီးတဲ့ ကိစ္စကို ရုံးပိတ်ရက်မှာ ပြုလုပ်ကြပါတယ်။ ပန်းချီကား တစ်ချပ် ရေးဆွဲတာ၊ ကဗျာတစ်ပုဒ် ရေးစပ်တာ၊ သို့မဟုတ် ဥယျာဉ်စိုက်ပျိုးရေး လုပ်တာ ဘာပဲဖြစ်​ဖြစ်​ ပျော်ရွှင်မှုနဲ့ အပန်းပြေမှု ခံစားရတာကို လုပ်ကောင်းပါတယ်။ ကိုယ့်အားလပ်ချိန်မှာ ပြုလုပ်သင့်တဲ့ တစ်​စုံတစ်​ခုလည်း ဖြစ်သင့်တာပေါ့။

အချုပ်အနေနဲ့ပြောရရင် အောင်မြင်သူ ၊အောင်မြင်နေသူ၊ အောင်မြင်ပြီးသူတွေက ကြိုတင် အစီအစဉ်​ချတယ်၊ ၀ါသနာကိုလည်း မလစ်ဟင်းစေသလို၊ မိသားစုကိုလည်း အချိန်ပေးရင်း၊ မပျင်းရိစွာ အားပြန်ဖြည့်ကြပါတယ်။ အလုပ်ချိန်မှာ အလုပ်သေချာလုပ်ပြီး အလုပ်ချိန်ပြင်ပမှာ သေချာ အနားယူ အားပြန်ဖြည့်ဖို့ လုပ်ကြတာပေါ့ မဟုတ်​ဘူးလား။

Alex Aung (24 Sep 2018)

Ref: Successful Weekend Habits You Should Try By Josephine Mills 

No comments: