+++++++++++++++++++++++
ဗုဒ္ဓဘာသာဝင်များ ဆောင်ရွက် လေ့ရှိကြတဲ့ ကုသိုလ်ပွဲတချို့မှာ လွဲချော်နေတဲ့ အသိကလေးများ ရှိနေတာကို သတိထားမိတယ်။ ဥပမာ -အနေကဇာတင်ရာမှာ ထီး၊ တံခွန်၊ ကုက္ကား၊ မလေးပွား၊ ဂြိုဟ် ရွက် စတာတွေ လိုçမလို။ နောက် အနေကဇာတင်တာ နေ့လယ်တွင် မတင်ကောင်း ဆိုတာမျိုးလိုပေါ့။
အနေကဇာတင်ကြွရန် ပင့်သူတိုင်း နောက်ဆက်တွဲက ‘ဘာတွေ လုပ်ထားရမှာလဲ ဘုရား’ လို့ မေးလျှောက်လေ့ရှိကြတယ်။
‘ဘာမှမလိုပါဘူး၊ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ရုပ်ပွားတော်ကို ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီး၊သစ်သီး ကပ်ထားရင် ရပါတယ်’ လို့ ပြောလိုက်ရင်ပဲ ‘မဟုတ်ဘူးလေ ဘုရာ့၊ ထီး၊ တံခွန်၊ ကုက္ကား၊ မလေးပွား၊ ဂြိုဟ် ရွက် စတာတွေ ဝယ်ထားဖို့လိုတယ် မဟုတ်လား ဘုရား’ တဲ့။ အထွန့် တက်လေ့ ရှိကြတာကို အမြဲကြုံရ တတ်တယ်။ မလိုပါဘူးပြောတာကိုပဲ သူတို့က မယုံကြဘူး။အိမ်ရောက် ရင် အဲဒါတွေမဝယ်ဖို့ ပြောထားပေမဲ့ ဝယ်ထားသူတွေက များလှ တယ်။
ရဟန်းတော်များကလည်း ဒီကိစ္စ အလေးထားပြီး မပြောကြ၊ ရှင်းပြမပေးကြတော့ အဲဒီထီး၊တံခွန်၊ ကုက္ကား၊မလေးပွား၊ဂြိုဟ်ရွက် စတာတွေက အနေကဇာတင်ရာမှာ မပါမပြီး အဓိကနေရာကို ယူလာတာ ကာလကြာပေါ့။ အဲဒါတွေ မပါရင်ဘဲ အနေကဇာတင်ကိစ္စ မဖြစ်တော့သလိုမျိုးတွေ ဖြစ်လာကြတယ်။
မြို့ကြီး ပြကြီးတွေမှာ ဘုရား စောင်းတန်းသွားပြီး ထီး၊ တံခွန်၊ ကုက္ကား၊မလေးပွား၊ ဂြိုဟ်ရွက် စတာတွေကိုဝယ်ရတာ မခက်လှပေမဲ့ မြို့ ငယ်နဲ့ရွာတွေမှာတော့ အဲဒါတွေက ရှိခဲလှသမို့ အတော်ကြောင့်ကျစိုက် ပြီး မြို့သွားသူကို မှာကြရတယ်။ အလုပ်ပိုတယ်ဆိုတာ အပိုအလုပ် တွေကို လုပ်ကြလို့ ဖြစ်တယ်။ကြေကွဲ ဖို့ကောင်းတာက အချို့ ရဟန်းတော်များက အနေကဇာတင်တယ်ဆိုတာ အရုဏ်တက် လုပ်ရတယ်၊ ထီး၊ တံခွန်၊ကုက္ကား၊မလေးပွား၊ ဂြိုဟ်ရွက် တွေ ဘုရားဈေးမှာရှိတယ်၊ သွားဝယ်ထားကြ၊ ဖြစ်နိုင်ရင် သစ်သီးကိုးမျိုး၊ ပန်းကိုးမျိုး ဘုရားမှာ ပူဇော်ထား ကြ၊သာသနာပွဲ ထိုးထားကြ၊ ဆန်ပန်းပေါက်ပေါက်လည်း စီစဉ်ထားကြ လို့ မိန့်တော်မူလေ့ရှိကြတယ်။
ဒကာ၊ဒကာမတွေက ဘာသာရေးကိစ္စ မှန်သမျှ ဘုန်းကြီးတွေ ပြောရင် အမှန်လို့ တစ်ထစ်ချ မှတ် ယူထားတတ်ကြသူတွေ ဆိုတော့ အမှန်တွေပဲ ထင်ကြတယ်။လုပ်လာ လိုက်ကြတာ ဒီကနေ့တိုင်ပဲ ဆိုပါတော့။
အမှန်ကတော့ ဘုန်းကြီးတိုင်းလည်း ပိဋကတ်ကို ကျွမ်းကျင်တတ်မြောက်ခြင်း ရှိကြတာမဟုတ်လို့ ဆရာသမားတွေနဲ့ အတူနေကြ ရင်း ဆရာသမားတွေပြောခဲ့သလို ကိုယ် လူကြီးဖြစ်လာတော့လည်း ပြောရိုးပြောစဉ် ပြောနေကြရတာ၊ မစိစစ်ဖြစ်ကြတော့ဘူး ဆိုပါတော့။
ဒကာ၊ ဒကာမတွေကလည်း မိဘတွေနဲ့အတူနေလာ၊ ဒီလိုနဲ့ အိုး ကွဲအိမ်ကွဲ ဖြစ်လာ ကြတော့ မိဘတွေဆောင်ရွက်သလိုမျိုး ဘာသာရေးကိစ္စတွေမှာ ကိုယ်တိုင် ဦးစီးဆောင်ရွက် ဖြစ်ကြတယ်။ ဘာမှထူးပြီးလည်း စဉ်းစားမနေတော့ဘူး။ အမေတို့ လုပ်ကိုင်ဆောင်ရွက် သလိုမျိုး လုပ်ပစ်လိုက်တော့တာ။
အဲဒီတော့ စာရေးသူ ပြောသ လို အနေကဇာ တင်ရာမှာ ဘာမှ မလိုဘူးဆိုတာကို လက်မခံနိုင်ဘူး၊ မယုံကြည်ဘူးပေါ့။ သိနေတဲ့ အသိအမှားက အခံရှိနေခြင်း၊ ကိုယ်သာ မဟုတ် လူတိုင်း ကာလကြာရှည်၍ သူရောငါပါ လက်ခံဆောင်ရွက်ကြ တာဖြစ်လို့ အမှန်တွေဟုသာ တစ်ထစ်ချ မှတ်ယူနေကြတယ်။
ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး လွဲချော်နေတဲ့ အသိလေးများကို တည့်မတ်ပေးဖို့ ဘုရားပွင့်လာတာ ဖြစ်တာမို့ လွဲမှားနေတဲ့ အသိလေးတွေကို တရားဟောရင်းနဲ့ပြောဖြစ် ပါတယ်။
တစ်ခါက အိမ်ထောင်ကျသွား တဲ့ သမီးဖြစ်သူရဲ့ အိမ်တက်အနေကဇာတင်မှာ သမီးဖြစ်သူက စာရေးသူကို တံခွန် ကုက္ကားစတာတွေ လုပ်ထားရမလားလို့ မေးလို့ ဘာမှ မလိုကြောင်းပြောတာကို အမေဖြစ်သူက ဆရာတော်ကလည်း လုပ်ပြီ၊ ရှေးထုံးတွေ မဖျက် ပါနဲ့တဲ့။ ရှေးထုံးကြီးတဲ့။
စာရေးသူက ဒါတွေ မပါလို့ ဘာမှမဖြစ်ပါဘူးပြောတော့ အဖေ ဖြစ်သူက ဘုရားဈေးက တံခွန် ကုက္ကားရောင်းသူတွေ မရောင်းရတာပေါ့ ဘုရားတဲ့။ အမှန်ပါပဲ။
အနေကဇာတင်တယ် ဆိုတာကို ဦးစွာ သဘောပေါက်ရင် ထီး၊ တံခွန်၊ ကုက္ကား၊ မလေးပွား၊ ဂြိုဟ် ရွက်တို့ လို,မလို ဆိုတာ သူ့အလိုလို ဘာသာရှင်းပါတယ်။
လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင် ကာလကြာရှည်စွာ ပါရမီ ဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါး၊ စရိယ သုံးပါးဆိုတဲ့ ပါရမီအလုပ်များစွာတို့ ကိုအားထုတ်ခဲ့ရတဲ့ မြတ်ဗုဒ္ဓလောင်းလျာဟာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့ အရုဏ်တက် ချိန်မှာ မျှော်မှန်းခဲ့တဲ့ ဘုရား ဖြစ်ရေး၊ သဗ္ဗညုတဥာဏ်တော်ရရှိရေး ဆန္ဒတော်ကြီးဟာ အောင်မြင်ထမြောက် ပြည့်စုံ ခဲ့တယ်။
ဘုရား ဖြစ်ပြီးစအချိန်၊ နှလုံးသားမှာ ဟန့်တားလို့မရနိုင်လောက်အောင် အားရတော်မူ လွန်းလို့ နှုတ်တော်မှနေ စကားတော်တွေ အံထွက်လာကြတယ်။ အဲဒီစကားတော်များကို ဥဒါန်းစကားလို့ခေါ်ဆိုတယ်။ ပီတိအဟုန်ကြောင့် ပေါ်ထွက်လာတဲ့ စကားတွေပေါ့။
ဆိုပါတော့ - ကိစ္စတစ်ခုကို အလေးထား ဆောင်ရွက်ခဲ့တယ်။ အောင်မြင်ဖို့လည်း အထူးမျှော်မှန်း ထားတယ်။မျှော်မှန်းထားတဲ့အတိုင်းလည်း အောင်မြင် ဖြစ်ထွန်းခဲ့ရင် အော်ဟစ် ခုန်ပေါက်ကာ ပျော်မြူးသွားသလိုမျိုးနဲ့ခပ်ဆင်ဆင်တူမယ် ထင်ပါတယ်။
ဆီအိုးထဲ ဆီများသွန်းလောင်းတဲ့အခါ ဆီတွေက များပြီး အိုးက သေးနေလို့ အိုးအပြင် ဆီများ လျှံ ထွက်ကျလာသလို ကန်ဘောင်နဲ့ ပြည့်စုံတဲ့ ရေကန်ကြီးအတွင်းသို့ဝင် လာတဲ့ရေ က များပြီး ကန်ဘောင်ပေါ်သို့ ရေများ လျှံတက်ကီား ဆင်းသွားသလိုမျိုးဟု ဥပမာနှစ်မျိုး နဲ့ထင်ရှားအောင် ရှင်းပြထားတယ်။
ဥဒါန်းစကားတော်
၁။ အနေကဇာတိသံသာရံ
(၂)ဂါထာ။
၂။ ပဋိစ္စသမုပ္ပာဒ်အနုလုံပဋိလုံ
၃။ ယဒါ ဟဝေ ပါတုဘဝန္တိဓမ္မာ
(၃)ဂါထာတို့ ဖြစ်ပါတယ်။
ယနေ့အခါမှာတော့ အနေက ဇာတင်ရာမှာ ဟေတုပစ္စယော စတဲ့ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိနဲ့ ကျက်သရေမင်္ဂလာ ကောင်းကျိုးချမ်းသာတို့ ဖြာဖြာမိုးမိုး ဖြိုးဖြိုးမောက် ပြည့်စုံစေရန် ရည်သန်၍ ဇယန္တော ဗောဓိယာမူလေ စတဲ့ ပုဗ္ဗဏှ သုတ်လာ ဇယမင်္ဂလာ အောင်ဂါထာ တို့ကိုလည်း ထည့်သွင်းရွတ်ဆိုပူဇော်ကြပါတယ်။ ဗုဒ္ဓမြတ်စွာဟာ ဘုရား ဖြစ်ပြီးစအချိန် အနည်းငယ်မှာ ဥဒါန်း စကားတော်တို့ကို ကျူးရင့် တော်မူပါတယ်။ စဉ်းစားလိုက်ရင် သိသာ ပါတယ်။
အဲဒီဥဒါန်းစကား တော်တွေ ကျူးရင့်တော်မူစဉ်က ဗုဒ္ဓဘုရားရှင်ရဲ့ လက်တော်မှာ မည်သည့်အရာမျှ ကိုင်ခြင်းမရှိပါ။ ဒါကြောင့် တံခွန် ကုက္ကား စတာတွေ မပါရင်လည်း ဖြစ်ပါတယ်။ အနေကဇာတင်ဆိုတာ ဘုရားကို ပန်းတင်သလို၊ဆွမ်းတော်တင်သလိုမျိုးမဟုတ်။ ဘုရား ဖြစ်စအချိန်မှာ ဗုဒ္ဓဘုရားရှင် ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားတော်များကို ရဟန်း တော်များက ရွတ်ဆိုပူဇော်ခြင်းဖြစ်ပါ တယ်။ ဘုရားဖြစ်စ အချိန်က အရုဏ်တက်မို့ အရုဏ် တက်ချိန် အနေကဇာတင်ရမယ်လို့ ထင်နေတာပါ။ အရုဏ်တက်ပြီးစမှ မဟုတ်၊ အဆင်ပြေတဲ့ အချိန် တင်လို့ရပါ တယ်။ ဗုဒ္ဓနှုတ်ခပတ်မို့ အမြဲ ပူဇော် နေရင်တောင် အမြဲကုသိုလ်ရ နေမှာပါ။
ဒါ့အပြင် အောင်ဂါထာတွေမို့ အမြဲ ရွတ်ဆိုပူဇော်နေရင်အောင် ဓာတ်တွေ ကိန်းနိုင်မယ် ထင်ပါ တယ်။ ဗုဒ္ဓဂုဏ်တော်တွေဖြစ်လို့ပါ။
ယနေ့အခါမှာတော့ ဗုဒ္ဓကိုယ်တော်တိုင် ကျူးရင့်နေသည့်အလား သံဃာတော်များက ရွတ်ဖတ်ပြီး ဘုရားရှင်ကိုယ်စား ရုပ်ပွား ဆင်းတုပေါ်သို့ရောက်စေရန် တင်ပေးလိုက်ခြင်းမျိုး ဖြစ်နေတာမို့ အနေကဇာ တင်ပေးတယ်လို့ ဆိုရမလားပဲ။
ဥဒါန်းစကားတော်တို့ရဲ့အစ စကားက အနေကဇာတိဖြစ်တယ်။ အနေကဇာတိ ဆိုတဲ့ ပါဠိကို စွဲ၍ ပါဠိသက်ဝေါဟာရ အနေနဲ့ အနေ ကဇာတင် လို့ အလွယ်ခေါ်ဆိုဟန် တူပါတယ်။
အနေကဇာတိ အက္ခရာငါးလုံးမှာ နောက်ဆုံး တိ အက္ခရာ၌လုံးကြီး တင်ကို ‘င်’အသတ် ပြောင်းလိုက်ရင် အနေကဇာတင်ဆိုတဲ့ မွေးစား စကားဖြစ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အဲဒီလို ဗုဒ္ဓပူဇာကို အနေကဇာ တင်လို့ ခေါ်ဆိုခြင်းကား အဘယ်အချိန်ကစခဲ့တယ် ဆိုတာတိတိကျကျ မပြောနိုင်ဘူး။ ရှေးမထေရ်တို့ရဲ့ အစဉ်အလာအတိုင်း ဘာသာရေး ယဉ်ကျေးမှုအရ ဆက်လက်ဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။ပိဋကတ်တော်မှာ ဒီပါဠိ တော်များကို ရွတ်ဆိုပြီး အနေကဇာ တင်ရမယ်ဆိုတဲ့ သတ်မှတ်ချက် မရှိပါ။(စာရေး သူ စာမနှံ့လို့လည်း ဖြစ်နိုင်ပါတယ်)
သံဃာတော်များက မိမိတို့နေအိမ်မှာကိုးကွယ်မယ့် ဆင်းတုတော်မြတ်ကို ထိုပါဠိ တော်များနဲ့ ရွတ်ဆိုပူဇော်ပေးခြင်းဟာ မိမိတို့နေအိမ်၌ ဘုရားပွင့်တော်မူလာခြင်းအသွင်ကို ဆောင်တယ်လို့လည်း ဆိုနိုင်ပါတယ်။
ဒါကြောင့် နေအိမ်ရှင်များက ‘ငါတို့အိမ်မှာ ဘုရားပွင့်ပြီ’လို့သာ မှတ်ထားကြရပါမယ်။ ပြီးတော့ ငါတို့မိသားစုတွေက ဘုရားနဲ့ အတူနေတာလို့လည်း သဘောပေါက်ကြရပါမယ်။ ရုပ်ပွားတော်မြတ်ကို ဆန်၊ ပန်း၊ ပေါက်ပေါက် တွေနဲ့ပစ်ပေါက်ခြင်းကဘာကြောင့်လဲ ဆိုရင် တော့ မာရ်နတ်ကြီးက ဘုရားပွင့်ထွန်းမည့် အရုဏ်သို့ မဆိုက်ရောက်ခင် တစ်ညအလို ညနေ ဆည်းဆာအချိန်မှာ ဗောဓိပင် နဲ့ရွှေပလ္လင်ကို လုတယ်။ ဓားမိုး လှံမိုးစတဲ့လက်နက်တွေနဲ့ ပစ်ပေါက်တယ်။ ဓား,လက်နက် စတာတွေက ရှက်စနိုးကြလို့ မြတ်ဗုဒ္ဓထံတော် အရောက်မှာ တော့ လက်နက်အသွင် မဟုတ်ကြတော့ဘဲ ပန်းများအသွင် ဖြစ်သွားကြသတဲ့။ ဒီကနေ့ အနေကဇာတင်ရာမှာ ဆန်၊ ပန်း၊ ပေါက်ပေါက်တို့ဖြင့် ရဟန်းတော်များက ပစ်ပေါက်နေခြင်း ဟာ မာရ်နတ်နဲ့ သူ့စစ်တပ် ထိုတုန်းက ပြုမူဟန်ကို ပမာပြုခြင်းလို့ ဆိုနိုင်ပါတယ်။ ဆန်ပန်းပေါက်ပေါက်တို့ ဖြင့် ရဟန်းတော်များကပစ်ပေါက်နေခြင်းဟာ မိမိတို့ကိုယ်တိုင် မာရ်နတ်ရဲ့ ဘက်တော်သားတွေ ဖြစ်နေသလိုမျိုးပါ။ အပျက်စိတ်နဲ့သာ ပစ်ပေါက်မိရင် ကံကြီးထိုက်မယ်။ ယနေ့ခေတ်မှာ ပိုက်ဆံတွေနဲ့ပါ ပစ်ပေါက်ပေးနေကြရတယ်။
ပေါက်ပေါက်နဲ့ ပစ်ပေါက်ခြင်းကတော့ ပေါက်ပေါက်မြောက်မြောက် ဖြစ်စေဖို့ထင်ရဲ့။ ပိုက်ဆံများနဲ့ ပေါက်ကြတာကတော့ ငွေတွေ ဝင်လာမစဲ တသဲသဲ ပျံဝဲလာဖို့နေမှာပါ။ ရှေးဆရာတော်ကြီးများကိုယ်တော်တိုင် ထုံးစံအတိုင်း ဆောင်ရွက်နေကြလေတော့ နောင် သံဃာများလည်း အစဉ်အလာအတိုင်း ဆောင်ရွက်ပေးနေကြရတယ်။ဘုရားနဲ့ပတ်သက်တဲ့ ကိစ္စမို့ စိတ် ထားတတ်ရင် ကုသိုလ်ရမှာပါ။ အနေကဇာတင်ခြင်းကား ရုပ်တုတော် စေတီတော် များ ထုလုပ် ကိုးကွယ်ခြင်းက အစပြုခဲ့တာ။ထုလုပ်တည်ထားပြီးနောက် ဒီအတိုင်း ကိုးကွယ်ခြင်းထက် ဘုရားဖြစ်စအချိန်က ကျူးရင့်တော်မူခဲ့တဲ့ ဥဒါန်းစကားတော်များကို ရွတ်ဖတ် ပူဇော်ပေးခြင်းဖြင့် သိဒ္ဓိတင်သလိုမျိုး ဆောင်ရွက်တာများလားဟုပင် စဉ်းစားမိပါသည်။
မြန်မာလူမျိုးတို့က သိဒ္ဓိတင်ပေးတတ်သူကို အထင်ကြီးလေးစားကြတယ်၊ ယုံမှတ်ကြတယ်။ ဘုရား ကိုးကွယ်တာတောင် စီးပွားဖြစ်ဂမုန်းလို သဘောထား ကိုးကွယ်နေကြတာ။ ဘွဲ့အမည်တော် စီးတဲ့ ဆင်းတုတော်နဲ့ ပုံသဏ္ဌာန် ထူးဆန်းတဲ့ ဆင်းတုတော်များဆို ရက်မအားရအောင် နေအိမ်တွေမှာ နှစ်ကုန်ထိ လှည့်လည် ဒေသစာရီ ကြွကာ ပူဇော်ခံနေရတယ်။
အသိမိသားစုများ အနေကဇာ တင်ပင့်လို့ ကြွရတိုင်း ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်က လာဘ်ခေါ် ဂမုန်း မဟုတ်ဘူး၊ဘုရားထံ ဆုတောင်းပြီး ကိုယ့်ဒုက္ခကို ပြောပြသလိုမျိုး အပူ မကပ်ကြနဲ့လို့အမြဲပြောဖြစ်ပါတယ်။
မြန်မာလူမျိုးတို့ရဲ့ ကိုးကွယ်မှုကား ဗေဒင်နဲ့နွှယ်လျက် ရောရောထွေးထွေးဖြစ်နေတာ ကို နေရာတိုင်း လိုလိုမှာ တွေ့ရတယ်။ ယတြာချေခြင်း၊ ဘေးမဲ့ပေးခြင်း၊ ဘုရားကိုးဆူ ကပ်ခြင်း၊ ဂုဏ်တော်ပုတီးစိပ်ခြင်းတို့အပြင် အနေကဇာတင်ရာမှာလည်း ဗေဒင်ရဲ့ အငွေ့အသက်များ ပါဝင်နေတယ်။ တံခွန် ကုက္ကား၊ ထီးဖြူ ဂြိုဟ်ရွက်၊ ကြက်လျှာတို့ကို သံဃာ တော်များ ကိုင်နေရတာကိုက သာဓကပါ။
ဒီကနေ့အခါမှာတော့ တတ်နိုင်တဲ့ ကုသိုလ်ရှင်များက သစ်သီး ကိုးမျိုး၊ ပန်းကိုးမျိုးကို အနေကဇာ တင်မယ့်ရုပ်ပွားတော်အား ကပ်လှူ ပူဇော်တာကို တွေ့ရတတ်ပါတယ်။ ပိုပြီး ဗေဒင်ဆန်လာတာပေါ့။ ရွာမှ မိသားစုအချို့ဟာ ရေကြည်ရာ မြက်နုရာဆိုသလို ကြည့်မြင်တိုင် သီရိမင်္ဂလာဈေးတွင် စီးပွားလာရှာနေကြတယ်။
တစ်နေ့တွင် ကိစ္စနဲ့ စာရေးသူ ရောက်သွားရာ ၄င်းတို့အိမ်မှဆင်းတုတော်များကို အနေကဇာတင်ရာတွင် ရဟန်းတော်များ ကိုင်လျက် အသုံးပြုခဲ့တဲ့ ထီးဖြူ၊တံခွန်၊ကုက္ကား၊ ကြက်လျှာ၊မလေးပွား၊ဂြိုလ်ရုပ်စက္ကူ စတာတွေကို ဘယ်မှာစွန့်ပစ်ရမည် မသိဖြစ်နေကြောင်းနဲ့ ထိုအရာတို့ကို မည်သည့်နေရာမှာထားရမှာကို မေးကြလို့ နတ်အိုးကွဲအကြောင်း ပြောဖြစ် ခဲ့တယ်။
နတ်စင်တင်တဲ့ နတ်ပန်းထိုးတဲ့ ပန်းအိုး ကွဲသွားရင် အခြားအိုးကွဲတွေလို အိမ် နောက်ဖေးမှာ အခြား အသုံးမဝင်တဲ့ အဟောင်းအစုတ် ပလုပ်တွေကိုပစ်ထားသလိုမျိုး ထား ဖို့ကလည်း မဝံ့။အရှင်ကြီးတွေ ကိုင် မှာ စိုးရတယ်။ အဲဒီ ထီးဖြူ၊ တံခွန်၊ ကုက္ကား၊ကြက်လျှာ၊ မလေးပွား၊ဂြိုဟ် ရုပ်စက္ကူ စတာတွေကလည်း ပစ်စရာနေရာရှားလှတယ်။
စာဖတ်သူများလည်း စဉ်းစား ကြည့်ပါ။ ထိုအရာများကို ဘုရားစင်တွင် အမြဲ တင်လှူ ထားရမှာလား။ ဒါမှမဟုတ် အိမ်ရှေ့ အိမ်နောက် အမှိုက်ပုံ မည်သည့်နေရာမှာ စွန့် ကြရမှာလဲ။
အထက်ပါ အနေကဇာတင် ဖြစ်စဉ်အရ ထီးဖြူ၊တံခွန်၊ကုက္ကား၊ ကြက်လျှာ၊မလေးပွား၊ ဂြိုဟ်ရုပ်စက္ကူ စတာတွေ လိုçမလိုဆိုတာ ဘာသာ ရေးအသိဥာဏ် အထိုက်အလျောက် ရှိသူပင် ထိုကိစ္စ မလိုအပ်တာကို သိနိုင်ပါတယ်။ ဒါပေမဲ့ တွင်ကျယ်နေတဲ့ကိစ္စဖြစ်နေလို့ ဘုရားအနေကဇာ တင်ရာမှာ ထိုတံခွန်၊ ကုက္ကားစတာတွေ မပါမဖြစ်လို့ အများအမြင် ရှိ လာပါတော့တယ်။
အမှန်ကတော့ တံခွန်၊ကုက္ကား စတာတွေ မပါလည်း အနေကဇာတင်လို့ဖြစ်တာကို ပြောချင်တာပါ။ အဲဒါတွေကို သိပ်အလေးမထားကြပါနဲ့။ ထေရဝါဒသာသနာထွန်းကားခဲ့တဲ့ တိုင်း နိုင်ငံတိုင်းမှာ စေတီပုထိုးနဲ့ရုပ်ပွားတော်များ ထုဆစ်ကိုးကွယ်လေ့ရှိကြတယ်။
စေတီတော်၊ဆင်းတုတော်တို့ ကို အများဆုံး ထုလုပ်ကိုးကွယ်တာကလည်း အခြား ဗုဒ္ဓဘာသာနိုင်ငံများထက်စာရင် မြန်မာပြည်က ပို များပုံ ရပါတယ်။ ဒါကြောင့် အနေကဇာတင် ပူဇော်ခြင်းကား မြန်မာနိုင်ငံရဲ့ မူပိုင်ဘာသာရေးဓလေ့များ ဖြစ်လေရော့သလားဟုပင် တွေးမိ ပါတယ်။
စေတီတော်တွင် ဓာတ်တော်များထည့်သွင်းခြင်း၊ ဆင်းတုတော်များ ထုလုပ်ခြင်းသည် သက်တော် ထင်ရှား မြတ်ဗုဒ္ဓကိုယ်စား ကိုးကွယ်နိုင်ဖို့ အတု(အတူ)ပြု ထုလုပ်ကိုးကွယ်ခဲ့ ကြခြင်းဖြစ်ပါတယ်။
ဘုရားရှင်ကား တစ်မြို့တစ်ရွာ တစ်ကျောင်းတည်းမှာ အမြဲသီတင်းသုံးနေထိုင်ခြင်း မရှိ။ အချို့ ဒကာ ဒကာမများ မြတ်ဗုဒ္ဓ ရှိလိမ့်မယ် အထင်နဲ့ ဇေတဝန်ကျောင်းတော်သို့ ဘုရားဖူးလာတတ်ကြတယ်။
ကျောင်းတော်ရောက်မှ ဘုရား မရှိတာနဲ့ကြုံလို့ စိတ်မကောင်းဖြစ်ကြရတယ်။ ဘုန်းကံအလွန်ကြီးမားတဲ့ ဆရာတော်ကြီးများထံ ဝေးကွာတဲ့မြို့ရွာများမှ အဖူးမြော်သွားကြရာ ဆရာတော်ကြီး ခရီးသွားနေခိုက်နဲ့ ကြုံပါက စိတ်မောလူမောနဲ့ ပြန်ရသလိုမျိုး နေမှာ။ အရှင်အာနန္ဒာ မထေရ်က အမြော်အမြင်ကြီးစွာနဲ့ ကျောင်းတော်မှာ ဗုဒ္ဓ မရှိခိုက် ဗုဒ္ဓကိုယ်စား ပူဇော်ကိုးကွယ်နိုင်ရန် ဗုဒ္ဓကိုယ်စား ရည်မှန်းထုလုပ်တဲ့ ဥဒ္ဒိဿက ရုပ်ပွားတော်နဲ့ ဗုဒ္ဓ အသုံးအဆောင် ပရိဘောဂစေတီတော် တည်ထားကိုးကွယ်ခွင့် တောင်းခံပါတယ်။ ဗုဒ္ဓက ဗောဓိပင် စိုက်ပျိုးပူဇော်ဖို့ ခွင့်ပြုခဲ့တယ်။
အရှင်အာနန္ဒာက အရှင် မောဂ္ဂလာန်ကို မဟာဗောဓိပင်မှ အစေ့ကို ယူဆောင်စေပြီး ဇေတဝန် ကျောင်းတော်မုခ်ဝအနီးမှာဗောဓိပင် ကို စိုက်ပျိုးစေပြီး ဗောဓိပင်အောက်မှာ ဗုဒ္ဓ ကိုယ်တော်တိုင် သမာပတ် ဝင်စံတော်မူပါတယ်။ ကိုးကွယ်ကြ သူတို့ အကျိုးများဖို့ အထူးဆောင်ရွက်ခြင်းဖြစ်ကြောင်း စာမှာ ဆိုပါတယ်။(မိမိ သိအပ်ပြီး အရဟတ္တဖိုလ်ကို ထပ်တလဲလဲ ဖြစ်စေခြင်းကို ဖလသမာပတ်ဟု ဆိုသည်။)
ဗုဒ္ဓမရှိတော့တဲ့ ယနေ့လိုအခါ မျိုးမှာ နေအိမ်မှာ ဘုရားဆောင်နဲ့ ဘုရားဆင်းတု တော်များ ထားကာ ကိုးကွယ်ကြခြင်းမှာ ဗုဒ္ဓဘာသာပီပီ ဘုရားနဲ့ အတူတူနေချင်လို့ ဖြစ်ပါ တယ်။ မြန်မာအများစုက မိဘနဲ့ အတူနေလေ့ရှိကြတယ်မဟုတ်လား။
ငါတို့ဟာ ဘုရားနဲ့အတူနေကြသူများ ဖြစ်တယ်။ ဘုရားမကြိုက်တဲ့ အကုသိုလ်အမှုကို လွန်ကျူးရင် ဘုရားသိလိမ့်မယ်လို့တွေးပြီး အကုသိုလ် ပြုလုပ်ခြင်းမှ ရှက်ခြင်း ဟိရီ၊ ကြောက်ခြင်း ဩတ္တပ္ပ ဆိုတဲ့ သူတော်ကောင်းတရားနှစ်ပါးနှင့် ပြည့်စုံစွာ နေကြရမယ်။ ဒါမှ ဘုရားကို အလေးထားသလိုမျိုး ဖြစ်ပါတယ်။
ဥပမာ - အလေးထားအပ်တဲ့ မိဘ၊ ဆရာသမားတို့နဲ့အတူနေသူတို့ဟာ မိဘဆရာသမားတွေ မနှစ်သက်တဲ့ကိစ္စများကို မလွန်ကျူးကြသလိုမျိုးပေါ့။ မိဘကို အလေးထားကြရမယ် မဟုတ်လား။ အကုသိုလ်ပြုခွင့်ကြုံလာခဲ့ရင်တောင် ဗုဒ္ဓရဲ့ပုံတော်ကို မြင်နေရင် မလွန်ကျူးဖြစ်ဘူးပေါ့။
နေအိမ်မှာ ဧည့်သည်တော့ ဖိတ်ခေါ်ထားပြီး ဧည့်သည်ကိုဘာမှ မကျွေးမမွေး၊ ဂရုမစိုက်ဘဲ ပစ်ထားလို့မဖြစ်ပါ။
အလားတူ နေအိမ်မှာ မြတ်ဗုဒ္ဓ ကို အနေကဇာတင်ကာ ပင့်ထားပြီး ပန်းတော်၊ရေတော်၊ဆွမ်းတော်၊ ဆီမီး၊သစ်သီးတွေနဲ့ဝေဆာနေအောင် ပူဇော်ကြခြင်း အလျဉ်းမရှိကလည်း သင့်တော်,မသင့်တော်ကို ကိုယ်တိုင် ဝေဖန်ဆန်းစစ်စေချင်ပါတယ်။
ဆီမီး ကပ်လှူခြင်းဖြင့် မျက်စိ အမြင်ကောင်းခြင်း၊ပန်းကပ်လှူခြင်း ဖြင့် အနံ့လည်း သင်း၊အဆင်းလည်း လှခြင်း၊ သောက်တော်ရေ ကပ်လှူ ခြင်းဖြင့်သန့်ရှင်းခြင်း၊အေးချမ်းခြင်း၊ နံ့သာတိုင် ကပ်လှူခြင်းဖြင့် ဂုဏ်သတင်းမွှေးခြင်း ကောင်းကျိုးများကို ရုပ်ပွားတော်မြတ်ကို အကြောင်း ပြုပြီး ရနိုင်တယ်။ ဘုရားစင်နှင့် ရုပ်ပွားတော်မြတ်သည် စိတ်ကို ကြည်လင် စေနိုင်ပါတယ်။
ဒါကြောင့် ဘုရားစင်ကို ကြည်ညိုဖွယ်ဖြစ်အောင် သန့်ရှင်း သပ်ရပ်စွာ ပန်းရေချမ်း တို့ဖြင့် ဝေဆာနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး၊ ဆွမ်းကုသိုလ် ကောင်းမှုပြု ကြရုံမျှနဲ့ တင်းတိမ်အားရ ကျေနပ် မနေကြပါဘဲ ဣတိပိ သော ဘဂဝါ အရဟံ စတဲ့ ဂုဏ်တော် (၉)ပါးကို လည်း ပွားကြရပါမယ်။ ပုံတော်မြင် ဂုဏ်တော်ပွားခြင်းက ဘုန်းတန်ခိုး ကျက်သရေ တိုးပွားခြင်း စတဲ့ အခြားကောင်းကျိုး အများအပြားကိုလည်း အပိုဆောင်း ရနိုင်ပါတယ်။
ထီး၊ တံခွန်၊ ကုက္ကား၊ မလေး ပွား၊ဂြိုဟ်ရွက် စတာတွေက အနေကဇာတင်ရာမှာ မပါမပြီးဟု အထင် ရှိတတ်ကြ၍ အဲဒါတွေ မပါလည်း အနေကဇာတင်လို့ ဖြစ်ပါတယ် ဆိုတာရယ်၊ အချိန်မရွေး လည်း အနေကဇာတင်နိုင်ပါတယ် ဆိုတာရယ်ကို ဒေသနာတော်အရ ပြောပြချင်လို့ ရေးသားခြင်းဖြစ်ပါတယ်။ မည်သူ့ကိုမျှ အပြစ်ပြော ခြင်းမဟုတ်ပါ။ တံခွန်၊ကုက္ကား စတာ တွေ ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ ကြည်ညိုစိတ်နဲ့ သက်တော်ထင်ရှား ဘုရားရှင်အား ရည်မှန်း ပူဇော်လှူဒါန်းခြင်းဖြစ်တာမို့ ကုသိုလ်ဧကန် ရနိုင်ပါတယ်။
အရှင်ပညာသီဟာဘိဝံသ
(ပဉ္စနိကာယ်)
No comments:
Post a Comment