ပြည်သူ့ဘဏ္ဍာဖြင့်
ပြည်သူကို အကျပ်ကိုင်ခြင်းလော
မကြာသေးခင်
ရက်ပိုင်းအတွင်းက MPT ဟု အများသိကြသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖုန်းပြောဆိုခ တစ်မိနစ်လျှင်
၃၅ ကျပ်နှုန်း ကောက်ခံမည်ဆိုသော ဆွေသဟာ အမည်ရှိ ဝန်ဆောင်မှု အစီအစဉ်တွင် တစ်မိနစ်လျှင်
၂၅ ကျပ်နှုန်းဖြင့် ပြောဆိုလိုပါက ကျပ် ၁၂၀၀၀ ကျပ် ပေးသွင်းကာ အတွဲလိုက် ဝန်ဆောင်မှု
ဝယ်ယူနိုင်ကြောင်း ကြော်ငြာခဲ့သည်ကို တွေ့ရသည်။
MPT ကဲ့သို့
အခြေခံအဆောက်အဦများ အခိုင်အမာ ပိုင်ဆိုင်ထားခြင်း မရှိသည့်အပြင် MPT ကဲ့သို့ ပြည်သူလူထုအပေါ်တွင်
မည်သည့်နိုင်ငံတွင်မျှ မရှိသော ဈေးနှုန်းများဖြင့် နှစ်ရှည်လများ ရက်စက်စွာ အပေါ်စီးက
လွန်ကဲစွာ အမြတ်ထုတ်ခဲ့ခြင်း မရှိသော ပုဂ္ဂလိက တယ်လီဖုန်း ကုမ္ပဏီများက တစ်မိနစ်လျှင်
၂၅ ကျပ်ဖြင့် ဝန်ဆောင်ခ သီးသန့်ပေးစရာ မလိုဘဲ သုံးစွဲနိုင်သောအချိန်တွင် နိုင်ငံအနှံ့
ကွန်ရက်ဖြန့်ကြက်ထားသည့် MPT က ဝန်ဆောင်ခယူ၍ ၂၅ ကျပ်သို့ လျှော့ချပေးခြင်းမှာ များစွာ
အံ့အားသင့်ဖွယ် ကောင်းလှသည်။
ယခင် ပုဂ္ဂလိကများသို့
ခွင့်မပြုခင် MPT တစ်ဦးတည်းသာ လုပ်ကိုင်ခွင့် ရှိခဲ့စဉ်ကလည်း နိုင်ငံတကာတွင် အရောင်းမြှင့်တင်
ဆွဲဆောင်သည့် သဘောဖြင့် အခမဲ့ဝန်ဆောင်မှု ပေးလေ့ရှိသည့် အင်တာနက် ချိတ်ဆက်မှု၊ အသံမက်ဆေ့ခ်ျကဲ့သို့
ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း ပြည်သူလူထုထံ ငွေကြေးတန်ဖိုး သတ်မှတ်၍ ရောင်းချပေးခဲ့သည်။
တစ်နည်းအားဖြင့်
ဆိုရသော် မြန်မာပြည်သူလူထု အကြားတွင် သာမက ကမ္ဘာပေါ်တွင်ပါ နာမည်ဆိုးဖြင့် ကျော်ကြားသည့်
MPT သည် ပုဂ္ဂလိကဆက်သွယ်ရေး ကုမ္ပဏီများကို နိုင်ငံပိုင် (ဝါ) ပြည်သူပိုင် ဆက်သွယ်ရေး
အခြေခံအဆောက်ဦများကို အသုံးချကာ အဓိက ဆယ်သွယ်ရေး ဝန်ဆောင်မှုပေးသူ Service
Provider နေရာ (ဝါ) ကစားပွဲ ဒိုင်လူကြီးနေရာတွင် ရှိနေသည့် PTD ခေါ် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့်
ဝန်ကြီးဌာန တစ်ခုတည်း ဖြစ်နေသည့် ကြားက ကစားပွဲတွင် ဝင်ကန်ကာ စားသုံးသူ ပြည်သူလူထုအပေါ်
ယနေ့အထိ အမြတ်ထုတ်ရန် ကြိုးစားနေခြင်းမှာ မည်သို့မျှ မသင့်တော်သော လုပ်ရပ်ဖြစ်သည်။
ပို၍ရှင်းလင်းစွာ
ပြောရလျှင် ပြည်သူလူထု တစ်ရပ်လုံးက ပိုင်ဆိုင်သည့် ပြည်သူပိုင် အခြေခံအဆောက်အဦများကို
ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးစာရင်းဝင် ပြည်သူလူထုအား အသက်သာဆုံး နှုန်းထားဖြင့် ဝန်ဆောင်မှု
ပေးရမည့် ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်ရမည့် သူများက အပိုင်စီးထားသကဲ့သို့ ရယူပြီး
ပြည်သူ့ဘဏ္ဍာငွေများကို သုံးကာ ပြည်သူလူထု အိတ်ကပ်အတွင်းမှ ချွေးနှဲစာများကို အကျပ်ကိုင်
ခြိမ်းခြောက်တောင်းယူနေသည့် သဘောဖြစ်နေခြင်းမှာ များစွာ အရုပ်ဆိုးလှကြောင်း သိစေအပ်ပေသည်။
အယ်ဒီတာ
(၁၄-၁-၂၀၁၅)
---------------------------
Editorial,
The Voice Daily Vol-2/No-237 (#voiceeditorial)
မိမိဘာသာ
ခွဲခြားဆက်ဆံခြင်းကို ကာကွယ်ပါ
ကမ္ဘာပေါ်တွင်
ခေတ်အဆက်ဆက် ကျင့်သုံးလာခဲ့သော စနစ်များကို မူတည်၍သော် လည်းကောင်း၊ လောကနိယာမ သဘောတရားများအရ
သော်လည်းကောင်း လူ့အဖွဲ့အစည်းများအတွင်း လူတန်းစား ကွဲပြားမှုများ ရှိနေတတ်သည်မှာ သဘာဝ
ဖြစ်သည်။ သမိုင်းဦးဘုံမြေ စနစ်မှသည် ထိုကွဲပြားသော လူတန်းစားများအကြား ခွဲခြားဆက်ဆံမှုများ
ရှိလာခဲ့သည်မှာ ယနေ့ ကာလအထိတိုင် ဖြစ်သည်။
ယနေ့ ကမ္ဘာကြီးကို
အကြီးမားဆုံး ခြိမ်းခြောက်နေသော အန္တရာယ်ကို ပြပါဆိုလျှင် အစွန်းရောက် အကြမ်းဖက်များ
အန္တရာယ်ဟု လူအများစုက လက်ညှိုးထိုးကြမည်မှာ သေချာသည်။ ထိုအစွန်းရောက် အကြမ်းဖက်မှုများ
တွင်လည်း ဘာသာရေးက ထိပ်ဆုံးနေရာတွင် ရှိနေပေသည်။
အစွန်းရောက်၊
အကြမ်းဖက်မှုများ၏ နောက်ကွယ် သို့မဟုတ် ဖြစ်ပွားရသည့် အကြောင်းတရားများကို စေ့ငုကြည့်သော်
ခွဲခြား ဆက်ဆံခံရသကဲ့သို့ ခံစားရခြင်းက အဓိက အကြောင်းရင်း တစ်ရပ်အဖြစ် တွေ့ရသည်။ ပညာနည်းသူနှင့်
ပညာတတ်သူအကြား၊ ဆင်းရဲသူနှင့် ချမ်းသာသူအကြား၊ နေရာဒေသကို လိုက်၍ လူနည်းစု ကိုးကွယ်သည့်
ဘာသာတစ်ခုနှင့် လူအများစု ကိုးကွယ်သည့် ဘာသာတစ်ခုအကြား၊ အင်အားနည်းသော လူမျိုးစုနှင့်
အင်အားကြီးသော လူမျိုးစုတို့အကြား ခွဲခြားဆက်ဆံမှုများ ရှိတတ်သည်။
များသောအားဖြင့်
အင်အားကြီးသူ သို့မဟုတ် လူအများစုက အင်အားနည်းသူ၊ လူအနည်းစုအပေါ် ခွဲခြားနှိမ်ချ ဆက်ဆံခြင်းမှာ
ထင်သာမြင်သာ အရှိဆုံး ဖြစ်သည်။ သို့သော် အင်အားကြီးသူ၊ လူအများစုက အင်အားနည်းသူ လူအနည်းစု
အပေါ်တွင် အခါခပ်သိမ်း အရာရာ ခွဲခြားဆက်ဆံနေသည်ဟု တပ်အပ်ပြော၍ မရပေ။
ရံဖန်ရံခါတွင်
ခွဲခြားဆက်ဆံ ခံရသည်ဟု ခံစားရသော လူအနည်းစုဘက်တွင် သိမ်ငယ်စိတ်နှင့် သံသယစိတ်တို့က
မိမိတို့ထံလာသည့် အရာအားလုံးကို ခွဲခြားဆက်ဆံသည်ဟု အထင်အမြင် လွဲမှားမှုမျိုးလည်း ရှိတတ်သည်။
ထိုအခါ သံသယစိတ်နှင့် စိုးရိမ်သောကစိတ် ပိုကြီးကာ မိမိတို့ လူနည်းစုတွင်လည်း အင်အားရှိကြောင်း၊
စည်းလုံးညီညွတ်ကြောင်း နည်းမျိုးစုံဖြင့် ပြသရန် ကြိုးစားလာတတ်သည်။
ထိုသို့ ကြိုးစားရာတွင်
သက်ဆိုင်ရာ လူနည်းစုအလိုက်၊ လူမျိုးစုအလိုက်၊ ကိုးကွယ်သည့် ဘာသာအလိုက် မိမိတို့သည်
အခြားသူများနှင့် မတူခြားနားကြောင်း နည်းမျိုးစုံဖြင့် ပြသရန် ကြိုးစားရင်း မိမိတို့ဘာသာ
ခွဲခြားဆက်ဆံ ခံရစေရန် ပြုမူသကဲ့သို့ ဖြစ်သွားတတ်သည်။ ဆိုလိုသည်မှာ ပတ်ဝန်းကျင် သို့မဟုတ်
လူအများစုက ၎င်းတို့အပေါ် ခွဲခြားဆက်ဆံခြင်း မရှိဘဲ ၎င်းတို့ဘာသာ ခွဲခြား၊ ကွဲပြားအောင် နေထိုင်၊
ပြုမူ၊ ဝတ်စားဆင်ယင်ခြင်းက မိမိကိုယ်ကိုယ် တံတိုင်း ခတ်လိုက်သကဲ့သို့ ဖြစ်သွားခြင်းကို
ဆိုလိုသည်။
ထိုအခါ နိုင်ငံရေးအရသော်
လည်းကောင်း၊ အာဏာ၊ သြဇာ၊ စည်းစိမ်ဥစ္စာ ကာကွယ်ရန်အတွက် သော်လည်းကောင်း လမ်းကြောင်းလွှဲလိုသူများ၏
လှုံ့ဆော်သွေးထိုးခြင်းကို အလွယ်တကူခံရကာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ၊ အကြမ်းဖက်မှုများ
ဖြစ်ပွားကာ လူထု၊ လူတန်းစား၊ လူမှုအဖွဲ့အစည်းများအကြား ယုံကြည်မှု ပျောက်ဆုံးသွားတတ်သည်။
များစွာအရေးကြီးသည့်
အချက်မှာ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်း၊ လူမျိုးစု၊ ကွဲပြားသော ဘာသာရေးများအလိုက် ရှိနေသော
အများကြည်ညို လေးစားသည့် ခေါင်းဆောင်များ၏ အသိဉာဏ်ပညာ၊ အမြော်အမြင်၊ ဆင်ခြင်တုံတရားနှင့်
နိုင်ငံသားစိတ်နှင့် ငြိမ်းချမ်းရေး မြတ်နိုးလိုလားစိတ်တို့ ဖြစ်သည်။ ထိုအချက်များဖြင့်
မိမိတို့ လူမှုဝန်းကျင်၊ အသိုက်အမြုံတို့ကို မှန်ကန်စွာ စဉ်းစားတွေးခေါ် တတ်စေရန်၊ ပြဿနာများကို
ငြိမ်းချမ်းသော နည်းလမ်းဖြင့် တုံ့ပြန်ဖြေရှင်း တတ်စေရန် စည်းရုံး၊ လမ်းပြနိုင်မည်
ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်သည်။
အယ်ဒီတာ
(၁၃-၁-၂၀၁၅)
------------------------------
Editorial,
The Voice Daily Vol-2/No-236 (#voiceeditorial)
သီပေါမင်းနှင့်
ဘုံဘေဘားမား၊ တရုတ်သစ်ခိုးမှုနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ
၁၈၈၅
ခုနှစ်တွင် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားပြီး မြန်မာတို့ အင်္ဂလိပ်တို့၏ ကျွန်ဘဝ
ရောက်ရှိခဲ့ရသည်။ ယင်းတတိယစစ်ပွဲ ဖြစ်ပွားရသည့်အကြောင်းအရင်းများအနက် ဘုံဘေဘားမားကုမ္ပဏီ၏
သစ်ခိုးမှုသည် အကြောင်းအရင်းတစ်ခု ပါဝင်သည်။ တောင်ငူနယ်တွင် သစ်ထုတ်လုပ်ရေးလုပ်သော ဘုံဘေဘားမားကုမ္ပဏီ
သစ်ရောင်းဝယ်ရေးအဖွဲ့က သစ်လုံးရေ ရှစ်သောင်းကို ထုတ်ယူလျက် သုံးသောင်းသာ စာရင်းပြသည်။
မြန်မာအစိုးရက စစ်ဆေးသိရှိသဖြင့် ကုမ္ပဏီအား ၂၃ သိန်း ဒဏ်ရိုက်သည်။
ကုမ္ပဏီက
မကျေနပ်၍ အင်္ဂလိပ်အစိုးရကို တိုင်ကြားရာ အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖရင်က နောက်ဆုံးရာဇသံပေးပို့သည်။
မြန်မာတို့က ကျေနပ်လောက်အောင် ပြန်ကြားသော်လည်း လက်မခံဘဲ အထက်မြန်မာနိုင်ငံသို့ ချီတက်လာပြီး
မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်တွင် သီပေါမင်းနှင့်တကွ တစ်နိုင်ငံလုံးကို
သိမ်းပိုက်လိုက်သည်။
ယခုလက်ရှိအချိန်၌
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမဝင်သစ်မှောင်ခိုလုပ်ငန်း အကြီးဆုံးလုပ်ဆောင်နေသော
နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ခုနစ်ဘီလျံဖိုးခန့်ကို တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေသည်။
ယင်းကဲ့သို့ တရားမဝင် ဝင်ရောက်လာသည့် သစ်များ၏ ရာခိုင်နှုန်း ၉ဝ ကို မြန်မာနိုင်ငံမှ
ရရှိခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက်က ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာ(IBC)
၌ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသစ်တောအသင်း၏ ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူး ဦးတင်အေး တင်သွင်းသည့်
စာတမ်းအရ သိရသည်။
မြန်မာနိုင်ငံ
အစိုးရသစ်လက်ထက် ဘဏ္ဍာနှစ်လေးနှစ်တာကာလဖြစ်သည့် ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ဇန်နဝါရီအထိ
တရားမဝင်သစ်ခိုးထုတ်မှုများမှ ကျွန်းနှင့်သစ်မာအပါအဝင် သစ်တန်ချိန်ပေါင်း ၁၄ဝ,ဝဝဝ ခန့်
ဖမ်းမိခဲ့ပြီး ယင်းသစ်ခိုးထုတ်မှုများတွင် နိုင်ငံခြားသား ၂၅ဝ ခန့်နှင့် နိုင်ငံသား
၂၂,၆ဝဝ ကျော် ဖမ်းဆီးမိခဲ့သည်။ ဖမ်းဆီးခံရသူ နိုင်ငံခြားသားများထဲတွင် တရုတ်နိုင်ငံသား
၂ဝဝ ကျော် ပါဝင်သည်။ ၂ဝ၁၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသား ၁ဝဝ ခန့်ကို ဖမ်းဆီးအရေးယူမှု
ပြုလုပ်ခဲ့သော်လည်း ထိရောက်သောပြစ်ဒဏ်များ ချမှတ်မှုမရှိသောကြောင့် လက်ရှိ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း၌လည်း
တရုတ်နိုင်ငံသားများ ထပ်မံဝင်ရောက်ကာ သစ်ခိုးထုတ်မှုများ ဆက်လက်လုပ်ဆောင်နေပြီး ၂ဝ၁၅
ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အတွင်း တရုတ်နိုင်ငံသား ၁ဝဝ ကျော်ပါဝင်သည့် သစ်ခိုးဂိုဏ်းကို
ဖမ်းဆီးမိခဲ့သည်။
သီပေါမင်းလက်ထက်က
ဘုံဘေဘားမားကုမ္ပဏီသည် သစ်ခိုးထုတ်သော်လည်း မြန်မာအစိုးရက အရေးမယူရဲခဲ့။ အရေးယူလိုက်သည့်အခါတွင်လည်း
အင်္ဂလိပ်ကို မလွန်ဆန်နိုင်သောကြောင့် ပြန်လည်တောင်းပန်ခဲ့ရသည့်အပြင် မြန်မာနိုင်ငံ၏
အချုပ်အခြာအာဏာပါ ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ယင်းကို သင်ခန်းစာယူလျက် ဦးသိန်းစိန်အစိုးရက
တရုတ်တို့၏ သစ်ခိုးမှုကို ထိရောက်စွာအရေးမယူရဲခြင်းလားဟု စဉ်းစားစရာဖြစ်လာသည်။ ဤသို့ဆိုလျှင်
“မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာဟူသည် အဘယ်နည်း”၊ “မြန်မာနိုင်ငံသည် တရုတ်၏ လက်အောက်ခံနိုင်ငံတစ်နိုင်ငံလား”
အစရှိသည့် မေးခွန်းများ ပေါ်ထွက်လာသည်။ တရုတ်တို့၏ သစ်ခိုးမှုများအား ပုဒ်မ ၆၁ သို့မဟုတ်
အပက - ၃ ဖြင့် ထိရောက်စွာအရေးယူမှုမရှိဘဲ တရုတ်နိုင်ငံသားများအား ပြန်လွှတ်ပေးနေခြင်းမျိုးကို
တွေ့ရှိရသကဲ့သို့ တရုတ်အစိုးရဘက်မှလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ဖိအားပေးနေခြင်းမျိုးတို့ကို
တွေ့ရှိရသည်။
ထို့ကြောင့်
မြန်မာနိုင်ငံသည် တရုတ်တို့၏ လက်အောက်ခံမဟုတ်ဘဲ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ကာ မိမိတို့၏ကိုယ်ပိုင်
ခိုင်မြဲသောဥပဒေစနစ်ရှိကြောင်း ပြသရန်အတွက် ယခုနှစ်အတွင်း သစ်ခိုးမှုဖြင့် ဖမ်းဆီးရမိခဲ့သော
တရုတ်နိုင်ငံသား ၁ဝဝ ဦးကို ဥပဒေအတိုင်း ထိရောက်စွာအရေးယူသင့်ပါကြောင်း The Daily
Eleven သတင်းစာက ရေးသားအပ်ပါသည်။
၂၀၁၅
ဇန်န၀ါရီလ ၁၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
No comments:
Post a Comment