Wednesday, January 14, 2015

နမ့်စန်၊ ဗားမောက်နှင့် အင်းတော်မြို့နယ်တွင် အေ့ဒ်စ်ရောဂါ လျှော့ချရေး တိုးချဲ့



  မက်သဒုန်းဆေးရည် အစားထိုးတိုက်ကျွေးရေး အပါအ၀င် အေ့ဒ်စ်ရောဂါ လုပ်ငန်းများကို ယခုနှစ်အတွင်း မြို့နယ်သုံးခု တိုးချဲ့ဆောင်ရွက်မည်ဟု Save th Children မှ သတင်းရရှိသည်။

လက်ရှိ အချိန်အထိ ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၂၅ မြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ပြီး ဇန်န၀ါရီမှ စတင်ကာ ရှမ်းပြည်နယ်ရှိ နမ့်စန်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ဗားမောက်၊ အင်းတော်မြို့နယ်တို့တွင် တိုးချဲ့ဆောင်ရွက်မည် ဖြစ်သည်။

‘‘အဖွဲ့အစည်း ခုနစ်ခုနဲ့ ပူးပေါင်းချိတ်ဆက်ပြီး လုပ်ဆောင် မှာပါ’’ ဟု Save the Children မှ စီမံကိန်း ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဌေးအောင်က ပြောသည်။

လူနာ ၇၀၀၀ ကျော်မှ တစ်သောင်းကျော်အထိ ဘိန်းအစားထိုး မက်သဒုန်းဆေးရည် တိုးမြှင့် တိုက်ကျွေးနိုင်ရန် စီစဉ်သွားမည် ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများ ဖြစ်သော AHRN, MdM, HPA, SARA, Merlin, Burnet, MANA တို့နှင့် ပူးပေါင်းကာ မူးယစ်ဆေး အန္တရာယ် လျှော့ချရေးအတွက် မက်သဒုန်း တိုက်ကျွေးခြင်းအပြင် ဆေးထိုးအပ်များဝေခြင်း၊ ကွန်ဒုံးများဝေခြင်းနှင့် ကျန်းမာရေးအသိ ပညာပေးလုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ ပြုလုပ်မည် ဖြစ်သည်။

မူးယစ်ဆေး အကြောထိုးသွင်း လူနာမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၂ က ၂၀ ရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ ၂၀၁၃ တွင်မူ ၁၈ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ကြောင်း ၂၀၁၃ က ကောက်ယူထားသည့် ကျန်းမာရေးဝန်ကြီး ဌာန၏ စာရင်းဇယားများအရ သိရသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီ ကူးစက်ခံနေရသူများ၌ အဖြစ်များဆုံး အုပ်စု သုံးစွဲခွဲလိုက်ပြီး ၎င်းတို့တွင် မူးယစ်ဆေးထိုးသွင်းသူ ၁၈ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်ဆက်ဆံသူ ၁၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး လိင်အလုပ်သမများ ၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တို့၌ အများဆုံးတွေ့ရှိရကြောင်း သိရသည်။

7 Day Daily -နမ့်စန်၊ ဗားမောက်နှင့် အင်းတော်မြို့နယ်တွင် အေ့ဒ်စ်ရောဂါ လျှော့ချရေး တိုးချဲ့ 

အေအာရ်တီဆေး လက်လှမ်းမီရရှိရန် အစိုးရနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်
  အိတ်ခ်ျအိုင်ဗီဝေဒနာရှင်များ အေအာရ်တီဆေး လက်လှမ်းမီရရှိရေး လာမည့်နှစ်မှစတင်ကာ အစိုးရနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန် နိုဝင်ဘာက ပြည်တွင်း အဖွဲ့အစည်းများခေါ်ယူ၍ ယင်းအဖွဲ့အစည်းများ ဆောင်ရွက်နိုင်မည့် ကဏ္ဍအသီးသီးအား အစိုးရက ချမှတ်ပေးခဲ့ခြင်းဖြစ်သည်။
‘‘ပြီးခဲ့တဲ့လလောက်က အစည်းအဝေးခေါ်ပြီး နှစ်သိမ့်ဆွေးနွေးပညာပေးတွေ၊ ဆေးပေးတာတွေ၊ ဓာတ်ခွဲခန်းပေးတာတွေလို Package တွေပေးတယ်။ အဲဒီအထဲကမှ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကို ယူပြီးလုပ်ဖို့ပါ။ လက်ရှိ ရှိနေတဲ့ အစိုးရရဲ့ ဆေးပေးဌာနတွေမှာ ကျွန်တော်တို့လို အဖွဲ့အစည်းက လူတွေက သွားပြီးပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ 
ဟု ပြည်တွင်းအဖွဲ့အစည်းဖြစ်သည့် ပြည်ကြီးခင်မှ မန်နေဂျာဒေါက်တာ ဉာဏ်ထွန်းကပြောသည်။

ပြည်ကြီးခင်အဖွဲ့အစည်းအနေဖြင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းကို လုပ်ဆောင်သွားမည် ဖြစ်သည်။ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ မိမိမြို့နယ်မှာပင် ဆေးလာရောက်ထုတ်ယူနိုင်သော နေရာ ၁၅ ခု၌ အိတ်ခ်ျအိုင်ဗီရှိပြီး အေအာရ်တီဆေး အတွေ့အကြုံရှိပြီးသူ ၁၅ ဦးကို တစ်ဒေသလျှင် တစ်ဦးနှုန်းဖြင့် နှစ်သိမ့်ဆွေးနွေးပညာပေးရေး လုပ်ငန်းအတွက် ခန့်ထားအသုံးပြုသွားမည်ဖြစ်သည်။

အလားတူ ပြည်တွင်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် I-Cap တာဝန်ရှိသူတစ်ဦးကလည်း ‘‘လှိုင်သာယာ၊ ကျောက်တန်းနဲ့ သံဖြူဇရပ်(မွန်ပြည်နယ်) မှာ စ,ဖြန့်ကြက်နိုင်အောင် ကြိုးစားသွားမယ်’’ဟု ပြောကြားသည်။
အိတ်ခ်ျအိုင်ဗီဝေဒနာ ခံစားနေရသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်တွင်ပင် ဆေးထုတ်ယူနိုင်သည့် ဆေးပေးဌာနများရှိနေသော်လည်း ပတ်ဝန်းကျင်က သိရှိမည်ကို စိုးရိမ်ခြင်း၊ မြို့ကြီးများကပေးသည့် ဆေးနှင့် စစ်ဆေးသည့် စက်အရည်အသွေး ကွာခြားမည်စိုးခြင်းတို့ကြောင့် ဆေးလာထုတ်ယူမှုနည်းပါးနေပြီး ဆေးပေးသည့် မြို့ကြီးများ၌မူ စုပြုံဆေးထုတ်ယူခြင်းကြောင့် လူနာအင်အားနှင့် ဝန်ထမ်းအင်အား မမျှတမှုရှိနေခြင်းစသည့် အခက်အခဲများ ပြေလည်စေရန် ယခုကဲ့သို့ ပူးပေါင်းသွားမည်ဖြစ်သည်။

‘‘အခုက ဆေးရုံတွေမှာ အေအာရ်တီယူတာက တစ်လကို ရှစ်ထောင်လောက်ရှိတယ်။ တစ်နေ့ကို လူနာ ၃၀၀ လောက်ရှိတယ်။ လူနာနှစ်ဆတိုးလာတော့ ဆေးပေးဝန်ထမ်းက မလုံလောက်တော့ဘူး။ ဒါကို လျှော့ချချင်တာရယ်၊ မြို့နယ်တွေကို အခြေပြုပြီး ကိုယ်နေတဲ့မြို့မှာပဲ ဆေးထုတ်ယူလို့ ရအောင်ရယ် စီစဉ်နေပါပြီ’’ ဟု ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် (NAP) မှ ဒေါက်တာတင်မောင်ဇော်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက အေအာရ်တီဆေးပေးမှုကို ၂၀၀၅ မှ စတင်ခဲ့၍ ၂၀၁၃ တွင် အိတ်ခ်ျအိုင်ဗီဖြစ်ပွားသူ လူနာပေါင်းတစ်သိန်းကိုးသောင်းခန့်ရှိသည်။ ၎င်းတို့ထဲမှ အေအာရ်တီဆေးပေးရန် လိုအပ်သည့် လူနာပေါင်း တစ်သိန်းနှစ်သောင်းခန့် ရှိသော်လည်း ခုနစ်သောင်းခွဲကိုသာ ဆေးပေးနိုင်သေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။


သတ်မှတ်ထားချက်ရဲ့ ၇၅% ကို HIV အကြောင်း စရကို ပညာပေးနိုင်ခဲ့တယ်
တစ်နှစ်ကျော်အတွင်း မြို့ပေါင်း ၂၅၅ ကို ၉၁ ရာခိုင်နှုန်း တစ်နိုင်ငံလုံးအနှံ့ စက်ဘီးစီးပြီး အိတ်ခ်ျအိုင်ဗီ ရောဂါပိုးအကြောင်း ပညာပေးခဲ့တဲ့ စရကိုက သတ်မှတ်ထားချက်ရဲ့ ၇၅ ရာခိုင်နှုန်း အသိပညာပေးတာ လုပ်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၃ဝ မှာ ပြောဆိုခဲ့ပါတယ်။ နေရာတိုင်းကို စက်ဘီးနဲ့ပဲ သူသွားနိုင်ခဲ့ရဲ့လား။

လမ်းခရီးမှာ စက်ဘီးနဲ့တင် မဟုတ်ဘဲ တစ်ချို့ဒေသတွေမှာ လုံခြုံရေးအရ မြေမြှုပ်မိုင်းနဲ့ နယ်မြေလု တိုက်ပွဲတွေ ရှိတာ၊ မြေပုံထဲကလို အပြင်မှာ လမ်းမရှိတဲ့နေရာတွေနဲ့ ဝကိုယ်ပိုင်  အုပ်ချုပ်ခွင့်ရတိုင်းလို ဒေသတွေမှာတော့ ကားနဲ့ ခရီးဆက်ခဲ့ရတာရှိပြီး WHO ကအစ အိတ်ခ်ျအိုင်ဗီ ရောဂါကို မသေမပျောက်အဆင့် သတ်မှတ်ပြီးဖြစ်တာမို့ လူတိုင်း တစ်နေ့ သေရမှာကြောင့် တွေးကြောက်နေတာဟာ နှစ်ခါသေရတာနဲ့ တူပါတယ်လို့ စရကိုက နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ သတင်းစာရှင်းလင်းပွဲလုပ် ပြောခဲ့ပါတယ်။

သူ့ရဲ့ခရီးစဉ်မှာ အသုံးပြုဖို့ နာရေးကူညီမှုအသင်း (ရန်ကုန်) က စက်ဘီး ၂ စီး ထောက်ပံ့ခဲ့တဲ့အပြင် ရောက်တဲ့မြို့နယ်တိုင်းက နာရေးကူညီမှုအသင်းတွေက ပညာပေးဟောပြောမှုတွေအတွက် လူစုပေးတာ၊ စားရေးသောက်ရေးနဲ့ ကျန်းမာရေးအတွက် လိုအပ်တာတွေ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

စရကိုရဲ့ ဖခင်က သားဖြစ်သူရဲ့ ခရီးစဉ်ဟာ လုပ်ရပ်ကောင်းဖြစ်တာကြောင့် သူ့ကျန်းမာရေး အခြေအနေကို ဂရုစိုက်ဖို့ မှာခဲ့တာကလွဲလို့ တားဆီးတာ မလုပ်ခဲ့သူလို စရကိုမှာ အိတ်ခ်ျအိုင်ဗီရောဂါပိုး ရှိနေပြီဆိုတာ သိချိန်က သားတစ်ယောက် ဆုံးရှုံးရတော့မယ်ဆိုတဲ့ အသိ လွှမ်းမိုးခဲ့ပေမယ့် အခုတော့ ဂုဏ်ယူမှုတွေပဲ ရှိတော့တယ်လို့ ပြောပါတယ်။
စရကိုဟာ သူ့ခရီးစဉ်အတွင်း သုံးစွဲခဲ့တဲ့ စက်ဘီးနှစ်စီးကို ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းရုံးမှာ အမှတ်တရ ထားရှိမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အိတ်ခ်ျအိုင်ဗီပညာပေးမှုကို စာသင်ကျောင်းတွေမှာ လိုက်ဟောပြောဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။


HIV ရောဂါသည်များကို စောင့်ရှောက်မှု တိုးတက်စေရန် အဖွဲ့သုံးဖွဲ့ ပူးပေါင်း ဆောင်ရွက်မည်

မြန်မာနိုင်ငံ အတွင်း HIV ရောဂါခံစား နေရသည့် ရောဂါသည်များကို စောင့်ရှောက်မှု ပိုမို တိုးတက်လာစေရန်နှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီထားကြောင်း နယ်စည်းမထား ဆရာဝန်များ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက်ကို နယ်စည်းမထား ဆရာဝန်များ အဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနနှင့် Merieux ဖောင်ဒေးရှင်းတို့ သဘောတူ လက်မှတ် ရေးထိုးထားကြောင်း သိရသည်။
သဘောတူညီချက်အရ မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနနှင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ HIV/AIDS လူနာများအတွက် ပိုးကောင်ရေ စမ်းသပ်စစ်ဆေးမှု အဆင့်မြှင့်တင်နိုင်မည် ဖြစ်ပြီး ယင်းစစ်ဆေးမှုကြောင့် ရောဂါ ဝေဒနာရှင်များကို ကုသမှုပိုင်းတွင် ထိရောက်စေမည့် အကျိုးသက်ရောက်မှုများ ရှိလာမည် ဖြစ်ကြောင်း သိရသည်။

နယ်စည်းမထား ဆရာဝန်များ အဖွဲ့အနေဖြင့် ပိုးကောင်ရေ စစ်ဆေးမှုကို လစဉ်လတိုင်း အကြိမ် ၁ဝဝဝ နီးပါး စမ်းသပ် စစ်ဆေးပေးလျက်ရှိသည်။ လက်ရှိတွင် နယ်စည်းမထား ဆရာဝန်များ အဖွဲ့သည် ပြည်တွင်းရှိ HIV/AIDS လူနာ  ၃၅ဝဝဝ  ကျော်ကို ဆေးကုသ ပေးလျက် ရှိပြီး  အဆိုပါ အရေအတွက်မှာ မြန်မာနိုင်ငံ တစ်ဝန်းရှိ ဆေးကုသမှု ခံယူနေသော HIV/AIDS ရောဂါဝေဒနာရှင် စုစုပေါင်း အရေအတွက်၏ ထက်ဝက်ခန့် ရှိကြောင်း သိရသည်။

ရန်ကုန်   ဒီဇင်ဘာ   ၂၈


HIV ရှိသူတွေ ဖန်တီးတဲ့ လက်မှုပစ္စည်းတွေ ဈေးကွက်ဝင်ဖို့ ခြေလှမ်းပြင်နေတယ်

အိတ်ခ်ျအိုင်ဗီရောဂါပိုးနဲ့ နေထိုင်ကြသူတွေ၊ သူတို့နဲ့ ဆက်စပ်နေတဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာ ပညာပေးဖို့နဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေသင်ပေးနေတဲ့ Action for Public အဖွဲ့ဟာ အခုတော့ လူမှုတာဝန်သိတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုအတွက် ခြေလှမ်း စတင်နေပါပြီ။ ဒီအဖွဲ့က ရောဂါပိုးရှိသူတွေအတွက် ဘယ်လိုအလုပ်အကိုင်တွေ ဖန်တီးပေးမှာလဲ။
၂ဝဝ၈ ကနေ ၂ဝ၁၂ အထိ စက်ချုပ်သင်တန်း၊ စွမ်းဆောင်ရည်မြင့်သင်တန်းတွေ ပေးခဲ့တဲ့ Action for Public အဖွဲ့ဟာ အမှီအခိုကင်းကင်း ရပ်တည်နိုင်ရေးအတွက် စူပါမားကတ်တွေ၊ ဆိုင်တွေမှာ လက်မှုပစ္စည်း အရုပ်တွေကို တင်ရောင်းနိုင်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာတော့ Pomelo ဆိုင်မှာ ရောဂါပိုးရှိသူတွေ ကိုယ်တိုင်လက်နဲ့ ဖန်တီးထားတဲ့ လက်မှုထည်တွေကို ရောင်းချခဲ့တယ်လို့ ထူထောင်သူ မကြည်ပြာချစ်စောက ပြောပါတယ်။

မြန်မာနိုင်ငံမှာ Social Business က မထွန်းကားသေးတဲ့အကြောင်း၊ အရင်က အိတ်ခ်ျအိုင်ဗီရောဂါပိုးရှိသူတွေ ဖန်တီးတဲ့ ပစ္စည်းတွေ၊ လက်မှုထည်တွေကို အလှူအဖြစ်ပဲ သုံးသုံး မသုံးသုံး ရောင်းချနေရာက မြန်မာ့ရိုးရာ ချည်စစ်စစ်နဲ့ မြန်မာဆန်ဆန် ဒီဇိုင်းတွေနဲ့ ပြုလုပ်ထားတဲ့ အရုပ်တွေကို တကယ့်ဈေးကွက်ထဲ လိုအပ်တဲ့၊ သုံးမယ့်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချမယ့်ဘက်ကို ဦးတည်သွားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းက မြန်မာပြည်သူတွေကြား စိတ်ဝင်စားမှုနည်းပေမယ့် ကမ္ဘာလှည့်ခရီးသည်တွေကြိုက်တဲ့ အမှတ်တရ လက်ဆောင် ပစ္စည်းတွေဖြစ်တာကြောင့် ပြည်တွင်းဈေးကွက်မှာ လူကြိုက်များလာဖို့ လူအင်အား လိုနေတဲ့အပေါ် ကြိုးစားနေဆဲပါလို့ ဆိုပါတယ်။
သဇင်ဆေးခန်းမှာ စေတနာ့ဝန်ထမ်းလုပ်ခဲ့ရာက Action for Public နဲ့ ပူးပေါင်းခဲ့သူ မဌေးဌေးလွင်က သင်တန်းတွေတက်ခဲ့ပြီး အလုပ်အကိုင်ရှိလာခဲ့တာကြောင့် စီးပွားရေးလည်း ပြေလည်လာခဲ့တယ်လို့ ပြောပြပါတယ်။ စိတ်ဓာတ်ခွန်းအားလည်း ရှိလာပြီး မိသားစု ချို့ချို့တဲ့တဲ့ မရှိတော့ဘဲ ကိုယ်တိုင် ရောဂါပိုးရှိပေမယ့် နားလည်လာအောင် ရှင်းပြတယ်လို့ ဆိုပါတယ်။

ရုပ်သံ - https://www.youtube.com/watch?v=IXMGZ120C7o
ကမာရွတ် - HIV ရှိသူတွေ ဖန်တီးတဲ့ လက်မှုပစ္စည်းတွေ ဈေးကွက်ဝင်ဖို့ ခြေလှမ်းပြင်နေတယ်

No comments: