Saturday, January 3, 2015

သီတဂူဆရာတော်ကြီးနှင့် အီရန်နိုင်ငံအစည်းဝေးမှတ်တမ်း၊ အစည်းဝေးထုတ်ပြန်ချက်



(အီရန်နိုင်ငံ၊ တီဟီရန်မြို့ ) - NEWS - (2-JAN-2015)

သီတဂူဆရာတော်ကြီးသည် နောက်ပါ တပည့်များဖြစ်သည့် အရှင်ဥက္ကံသ၊ အရှင်ဝိသုတ၊ သီတဂူ ကိုကျော်မိုးနိုင်တို့ကို ဦးဆောင်လျှက် အီရန်နိုင်ငံ ယဉ်ကျေးမှုနှင့် ဆက်ဆံရေးဝန်ကြီးဌာန၏ ဖိတ်ကြားမှုဖြင့် အီရန်နိုင်ငံသို့ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာနှစ်ခုအကြောင်း အချင်းချင်း ဘာသာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Multilateral Dialogue between Islam and Buddhism) ဆွေးနွေးပွဲ တက်ရောက်ရန် ဒီဇင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ကာတာလေကြောင်းဖြင့် မြန်မာနိုင်ငံမှ အီရန်နိုင်ငံသို့ ထွက်ခွာခဲ့ပါသည်။

မြန်မာနိုင်ငံတွင် နေထိုင်သော ရှီးယား မူစလင် အီမန်နှစ်ဦးနှင့်အတူ ၎င်းတို့၏ ဘာသာဝင်များ၊ သီတဂူကပ္ဗိယ ကာရက အဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ကြသည်။ အီရန်နိုင်ငံ အီမန်ခိုမေနီလေဆိပ်သို့ ည အချိန်တွင် ဆိုက်ရောက်ခဲ့သည်။ အီရန်နိုင်ငံ ယဉ်ကျေးမှု ဌာနမှ တာဝန်ရှိသူများက လာရောက်ကြိုဆိုကြပြီး ပါရှန်း အဇာဒိ ဟိုတယ်သို့ ပို့ဆောင်ပေးခဲ့သည်။ လေဆိပ်မှ ဟိုတယ်တည်ရှိရာ တီဟီရန်မြို့သို့ ၁ နာရီကျော်ကြာ ခရီးဆက်ရသည်။ ဟိုတယ်သို့ ည ၁၁ နာရီ အချိန်တွင် ရောက်ရှိသည်။

  နောက်တစ်နေ့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဟိုတယ်မှာ မနက်စာ သုံးဆောင်ပြီး ပထမရက် ဆွေးနွေးပွဲကျင်းပရာဖြစ်သော Islamic Culture and Relation Organization ရုံးချုပ်ရှိရာသို့ ထွက်ခွါခဲ့ကြသည်။ ရှေ့ဦးစွာ Islamic Culture and Relation Organizationမှ ဥက္ကဌ Dr. Abuzar Ibrahimiက မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ ဗုဒ္ဓဘာသာ အဖွဲ့များကို လှိုက်လှဲစွာ ခရီးဦးကြိုဆိုပြီး နားနေဆောင်၌ အပြန်အလှန် နှုတ်ခွန်းဆက် စကားပြောကြားကြသည်။ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် အဓိက အစည်းဝေးကျင်းပရာ ခန်းမ အတွင်းသို့ ကြွရောက်ကြပြီး ဆွေးနွေးပွဲကို စတင်ခဲ့သည်။

  ဆွေးနွေးပွဲ၏ အဓိကခေါင်းစဉ်မှာ အစွန်းရောက်မှု၊ အကြမ်းဖက်မှုများကို မူစလင်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် နှစ်ခုတို့က ပူးပေါင်း၍ မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်း အဖြေရှာကြမလဲ ခေါင်းစဉ်ဖြစ်ပါတယ်။ (Cooperation between Muslims and Buddhists in confronting violence and extreme)၊ ဆွေးနွေးပွဲကို ဗုဒ္ဓဘာသာအဖွဲ့မှ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကိုယ်စားပြုအဖြစ် သီတဂူဆရာတော်ကြီး ထိုင်းနိုင်ငံဗုဒ္ဓဘာသာကိုယ်စားပြုအဖွဲ့ဖြစ် Phra Khru Wibulphatthanakit, သီရိလင်္ကာ နိုင်ငံဗုဒ္ဓဘာသာကိုယ်စားပြုအဖြစ် နိုင်ငံတကာ ဗုဒ္ဓဘာသာလေ့လာရေးဌာနမှ ဒါရိုက်တာ ပရော်ဖက်ဆာ ဒေါက်တာဣန္ဒာစာရနှင့် သိရီလင်္ကာနိုင်ငံ သမ္မတ၏အကြံပေး ဆရာတော် ဓမ္မသာမိတို့ တက်ရောက်ကြသည်။ အစ္စလာမ်ဘာသာဝင်ကိုယ်စားပြုအဖြစ် အစ္စလမ် ယဉ်ကျေးမှုနှင့် ဆက်ဆံရေး အဖွဲ့မှ ဥက္ကဌ Dr. Abuzar Ibrahimi, Innner Religious Dialouge Center မှ ညွှန်ကြားရေးမှု Dr. Ali Mohammd Helmi၊ တီဟီရန်တက္ကသိုလ် ဝိဇ္ဖာနမှ ဥက္ကဌ Dr. Hassan Bolkhari၊ Academy of Sciences မှ အစ္စလာမ်းမစ် လေ့လာရေးဌာနမှ ဥက္ကဌ Ayatollah Professor Seyed Mostafa Mohaqeq Dmad၊ University of Religions and Religious Denominaitons မှ ဥက္ကဌ Hojjatoleslam Dr. Abulhassan Navab နှင့် အခြားသော အစ္စလာမ်ဘာသာခေါင်းဆောင်များ၊ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

အစည်းဝေးတွင် သီတဂူဆရာတော်ကြီးက မြတ်ဗုဒ္ဓ၏ ဒေသနာတော်၌ လာသော လူမှုရေး ပဋိပက္ခ၏ အကြောင်းအရင်များကို ဖြေရှင်းရန် နည်းလမ်းများ ဟူသော ခေါင်စဉ်ဖြင့် စာတမ်းဖတ်ကြား ဆွေးနွေးပြီး၊ ထိုင်းဆရာတော်၊ သီဟိုလ်ဆရာတော်များကလည်း အသီးသီးစာတမ်းများဖတ်ကြားဆွေးနွေးကြသည်။ အစ္စလာမ်းမစ် တက္ကသိုလ်အသီးသီးမှ ပရော်ဖက်ဆာများ၊ ဥက္ကဌများကလည်း စာတမ်းများ အသီးသီး ဖတ်ကြားဆွေးခဲ့ကြသည်။ အစည်းဝေးကို မွန်းတည့် ၁၂ နာရီတွင် ရပ်နားခဲ့သည်။

မနက်ပိုင်းအစည်းဝေးပြီးစီးချိန်မှစ၍ ထိုင်းနိုင်ငံဆရာတော်၊ သီဟိုလ်ဆရာတော်တို့က နောင်တွေဆုံပွဲများ၌ သီတဂူဆရာတော်ကြီးကို ဗုဒ္ဓဘာသာခေါင်းဆောင်အဖြစ် ဆွေးနွေးစေခဲ့သည်။ သီတဂူဆရာတော်ကြီး တစ်ပါးတည်းကဘဲ မည်သူနှင့်တွေ့တွေ့ အဓိက ဦးဆောင်ဆွေးနွေးခဲ့သည်။

ညနေ သုံးနာရီတွင် အီရန် သမ္မတ ဒေါက်တာ ရူဟနီ၏ အထူးအကြံပေး H.I Younesi နှင့် သီတဂူဆရာတော်ကြီး ဦးဆောင်သော ဗုဒ္ဓဘာသာအဖွဲ့တို့ ဘာသာရေး၊ လူမှုရေး ဆိုင်ရာများ အမြင်များကို ဆွေးနွေးတိုင်ပင်ကြသည်။ တစ်နေ့တာ နောက်ဆုံး အစီစဉ်ဖြင့် သီတဂူဆရာကြီးဦးဆောင်သော ဗုဒ္ဓဘာသာအဖွဲ့နှင့် အီမန် ခိုမေနီ Relief Foundation ခေါင်းဆောင်နှင့် တွေ့ဆုံပြီး ဗုဒ္ဓဘာသာနှင့် အစ္စလာမ်တူညီမှုများကို ချစ်ခင်ရင်းနှီးစွာ အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဒုတိယနေ့ ဆွေးနွေးပွဲကို ရှေ့ဟောင်းကွမ်းမြို့ရှိ ဘာသာရေးတက္ကသိုလ်တွင် (University of Religions and Denominations) ဆက်လက်ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲတွင် ဗုဒ္ဓဘာသာအဖွဲ့မှ သံဃာတော်တို့နှင့် တက္ကသိုလ် ပါမောက္ခများ စာတမ်းများ ဖတ်ကြား ဆွေးနွေးကြသည်။ သီတဂူဆရာတော်က ဤဆွေးနွေးပွဲမှာ အစ္စလာမ်ဘာသာဝင် ပါမောက္ခတို့၏ ဆွေးနွေးချက်များကို နားထောင်ရသည့်အတွက် အလွန်ကျေးဇူးတင်ကြောင်း၊ လူသားတို့အတွက် အမြဲမှန်ကန်သော သစ္စာတရားရှိသော်လည်း မသိနားမလည်သည့် အောက်ခြေလူထု အများအပြားပင်ရှိသေးသဖြင့် ယခု မိမိတို့ ရောက်ရှိနေသော ဘာသာရေးတက္ကသိုလ်ကဲ့သို တစ်နေရာတည်း၌ ဘာသာပေါင်းစုံးကို သင်ကြားသော ဘာသာရေးတက္ကသိုလ်များ များများတည်ထောင်ဖို့ အထူးပင်လိုအပ်ကြောင်း၊ အခြေခံကျောင်းမှာ ဘာသာရေးဆိုင်ရာ အသိပညာများ သင်ကြားပေးသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာမှာ သီလ၊ သမာဓိ၊ ပညာတို့သည် လူတိုင်းကျင့်ရမည့် ကျင့်စဉ်ဖြစ်ကြောင်း၊ ဤတရားများ လူသားတို့၏သန္တာန်မှာ ကင်းမဲ့ပါက မဖြစ်သင့်သည် အရာများ ဖြစ်ပွားနိုင်ကြောင်း၊ အထူးအားဖြင့် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ အကြား ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်တို့သည် အောက်ခြေအဆင့် လူထုတို့မှာ ဘာသာရေး သင်ကြားချက်မှား ကင်းမဲ့၍ ဖြစ်ကြောင်း၊ မီဒီယာတို့၏ ကျင့်ဝတ်နှင့် မညီသော ရေးသားဖော်ပြချက်ကလည်း ပဋိပက္ခကို မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ်ခဲ့ကြောင်း ရှင်လင်းပြောကြားခဲ့သည်။

ဘာသာဝင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမို ရရှိစေရန်နှင့် တည်မြဲရန် မိမိတို့ တက္ကသိုလ်အနေဖြင့် ဆရာ၊ ကျောင်းသား အပြန်အလှန် ဖလှယ်ခြင်းကို ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။ အစ္စလာမ်ဘာသာရေးတက္ကသိုလ်ဘက်ကလည်း မိမိတို့မှာ ပါဠိဘာသာနှင့် ဗုဒ္ဓဘဘာသာသင်ကြားပေးမည့်သူ လိုအပ်ကြောင်း မေတ္တာရပ်ခံရာ သီတဂူဆရာတော်က မိမိတက္ကသိုလ်မှ ပါဠိဆရာ စေလွတ်ပေးနိုင်သည်ဟု ပြန်ကြား ခဲ့သည်။

သီတဂူဆရာတော်ကြီးက ဤကဲ့သို့သော ဆွေးနွေးပွဲသည် နှစ်ဖက်ဘာသာဝင်တို့အကြား နားလည်မှု ပိုမိုရရှိစေရန် အရေးပါလှသဖြင့် နောက်နောင်တွင်လည်း မိမိတို့ဘက်မှ ကျင်းပပါဦးမည်။ ထိုအခါ လာရောက်နိုင်ပါရန် ဖိတ်ကြားပါမည်ဟု ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပြီး၌ သီတဂူဆရာတော်ကြီးကို အစ္စလမ်ဘာသာရေးခေါင်းဆောင်များ၊ တက္ကသိုလ်ဆရာများက သူတို့ရေးသားသော စာအုပ်များကို လက်ဆောင်များပေးကြ၊ ဆရာတော်ကြီး ချစ်ခင်လေးစားကြောင်းပြသကြသည်ကို မြင်ရ၊ တွေ့ရသည်မှာ အတော်ကြည်နူးစရာကောင်းသည်။ အစ္စလာမ်တက္ကသိုလ် ပါမောက္ခဆရာကြီး တစ်ယောက်က သူဘိက္ခုဝတ်ခြင်းကြောင်း ရဟန်းဖြစ်လိုကြောင်း သီတဂူဆရာတော်ကြီး ထံ ကပ်ပြောကြားသံကိုလည်း ကြားလိုက်ရသေးသည်။

အံ့သြစရာကောင်းသည်မှာ ထိုဘာသာရေးတက္ကသိုလ်မှာ အစ္စလာမ်ပါမောက္ခဆရာကြီး တစ်ယောက် မြတ်ဗုဒ္ဓ၏ ဣတိဝုတ္တက ပါဠိတော်ကြီးကို အီရန် ပါရှန်းဘာသာလို ပြန်ထားသည်။ နောက်ဆရာကြီးတစ်ယောက်က အရိမေတ္တေယျ နောင်ပွင့်တော်မူမည့် ဘုရားအကြောင်း စာအုပ်ရေးသားထားသည်။ ဆွေးနွေးပြီးသော်လည်း ထိုအစ္စလာမ် ပါမောက္ခဆရာကြီးများက သီတဂူဆရာတော်ကြီးကို ဗုဒ္ဓဘာသာအကြောင်း အကျဉ်းချုပ်ဟောပြော ပို့ချပေးပါရန် တောင်းဆိုလာသဖြင့် သီတဂူဆရာတော်ကြီးက မြတ်ဗုဒ္ဓဒေသနာတော်၏ အနှစ်ဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာအကြောင်းကို အကျဉ်းချုပ်ဟောပြောခဲ့သည်။ ဆွေးနွေးပွဲကို ညနေ သုံးနာရီအချိန်တွင် အချက် ဆယ်ချက်ပါဝင်သော ပူးပေါင်းထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခြင်းဖြင့် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။


#‎သဘောတူကြေငြာစာတမ်း
၁၂ ချက်မှာ

၁။ ကမ္ဘာ၌ဖြစ်ပေါ်နေသော ဆူပူသောင်းကြမ်းခြင်းနှင့် အစွန်းရောက်ခြင်းတို့ကို ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့ လက်တွဲကာကွယ်ရန်နှင့် ဘာသာတရား၂ခုတို့ ငြိမ်းချမ်းစွာ အတူတကွ လက်တွဲနေထိုင်ရန်

၂။ ဘာသာရေးဂိုဏ်ဂဏအားလုံး ဘာသာတရားအားလုံးတို့၏ အဆုံးမများနှင့် ယုံကြည်မှုများကို အပြန်အလှန် ရိုသေလေးစားကြရန်။

၃။ ဘာသာရေးအဖွဲ့အစည်းတစ်ခုခု၏ အမည်၊ သို့မဟုတ် ဘာသာတရားတစ်ခုခု၏ အမည်ကိုအသုံးပြု၍ လွန်ကြူးသော မည်သည့်အစွန်းရောက်ခြင်း၊ ဆူပူသောင်းကြမ်းခြင်းမျိုးကိုမဆို ရှုတ်ချကန့်ကွက်သည်။

၎။ မည်သည့်ဘာသာတရားနှင့် ဘာသာရေးအဖွဲ့အစည်း လူသားတို့၏ဘဝကို ခြိမ်းခြောက်လာသော မည်သည့်ခြိမ်းခြောက်ခြင်းမျိုးကိုမဆို စုပေါင်းကာကွယ် ဖြေရှင်းပေးရန်။

၅။ ဘာသာတရား နှစ်ခု၏ ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်ကိုးကွယ်သူ အချင်းချင်း ချစ်ခင်ရင်းနှီမှု၊ ဘာသာရေးအဖွဲ့အစည်းတို့၏ ချစ်ခင်ရင်းနှီမှုများကို နှောက်ယှက်လာသော မည်သည့်ပြဿနာမျိုးကိုမဆို ဘာသာနှစ်ခု ပူးပေါင်းဖြေရှင်းရန်

၆။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ အထူးသဖြင့် ဘာသာဝင်လူငယ်များကို ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များက ပညာရေးနှင့် လူမှုရေးများ လက်တွဲဆောက်ရွက်ပေးဖို့ ပြင်ဆင်ထားရန်။

၇။ ဗုဒ္ဓဘာသာ အစ္စလာမ်ဘာသာနှင့် ထိုဘာသာဝင်များကို ခြိမ်းခြောက်နေသည့် ပြဿနာများအတွက် ဘာသာတရား နှစ်ခုတို့က လက်တွဲ အဖြေရှာကြရန်။

၈။ ဘာသာရေးနှင့် လူသားတို့၏ ဘဝတန်ဖိုးနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော အပြုမူများကို လက်တွဲကာကွယ်စောင့်ရှောက်ရန်။

၉။ လူငယ်များနှင့် အနာဂါတ်မျိုးဆက်သစ်များအတွက် ဘာသာရေးနှင့် ယဉ်ကျေးမှု ပညာရေး စီမံချက်များကို လက်တွဲပြင်ဆင်ပေးရန်။

၁၀။ ဘာသာတရားအားလုံးတို့နှင့် ပဋိပက္ခမရှိ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် သွားကြရန်။
၁၁။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့ အပြန်အလှန်ချစ်ကြည် ရင်းနှီးမှုနှင့် နားလည်မှု ပိုမိုကောင်းမွန်ရေးအတွက် ပညာရေး ဖလှယ်မှုများ ပြုလုပ်ရန်။

၁၂။ ဘာသာတရားနှစ်ခု အပြန်အလှန် ဆက်သွယ်ရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများ ပူတွဲဆောက်ရွက်ရေးတို့ ပိုမိုရင်းနှီး နီးစပ်လာအောင် ဆောက်ရွက်ကြရန်။

မှတ်ချက် ။ ။ မူရင်း Statement ထုတ်ပြန်ချက်မှာ အချက်အလက် ၁၀ ခုသာ ပါရှိသည်။ သို့သော် ရှည်လျားသော အပိုင်းများကို လွယ်ကူစွာ နားလည်စေရန် သီးခြားခွဲထုတ် ဘာသာပြန်လိုက်သဖြင့်၁၂ချက် ဖြစ်သွားသည်။
သီတဂူဆရာတော်ကြီး၏ မိန့်ခွန်းကို သီတဂူဆရာတော်ကြီးကိုယ်တိုင် ဘာသာပြန်ထားသည်။ သီးခြားဖော်ပြပါမည်။

အစည်းဝေးမှတ်တမ်းသူ
သီတဂူအရှင်ဥက္ကံသ၊ သီတဂူအရှင်ဝိသုတ
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။
သီတဂူသာသနာပြုအဖွဲ့၊၊

No comments: