Sunday, January 11, 2015

ကိုယ့်ရည်းစား၊ အိမ်ထောင်ဖက် ဖောက်ပြန်နေသလား ဆိုတာ ဒီအချက် (၆)က ဖော်ထုတ်ပေးနိုင်





လူတစ်ယောက်က၊ အထူးသဖြင့် ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်က ကိုယ့်ကိုလိမ်ညာနေပြီလား၊ အခြားတစ်ယောက်နဲ့ ရှုပ်နေပြီလားဆိုတာ စိတ်ကအလိုလိုကို သိနေတတ်ပါတယ်။ မသိစိတ်က ခံစားမိနေတာမျိုးပေါ့။ ဒါပေမယ့် ဟုတ်ပါ့မလား၊ ငါလျှောက်ထင်နေတာများလားဆိုပြီး ကိုယ်ကိုယ်တိုင် ဇဝေဇ၀ါ ဖြစ်လာတဲ့အခါမှာတော့ ဒီအချက်လေးတွေက သင့်ကို ကူညီပေးနိုင်မှာပါ။

၁။လိင်ကိစ္စတွေမှာ အရင်လို မဟုတ်တော့ဘူး။

ကိုယ့်အိမ်ထောင်ဖက်နဲ့ နေတဲ့အခါ အရင်လို မဟုတ်တော့ဘူး။ ဆိုလိုတာက သူနဲ့အတူနေတဲ့အချိန် မကောင်းတာမျိုးကို ပြောတာမဟုတ်ပါဘူး။ ဒါတွေက အရင်လိုပဲ ပြောင်းလဲမှုမရှိပေမယ့် ပြောင်းလဲသွားတာက သူနဲ့အတူ နေပြီးတဲ့အခါ သူက အရင်ကလို ကိုယ့်ဘေးနားမှာ လဲလျောင်းပြီး ကိုယ့်ကိုချစ်ခင်ကြင်နာကြောင်း ကိုယ့်ပါးလေးကို တဖွဖွနမ်း၊ ကိုယ့်နဖူးလေးတွေ တဖွဖွနမ်းပြီး ပြောနေတာမျိုးတွေ မလုပ်တော့ပါဘူး။ ချက်ချင်းဆိုသလို ဖုန်းကို ကိုင်ပြီး ဟိုကြည့်ဒီကြည့် လုပ်တာမျိုး၊ သူ့ဘာသူ့ ဓာတ်ပုံရိုက်နေတာမျိုး စသဖြင့် အပြုအမူတစ်ချို့ ပြောင်းလဲသွားပါလိမ့်မယ်။

၂။ပိုပြီး လျှို့လျှို့ဝှက်ဝှက် နေထိုင်တတ်လာမယ်။

အရင်နဲ့ ကွာခြားသွားတာက သူ့ဖုန်းကို သူသွားလေရာ အိမ်သာထဲအထိတောင် သယ်သွားတတ်တယ်။ ဖုန်းကို ကောက်ကိုင်မိရင်တောင် ဘာလုပ်မလို့လဲ ဆိုတာမျိုး မေးမြန်းခံရမယ်။ ဖုန်းပြောတော့မယ်၊ ဖုန်းလာပြီဆိုရင် အရင်ကလို ကိုယ့်ဘေးနားမှာတင် မပြောတော့ပဲ တစ်ခြားအခန်း၊ တစ်ခြားနေရာသွားပြောတာမျိုးတွေ လုပ်လာတတ်တယ်။ ဒါဟာ မသင်္ကာစရာအကောင်းဆုံး အချက်တွေထဲက တစ်ခုပါပဲ။

၃။အရင်ထက် ပြင်ပြင်ဆင်ဆင် နေလာမယ်။

အရင်က ခြေသည်း၊ လက်သည်းတွေ သန့်သန့်ရှင်းရှင်းနေဖို့ ကိုယ်ကပြောဆိုမှ သန့်ရှင်းရေးလုပ်တတ်တဲ့လူက ခုတော့ အမြဲတမ်း သန့်ရှင်းကျော့မော့နေအောင် နေတတ်လာသလို ဖက်ရှင်ပိုင်းကိုလည်း ပိုဂရုစိုက်လာမယ်။ GYM သွားပြီး ဘော်ဒီအမိုက်စားဖြစ်အောင် အသည်းအသန် ကြိုးစားနေတယ်ဆိုရင် ဒါဟာဘာကြောင့်များလဲ ဆိုတာ တွေးနေစရာ သိပ်မလိုတော့ပါဘူး။

၎။ကိုယ့်အတွက် သီးသန့်အချိန် သူ့မှာ မရှိတော့ဘူး။

အလုပ်တွေများလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ပြန်နောက်ကျမယ်။ နေ့လည်နေ့ခင်းကျရင်လည်း ဖုန်းတစ်ချက်တောင် ကိုယ့်ဆီ ပြန်ဆက်ဖော်မရတော့တဲ့အထိ ဖြစ်လာမယ်။ သူနဲ့ကိုယ်ကြား နှစ်ဦးသားအတူရှိရတဲ့အချိန်ဟာ အိပ်ချိန်လေးပဲ ရှိတော့မယ်။

၅။နှစ်ယောက်စလုံးရဲ့ ဘဏ်အကောင့်မှာ ငွေတွေထုတ်သုံးထားတာ အရင်ထက်ပိုများနေမယ်။

အရင်က တစ်လကို ဘယ်လောက်ဆိုပြီး သတ်သတ်မှတ်မှတ်သာ သုံးစွဲတတ်ပေမယ့် ခုတော့ ထွက်ငွေက အရင်ကထက် ပိုများနေမယ်။ ဘာ့ကြောင့်ဆိုတာ မသိရပေမယ့် ငွေထုတ်ထားတာဟာ အရင်ထက်ပိုများနေမယ်ဆိုရင် ဒါဟာ ဘာ့ကြောင့်လဲဆိုတာ တွေးကြည့်လို့ရပါတယ်။

၆။တစ်ခုခုမေးလိုက်ရင် ဘာ့ကြောင့်ဆိုတာ မရှင်းပဲ အတင်းငြင်းပြီး ကိုယ့်ကိုပြန်အပြစ်တင်တတ်တယ်။

အိမ်ပြန်နောက်ကျလို့၊ ဖုန်းဆက်တုန်းက မကိုင်လို့ စသဖြင့် တစ်ဖက်လူကို မေးလိုက်တဲ့အခါ ကိုယ့်မေးခွန်းကို သူက အဖြေတိုက်ရိုက်ပေးဖို့ထက် ကိုယ့်ကိုပြန်အပြစ်ရှာတတ်ပါတယ်။ ဖြေရှင်းသည့်တိုင်အောင် သူဘယ်လောက် အလုပ်တွေ ရှုပ်နေကြောင်း၊ ဘယ်လောက်ပင်ပန်းရကြောင်းပြောပြီး သူ့အပြစ်ကို ကိုယ့်အပြစ်ပြန်လုပ်တတ်ပါတယ်။


Written by မေသော်
 

Ref: womenshealthmag.com

No comments: