ခေါင်းဆောင်မှု ဘာသာရပ်ကို လေ့လာသူဖြစ်သည့် အားလျော်စွာ စာရေးသူသည် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ခေါင်းဆောင်မှု ပညာရပ် ရှုထောင့်မှ အစဉ်တစိုက် လေ့လာခဲ့ပြီး ၂၀၁၁ တွင် “ဗိုလ်ချုပ်နှင့် ခေါင်းဆောင်မှု ရှာပုံတော်” ဟူသော ခေါင်းဆောင်မှု ပညာရပ်စာအုပ်ကို ဗိုလ်ချုပ်အား Case-study ဓာတ်ခွဲခန်းအဖြစ် လေ့လာပြီး ရေးသားထုတ်ဝေခဲ့သည်။ ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်ရာပြည့် အထိမ်းအမှတ်ပွဲများ ကျင်းပကြချိန်တွင် “အသက်ရာပြည့်အထိ ဗိုလ်ချုပ်ကို လူတွေ ဘာ့ကြောင့် တမ်းတနေရပါသလဲ”၊ “ဗိုလ်ချုပ် ဘာကြောင့် ဒီလောက်အောင်မြင်ခဲ့သလဲ”၊ “အခြားသော ခေါင်းဆောင်များကြားထဲတွင် ယခုကဲ့သို့ ထိုးထွက်နေရခြင်းမှာ ဘာကြောင့်လဲ” ဆိုသော မေးခွန်းများကို ဆန်းစစ်လိုပါသည်။
စာရေးသူအမြင်အရ ဗိုလ်ချုပ်တွင် သူ့အရင်၊ ခေတ်ပြိုင်၊ သူ့နောက် ပေါ်ထွန်းသော အခြားခေါင်းဆောင်များထက် သာသော အချက်သုံးချက် ရှိသည်။
(၁) မိမိအကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွား ဦးထိပ်ထားခြင်း
(၂) လူတော်ချစ်ခြင်း
(၃) သွေးစည်းစေခြင်း
(၁) မိမိအကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွား ဦးထိပ်ထားခြင်း
အခြားခေါင်းဆောင်များထဲတွင် ဗိုလ်ချုပ်ကဲ့သို့ ထက်မြက်သော၊ ဇွဲကြီးသောသူများ ရှိသော်လည်း နိုင်ငံ့အကျိုးစီးပွား ဦးထိပ်ထားခြင်းတွင် ဗိုလ်ချုပ်ကို ယှဉ်နိုင်သူနည်းသည်။ သူ့ခေါင်းထဲတွင် နိုင်ငံကောင်းစားရေးသာ ပထမ၊ နိုင်ငံကောင်းစားရေးသာ ဒုတိယ၊ နိုင်ငံကောင်းစားရေးသာ တတိယ ဖြစ်သည်။ အခြားခေါင်းဆောင်များတွင် ကိုယ်နေရာရရေး၊ ကိုယ့်ပါတီ နေရာရရေး၊ ကိုယ်သက်ဝင် ယုံကြည်သော အယူဝါဒကသာ နိုင်ငံ့ကို မောင်းနှင်ရေးဟူသော နိုင်ငံ့အကျိုးစီးပွားနှင့် ထပ်တူမကျနိုင်သည့် အရာများ ရှိနေသော်လည်း ဗိုလ်ချုပ်တွင် ထိုသို့သော အဟန့်အတားများမရှိ။ ခေါင်းဆောင်လုပ်ရမှသာ အဖွဲ့အစည်းအတွက်၊ နိုင်ငံအတွက် ကြိုးစားခြင်း မဟုတ်ဘဲ နောက်လိုက်ဖြစ်စေ ကျရာနေရာမှ အစွမ်းကုန် ကြိုးပမ်းသူ ဖြစ်သည်။
ဗိုလ်ချုပ်ကို ငွေဖြင့်ဝယ်မရ၊ ရာထူးဖြင့် ဝယ်မရ။ အင်္ဂလိပ်က ဖွဲ့ပေးသော Burma Army ဗမာ့တပ်မတော်အတွင်းသို့ ဖက်ဆစ်ကို တော်လှန်ခဲ့သော တပ်မတော် PBF ကို ပြောင်းလဲထည့်သွင်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းကို ဗိုလ်မှူးချုပ်ရာထူးဖြင့် ဒုတပ်မတော် စစ်ဆေးရေးအရာရှိချုပ် ရာထူးထမ်းဆောင်ရန် ဗြိတိန်အရှေ့တောင်အာရှ စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က ကမ်းလှမ်းသော်လည်း အများနှင့် တိုင်ပင်ကာ နိုင်ငံ့လွတ်လပ်ရေးအတွက် ပိုလုပ်နိုင်မည့် ဖ.ဆ.ပ.လ ကိုသာ ရွေးချယ်ခဲ့သည်။ လက်ရှိရာထူးမှ ထွက်လိုက်သည့်အတွက် ဗိုလ်ချုပ် စားဝတ်နေရေး အတော်ကျပ်တည်းသွားသည်။
“အောင်ဆန်းသည် ငွေမမက်၊ အာဏာလည်းမမက်၊ တစ်ကိုယ်ကောင်းလည်း မဆန်၊ ဒါကြောင့် ဂျပန်တွေက သူ့ကိုလေးစားသည်” ဟု မြန်မာပြည်ရောက် ဂျပန်တပ်များ၏ သေနာပတိချုပ် အီးဒါးက ပြောဖူးသည်။
ပုထုဇဉ်မှန်လျှင် အတ္တရှိစမြဲ ဖြစ်သော်လည်း ဗိုလ်ချုပ်သည် အတ္တကို ချိုးနှိမ်ပြီး အဖွဲ့အစည်းနှင့် နိုင်ငံကောင်းကျိုးကိုသာ ရှေ့တန်းတင်ခဲ့ခြင်းမှာ အခြားအခြားသော ခေါင်းဆောင်များ ပြုနိုင်ခဲသည့် အရာကို ပြုခြင်းဖြစ်သည်။
(၂) လူတော်ချစ်ခြင်း
မြန်မာခေါင်းဆောင်အများစု၏ ပြဿနာမှာ ကိုယ့်ထက်သာမည် ထင်သောသူများကို နေရာမပေးလိုခြင်း ဖြစ်သည်။ တော်သောတတ်သောသူကို ရန်သူသဖွယ် အသာ ချောင်ထိုးထားတတ်သောကြောင့် မည်သူမျှ မတော်ရဲ မတတ်ရဲဘဲ လူညွန့်တုံးသွားပြီး လူညံ့များသာ အဖွဲ့အစည်းကို ကြီးစိုးသွားကြသည်။ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်စုံတွင် ထိုလူတော်ကြောက် ရောဂါသည် ကပ်ဆိုးကြီးသဖွယ်ပင် ဖြစ်သည်။ ကိုယ့်အရည်အချင်း ကိုယ်မယုံခြင်း၊ အဖွဲ့အစည်း တိုးတက်ရေးက သာမညဖြစ်ပြီး ခေါင်းဆောင်ကုလားထိုင် မလှုပ်ရေးက အဓိက ဖြစ်ခြင်းတို့သည် လူတော်ကြောက် ရောဂါ၏ ဇာစ်မြစ်များ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းမှာမူ လူတော်ကို မကြောက်၊ လူတော်ကို ချစ်သည်။ ရန်သူဟောင်းများကိုပင်လျှင် လက်တွဲလုပ်ကိုင်ရန် လက်ကမ်းကြိုသည်၊ နေရာကောင်းပေး ချီးမြှင့်သည်။ ပြိုင်ဘက် ကိုယ့်လူ သဘောမထား။ ကိုယ်တိုင် လူတော်ဖြစ်သည့်အတွက် ဗိုလ်ချုပ်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်သည်၊ လူတော်ကို မကြောက်၊ လူတော်နှင့်တွေ့လျှင် စိတ်မသက်မသာ ဖြစ်ရခြင်း နည်းသည်။ တော်ခြင်းကို တန်ဖိုးထားသည်။
ဗိုလ်ချုပ် လူတော်ချစ်ခြင်းမှာ နိုင်ငံ့လွတ်လပ်ရေးတည်း ဟူသော ခက်ခဲလှသည့် တာဝန်ကြီးကို ဆောင်ရွက်ရန် လူညံ့များနှင့် မရနိုင်ခြင်းကို သိသောကြောင့်လည်း ဖြစ်သည်။ ခပ်ချာချာများကိုသာ ခေါင်းဆောင်နေရလျှင် “ဌာနီပြည်ကြီးက ဝေးသနှင့်” ဖြစ်ပေလိမ့်မည်။
“ပြင်ပကျောင်းသားကြီး တစ်ယောက်ကို ဥက္ကဋ္ဌ၊ သူ့ကို ဒုတိယဥက္ကဋ္ဌ နေရာမှာထားပြီး ဆောင်ရွက်ကြစေတယ်။ ဒီလိုလုပ်ရင်လဲ သူဟာ ဘယ်သူ့ကိုမှ စိတ်ကွက်ခြင်း၊ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီးကို ထိုးဖောက်မယ်ဟေ့ဆိုတဲ့ စိတ်မျိုးမထားဘဲ သဘောထားကြီးစွာ ကြည်ဖြူစွာ လုပ်ဖော်ကိုင်ဖက်များ စီစဉ်ပေးတဲ့အတိုင်း စွမ်းစွမ်းတမံ လုပ်ပြပြန်ပါတယ်” ဟူသော ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း ရေးသားသော “အောင်သန်း၏ အောင်ဆန်း” စာအုပ်ပါ ဖော်ပြချက်မှာ ဗိုလ်ချုပ်၏ အဖွဲ့အစည်းကို ဦးစားပေးခြင်းကို ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ခေါင်းဆောင်များသည် လူတော်ကြောက် ရောဂါနှင့် နပန်းလုံးခဲ့ကြရသည်ကသာ များသည်။
(၃) သွေးစည်းစေခြင်း
“ခင်ဗျားတို့ အလကား စကားများနေကြတယ်၊ တစ်ဦးနဲ့တစ်ဦး ဘာမဟုတ်တဲ့ အချက်တွေနဲ့ သိပ်ကြီးကြီးကျယ်ကျယ် လုပ်ကြတာပဲ၊ ကျုပ် ရှင်းရှင်းပြောမယ်၊ ပြည်သူ့ရဲဘော်တွေထဲမှာလည်း အလကားကောင်တွေ အများကြီး၊ ဆိုရှယ်လစ်ထဲမှာလည်း ညာတာဝါလား အချောင်သမားတွေ အများကြီး၊ တစ်ဦးအပြစ်ကို တစ်ဦးမပြောကြနဲ့... ဒီလိုမှမဟုတ်ဘူး တူးတူးခါးခါး မိုက်ကြတော့မယ် ဆိုရင် ခင်ဗျားတို့အားလုံး ဖင်စုတ်ကုန်ကြမှာဘဲ၊ ...အင်္ဂလိပ် စကားပုံတစ်ခု ရှိတယ်၊ ဘာလဲဆိုတော့ ရန်သူသည် တခြားမှာမရှိ၊ မိမိမှာသာ ရှိတယ် ဆိုတာပဲ၊ အခုလဲ အလကား ဘေးက ခြေထိုးလို့လေး ဘာလေးနဲ့ ဘာမှမဟုတ်ဘူး၊ ဘေးကခြေထိုးတိုင်း မမြောက်ရင် ပြီးတာပဲ၊ မြောက်ရင် ဘယ်သူ့အပြစ်လဲ၊ ဖ.ဆ.ပ.လထဲမှာပါတဲ့ ဒီလက်ဝဲ အင်အားစု နှစ်ခုကွဲရင် ဘာဖြစ်မလဲ၊ အစပထမ ဖ.ဆ.ပ.လ ထိမယ်၊ ဖ.ဆ.ပ.လ ထိရင် တိုင်းပြည်ထိမယ်၊ အဲဒီဟာတွေမထိမီ ခင်ဗျားတို့ အချင်းချင်းထိမှာဘဲ... ညီညွတ်ရေးအတွက် ဘေးသတင်းတွေကို ယုံသင့်မှယုံပါ၊ သံသယ ရှိလာရင် ဗြောင်မေးကြပါ၊ ဒီလိုကျုပ်တို့ ပြောတာမှ မနာယူဘဲ ဒီထက် ပိုပြီး တူးတူးခါးခါး မိုက်ချင်ကြသပဆိုရင် မိုက်ကြပေတော့၊ ကျုပ်ဘာမှ မပြောလိုဘူး။” (ဗိုလ်ချုပ်အောင်ဆန်း)
ဗိုလ်ချုပ်သည် သွေးစည်းစေသော ခေါင်းဆောင်ဂုဏ်အင်္ဂါရပ်နှင့် အညီဆုံး ခေါင်းဆောင် ဖြစ်သည်။ အကွဲကွဲအပြားပြား ဖြစ်နေသော၊ အပြန်အလှန် ရန်သူဖြစ်ခဲ့သော နိုင်ငံတွင်း အင်အားစုများကို ဗိုလ်ချုပ် စုစည်းနိုင်ခဲ့သည့်အတွက် လွတ်လပ်ရေးပန်းတိုင်သို့ အောင်မြင်စွာ ချီတက်နိုင်ခြင်း ဖြစ်သည်။
တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်သော တိုင်းပြည်ဖြစ်သည့်အတိုင်း အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး တစုတစည်းတည်း ပြန်လည်ရရှိရေးတွင် တိုင်းရင်းသားအားလုံး တစုတစည်းတည်း တိုက်ပွဲဝင်မှ ဖြစ်ပေလိမ့်မည်။ သို့သော် အင်္ဂလိပ် လက်အောက်တွင် တောင်ပေါ်ဒေသများသို့ မြေပြန့်မှ ပုဂ္ဂိုလ်များ အလွယ်တကူ သွားရောက်ခွင့် မရှိခြင်း၊ စနစ်တကျ သွေးခွဲအုပ်ချုပ်ခြင်း Divide and Rule၊ ဂျပန်ခေတ်တွင် ဖြစ်ပေါ်ခဲ့သော အမှားအယွင်းများ၊ အင်္ဂလိပ်လက်အောက်တွင် ရခဲ့သော အခွင့်အရေးများကို စော်ဘွား စသည့် အုပ်ချုပ်သူများက မစွန့်လွှတ်လိုခြင်း၊ အင်္ဂလိပ်တို့ကလည်း မြန်မာနိုင်ငံ အစိတ်အပိုင်းများ အားလုံးကို တစ်ပြိုင်တည်း လွတ်လပ်ရေး မရစေလိုသည့်အတွက် တိုင်းရင်းသားမျိုးစုံ အကြားတွင် စည်းရုံးရေးဆင်းနေခြင်းတို့ကြောင့် တိုင်းရင်းသားအားလုံး သွေးစည်းရေးမှာ အခက်အခဲကြီးစွာ ကြုံကြရသည်။
“အသွင်ကွဲသောအားများ စုစည်းမိလျှင် တစ်ဦး အားနည်းချက်ကို တစ်ဦးက ဖြည့်ပေးနိုင်သည့်အတွက် ဧရာမအင်အားစုကြီး ဖြစ်ပေါ်လာခြင်း” “Unity in Diversity” သဘောတရားကို ဗိုလ်ချုပ်က နားလည်ကျင့်သုံးခြင်း၊ သူ၏ ကိုယ်ကျိုးစွန့်စိတ် ရိုးသားမှုတို့ကို တိုင်းရင်းသား ခေါင်းဆောင်တို့က ခံစားယုံကြည်ခဲ့ခြင်းတို့ကြောင့်သာ မြန်မာနိုင်ငံသည် တစ်စုတစ်ရုံးတည်း လွတ်လပ်ခဲ့ခြင်း ဖြစ်သည်။
မိမိအကျိုးစီးပွားထက် နိုင်ငံ့အကျိုးစီးပွား ဦးထိပ်ထားသော၊ လူတော်ချစ်သော၊ သွေးစည်းစေသော ဗိုလ်ချုပ်သည် မြန်မာ့ခေါင်းဆောင်တကာတို့ အလယ်တွင် ပြိုင်ဘက်ကင်း ခေါင်းဆောင်အဖြစ် ယနေ့တိုင် တည်ရှိနေသည်။
(ေဇယ်သူ)
Credit to The Voice Weekly
No comments:
Post a Comment