Wednesday, January 28, 2015

ကမ္ဘာ့အမွေအနှစ် ပိဋကတ်ကျောက်စာများ


မန္တလေးတောင်ခြေရှိ မဟာလောကမာရဇိန်ဘွဲ့ခံ ကုသိုလ်တော် ဘုရားဝင်းအတွင်းမှ ပိဋကတ်သုံးပုံ ကျောက်စာချပ်များကို ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် ပြည်တွင်းပြည်ပမှ တင်စားခေါ်ဝေါ်ကြသည်။ မန္တလေးမြို့ သို့ရောက်ရှိလာကြသည့် ပြည်တွင်းပြည်ပခရီးသည်များ သည် ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးကို နေ့စဉ်လိုလိုလာရောက် ကြည့်ရှုလျက်ရှိကြပေ သည်။ လွန်ခဲ့သော နှစ် ၁၄ဝ ကျော် က ထွင်းထုစိုက်ထူခဲ့ သည့် အဆိုပါကျောက်စာများသည် ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓဘာသာနှင့် ပတ်သက်သည့် သမိုင်းကြောင်း ယဉ်ကျေးမှုတန်ဖိုးရှိသည့် မှတ်တမ်းအချက် အလက်များကို ပြည့်စုံစွာဖော်ပြထားနိုင်သည့်အတွက် ထင်ရှားသော ကမ္ဘာ့မှတ်တမ်းအမွေအနှစ်(Memory of the World)စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရသည့် အတွက် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အထိမ်း အမှတ် ကျောက်စာ( MoW Logo) အား ကုသိုလ်တော် ဘုရားရှေ့တွင် ၂ဝ၁၄ ခုနှစ် မေ ၈ ရက်က စိုက်ထူခဲ့သည်။

UNESCO ၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အစီအစဉ် ကို ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်အထိ နိုင်ငံ ပေါင်း ၁ဝ၄ နိုင်ငံနှင့် အဖွဲ့အစည်းငါးခုတို့ ပူးပေါင်းစိစစ်၍ မှတ်တမ်းအမွေအနှစ်ပေါင်း ၃ဝဝကို ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်အဖြစ် သတ်မှတ်ပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံအပါ အဝင် အာဆီယံနိုင်ငံများဖြစ်ကြသော ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တီမောလက်စ်တေနှင့် ထိုင်းနိုင်ငံတို့ကလည်း ယင်းတို့ နိုင်ငံအသီးသီးမှ မှတ်တမ်းအမွေအနှစ်များကို ကမ္ဘာ့ မှတ်တမ်း အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်း ခံနိုင်ရန် အမည်စာရင်းတင်သွင်းခဲ့ကြသည်။ ယင်းတို့အနက် အချို့သည် မှတ်တမ်းအမွေအနှစ်များအဖြစ် အသိအမှတ် ပြုခြင်းခံခဲ့ကြရသည်။

၂ဝ၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော UNESCO ၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ် အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ မှတ်တမ်းအမွေအနှစ် ခြောက်ခုကို ကနဦးအဆိုပြုစာရင်းအဖြစ် တင်သွင်းခဲ့ ပါသည်။ ယင်းတို့အနက်မှ မဟာလောကမာရဇိန်၊ ကုသိုလ် တော်ဘုရား ကျောက် စာများအား ၂ဝ၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်အဖြစ် သတ် မှတ်နိုင်ရေးအတွက် UNESCO သို့ တရားဝင်တင်သွင်း ခဲ့ပေသည်။ ၂ဝ၁၃ ခုနှစ် ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ကျင်းပသော ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အစီအစဉ် အပြည်ပြည်ဆိုင်ရာ အကြံပေး ကော်မတီ၏ (၁၁)ကြိမ်မြောက် အစည်းအဝေးတွင် ကမ္ဘာ့ မှတ်တမ်းအမွေအနှစ် လျှောက်ထားမှုပေါင်း ၈၄ခုအနက် မြန်မာနိုင်ငံမှ ကုသိုလ်တော်ဘုရား ကျောက်စာများ အပါအဝင် နိုင်ငံအသီးသီးမှ လျှောက်ထားမှု ၅၆ ခုကို UNESCO ၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းတွင် ထည့် သွင်းအတည်ပြုခဲ့သည်။

ကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ် ထင်ရှားသည့် ကုသိုလ် တော်ဘုရားကျောက်စာ များသည် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းကြီး၏ ကုသိုလ်တော်ဖြစ်ပြီး ဗုဒ္ဓပိဋကတ်တော် သုံးပုံနှင့်နေတ္ထိကျမ်း၊ မိလိန္ဒပဥှာကျမ်း၊ ပေဋကောပဒေသ ဟူသည့် သုတ်သုံးကျမ်းတို့ကို ကျောက်ထက် အက္ခရာတင်ထား ခြင်းဖြစ် ပါသည်။ ကျောက်စာအရေအတွက် ၇၂၉ ချပ်ရှိပြီး ၁၈၆ဝ ခုနှစ်မှ ၁၈၆၈ ခုနှစ်အထိ ၇နှစ်၊ ၆လ နှင့် ၁၄ ရက်ကြာ ရေးထိုးခဲ့ရသည်။ကျောက် စာချပ်တစ်ချပ်သည် အလျားငါးပေ၊ အနံ လေးပေ ခြောက်လက်မ( မြေဝင် တစ်ပေ) နှင့် အထူ ခြောက်လက်မခန့်ရှိသည်။ ယင်းကျောက်စာချပ်များကို မန္တလေးတောင်ခြေရှိ ၁၃ ဧကကျယ်ဝန်းသည့် မဟာလောက မာရဇိန် စေတီဝင်းအတွင်း စိုက်ထူထားခြင်းဖြစ်သည်။ ကျောက်စာများတွင် ပိဋကတ်ပါဠိတော်များကို မြန်မာအက္ခရာ စာလုံးဝိုင်းဖြင့် ထွင်းထုထားပေသည်။
ကျောက်စာချပ်များပေါ်တွင် ထွင်းထားသော ပါဠိတော် များသည် ၁၈၇၁ခုနှစ်တွင် မင်းတုန်းမင်းလက်ထက် ပဉ္စမ သင်္ဂါယနာတင်ပွဲ၌ သင်္ဂါယနာတင် သံဃာတော်အပါး၂၄ဝဝ တို့က တစ်ရက်လျှင် ၂၄ နာရီကြာ မရပ်မနား ငါးလနှင့် သုံးရက်ကြာ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြသော ဗုဒ္ဓဘုရားရှင်၏ ပိဋကတ်တော် များဖြစ်ကြသည်။ ထိုပိဋကတ်တော်များအား ၁၉ဝဝ ပြည့်နှစ်တွင် စာအုပ်များအဖြစ် ရိုက်နှိပ်ခဲ့ရာတွင် တစ်အုပ်လျှင် ဂရိတ်ပရိုင်မာစာလုံးဖြင့် ရွိုင်ရယ် ၈ ချိုးဆိုက် စာမျက်နှာ ၄ဝဝ ဝန်းကျင်ရှိ စာအုပ်ပေါင်း ၃၈ အုပ်ခန့်မျှ ရိုက်နှိပ်ခဲ့ရပေသည်။ ထိုပိဋကတ်တော်များကို တစ်နေ့လျှင် ၈ နာရီမျှ ပုံမှန်ဖတ်မည်ဆိုလျှင်ပင် တစ်နှစ်နှင့် သုံးလခန့် ဖတ်မှသာ ပြီးဆုံးမည်ဖြစ်သည်။
မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် နန်းတက်ခဲ့သည့် မင်းတုန်းမင်းသည် နန်းတက်ပြီး ခုနစ်နှစ်အကြာ ၁၂၂၁ ခုနှစ် တွင် မန္တလေးမြို့ကိုတည်ခဲ့သည်။ မန္တလေးမြို့တည်နှစ်ကို အောင်ကျော်ချမ်းအေး မန္တလေးဟု မှတ်သားကြသည်။

မင်းတုန်းမင်းသည် ''မြို့ကျုံးစေတီ၊ သိင်္ဂီလျှံမောင်း၊ သိမ် ကျောင်း သုဓမ္မာ၊ ရွှေစာအမြတ်၊ ပိဋကတ်တိုက်၊ သမိုက်မြဲမြံ၊ ခုနစ်တန်ကို၊ ဆော်ဖန်အောင် စည်၊ တစ်ပြိုင်တည်''ဟူသည့် မြို့ အင်္ဂါခုနစ်ရပ်အတိုင်း ၁၂၂၁ ခုနှစ် ကဆုန်လဆုတ် ၆ ရက်တွင် (၁) နန်းမြို့ (၂)ကျုံး (၃)မဟာလောကမာရဇိန်စေတီ (၄)ပဋ္ဌာန်းမဟာရွှေသိမ် (၅) အတုမရှိကျောင်း (၆) သုဓမ္မာ ဇရပ် (၇) ပိဋကတ်တိုက်တို့ကို တစ်ပြိုင်တည်း ပန္နက်တင်ခဲ့ သည်။ မန္တလေး၏ မူလဘူတ ခုနစ်ဌာနအနက် တစ်ခုအပါ အဝင်ဖြစ်သော မဟာလောကမာရဇိန်စေတီတော်၏ မဟာရံ တံတိုင်းသုံးထပ်အတွင်း ပိဋကတ်ကျောက်စာတော်များကို မြန်မာသက္ကရာဇ် ၁၂၃၃ ခုနှစ် (ခရစ်နှစ် ၁၈၇၁ ခုနှစ်)က စိုက်ထူခဲ့ရာ နှစ်ပေါင်း ၁၄၄ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပေသည်။
မင်းတုန်းမင်းသည်ဗုဒ္ဓမြတ်စွာဘုရားရှင်၏ နှုတ်ကပါဌ် တော်များကို ကမ္ဘာတည်သရွေ့ တည်တံ့နေစေလိုသည့် ဆန္ဒ၊ မြတ်ဗုဒ္ဓ၏ပိဋကတ်တော်များကို သာသနာပကာလတိုင် တည်ရှိနေစေလိုသည့် စေတနာတို့ကြောင့် အမှားအယွင်း ကင်းစင်သော ပိဋကတ်စာများကို ကျောက်ထက်အက္ခရာ တင်ထားရန် ကြိုးပမ်းခဲ့သည်။ ပိဋကတ်တော်များကို ကျောက် ထက်အက္ခရာတင်ရန် ပထမအဆင့်အနေဖြင့် မန္တလေးမြို့ကို မတည်ရသေးမီ ၁၂၁၈ ခုနှစ်တွင် ရွှေရေး၊ မင်ရေး၊ ကညစ် ရေးသုံးမျိုးဖြင့် ပေထက်အက္ခရာ ရေးကူးခဲ့သည်။ ထိုသို့မရေး ကူးမီ သာသနာပိုင်ဆရာတော်ဦးစီးသည့် ပိဋကတ်ဆရာတော် လေးပါး ၊ စာကြည့်ဆရာတော် အပါး ၃ဝ၊ စာတည်းဆရာတော် အပါး ၅ဝ နှင့် ပိဋကတ်အကျော် ဆရာတော် အပါး ၅ဝတို့ က ရေးကူးမည့် စာများမှန် မမှန်ဦးစွာ စေ့စပ်သေချာစွာကြည့်ရှု စစ်ဆေးကြပြီးမှ ပိဋကတ်တိုက်စိုး၊ သွေးသောက်ကြီး၊ တိုက် စောင့်၊ အကြပ်၊ အစုရေး၊ ပိဋကရေး စသော အမှုထမ်းတစ်ရာ ကျော်အား ကညစ်ဖြင့် ရေးကူးစေခဲ့သည်။ ထိုသို့ရေးကူးနေစဉ် ဒက္ခိဏရာမဆရာတော်၊ မြင်းဝန်တိုက်ဆရာတော်နှင့် ဆီး ဘန်နီဆရာတော်တို့က ကြပ်မတ်ပေးခဲ့ကြသည်။ ပေစာမူများ အားလုံးရေးကူးပြီးချိန်တွင် လွှတ်စာရေးများကို ထပ်မံစစ်ဆေး စေပြီး တံဆိပ်တော်ရ စာတည်း၊ စာချဆရာတော်များက ထပ်မံ တည်းဖြတ်ကြပြန်သဖြင့် အမှားအယွင်းလုံးဝကင်းစင်သော ပိဋကတ်ပေမူကိုရရှိခဲ့သည်။
ဤသို့ဖြင့် ရွှေရေး၊ မင်ရေး၊ ကညစ်ရေးပေစာထုပ်ပေါင်း ၂ဝဝ ကျော်ကို အမရပူရ ပိဋကတ်တိုက်မှ မန္တလေးတောင်ခြေ ရှိ ပိဋကတ်တိုက်တော်သို့ ပြောင်းရွှေ့ထားခဲ့သည်။ (မင်းတုန်း မင်း တည်ခဲ့သော ပိဋကတ်တိုက်တော်သည် ကျောက်တော်ကြီး ဘုရားမြောက်ဘက် မန္တလေးတောင်ခြေတွင်ရှိခဲ့သည်။ ယခု အခါတွင်မူ ထိုပိဋကတ်တိုက်မရှိတော့ပါ။)

မင်းတုန်း မင်း သည် ၁၂၃၃ ခုနှစ် ကျင်းပပြုလုပ်မည့် ပဉ္စမ သင်္ဂါယနာမတင်မီ သန့်စင်သော ပိဋကတ်ပေမူများကို စကျင် ကျောက်ပြားများပေါ်သို့ ရေးကူး ထွင်းထုခဲ့ပြီး စာလုံးများအားလုံး ကို ရွှေမင်သွင်းခဲ့သည်။ ဝိနည်း ၅ ကျမ်း ကျောက်စာ ၁၁၁ ချပ်၊ အဘိဓမ္မာ ၇ ကျမ်း ကျောက်စာ ၂ဝ၈ ချပ်၊ နိကာယ် ၅ ရပ် နှင့် သုတ်သုံးကျမ်းကျောက်စာ အချပ် ၄၁ဝ မျှရရှိခဲ့၍ စုစုပေါင်း ကျောက်စာ ၇၂၉ ချပ်ဖြစ်ပြီး ၁၂၃ဝ ပြည့်နှစ် ကဆုန်လဆန်း ၁၄ ရက်တွင် ပြီးစီးခဲ့ပေသည်။

ထိုကျောက်စာ ချပ်များကို မဟာလောကမာရဇိန်ဘွဲ့ခံကုသိုလ်တော် ဘုရားဝင်း အတွင်း ပထမ မဟာရံတံတိုင်းအတွင်း ၄၂ချပ်၊ ဒုတိယမဟာရံ တံတိုင်းအတွင်း ၁၆၈ ချပ်၊ တတိယမဟာရံတံတိုင်းအတွင်း ၅၁၉ချပ်တို့ကို စိုက်ထူခဲ့သည်။ ကျောက်စာ တစ်ချပ်စီကို အုတ်ပြာသာဒ်တိုက်တစ်ခုစီအတွင်း ထည့်သွင်းစိုက်ထူထား ခြင်းဖြစ်ရာ ပြာသာဒ်တိုက်ပေါင်းမှာလည်း ၇၂၉ တိုက်ဖြစ်ပေ သည်။ ကျောက်စာချပ်များကို ထိုစဉ်က ရွှေရောင်စာလုံး များဖြင့် ဖတ်ရှုနိုင်ခဲ့ကြသည်။ သီပေါမင်းလက်ထက်တွင် ကျောက်စာ စာလုံးများကို ရွှေမင်ပြန်ထပ်ခဲ့သည်။

မင်းတုန်းမင်းသည် မန္တလေးမြို့ကိုတည်ခဲ့စဉ်က ကုသိုလ် တော်ဘုရားသည် မဟာလောကမာရဇိန်စေတီဟု ဘွဲ့မည် တွင်ခဲ့သော်လည်း မင်းတုန်းမင်း၏ကြီးမားသော သာသနာ ပြုလုပ်ငန်းဖြစ်သည့် ပိဋကတ်ကျောက်စာတော်များကို စေတီဝင်းအတွင်းစိုက်ထူခဲ့သဖြင့် (မင်းတုန်းမင်း၏) ကုသိုလ် တော်ဘုရားဟု ထင်ရှားခဲ့သည်။ ကျောက်စာပြာသာဒ် တိုက် များအကြားတွင် ချရားပင်များ၊ ခရေပင်များကိုစိုက်ပျိုး ထားခဲ့ရာ သက်တမ်းတစ်ရာကျော်နေပြီဖြစ်ပြီး အချို့သော အပင်များတွင် စိုက်ပျိုးခဲ့သည့် ခုနှစ်သက္ကရာဇ်ကို ဖော်ပြ ထားသည့် ဆိုင်းဘုတ်ငယ်များ ချိတ်ဆွဲထားသည်ကို မြင်နိုင် ကြပေသည်။

ကုသိုလ်တော်ဘုရားကျောက်စာများကို မရေးထိုးမီ မန္တလေးနန်းတွင်းတွင် ခမ်းနားသော တန်ဆောင်းကြီးတစ်ခု ဆောက်လုပ်ခဲ့ပြီး ထိုတန်ဆောင်းအတွင်း၌ မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက် (၁၄-၁ဝ -၁၈၆ဝ) တွင် စတင်ထုလုပ်ခဲ့ရာ ခုနစ်နှစ်၊ ခြောက်လ၊ ၁၄ ရက်မျှကြာမြင့်ခဲ့ပြီး ၁၂၃ဝ ပြည့်နှစ် ကဆုန်လဆန်း ၁၄ရက် (၄-၅-၁၈၆၈)တွင် ပြီးစီးအောင်မြင်ခဲ့သည်။ ပိဋကတ်တော် များကို ကျောက်ထက်အက္ခရာတင်ပြီး သုံးနှစ်အကြာ ၁၂၃၃ ခုနှစ် တန်ခူးလဆုတ် ၁၁ ရက် မြန်မာနှစ်ဆန်း ၁ ရက် (၁၅-၄-၁၈၇၁)တွင် ပဉ္စမအကြိမ်သင်္ဂါယနာတင်ခဲ့ပေသည်။

ကုသိုလ်တော်စေတီ ဝင်းအတွင်း၌ ပိဋကတ် ကျောက်စာ ၇၂၉ ချပ်အပြင် ပထမမဟာရံတံတိုင်းအတွင်း အင်္ဂါထောင့်၌ ပိဋကတ် သုံးပုံကို ကျောက် ထက်အက္ခရာ တင်ခဲ့သည့် သမိုင်းမော်ကွန်းကျောက်စာတစ်ချပ်ကိုလည်း စိုက်ထူထားခဲ့သည်။

မင်းတုန်းမင်း၏ ကျောက်စာအလှူတော် ငွေကျပ် ၂၂ ကုဋေ၊ ခြောက်သန်းမျှ ကုန်ကျသည့်စာရင်းကို တင်ပြထားသည့်အလှူတော် စာရင်း ကျောက်စာချပ် သုံးချပ်ကို လည်း ပထမမဟာရံတံတိုင်း တနင်္ဂနွေထောင့်ရှိ ဂူနှစ်လုံး ထဲတွင် စိုက်ထူထားသည်။ ယင်းကျောက်စာသုံးချပ်ကို ကြေးမြင်မိဖုရား၏ တိုက်တွန်းမှုကြောင့် ဝက်မစွပ်မြို့စား က ရေးသားစိုက်ထူထားခဲ့ခြင်းဖြစ်ပေသည်။

ယင်းကျောက်စာချပ် ၇၂၉ချပ်အား ပဉ္စမသင်္ဂါယ နာတင်မူအဖြစ် အတည်ပြု သတ်မှတ်ခဲ့သည်။ ကုသိုလ်တော် ကျောက်စာများသည် ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးအဖြစ် သတ်မှတ်နိုင်ရုံသာမက ဗုဒ္ဓပိဋကတ်တော်များကို အပြည့်စုံ ဆုံးမှတ်တမ်းတင်ထားသော တစ်ခုတည်းသော တစ်မူ ထူးခြားသည့် မှတ်တမ်းအမွေအနှစ်ဖြစ်ခြင်းကြောင့် ကုန်း ဘောင်မင်းဆက်ရှင်ဘုရင် မင်းတုန်းမင်း၏ အမြော်အမြင် ကြီးမားခဲ့မှုနှင့် လုံ့လစိုက်ထုတ်ခဲ့ မှုသည် မြန်မာတို့၏ တန်ဖိုးမဖြတ်နိုင်သော ဂုဏ်ယူဖွယ်တစ်ရပ်အဖြစ် သမိုင်း တွင်လျက်ရှိနေပေတော့သည်။


မောင်သာ(ရှေးဟောင်းသုတေသန)

No comments: