Saturday, January 24, 2015

အကြောက်တရားနဲ့ စိုးရိမ်မှုများစွာ ပါဝင်နေတဲ့ အမှောင်ထဲက ဘ၀တချို့




မြန်မာတစ်နိုင်ငံလုံးမှာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်သူ ဦးရေ ၇၀,၀၀၀ ၀န်းကျင်ရှိတယ်လို့ ၂၀၁၃ ခုနှစ်က ထုတ်ပြန်တဲ့ ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေးအဖွဲ့ ယူအင်န်အေ့ဒ်စ်ရဲ့ စစ်တမ်းတစ်စောင်မှာ ဖော်ပြထားပြီး သူတို့တွေထဲကမှ ၈ ဒသမ ၁ ရာခိုင်နှုန်းသော ပြည့်တန်ဆာတွေက အိပ်ခ်ျအိုင်ဗီပိုးနဲ့ အသက်ရှင်နေထိုင်သူတွေ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာထဲကမှ ပြည့်တန်ဆာ ၂၄ ဒသမ ၅ ရာခိုင်နှုန်းက ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့မှာ အလုပ်လုပ်ကိုင်နေကြပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၁၂ ဒသမ ၅ ရာခိုင်နှုန်း၊ ရန်ကုန်မြို့မှာ ၁၁ ရာခိုင်နှုန်းနဲ့ မန္တလေးမြို့မှာတော့ ၃ ဒသမ ၅ ရာခိုင်နှုန်း အလုပ်လုပ်ကိုင်နေကြတယ်လို့လည်း စစ်တမ်းကောက်ယူထားမှုကို ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည့်တန်ဆာလုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့် ပေါ်ပေါက်လာရေးအတွက် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က အဆိုပြုတင်သွင်းခဲ့ပေမယ့် အကြောင်းပြချက်များစွာနဲ့ ပယ်ချခံခဲ့ရပါတယ်။

ဒါကြောင့် ခုချိန်ထိ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမ၀င် လုပ်ငန်းအဖြစ် ဆက်လက်တည်ရှိနေပြီး ၁၉၄၉ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ အမှတ် (၂၄)၊ ပုဒ်မ ၃(က)(ခ) ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃ တို့နဲ့ တရားစွဲဆို ဖမ်းဆီးနိုင်သလို ရဲဥပဒေ ၃၀ (ဃ) နဲ့လည်း ဖမ်းဆီးအကျဉ်းချနိုင်ပါတယ်။

ဒီလို တရားမ၀င် လုပ်ဆောင်နေတဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေ ကြုံတွေ့နိုင်တဲ့ လိင်ဆက်ဆံမှု ကတစ်ဆင့် ရရှိလာမယ့် အိပ်ခ်ျအိုင်ဗီပိုး၊ အနိုင်အထက်ပြုကျင့်ပြီး တန်ရာတန်ကြေးမပေးတဲ့ လိင်ဆက်ဆံဖော် ဧည့်သည် စတာတွေအပြင် တခြားသူတို့ စိုးရိမ်ကြောက်လန့်နေရတဲ့ အကြောင်းအရာတချို့ကို ဖော်ပြလိုက်ပါတယ်။

မန်နေဂျာ (သို့မဟုတ်) အရပ်အခေါ် ခေါင်း
သားလေးတစ်ယောက် မွေးဖွားပြီးနောက်ပိုင်း အိမ်ထောင်ပျက်ရာက ပြည့်တန်ဆာအဖြစ် စတင်လုပ်ကိုင်ခဲ့တဲ့ မသီတာ(အမည်လွှဲ)မှာ သူအလုပ်လုပ်ကိုင်ခဲ့ရာ ပြည့်တန်ဆာအိမ်၊ သို့မဟုတ် ခေါင်းအိမ် (အမျိုးသမီးများကို ပြည့်တန်ဆာ အလို့ငှာ ခေါ်ယူနိုင်သည့်အိမ်)ရဲ့ ခေါင်းပုံဖြတ် အနိုင်ကျင့်မှုအတွေ့အကြုံတွေက ခုချိန်ထိ အမှတ်ရစရာအဖြစ် ကျန်ရှိနေပါသေးတယ်။

ခေါင်းအိမ် တစ်အိမ်စီမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေ ရှိတတ်ပြီး တစ်အိမ်နဲ့ တစ်အိမ်တော့ မတူပါဘူး။ မသီတာ အလုပ်လုပ်ခဲ့တဲ့ အိမ်မှာတော့ တစ်ညကို ငါးဆက်ရှင် (အချိန် ငါးချိန်) လိင်ဆက်ဆံဖော် ဧည့်သည်နဲ့ အလုပ်လုပ်ရမှာဖြစ်ပါတယ်။

"ငါးဆက်ရှင်ဆိုတာ လူ ငါးယောက်နဲ့ လိင်ဆက်ဆံရမှာ ပြောတာ မဟုတ်ပါဘူး။ အချိန် ငါးချိန်လို့ သတ်မှတ်ထားတဲ့အတွက် တစ်ချိန်စီမှာ လာတဲ့ဧည့်သည်များရင် များသလို ကျွန်မတို့ ပင်ပန်းတာတွေ ရှိပါတယ်။ တစ်ခါတလေ အလုပ်ဆက်လုပ်လို့ မရအောင် နေမကောင်းတာ မျိုးတွေ ရှိပေမယ့် ငါးချိန် မပြည့်ရင်တော့ ကျွန်မတို့ ရမယ့်ပိုက်ဆံတွေ သေချာပေါက် အဖြတ်ခံရတာပါပဲ" လို့ မသီတာ က ရှင်းပြပါတယ်။

တချို့ ခေါင်းအိမ်တွေမှာတော့ အချိန်မပြည့်ရင် ၀င်ငွေဖြတ်ရုံတင်မကဘဲ နောက်တစ်နေ့မှာပါ နေ့ပိုင်းအပြင်ထွက်ခွင့် ပိတ်တယ်လို့ သတ်မှတ်ထားတာကြောင့် မိသားစု မသိအောင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်သူတွေ၊ ချစ်သူရည်းစားနဲ့ တွေ့ဖို့ ပြင်ဆင်နေသူတွေအတွက် အချိန် ငါးချိန်ပြည့်အောင် ကြိုးစားကြရပါတယ်တဲ့။

"မိုးက လင်းတော့မယ်။ အချိန်က မပြည့်သေးဘူးဆိုရင် အိမ်ကို ဘယ်လိုပြန်ရမလဲဆိုတဲ့ စိတ်နဲ့ အရမ်းစိတ်ညစ်ရပါတယ်။ တစ်ခါတလေ ကွန်ဒုံး မသုံးချင်ဘူး၊ ဈေးများတယ် စတဲ့ ကကြီကကြောင် ဧည့်သည်တွေနဲ့ တွေ့ရင်လည်း အချိန်ပြည့်ရင်ပြီးရောဆိုတဲ့ စိတ်နဲ့ပဲ ကြိတ်မှိတ် နေလိုက်ရတာပါပဲ" လို့ ဆေးရုံမှာ ညဘက် လူနာစောင့် အလုပ်လုပ်တယ်လို့ အိမ်ကို လိမ်ပြောခဲ့တဲ့ မသီတာ က သူ့အတွေ့အကြုံကို ပြောပါတယ်။
ခေါင်းအိမ်တွေအနေနဲ့ ဧည့်သည်ကို ရှာပေးတတ်သလို အမှုအခင်း ဖြစ်ရင်လည်း တရားရုံးမှာ ပြည့်တန်ဆာတွေဘက်က အကုန်အကျခံ ကာကွယ်ပေးပေမယ့် တကယ်တမ်း အမှုအခင်းက လွတ်တာနဲ့ ကုန်ကျစရိတ်ကို နှစ်ဆတိုးပြီး ပြန်တောင်း တတ်ပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။

"ပြည့်တန်ဆာအမှုဆိုရင်တော့ လိုက်လို့ မရဘူးပေါ့။ မှောင်ရိပ်ခိုမှုလောက်၊ ၃ (က)(ခ) (လူစည်ကားရာအရပ်တွင် လျှပ်ပေါ်လော်လည် ၀တ်ကာ ပြည့်တန်ဆာအလို့ငှာ မြှူဆွယ် ဖြားယောင်းခြင်း)တို့နဲ့ ဆွဲတယ်ဆိုရင်တော့ ခေါင်းတွေက လိုက်ရှင်းပေးတယ်။ ဒါပေမဲ့ အတိုးနဲ့ ယူရတယ်ဆိုပြီး ကိုယ်တွေက သူတို့ပြောသမျှ ပိုက်ဆံကို ပြန်ဆပ်ဖို့အတွက် သူတို့အိမ်မှာပဲ ဆက်လုပ်ဖြစ်တာပေါ့" လို့ မသီတာ က ပြောပါတယ်။

အခုအချိန်မှာတော့ မသီတာ က ပြည့်တန်ဆာအလုပ်ကို စွန့်လွှတ်လိုက်ပြီး နိုင်ငံတကာ ကျန်းမာရေးဝန်ဆောင်မှု အဖွဲ့အစည်းတစ်ခုမှာ ပြည့်တန်ဆာတွေကို ကျန်းမာရေးအသိ လိုက်ပြောပေးရတဲ့ ၀န်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေပါပြီ။
"အနှိပ်ခန်း မန်နေဂျာတွေရော၊ ခေါင်းတွေရော ကျွန်မတို့ကို ကောင်မလေးတွေနဲ့ ဘယ်တုန်းကမှ ပေးမတွေ့စေချင်ခဲ့ဘူး။ နောက်ဆုံး ကောင်မလေးတွေဘက်က တောင်းပန်ပြီး သွေးစစ်ချင်လို့၊ ဆီးစစ်ချင်လို့၊ ကွန်ဒုံး လိုချင်လို့ စသဖြင့် ကျွန်မတို့နဲ့ တွေ့ပါရစေဆိုလို့ ခွင့်ပြုလိုက်ရင်လည်း တွေ့ရတဲ့ အချိန်ကို လိုက်ပြီး သူတို့ကို ပိုက်ဆံပြန်ဖြတ်သေးတယ်" လို့ မသီတာ က စိတ်မကောင်းစွာ ပြောပါတယ်။

ဒီလို ဖိနှိပ်မှုတွေ ရှိနေပေမယ့်လည်း ပြည့်တန်ဆာ မိန်းကလေးတွေ အနေနဲ့ ရသင့်တဲ့ ငွေကြေး အတိုင်းအတာ မရရှိသလို မတရားမှုကို တိုင်ကြားစရာ နေရာလည်း မရှိတာကြောင့် ပြည့်တန်ဆာ အိမ်တွေမှာပဲ ဆက်လက်လုပ်ကိုင်ကြရပါတယ်။

ပွဲစား
အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ မခင်ဝိုင်း(အမည်လွှဲ)ကတော့ ခေါင်းအိမ်တွေနဲ့ မန်နေဂျာတွေက ပြည့်တန်ဆာတွေအပေါ် ခေါင်းပုံဖြတ် ဖိနှိပ်လွန်းတယ်လို့ ပြောခဲ့တဲ့ မသီတာရဲ့ စကားတွေကို မထောက်ခံပါဘူး။
ကိုယ် လက်ခံမယ့်အလုပ်ရဲ့ တန်ရာတန်ကြေးကို သိပြီးမှ အလုပ်လက်ခံလို့ရတာမို့ ခေါင်းအိမ်တွေရဲ့ အပြစ်တွေချည်းပဲလို့ ပြောလို့မရဘူးလို့ မခင်ဝိုင်း က ပြောပါတယ်။

သူက ဧရာဝတီတိုင်းဒေသကြီးက နယ်မြို့တစ်မြို့မှာ ပြည့်တန်ဆာ တစ်ဦးအဖြစ် ခေါင်းအိမ်မှာ အလုပ်လုပ် အသက်မွေးခဲ့ပြီး သူနေထိုင်ခဲ့တဲ့ အိမ်ကတော့ ဆိုးရွားခေါင်းပုံဖြတ်တဲ့ အပြုအမူတွေ မရှိဘူးလို့ မခင်ဝိုင်း က ပြောပါတယ်။
"သူက ကျွန်မတို့ကို ဧည့်သည်တစ်ယောက် ကျပ် ငါးထောင်နဲ့ သတ်မှတ်ထားပြီးသား။ ကိုယ်တောင်းတတ်လို့၊ ဒါမှမဟုတ် ဧည့်သည်သဘောကောင်းလို့ တစ်သောင်း၊ တစ်သောင်းခွဲ ရရင်လည်း ပိုတာ ကိုယ်ယူရတာပါပဲ" လို့ ၁၂ နှစ်ကြာ ပြည့်တန်ဆာတစ်ဦးအဖြစ် အသက်မွေးခဲ့တဲ့ သူ့အတွေ့အကြုံကို ပြောပါတယ်။
မန်နေဂျာနဲ့ ခေါင်းတွေက မိန်းကလေးတွေရဲ့ ၀င်ငွေထဲက ခေါင်းပုံ ဖြတ်လေ့ရှိပေမယ့် မိန်းကလေး အချင်းချင်း ၀င်ငွေမျှတအောင်တော့ ပြန်စီစဉ်ပေးပါတယ်တဲ့။

"တကယ်လို့ ညသန်းခေါင်အထိ ဖောက်သည်က ကိုယ့်ကို မရွေးသေးဘူးဆိုရင် အရွေးခံပြီးသား လူတွေကို မန်နေဂျာက ထုတ်မပြတော့ဘူး။ ဒီတော့ ၀င်ငွေမရှိ၊ အလုပ်မလုပ်ရတဲ့ ညဆိုတာ မရှိတော့ဘဲ အဲဒီအတွက်လည်း စိတ်ပူနေစရာ မလိုတော့ပါဘူး" လို့ မခင်ဝိုင်း က ပြောပါတယ်။
မန်နေဂျာ ဒါမှမဟုတ် ခေါင်းအိမ်တွေကို အကောင်းမြင်နေတဲ့ မခင်ဝိုင်းရဲ့ နာကြည်းတဲ့စိတ်က ပွဲစားလို့ခေါ်တဲ့ ပြည့်တန်ဆာအဖြစ် ရောင်းစားသူတွေဆီမှာ ပုံချလိုက်ပါတယ်။

သူ့အသက် ၂၀ ၀န်းကျင်မှာ အိမ်ဖော်အဖြစ် အလုပ်ပေးမယ်လို့ လိမ်ညာခဲ့တဲ့ ပွဲစားတစ်ယောက်ကြောင့် ပြည့်တန်ဆာအိမ်ကို ရောက်ရှိခဲ့ပြီး ပွဲစားက ရောင်းစားခဲ့တဲ့အတွက် ပြန်ဆပ်ရတဲ့ ငွေကြေးက လနဲ့ချီရှိပြီး တစ်နှစ်ပြည့်လုနီးပါးပါလို့ သူ့အတွေ့အကြုံကို မခင်ဝိုင်း က ပြောပါတယ်။

အလှအပကြိုက်ပြီး အလုပ်မည်မည်ရရ မရှိဘဲ သုံးဖြုန်းချင်တဲ့ မိန်းမငယ်တွေကို ပွဲစားတွေက အမြဲလို စောင့်ကြည့်နေကြတာဖြစ်သလို သူတို့ ဖြားယောင်းပြီး ရောင်းစားခံခဲ့ရတဲ့ မိန်းမငယ်တွေ ကတော့ လိင်ဖျော်ဖြေမှုနဲ့ ခေါင်းအိမ်မှာ အကြွေးတွေ တစ်ပုံတစ်ခေါင်းကြီး ဆပ်ရတော့တာပါပဲ။

"အကြွေးလည်းကျေရော ကိုယ်လည်း ဒီဘ၀ကို လုံးလုံးရောက်နေပြီလေ။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန် မထူးတော့ပါဘူးဆိုပြီး ဆက်လုပ်ဖြစ်ကြတာပေါ့" လို့ မခင်ဝိုင်း က ပြောပါတယ်။

ပညာရေးနဲ့ ဗဟုသုတ နည်းပါးတဲ့ အမျိုးသမီးငယ်တွေကို လိင်ကျွန်အလို့ငှာ ဖြားယောင်း သွေးဆောင်သူ အများစုဟာ ကိုယ့်အသိမိတ်ဆွေ အရင်းထဲကဖြစ်ပြီး ကိုယ့်အကြောင်း ကောင်းကောင်းသိသူတွေသာ ဖြစ်တတ်ကြပါတယ်။
"ကိုယ်လည်း အပျိုပြန်ဖြစ်တာမှ မဟုတ်တာ၊ တရားလည်း စွဲမနေတော့ပါဘူး။ တကယ်လို့ တရားစွဲရင်လည်း ကိုယ်က ပြည့်တန်ဆာမှုနဲ့ ထောင်ကျဦးမယ်၊ မကျဘူးပဲထား.. တရားရုံးမှာ မပြောတတ်၊ မဆိုတတ်၊ ငွေကုန် ကြေးကျများတာပဲ အဖတ်တင်မှာပါ" လို့ သူသိသလောက် မခင်ဝိုင်း က ထုတ်ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက ရန်ကုန်မြို့ကို ပြောင်းလာတဲ့ မခင်ဝိုင်း တစ်ယောက် ခုချိန်မှာတော့ ခေါင်းရွက်ဗျပ်ထိုး ဟင်းသီးဟင်းရွက်သည် တစ်ဦးအဖြစ် စီးပွားရှာနေပါပြီ။

ရဲ နှင့် ရဲယောင်ဆောင်သူများ
"ပြည့်တန်ဆာအလုပ်ဆိုတာ သူများပစ္စည်း ခိုးယူတာမဟုတ်လို့ ကျွန်မကတော့ မရှက်ပါဘူး" လို့ ခေါင်းမော့ပြီး ပြောတတ်တဲ့ မနှင်းဆီ(အမည်လွှဲ)က ရဲသားတစ်ယောက်ရှေ့မှာတော့ ပြည့်တန်ဆာအလုပ် မလုပ်ဘဲနဲ့တောင် ခေါင်းမော့ ရင်ကော့ မလျှောက်ရဲခဲ့ပါဘူး။

"သူတို့က ကျွန်မတို့ကို သိနေတယ်လေ.. ဒီတော့ လိုင်းကြေး ဘယ်လောက်ပေးပေး အမှုအခင်း မရှိတဲ့အချိန်တွေဆို ကျွန်မတို့ကို အချိန်မရွေး ထောင်ထဲပို့နိုင်တယ်" လို့ မနှင်းဆီက ခပ်သွက်သွက် ပြောပါတယ်။

ဟုတ်ပါတယ်..။ မင်းတုန်းမင်း လက်ထက်ကတည်းက ပြည့်တန်ဆာအလုပ် မြန်မာနိုင်ငံမှာ ရှိခဲ့တယ်လို့ စာအုပ်တချို့မှာ ဖော်ပြထားပေမယ့် ခုချိန်ထိတော့ တရားမ၀င်သေးတာကြောင့် ပြစ်မှုမြောက်ပါတယ်။
ခေါင်းပုံဖြတ်၊ ဖိနှိပ်တဲ့ ပြည့်တန်ဆာအိမ်တွေမှာ မလုပ်ချင်ဘူးဆိုရင်တော့ ကလပ်တက်၊ ဂျွန်ဆင်း (တစ်ဦးတည်း လမ်းဘေးတွင် ဧည့်သည်ကို စောင့်ခေါ် သော ပြည့်တန်ဆာ) တွေပဲ လုပ်ရပြီး ရဲနဲ့ အယောင်ဆောင်ရဲတွေကို အကာအကွယ်မဲ့စွာ တွေ့ကြုံရတော့တာပါပဲ။

ယူနီဖောင်း ၀တ်မထားတဲ့ ရဲဝန်ထမ်းတွေဟာ ရိုးရိုးသာမန်လူတွေလို့ အထင်ရောက်စေတာမို့ မနှင်းဆီ တို့လို ပြည့်တန်ဆာအမျိုးသမီးတွေက သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ကျတဲ့ ရဲဝန်ထမ်းတွေရဲ့ မျက်နှာကို အလွတ်မှတ်ထားလေ့ရှိပါတယ်။

ရဲဥပဒေ ၃၀ (ဃ) အရလည်း မှောင်ရိပ်ခိုမှုလို အမှုတွေကအစ အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ အနေအထားမို့ လိင်လုပ်ငန်းလုပ်ဆောင်သူ အမျိုးသမီးတွေဟာ အလုပ်မလုပ်တဲ့ ကိုယ်ပိုင် အချိန်တွေမှာလည်း အနေအထိုင် သတိထားကြရပါတယ်။

"ကိုယ်က ရိုးရိုးသားသား လမ်းထိပ်မှာ ဟင်းသွားဝယ်နေတုန်းတောင် အခန့်မသင့်လို့ အမှုလိုနေရင် ချက်ချင်း အဖမ်းခံရနိုင်တယ်။ တရားရုံးရောက်မှ ပြည့်တန်ဆာမှုနဲ့ အဖမ်းခံရပြီဆို ၀န်ခံရင် တစ်နှစ်၊ ၀န်မခံရင် သုံးနှစ်လေ။ ဒီတော့ ၀န်ခံလိုက်တယ်။
"တရားသူကြီးက ဘာတွေလဲမသိဘူး၊ ဖတ်ပြနေတာကို နားထောင်.. နောက်ဆုံး ဟုတ်သလားလို့ မေးရင် ဟုတ်တယ်လို့ ဖြေလိုက်တာပါပဲ" လို့ ပညာရေးအရ မူလတန်းအဆင့်မှာပဲ ရပ်ခဲ့တဲ့ မနှင်းဆီ က သူ့အတွေ့ အကြုံကို ပြောပါတယ်။
ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာ ရဲဝန်ထမ်း မဟုတ်ဘဲ အယောင်ဆောင် လူလိမ်ရဲတွေနဲ့ ဆုံတွေ့နိုင်တာမို့ ယူနီဖောင်းကို သေချာမှတ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

ရဲယောင်ဆောင်ထားတဲ့ လူလိမ်တွေဟာ တရားဥပဒေအရရော၊ လူမှုအသိုင်းအ၀ိုင်းကပါ ပြန်လည် ခုခံနိုင်စွမ်းအားနည်းတဲ့ ပြည့်တန်ဆာ အမျိုးသမီးငယ်တွေကို ပစ်မှတ်ထား လုယက်လာကြတယ် လို့ မနှင်းဆီက ပြောပါတယ်။
လူလိမ်တွေဟာ သူတို့နဲ့အတူ လိင်ပျော်ပါးဖို့ တောင်းဆို၊ ပိုက်ဆံ တောင်းတဲ့အပြင် ရွှေ၊ ငွေပစ္စည်း တွေကိုပါ လုယက်ကြပြီး ရိုက်နှက်ထွက် ပြေးတတ်ကြတယ်လို့ သူ့ သူငယ်ချင်းတချို့ရဲ့ အတွေ့အကြုံကိုပြောပါတယ်။

"အဲဒီလိုဖြစ်ရပ်မျိုးဆို ကျွန်မတို့ ဘယ်ကို တိုင်ရမှန်း မသိဘူး။ ကိုယ်တွေကိုယ်တိုင်က ပြစ်မှုမြောက်နေတာ့ ဒီလိုပဲ ကြိတ်မှိတ်နေကြရတာပါပဲ"လို့ သူက ပြောပါတယ်။



ကွန်ဒုံး
လိင်ဆက်ဆံရာမှာ မျိုးဆက်ခြားခြင်း၊ သို့မဟုတ် လိင်ကကူးစက်တတ်တဲ့ ရောဂါတွေ ကာကွယ်ခြင်းတို့အတွက် ကွန်ဒုံးကို အသုံးပြုကြပေမယ့် မြန်မာနိုင်ငံမှာတော့ လက်ကိုင်အိတ်ထဲမှာ ကွန်ဒုံးတွေ့ရင် ပြည့်တန်ဆာသက်သေအဖြစ် အမှုရင်ဆိုင်ခံရနိုင်ပါတယ်။

ပြည့်တန်ဆာ တစ်ယောက်အဖြစ် အသက်မွေးခဲ့တဲ့ မဇာခြည် (အမည်လွှဲ) ဟာ ကံကောင်းထောက်မစွာ ဘာအမှုအခင်းနဲ့မှ ရင်မဆိုင်ခဲ့ရပေမယ့် နိုင်ငံတကာကျန်းမာရေး အဖွဲ့အစည်းက အိပ်ခ်ျအိုင်ဗီနဲ့ အသက်ရှင် နေထိုင်သူတွေအတွက် ကျန်းမာရေးအသိပေးရတဲ့ လူတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်း ပြောင်းလိုက်တဲ့ နောက်ပိုင်းမှာတော့ ပြည့်တန်ဆာ သက်သေနဲ့တကွ ရဲစခန်းကို ရောက်ဖူးခဲ့ပါတယ်။

"အမှန်က ကျွန်မ ဧရာဝတီတိုင်းဘက် သွားမလို့ပါ။ လှိုင်သာယာအဝေးပြေးကွင်းမှာ ရဲတွေ အိတ်တွေ လိုက်စစ်တော့ ကျွန်မအိတ်ထဲမှာ ကွန်ဒုံးတွေ တွေ့တာနဲ့ ချက်ချင်း ရဲစခန်းကို လိုက်သွားရတော့တာပါပဲ"လို့ မဇာခြည် က ပြောပါတယ်။
ခရီးဆက် သွားခွင့်မပြုဘဲ ဘာကြောင့် ကွန်ဒုံးတွေ သယ်ဆောင်လာရတယ်ဆိုတဲ့ အကြောင်းပြချက်ကို ရဲစခန်းမှာ အစစ်ခံရပေမယ့် ကျန်းမာရေး အလုပ်အတွက်ဆိုတာထက် ပြည့်တန်ဆာ အလုပ်လုပ်နေသူအဖြစ် ၀ိုင်းဝန်းစွပ်စွဲခဲ့ကြတယ်လို့ သူက ပြောပါတယ်။
နောက်ဆုံးမှာတော့ မဇာခြည် က သူနဲ့ သူ့ခင်ပွန်းမှာ အိပ်ခ်ျအိုင်ဗီပိုး ရှိနေတာကြောင့် ကွန်ဒုံးနဲ့သာ ညအတူအိပ်ကြပြီး မယုံကြည်ရင် ဘယ်လိုသက်သေပြရမလဲလို့ ပြန်မေးကာ အလုပ်မှ တာဝန်ရှိသူတွေကို ဖုန်းဆက်ခေါ်မှ အကျပ်အတည်းကနေ လွတ်သွားခဲ့ပါတယ်။
ကွန်ဒုံးက အမှုဖြစ်စေသလို ဧည့်သည်အများစုရဲ့ ကျန်းမာရေးအသိ ပညာနည်းပါးမှုကြောင့် မြန်မာနိုင်ငံက လိင်လုပ်ငန်းတွေမှာ ကွန်ဒုံးအသုံးပြုမှု အားနည်းနေတုန်းပဲလို့ သူ့အမြင်ကို ပြောပါတယ်။

"တချို့ ဧည့်သည်တွေဆို မူးရူးပြီး ကျန်းမာရေး အသိလည်း မရှိတော့ ကိုယ်ဘယ်လောက် ပြောပြော ကွန်ဒုံး မသုံးချင်ကြဘူး။ ကျွန်မတို့ကလည်း လက်ထဲမရှိရင် တကူးတက ဈေးဆိုင် သွားမ၀ယ်ရဲဘူး၊ အနားမှာ ရဲကလည်း ရှိနေနိုင်သေးတော့လေ။ ဒီတော့ ကွန်ဒုံးမပါဘဲ အလုပ်လုပ်ကြရော" လို့ မဇာခြည် က ပြောပါတယ်။

သတင်းထောက်များ
သတင်းစာတွေနဲ့ ဂျာနယ်တွေမှာ ဖိနှိပ်ခံလူတန်းစားဖြစ်တဲ့ လိင်လုပ်ငန်းက အမျိုးသမီးငယ်တွေရဲ့ ဘ၀သရုပ်ဖော်တွေ၊ သတင်းဆောင်းပါးတွေ၊ ကျန်းမာရေးသတင်းတွေကို စာနယ်ဇင်းကျင့်ဝတ်နဲ့ အညီ စာဖတ်သူတို့အတွက် တိကျမှန်ကန်စွာ ဖော်ပြလေ့ရှိကြပါတယ်။

ဒါပေမဲ့ စာစောင်တွေမှာ ဖော်ပြပြီးတဲ့နောက် ရက်အနည်းငယ် အတွင်းမှာတော့ အရေးပေါ် စီမံချက်တွေကြောင့် ပြည့်တန်ဆာအမျိုးသမီး အများစုဟာ အမှုတွဲထဲ ရောက်ကုန်ကြရပါတယ်လို့ လိင်လုပ်ငန်းလုပ်ကိုင်ခဲ့ဖူးသူ တစ်ဦးဖြစ်တဲ့ မသီရိ (အမည်လွှဲ)က ပြောပါတယ်။

ရဲဝန်ထမ်းတွေရဲ့ ဖိနှိပ်မှုတွေ၊ ခေါင်းနဲ့ မန်နေဂျာတွေရဲ့ ခေါင်းပုံဖြတ်မှုတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အရာတွေကို ဂျာနယ်လစ် သတင်းထောက်တွေဟာ စိတ်ဝင်တစား မေးမြန်းကြသလို သတင်းတိကျခိုင်လုံဖို့ အတွက်လည်း နေရပ်လိပ်စာတွေပါ ထည့်သွင်းတတ်ကြပါတယ်။

နှစ်ဖက် သတင်းရင်းမြစ်မျှတဖို့၊ ဘက်လိုက်မှု မရှိဖို့ ရေးသားကြတဲ့အခါမှာ သက်ဆိုင်ရာ ရဲစခန်းတချို့ကို ဆက်သွယ်မေးမြန်းတာရှိသလို အလုပ်လုပ်တဲ့ နေရာတွေကိုပါ မေးမြန်းဖော်ပြကြပါတယ်။
"ဒီတော့ မြို့နယ်ထဲမှာလား၊ ရပ်ကွက်ထဲမှာလား၊ ဘယ်အိမ်ကို ဘယ်လိုသွားချင်တယ်လို့ ပြောလိုက်တာနဲ့ ကျွန်မတို့ကို သိနိုင်တော့ မြို့နယ်နာမည်လေး ထည့်လိုက်တာနဲ့ ဒီလူတွေဆို ရဲဝန်ထမ်းတွေဘက်က ချက်ချင်းတန်းသိပါတယ်။ ဒီတော့ ဖမ်းဆီးရလည်း အရမ်းလွယ်ကူပါတယ်" လို့ မသီရိ က ပြောပါတယ်။

မြန်မာနိုင်ငံက ပြည့်တန်ဆာအများစုဟာ လမ်းဘေးအခြေပြု လုပ်ကိုင်ကြသူများတဲ့အတွက် လမ်းနာမည်တချို့ကို ဖော်ပြတာနဲ့ လူနဲ့အလုပ် တန်းသိနိုင်ပါတယ်လို့ သူက ဆက်ပြောပါတယ်။

"သတင်းထောက်တွေနဲ့ ကျွန်မတို့ တွေ့ရင် ဖြေပါတယ်။ ဒါပေမဲ့ နောက်ရက် ဂျာနယ်ထဲ ကိုယ်တွေပြောတဲ့ အကြောင်းအရာတွေ ပါလာပြီဆိုရင်တော့ အထူးစီမံချက်ကို ကြောက်လို့ ခဏ စတေးရှောင် (နေရာပြောင်း) နေခဲ့ကြရပါတယ်" လို့ မသီရိ က အရွှန်းဖောက်ရင်း ပြောခဲ့ပါတယ်။

မြန်မာတိုင်းမ် - အကြောက်တရားနဲ့ စိုးရိမ်မှုများစွာ ပါဝင်နေတဲ့ အမှောင်ထဲက ဘ၀တချို့ (နောက်ဆုံးပိုင်း)

No comments: