Wednesday, January 21, 2015

Alcohol – How to quit အရက်ဘေးက ဝေးကြပါစေ




ဆရာခင်ဗျား အစဉ်တစိုက်ဖတ်ရူ‌လေ့ လာနိုင်‌‌အောင် တင်‌‌ပေး‌နေတာ ‌ကျေးဇူးပါ ခင်ဗျား။ အရပ်ထဲမှာ သုံး‌နေကြတဲ့ အရက်‌ဖြတ်‌‌ဆေး Chronol (Disulfiram-500 mg) အ‌ကြောင်းသိလိုပါတယ် အကျိုး၊အပြစ် နဲ့ ‌သောက်ရမယ့်‌ ပမာဏ၊ ကာလတိုရှည်ကို ပြောပြ‌ပေး‌စေလိုပါတယ်။ ရမ်းသမ်းပြီး ‌သောက်ချင်သလို‌သောက်‌ ‌နေကြတာ ‌တွေ့‌နေရလို့ပါ။

Disulfiram အရက်ဖြတ်ဆေး မေးလို့သာ ဒီဆေးကို နံပါတ် (၁) နေရာမှာ ရေးပါတယ်။ တကယ်တန်း စနစ်တကျ အရက်ဖြတ်ဘို့ဆိုရင် အောက်မှာ ရေးထာတွေကို ဖတ်ပြီး လိုက်နာပါ။

(၁) Disulfiram ဆေးကို Antabuse လို့လဲခေါ်တယ်။ အရက်ဖြတ်ဆေးလို့ဆိုပေမဲ့ တကယ်တော့ ဒီဆေးနဲ့အရက်ဟာ ရန်သူတွေဖြစ်တယ်။ မတည့်ကြဘူး။ အရက်မူးနေသူကို ဆေးပေးလို့မရဘူး။ ဆေးနဲ့အရက်တွေ့ကြရင် ဓါတ်ပြုမှုတွေဖြစ်ပြီး မနေနိုင်အောင် ခံစားရမယ်။ ဆေးနဲ့အရက်တွေ့ကြရင် ၅-၁ဝ မိနစ်မှာ မျက်နှာတွေနီမြန်းလာမယ်။ နှလုံးခန်မြန်မယ်။ အသက်ရှူမဝ ဖြစ်မယ်။ ပျို့-အန်မယ်။ ခေါင်းထိုးကိုက်မယ်။ စိတ်ရှုတ်ထွေးမယ်။ သတိလက်လွတ်ဖြစ်မယ်။ သွေးလျှောက်တာတွေ နည်းမယ်။ အရက်သောက်ထားပြီးနောက် ၁၂ နာရီအတွင်း ဆေးသောက်တာနဲ့ ဖြစ်စေမယ်။ Disulfiram ဆေးကနေ Alcohol cravings အရက်သောက်ချင်စိတ်ကို မနည်းစေနိုင်ပါ။ တနေ့မှာ 500 mg ကနေ စပေးတယ်။ ၁-၂ ပါတ်ကြာပေးတယ်။ နောက်မှာ 250 mg ပေးတယ်။ ဒီဆေးကို တခြားရောဂါတွေမှာလဲ သုံးသေးတယ်။ ဝဲ၊ ကင်ဆာ။ Cocaine ကိုကိန်း စွဲနေသူတွေ ဖြတ်ရာမှာလဲ သုံးတယ်။

ဆေးတခုထဲနဲ့ အရက်ဖြတ်မရပါ။ အထူးကုဆရာဝန်ရဲ့ စိတ်ပိုင်းပြုပြင်ပေးမှုနဲ့ တခြားဆေးတွေလိုသေးပါတယ်။

(၂) Baclofen (Kemstro, Lioresal, Liofen, Gablofen, Beklo and Baclosan) ဆေးကိုလဲ အရက်ဖြတ်ရာမှာ သုံးရတယ်။ Spasticity ရောဂါအတွက်လဲသုံးတယ်။ ကျို့ထိုးတာအတွက်လဲပေးတယ်။ အဓိက အားကောင်းချက်ကတော့ Alcohol dependence အရက်သောက်ရမှနေနိုင်တာကိုရော Withdrawal symptoms အရက်ဖြတ်လို့ ခံစားရမှာတွေကို သက်သာစေပြီး Alcohol cravings အရက်ကို ချဉ်ခြင်းတပ်နေစိတ်ကို ပျောက်စေမယ်။ အစမှာ တနေ့ကို 80mg ပေးပြီးနောက်မှာ မနက် 20mg ၁ ပြား၊ ည 20mg ၁ ပြားပေးတယ်။

(၃) Benfinuron Forte (Benfotiamine, Folic Acid, Methylcobalamin, Vitamin B12, Vitamin B6) ဆေးကိုပါ တွဲပေးသင့်တယ်။ ဦးနှောက်နဲ့ အာရုံကြောတွေပေါ်သက်ရောက်ထားတဲ့ အရက်ဒဏ်တွေကို ကုစားဘို့ဖြစ်ပါတယ်။

(၄) Zolpidem (Ambien, Ambien CR, Intermezzo, Stilnox, Sublinox and Zolsana) ဆေးကတော့ အရက်ဖြတ်ကာစ အိပ်မပျော်တာအတွက် ပေးနိုင်တယ်။ ဆေးသောက်ပြီး ၁၅ မိနစ်ဆို အစွမ်းပြတယ်။ ၂-၃ နာရီကြာ အိပ်စေမယ်။ ညအချိန် ၁ ပြား၊ ဒါမှမဟုတ် ၁ ပြားခွဲပေးလေ့ရှိတယ်။

(၅) Lorazepam (Ativan or Orfidal) ထိုးဆေး အရက်ဖြတ်စရက်မှာ လိုမယ်။ Anxiety disorders စိုးရိမ်စိတ်ကို အမြန်သက်သာစေမယ်။ အိပ်စေမယ်။ ကြွက်သားတွေပြေလျော့စေမယ်။ တက်တာရှိရင် သက်သာမယ်။ အသားဆေး-အကြောဆေး ထိုးပေးနိုင်တယ်။

(၆) Counseling psychology စိတ်ပညာပေး ဆွေးနွေးမှု ခံယူခြင်းဟာ အရေးပါတယ်။ ဆရာဝန်ကနေ မေးမယ်။ လွဲနေတာတွေကို ပြင်ပေးမယ်။ ဆွေးမျိုးမိဘတွေကနေ နားချ ဖြောင်းဖျတာနဲ့ မတူဘူး။ သက်သာလာရင် စည်းကမ်းချက်လေးတွေ ချပေးမယ်။ အစားအသောက်၊ အိပ်ချိန်၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကို အကြံပေးမယ်။

လူတွေ ဘာလို့ အရက်သောက်ကြသလဲ HALT ဆိုတဲ့ အကြောင်းတရား ၄ ပါးရှိတယ်။ Hunger ဆာလောင်ခြင်း၊ Anger ဒေါသထွက်ခြင်း၊ Loneliness တကိုယ်တည်းဖြစ်ခြင်း၊ Tiredness မောပမ်းခြင်း၊

အစာစားဘို့ အားပေးမယ်။ ဒေါသထွက်ရတဲ့အခြေခံကို စစ်ဆေးမေးမြန်းပြီး မထွက်သင့်ဘဲထွက်နေတဲ့ဒါသကို ရှင်းပြမယ်။ ဥပမာ ဘောလုံးပွဲမှာ ကိုယ့်အသင်းမနိုင်ရကောင်းလားဆိုတဲ့ဒေါသကို ဘယ်လိုနည်းနဲ့မှ ပြင်မရတဲ့အတူ စိတ်ကို အေးချမ်းမှုနဲ့ နေဘို့ ရှင်းပြမယ်။

တကိုယ်တည်းမနေဘဲ အဖေါ်နဲ့၊ အဖေါ်မှာလဲ လူကောင်းသူကောင်းနဲ့သာရွေးပြီးနေဘို့ ပြောမယ်။ အရက်သမား၊ ဆေးသမားတွေကို ရှင်ခန်းဖြတ်ရမယ်။ ဘယ်သူမှမရှိရင် ဖေ့စ်ဘွတ်မှာ မိတ်ကောင်းဆွေကောင်းတွေနဲ့ စကားပြောပါလေ။

အလုပ်ပင်ပန်းလို့ ဘီယာလေးမော့ချင်တာဟာ နည်းလမ်းမှားယွင်း၊ မှားလွန်းတယ်။ နည်းနည်းလေးဝင်ကာစတော့ ဟုတ်သလိုလိုနဲ့။ ခဏနေတော့ အရက်သောက်သူ မောင်ဖြူဟာ မောင်ဖြူမဟုတ်တော့ဘဲ မောင်မဲဖြစ်တာတော့မယ်။ မပမ်းမပြေတဲ့အပြင် ရင်မောစရာတွေ စဉ်တိုက်ဆက်တိုက် လာတော့မယ်။ မှုခင်းတွေလဲ ကျူးလွန်မယ်။ ကိုယ်ကသူများကို ရန်ပြုမယ်။ ကိုယ့်ကိုသူများက ရန်ပြုမယ်။

အရက်ဖြစ်စရက် ပထမနဲ့ ဒုတိယရက်တွေက အရေးကြီးတယ်။ ဆေးရုံတက်ကုသဘို့လိုနိုင်တယ်။ သောက်ထားခဲ့တဲ့ အရက်ဓါတ် (အဆိပ်ဓါတ်) တွေကို ကိုယ်ထဲကနေ မြန်မြန်ရှင်းထုတ်ဘို့ သွေးကြောထဲဆေးသွင်းတာ လုပ်ရလိမ့်မယ်။ ဆီးကောင်းကောင်းသွားရင် သက်သာလာတော့မယ်။

ဒီတပုဒ်မှာ ဒီလောက်သာ ရေးပါမယ်။ မြန်မာ လူကြီး-လူငယ်၊ ယောက်ျားလေး-မိန်းကလေး အရက်ဘေးကဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂ဝ၁၃

No comments: