Thursday, January 29, 2015

အယ်ဒီတာ အာဘော်အချို့



(1) အမျိုးသားပညာရေး ဥပဒေနှင့် ကျောင်းသားသမဂ္ဂများ

စိတ်ပျက်စရာ အတိဖြင့် ပြည်သူများ မျှော်လင့်ချက် ကင်းမဲ့သည်ထက် ကင်းမဲ့လာနေပြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ သက်တမ်းသည်လည်း ကုန်ဆုံးရန် နီးကပ်သည်ထက် နီးကပ်လာနေချိန် ကျောင်းသားများ၏ အမျိုးသားပညာရေး ဥပဒေကို ခရီးရှည် ချီတက်ဆန္ဒပြမှုကို အားလုံးက စောင့်ကြည့်နေကြသည်။ ကျောင်းသားသပိတ်မှသည် ဆူပူအုံကြွမှုများ ဖြစ်ပွားမည်ကို စိုးရိမ်သူက စိုးရိမ်နေကြပြီး အကြမ်းဖက် ဖြိုခွင်းခံရမည့် အရေးကိုလည်း ကျောင်းသားမိဘများနှင့်အတူ ပြည်သူအများ ရတက်မအေးနိုင်ရှာပေ။

အာဏာပိုင်တို့က ဗဟိုချုပ်ကိုင်မှုဖြင့် ၎င်းတို့စိတ်ကြိုက် တစ်ဖက်သတ် ရေးဆွဲထားသည့် အမျိုးသားပညာရေး ဥပဒေသည် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရရှိစေရေး အတွက်လည်း ဦးတည်ထားသည်။ ခေတ်အဆက်ဆက် အာဏာရှင်တို့သည် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရရန် ဖိနှိပ်ထားခဲ့ကြသည်။ ကျောင်းသားသမဂ္ဂများကြောင့် ကျောင်းသားများ နိုင်ငံရေးနိုးကြားလာပြီး ၎င်းတို့ကို ဆန့်ကျင်လာမည်ကို စိုးရိမ်ကြသောကြောင့်ဖြစ်သည်။

အမှန်တကယ်၌ ကျောင်းသားများ တာဝန်ကိုယ်စီဖြင့် အသင်းလိုက် ဆောင်ရွက်နိုင်ရေးကို လေ့ကျင့်ပေးရာ၌ လည်းကောင်း၊ ပညာနှင့် အသိအမြင် ဖလှယ်ရေး၌ လည်းကောင်း၊ ပြောဆိုဆွေးနွေး ညှိနှိုင်းပူးပေါင်း လုပ်ဆောင်ရာ၌ လည်းကောင်း၊ ကျောင်းသားသမဂ္ဂများက အရေးပါသည်။ ယနေ့ ကျောင်းသားများသည် နောင်အခါတွင် တိုင်းပြည်တာဝန်များ အသီးသီး ထမ်းဆောင်ကြမည် ဖြစ်သောကြောင့် အများနှင့် ပူးပေါင်းလုပ်ဆောင်တတ်သော အလေ့အထများကို ကျောင်းသားဘ၀ကတည်းက လေ့ကျင့်ပြင်ဆင်ထားရန် လိုအပ်သည်။ ထို့ပြင် ကျောင်းသားများ အနေဖြင့် မိမိအခွင့်အရေးကို သိတတ်လျက် ယင်းအခွင့်အရေးအတွက် တိုက်ပွဲဝင်ရကောင်းမှန်း သိသည့် အသိစိတ်ဓာတ်များ ရရှိလာရန်အတွက် ကျောင်းသားသမဂ္ဂများက များစွာ အရေးပါသည်။

အင်္ဂလိပ် ကိုလိုနီဘ၀၌ ရှိစဉ်မှသည် ၁၉၆၂ တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့သည့် အချိန်အလယ် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုများ အဆုံး ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂများ တက်ကြွစွာ ပါဝင်ခဲ့ကြသည်။ အမှန်တကယ်၌ အေးချမ်းစွာ ပညာသင်ကြားရေးဟူသည် အေးချမ်းသည့် အနေအထား၌သာ ဖြစ်နိုင်ပြီး အခွင့်အရေးများ ဆုံးပါးလျက် မျှော်လင့်ချက် ကင်းမဲ့နေသော အနေအထား၌ ကျောင်းသားများ မည်ကဲ့သို့ အေးချမ်းစွာ ပညာသင်ယူနိုင်မည်နည်း။ ထို့ကြောင့် ကျောင်းသားများ အေးချမ်းစွာ ပညာသင်ယူနိုင်မှု မရှိခြင်းသည် မည်သူ့အပေါ်တွင် တာဝန်ရှိသနည်း။ ယနေ့တွင် ကျောင်းသားများ သပိတ်မှောက် ဆန္ဒပြခြင်းကို အပြစ်ဆိုနေကြသူများ အနေဖြင့် ကျောင်းသားများ နိုင်ငံရေး နိုးကြားလာခြင်း မရှိပါက သို့မဟုတ် ကျောင်းသားသမဂ္ဂများ မရှိခဲ့ပါက မြန်မာနိုင်ငံ သူ့ကျွန်ဘ၀မှ လွတ်မြောက်လျက် လွတ်လပ်ရေး ရရှိရန်မှာ လွန်စွာခက်ခဲ ကြန့်ကြာခဲ့နိုင်ကြောင်း၊ ယခု အနေအထားသို့ပင် ရောက်ရှိလာမည် မဟုတ်ဘဲ စစ်အာဏာရှင် အစိုးရလက်အောက်၌ ပြားပြားဝပ်နေလိမ့်မည်ဖြစ်ကြောင်း သတိချပ်သင့်သည်။

သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့်လည်း ကျောင်းသားများကို နှိပ်ကွပ်ခြင်းသည် မိမိနိုင်ငံ၏ အနာဂတ်ကို နှိပ်ကွပ်ခြင်းဖြစ်ကြောင်း သတိပြုသင့်သည်။ ထူးချွန်ထက်မြက်သည့် ကျောင်းသားမှန်သမျှ မိမိတို့ အခွင့်အရေးကို နားလည်သဘောပေါက်ပြီး ယင်းအတွက် လိုအပ်သလို ဆောင်ရွက်မည်သာ ဖြစ်သည်။ ယင်းကဲ့သို့သော ကျောင်းသားများကို နှိပ်ကွပ်လိုက်ခြင်းသည် မိမိနိုင်ငံ၏ အနာဂတ်ကို ယခုကတည်းက ကြို၍သတ်ပစ်လိုက်ခြင်း မည်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ကျောင်းသားများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း သို့မဟုတ် ထောင်ချောက်ဆင်နှိပ်ကွပ်ခြင်း မပြုဘဲ အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ ပြန်လည်စဉ်းစားကာ ညှိနှိုင်းဆောင်ရွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် 

(2) သံသယနှင့် အမုန်းတရားများကို အမှန်တရားကသာချေဖျက်နိုင်သည်

ကချင်ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမနှစ်ဦးအသတ်ခံခဲ့ရသည်မှာ ယနေ့ (ဇန်န၀ါရီ ၂၉) ဆိုလျှင် ၁၀ ရက်ပြည့်ပြီဖြစ်သည်။ သို့သော် ဖြစ်စဉ်နှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှုပြုလုပ်နေဆဲအခြေအနေသာဖြစ်ပြီး ပြစ်မှုကျူးလွန်သူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

ယခင်ကပေါ်ပေါက်ခဲ့ဖူးသော အလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးမှုကဲ့သို့ အချိန်ကာလတစ်ခုကြာမြင့်နေသော်လည်း ဖြစ်စဉ်နှင့်ပတ်သက်သည့် တိကျသောအဖြေ မဖော်ထုတ်နိုင်မှုအပေါ် စောင့်ကြည့်ဝေဖန်မှုများရှိနေသည်။ အများစိတ်ဝင်စားသော၊ အများနှင့်သက်ဆိုင်သော ဖြစ်စဉ်ဖြစ်ရပ်များနှင့်ပတ်သက်၍ မှန်ကန်သော ရလဒ်အဖြေရှာဖွေဖော်ထုတ်ရန်မှာ သက်ဆိုင်ရာ၏တာဝန်သာဖြစ်သည်။

သို့ပါ၍ ယခု ကချင်ခရစ်ယာန်သာသနာပြုလုပ်အားပေးဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရပြီး ရက်စက်စွာသတ်ဖြတ်ခံရမှုအပေါ် အဖြစ်မှန်ပေါ်ပေါက်ရန် ကချင်တိုင်းရင်းသားများသာမက တစ်နိုင်ငံလုံးမှပြည်သူများက လိုလားနေကြပြီဖြစ်သည်။ လတ်တလောသတင်းများအရ အခင်းဖြစ်ပွားခဲ့သည့် မူဆယ်ခရိုင်အတွင်းရှိ ကောင်းခါးကျေးရွာမှ အမျိုးသားအမျိုးသမီး ရွာသား ၃၀ ဦးကို ပြည်နယ်ရဲမှူးဦးဆောင်၍ စစ်ဆေးနေကြောင်း၊ တပ်မတော်သား ၃၀ ကျော်ကိုလည်း လိုအပ်သောစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်န၀ါရီ ၂၅ ရက်က ကောင်းခါးဒေသခံများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံထားပြီး အမှုမှန်ပေါ်ပေါက်ရန် ၀ိုင်းဝန်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ကျူးလွန်သူမှာ တပ်မတော်ဘက်မှဖြစ်ပါက တပ်စည်းကမ်းများအတိုင်း အရေးယူမည်ဖြစ်ကြောင်း၊ အရပ်ဘက်မှဖြစ်ပါက အရပ်ဘက်ဆိုင်ရာ ဥပဒေများအတိုင်း အရေးယူမည်ဖြစ်ကြောင်း တပ်မတော်ဘက်မှတာဝန်ရှိသူများက ပြောကြားထားသည်။

အသက် ၂၀ အရွယ် ဆရာမလေးနှစ်ဦးသည် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၉ ရက် ညပိုင်းက အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်က တာဝန်ဖြင့်စေလွှတ်ထားသော ခရစ်ယာန်သာသနာပြု လုပ်အားပေးဆရာမများဖြစ်သည်။ အခင်းဖြစ်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာရှိ ဘုရားကျောင်းဝင်းတွင်ဖြစ်သည်။
အဆိုပါဒေသတွင် ယင်းကဲ့သို့ကိစ္စမျိုးမပေါ်ပေါက်ဖူးကြောင်း ဒေသခံများကပြောကြားထားသလို အခင်းမဖြစ်ပွားမီက အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် စကခ (၁) လက်အောက်ခံ ခမရ (၅၀၃) တပ်မတော်စစ်ကြောင်း ကောင်းခါးရွာတွင်ရောက်ရှိနေချိန်နှင့် တိုက်ဆိုင်နေကြောင်းသိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အမြင်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး၊ သံသယအမျိုးမျိုး၊ ထင်ကြေးအမျိုးမျိုးရှိနေသည်မှာမှန်သော်လည်း တိကျမှန်ကန်သည့်အဖြေ မထွက်ပေါ်သေးပါက မည်သူ့ကိုမျှ တိတိကျကျစွပ်စွဲ၍ရဦးမည်မဟုတ်ပေ။ သို့သော် အမှန်တရားဖော်ထုတ်ချိန် လိုအပ်သည်ထက်ပိုမိုကြာမြင့်ပါက မလိုလားအပ်သောသံသယအကျိုးဆက်များ ပေါ်ပေါက်နိုင်သည်ကို အားလုံးသတိထားရမည်ဖြစ်သည်။

ယခုကိစ္စအပေါ် သာမန်မှုခင်းဖြစ်စဉ်တစ်ခုအဖြစ်မယူဆဘဲ သက်ဆိုင်ရာတာဝန်ရှိသူအားလုံး အမှုမှန်ပေါ်ပေါက်ရန် အလေးထားဆောင်ရွက်သင့်ပါသည်။ သို့မှသာ အမှန်တရားဖော်ထုတ်နိုင်ခြင်းဖြင့် သံသယနှင့်အမုန်းတရားများကို ချေဖျက်နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာကရေးသားအပ်ပါသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

(3) ရီဗော်လူးရှင်းနှင့် အီဗော်လူးရှင်း

အင်္ဂလိပ်ဘာသာ ရီဗော်လူးရှင်း Revolution ဆိုသည်မှာ စနစ်တစ်ခု သို့မဟုတ် အတွေးအခေါ်တစ်ရပ်ကို လုံးဝကြိုက်နှစ်သက်ခြင်း မရှိသဖြင့် အောက်ခြေမှစကာ ဆန့်ကျင်တော်လှန်ကာ အခြားစနစ်၊ အတွေးအခေါ်အသစ် တစ်ခုဖြင့် အစားထိုး ပြောင်းလဲပစ်သည့် သဘောဆောင်သည်။

၁၈ ရာစုအလယ်တွင် ကားလ်မာ့ခ်စ်၏ နိုင်ငံရေး အတွေးအခေါ်မှ အစပြုလာခဲ့သော မာ့ခ်စ်ဝါဒ သို့မဟုတ် ကွန်မြူနစ်လက်ဝဲဝါဒသည် ရီဗော်လူးရှင်းကို အခြေပြုထားသော လမ်းစဉ် ဖြစ်သည်။
အီဗော်လူးရှင်း Evolution ၏ သဘောမှာမူ သက်ရှိ၊ သက်မဲ့အရာ အားလုံးတို့၏ ဖွဲ့စည်းပုံများ၊ အသွင်သဏ္ဌာန်နှင့် အနှစ်သာရများ တရွေ့ရွေ့ ဆင့်ကဲဖြစ်ပေါ် တိုးတက်ပြောင်းလဲလာခြင်းကို ကိုယ်စားပြုသည်။

လက်ရှိ ကမ္ဘာကြီး ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်ပြောင်းလဲလာမှု အပြင် လူတို့၏ အသိဉာဏ်ရည်များ တဖြည်းဖြည်း မြင့်မားလာခြင်းတို့သည် တစ်နည်းအားဖြင့် ချားလ်ဒါဝင်၏ အီဗော်လူးရှင်း သီအိုရီနှင့် တစ်နည်းမဟုတ် တစ်နည်း စပ်ဆက် အခြေပြုနေပေသည်။ 

ရီဗော်လူးရှင်း၏ သဘာဝကို ထပ်မံစေ့ငုကြည့်ပါက ရှိနေပြီးသား ဖွဲ့စည်းပုံ၊ ဖြစ်တည်မှုတစ်ခုကို လုံးဝအမြစ်လှန် ပြောင်းလဲပစ်တတ်သော တစ်နည်းအားဖြင့် မတူသည်များကို ဖယ်ရှားပစ်တတ်သော သဘောရှိနေပြီး အီဗော်လူးရှင်းမှာမူ တည်ရှိနေသော သက်ရှိ၊ သက်မဲ့အရာများကို နောက်ထပ် ပို၍ အားကောင်းဖွံ့ဖြိုးလာမှု၊ ပိုမိုရှည်ကြာစွာ ရှင်သန်ရပ်တည်နိုင်မှု၊ ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်နိုင်မှု၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာမှု သဘောတို့ ပိုကဲနေသည်ကို တွေ့ရသည်။ 

မျက်မှောက်ကမ္ဘာကြီးတွင် သက်ဆိုင်ရာ ဒေသအလိုက် ရှိနေကြသည့် လူ့အဖွဲ့အစည်းတို့သည် တွေ့ကြုံနေသမျှ အသေးအဖွဲမှသည် ကြီးမားသော အရေးကိစ္စများအထိ အခြေအနေ များစွာကို ရီဗော်လူးရှင်းနည်း သို့မဟုတ် အီဗော်လူးရှင်း သဘောဖြင့် ချဉ်းကပ်သုံးသပ် အဖြေရှာနေကြခြင်းကြောင့် မည်သည့်ဒေသတွင် တင်းမာမှုများ၊ ပဋိပက္ခများ၊ စစ်ပွဲများ၊ အစွန်းရောက် သတ်ဖြတ်မှုများနှင့် ကြုံတွေ့ကာ မည်သည့်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုများ၊ တည်ငြိမ်မှုများ၊ အေးချမ်းသာယာမှုများ ရရှိနေသနည်း ဆိုခြင်းကို ရှင်းလင်းစွာ သိနိုင်ပေသည်။

ယနေ့ မြန်မာလူ့အဖွဲ့အစည်းတွင် တွေ့ကြုံရင်ဆိုင်နေရသည့် ပြဿနာများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အခွင့်အလမ်းများ၊ ရှေ့မတိုး နောက်မဆုတ် လိပ်ခဲတည်းလည်း အခြေအနေများ၊ ပုဂ္ဂိုလ်ရေး၊ အဖွဲ့အစည်းအရေး ပွတ်တိုက်မှုများ၊ အားပြိုင်မှုများ၊ ဆန္ဒဇောကြီးမှုများကိုလည်း ရီဗော်လူးရှင်းခေါ် အပြုတ်တိုက်၊ အပြတ်ရှင်း တော်လှန်ရေးနည်းဖြင့် ဖြေရှင်းကြမည်လော၊ အီဗော်လူးရှင်းခေါ် တဖြည်းဖြည်း ဆင့်ကဲတိုးတက်ပြောင်းလဲမှု ရရှိရန် ဆောင်ကြဉ်းကြမည်လော သက်ဆိုင်ရာ နယ်ပယ်အလိုက် ရှိနေကြသည့် ခေါင်းဆောင်များ၊ အဓိက တာဝန်ရှိ သက်ဆိုင်သူ Stakeholder များ ဆုံးဖြတ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၂၈-၁-၂၀၁၅)
---------------------------
Editorial, The Voice Daily Vol-2/No-249 (#‎voiceeditorial)


(4) အကောင်းလောကဓံ ခံနိုင်ဖို့

လူဖြစ်လာရင် လောကဓံကို မလွဲမသွေ တွေ့ရမှာ ဖြစ်တဲ့အတွက် ရှောင်ဖို့ ကြိုးစားမယ့်အစား သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းတတ်၊ “ခံနိုင်” ရပါမယ်။

(၁) လာဘ်လာဘ ပေါများခြင်း၊ (၂) လာဘ်လာဘ နည်းပါးခြင်း၊ (၃) အခြံအရံ ပေါများခြင်း၊ (၄) အခြံအရံ နည်းပါးခြင်း၊ (၅) ကဲ့ရဲ့ခံရခြင်း၊ (၆) ချီးမွမ်းခံရခြင်း၊ (၇) ချမ်းသာခြင်း၊ (၈) ဆင်းရဲခြင်းဆိုတဲ့ လောကဓံတရား ရှစ်ပါးနဲ့ ကြုံတဲ့အခါ မတုန်မလှုပ် အသင့်အတင့် သဘောထားတတ်ဖို့၊ ခံနိုင်ဖို့ လိုပါတယ်။

အပေါ်က ရေးထားတဲ့အထဲက စုံဂဏန်း လောကဓံ တစ်နည်း အဆိုးလောကဓံတွေကို လူတွေက ရွံမုန်းကြပြီး မဂဏန်း လောကဓံ၊ အကောင်းလောကဓံတွေကိုတော့ လိုချင်တပ်မက်ကြကာ အဲဒီလောကဓံတွေနောက် တကောက်ကောက် လိုက်ကြပါတယ်။ လောကဓံလို့ ပြောရင် အဆိုးလောကဓံကိုပဲ ပြေးမြင်ပြီး ခံနိုင်အောင် ကြိုးစားတတ်ကြတယ်။ တကယ့်လောကဓံကို ခံနိုင်ဖို့ဆိုရင် အဆိုးလောကဓံကို ခံနိုင်ရုံနဲ့ မလုံလောက်ပါဘူး။ မဂဏန်း လောကဓံ၊ အကောင်းလောကဓံနဲ့ တွေ့ရင်လည်း ခံနိုင်ဖို့ လိုပါတယ်။

ဆင်းရဲဒဏ် ခံနိုင်တယ်၊ ချမ်းသာဒဏ် မခံနိုင်ကြဘူး။ လာဘ်လာဘ နည်းပါးတုန်းက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်တဲ့လူဟာ လာဘ်လာဘ ပေါများတဲ့အခါ မာနထောင်လွှား သွားတတ်ပါတယ်။ အခြံအရံ နည်းပါးတုန်းက မိတ်ဆွေအပေါင်းအသင်းကို ကူညီတတ်သူဟာ အခြံအရံ ပေါတဲ့အခါ မိတ်ဆွေတွေကို မထီမဲ့မြင် ဖြစ်သွားတတ်ပါတယ်။ ကဲ့ရဲ့ခံရတုန်းက ခါးစည်းခံနိုင်တဲ့သူဟာ အချီးမွမ်းခံရတာ များလာချိန်မှာ “ငါ့လောက်တော်တဲ့၊ တတ်တဲ့လူ ဒီကမ္ဘာမှာ မရှိဘူး” လို့ ထင်ပြီး အမှားတွေ ပြောတတ်၊ လုပ်တတ်ပါတယ်။

အကောင်းလောကဓံကို မေ့မထားဘဲ ခံနိုင်ဖို့ လိုပါတယ်။ အကောင်းလောကဓံနဲ့ တွေ့တဲ့အခါ ရင်ဆိုင်ဖို့နည်းက “အကောင်းလောကဓံနဲ့ ငါတွေ့နေပြီ” ဆိုပြီး သိပါ။ ဒီလို စိတ်ထဲက သိလိုက်တာနဲ့ ဒီလောကဓံက ကိုယ့်ကို အနှောင့်အယှက် အဖျက်အဆီး မလုပ်နိုင်အောင် စိတ်ကလိုက်ပြီး စောင့်ကြပ်ကြည့်ရှုနေပါလိမ့်မယ်။ ဒါဆို အကောင်းလောကဓံက ကိုယ့်ကို အန္တရာယ် မပေးနိုင်တော့ပါဘူး။

အကောင်းလောကဓံကလည်း လောကဓံပါပဲ။

အယ်ဒီတာ (၂၄.၁.၂၀၁၅)

---------------------------
Editor's Word, The Voice Daily Vol-2/No-245 (#voiceeditorial)

No comments: