ပုထုဇဉ်လူသားတိုင်းသည်
ရေတွက်ခြင်းငှာ မစွမ်းသာသော ဘဝပေါင်းများစွာကို ဖြတ်သန်းလာခဲ့ ရပေသည်။ ထိုထိုဘဝများစွာကတည်းက
ဘဝဆင်းရဲကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းဖြစ်သော ကိလေသာ ဓာတ်တို့သည် ဆက်ကာဆက်ကာ၊ ထပ်ကာထပ်ကာ
ဖြစ် ပေါ်လာခဲ့ပေသည်။ ဆိုရသော် ပုထုဇဉ်တို့၏ အတွင်း သန္တာန်၌ အနမတဂ္ဂသံသရာမှစ၍ စုပြုံကိန်းအောင်းလာ
ခဲ့သော ကိလေသာအာသဝေါတရားတို့သည် အထုအ ထည်နှင့် အုံကျင်းနှင့် အင်အားကြီးမားစွာ ခိုင်ခိုင်စွဲစွဲဖွဲ့
တည်လာခဲ့ပေသည်။
ဗုဒ္ဓဘာသာဝင်တို့၏
နောက်ဆုံးပန်းတိုင်ဖြစ် သော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးမှာ သံသရာတစ် လျှောက်
အထုအထည်ကြီးစွာ ကိန်းအောင်းနေသော ကိလေသာအာသဝေါတရားတို့ကို မြူမှုန်မျှမကျန်အောင် ကင်းစင်မှသာ
ဖြစ်နိုင်ပေမည်။
ပုထုဇဉ်တို့၏ အသွေး၊ အသားထဲ၊ အရိုးအကြောထဲ
တစ်ကိုယ်လုံးအနှံ့ ပြန့်နေ သော ကိလေသာတရားတို့ကို အမြစ်ဖြတ်သုတ်သင်ရှင်း လင်းနိုင်ရန်
ဝိပဿနာဉာဏ်ပညာ အလင်းဓာတ်ရမှသာ
ဖြစ်နိုင်ပေမည်။ ဝိပဿနာဉာဏ်ရဖို့ရန်မှာ တစ်ခုတည်း
သော နည်းလမ်းသာ ရှိပါ သည်။ ထိုနည်းလမ်းမှာ ဝိပဿနာ၊ ဘာဝနာ ပွားများအားထုတ် ခြင်းပင်ဖြစ်ပါ၏။
ဘုရား
ရှင်က ဒီဃနိကာယ် မဟာပရိနိဗ္ဗာန သုတ်တွင် -
''သီလ
၌ တည်၍ ဖြစ်စေ အပ်သော သမာဓိသည် များသော အကျိုးအာနိသင်ရှိ၏။ သမာဓိ၌ တည်၍ဖြစ်စေအပ်သော
ပညာသည် များသောအကျိုး အာနိသင်ရှိ၏။ ပညာ၌တည်၍ ဖြစ်စေအပ်သောစိတ် သည် အာသဝေါတရားတို့မှ
ကောင်းစွာလွတ်မြောက် ၏''ဟု ဟောတော်မူခဲ့ပါသည်။
ထို့ပြင်
ဘုရားရှင်က အင်္ဂုတ္ထိုရ်(ဒုတိယ)၊ စာ မျက်နှာ ၄၉၃ တွင်လည်း
''ရဟန်းတို့
ဘာဝနာကို အားမထုတ်ဘဲ ငါ ၏စိတ်သည် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ လွတ် ပါမူကား ကောင်းလေစွဟု
တောင့်တသော်လည်း အာ သဝေါတရားတို့မှ မလွတ်နိုင်။ ဘာကြောင့်နည်း ထိုသတိ ပဋ္ဌာန်စသော တရားတို့ကို
ပွားများမှုမရှိသောကြောင့် တည်း''ဟု ဟောတော်မူခဲ့ပါသည်။
ဗုဒ္ဓဘာသာဝင်များသည်
သဒ္ဓါတရားအား ကောင်းသူများ ဖြစ်သည့်အားလျော်စွာ ဓနဥစ္စာ ချမ်း သာကြွယ်ဝသူကလည်း ချမ်းသြာ<ွကယ်ဝသည့်အ
လျောက် အလှူဒါနကောင်းမှုကို ပြုကြပါ၏။ ဓနဥစ္စာ မချမ်းသာသူများကလည်း မချမ်း သာစေကာမူ မိမိတို့စွမ်းနိုင်သမျှ
စေတနာ ဒါနကို ပဓာနထားလျက် တစ်နိုင်တစ်ပိုင် ဒါနကောင်းမှု ပြုကြပါသည်။ စင်စစ် ဒါနသည်
ဗဟိဒ္ဓ ပြင်ပပစ္စည်းကို အရင်းအနှီး ပြုရသောကြောင့် လူတိုင်းလောက်နီးနီး ဒါနမှုပြုနိုင်ခြင်း
ဖြစ်မည်ထင်ပါ သည်။
.
သီလစောင့်ထိန်းသူဦးရေမှာမူ
ဒါနပြုသူနှင့် နှိုင်းယှဉ်သော် နည်းပါးလှပါသည်။ သီလစောင့်ထိန်းသူ ဆိုသည်မှာ ဝါတွင်းကာလဥပုသ်နေ့တိုင်း
ရှစ်ပါးသီလ စောင့်ထိန်းသူကိုသာ ဆိုလိုသည်မဟုတ်ပါ။ နေ့စဉ်နှင့် အမျှ ခါးဝတ်ပုဆိုးပမာ
မြဲမြဲမြံမြံ ငါးပါးသီလကို လုံခြုံ အောင် စောင့်ထိန်းသူကို အဓိကထား၍ ဆိုလိုခြင်းဖြစ်
ပါ၏။ ကိုယ်လက်ခြေနှင့် နှုတ်ကို အရင်းအနှီးပြုရသော သီလမှုတွင် လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်သူ
ဦးရေက ဒါနမှုပြုသူဦးရေနှင့် နှိုင်းစာသော် တစ်ဝက် လောက်ပင် ရှိမည်မထင်ပါ။
ဝိပဿနာပွားများအားထုတ်ခြင်းမှာ
'စိတ်'ကို အရင်းအနှီးပြုရသောကြောင့် ဘာဝနာပွားများသူဦးရေ သည် ဒါနမှု၊ သီလမှုပြုသူတို့နှင့်
နှိုင်းယှဉ်လျှင် အဆ မတန် နည်းပါးလွန်းလှပေသည်။ ဆိုရသော် ဘုရားရှိခိုး ဝတ်ပြုစဉ်တိုင်း
နိဗ္ဗာန်ချမ်းသာကို ရလိုပါ၏။ မိရိုးဖလာ ဘုရားရှိခိုးစာအရ ဆုတောင်းမှုပြုနေစေကာမူ နိဗ္ဗာန်
ချမ်းသာကိုရရှိစေနိုင်မည့် တစ်ခုတည်းသော ဝိပဿနာ ဘာဝနာပွားများမှုကို အားထုတ်သူဦးရေမှာ
ရာခိုင် နှုန်းအားဖြင့် အလွန်တရာပင် နည်းပါးလှပါ၏။
သံယောဇဉ်အတွယ်အတာ
မှန်သမျှ၊ လောကီအရေး အရာမှန်သမျှ အရာအားလုံးကို ယတိပြတ်စွန့်လွှတ် ပြီး နိဗ္ဗာန်သို့ရှေးရှုသော
တစ်ကြောင်းတည်းသော စိတ်ဖြင့် ဝိပဿနာဘာဝနာတရားအားထုတ်မှုကို အရိုးကြေကြေ အရေခန်းခန်း
နောက်မဆုတ်စတမ်း ကြိုးပမ်းဆောင်ရွက်သော လူဝတ်ကြောင်မှာမူ တစ် ရာခိုင်နှုန်းမျှပင် ရှိမည်မထင်ပါ။
သံသရာတစ်လျှောက်လုံး
အထုအထည် ကြီးစွာ ပိပိုးဖိစီးလာခဲ့သော ကိလေသာများကို လွတ် လွတ်စွန့်လွှတ် ခါထုတ်ဖို့မှာ
ပုထုဇဉ်တို့အဖို့ အခက် အခဲဆုံး လုပ်ငန်းဆောင်တာကြီး ဖြစ်ပါ၏။ လော ကီအရေး ကြိုးပမ်းအားထုတ်မှုတွင်
ကြုံတွေ့ရသော အခက်အခဲထက် မနှိုင်းယှဉ်သာအောင် ပိုမို၍ခက် ခဲလှပါ၏။ စီးပွားရေးလုပ်ငန်းများတွင်
အောင်မြင် ၍ကြီးပွားချမ်းသာ သူများထဲမှ တချို့သည် လူတို့ ၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုရာနှုန်းပြည့်
ရှိ၏။ ထိုယုံကြည်မှုအရ သူတို့သာ တရားအားထုတ် လျှင် ဥာဏ်အလင်း အလွယ်တကူရနိုင်မည်ဟု ထင်
တစ်လုံးရှိ၏။
အမှန်တော့
လောကီအောင်မြင်မှုနှင့် လောကုတ္တရာ အောင်မြင်မှုသည် မျဉ်းပြိုင်များ မဟုတ်လေပါ။ လောကီချမ်းသာနှင့်
လောကုတ္တ ရာချမ်းသာသည် သဘောသဘာဝချင်း လုံးဝမတူ လေပါ။ တူရှုပြုရာချင်း ဆန့်ကျင်ခြားနားလှပါ၏။
လောကီကြီးပွားချမ်းသာမှုမှာ 'လောဘ'ကိုအရင်း အနှီးပြုလျက် ရှာဖွေရ၏။ လောကုတ္တရာချမ်းသာ
မှာမူ လောဘကို ပါးလျား အောင်ပြုပြီးမှ (အဆုံးစွန်) လောဘကိုသတ်ပြီးမှ ရ လာသော ချမ်းသာဖြစ်ပါ
၏။ ဓနချမ်းသာကို တိုး၍ တိုး၍ရှာဖွေလေ ဓမ္မချမ်း သာနှင့် ပို၍ပို၍ ဝေးကွာ လေလေပင်ဖြစ်ပါ၏။
ဓန ချမ်းသာကို ရှာဖွေခြင်းနှင့် ဓမ္မချမ်းသာကို ရှာဖွေခြင်း မှာ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက်သာ
ဖြစ် ပါ၏။ အရှေ့ကိုရှေးရှုသွား လျှင် အနောက်နှင့် ဝေး သည်ထက်ဝေးမည်။ အ နောက်ကို ရှေးရှုသွားလျှင်
အရှေ့နှင့် ဝေးသည် ထက်ဝေးမည်။
လောဘကို
အရင်းပြုပြီး လောကီစည်း စိမ်ချမ်းသာကို ရှာခြင်းသည် ပုထုဇဉ်တို့၏ သဘာဝ စရိုက်ဖြစ်ပါ၏။
အစုန်လမ်းဖြစ်ပါ၏။ လောဘကို သတ်ခြင်းသည် ပုထုဇဉ်တို့၏ မူလသဘာဝစရိုက်ကို ချိုးနှိမ်ပယ်လှန်ရသောကြောင့်
''အဆန်လမ်း''ဖြစ် ပါ၏။ အစုန်လမ်းက အမျောလွယ်၏။ အဆန်လမ်း က အတက်ခက်သည်မှာ သဘာဝသာဖြစ်ပါ၏။
ရုပ်ဝတ္ထုပစ္စည်း အသစ်အဆန်းများနှင့် အာရုံခံစား စရာများ၊ တစ်မျိုးပြီးတစ်မျိုး မရိုးအောင်
အလျှံပယ် ထွက်ပေါ်နေသော မျက်မှောက်အချိန်အခါတွင် ထိုအရာများကို ရရှိပိုင်ဆိုင်ခံစားရရေးအတွက်
လောဘတွေ ပို၍ပို၍ကြီးမားလာသည်။ သန်းဆယ် ချီ၍ချမ်းသာသူက သိန်းရာချီပြီး ချမ်းသာချင်လာ
သည်။
သိန်းရာချီ၍
ချမ်းသာလာသောအခါတွင် သိန်းထောင်ချီ၍ ချမ်းသာလာချင်ပြန်သည်။ တိုင်း ပြည်နိုင်ငံတို့က
နယ်နိမိတ် အကန့်အသတ်ရှိ၏။ လောဘကား နယ်နိမိတ်အကန့်အသတ်မရှိ။ အ ကန့်အသတ်မဲ့၊ အတိုင်းအတာမဲ့
လောဘနောက် လိုက်နေသေးသမျှ ဓမ္မနှင့် အလှမ်းဝေးနေဦးမည် သာ ဖြစ်ပါ၏။ ငြိမ်းအေးမှုနှင့်
အလှမ်းဝေးနေဦး မည်သာ ဖြစ်ပါ၏။
သို့ဖြစ်၍
ဝိပဿနာတရားအားထုတ် သော ယောဂီအနေဖြင့် အခြေခံအားဖြင့် အလို နည်းခြင်း၊ တင်းတိမ်ရောင့်ရဲခြင်း၊
အမှုကိစ္စနည်းပါး ခြင်းဟူသော အချက်သုံးချက်နှင့် ပြည့်စုံဖို့လိုပါ သည်။ အလိုလောဘကြီးနေသမျှ၊
တင်းတိမ်ရောင့် ရဲခြင်းမရှိသမျှ၊ အမှုကိစ္စတွေ မြားမြောင်နေသေး သမျှ၊ အတွင်းသန္တာန်သည်
မတည်ငြိမ် ယောက် ယက်ခတ် ဗျာများနေမည်။ ပူလောင်ညစ်ထေးနေ မည်။ လောဘတွေကြီးလေ.. ငြိမ်းချမ်းမှုမရလေ၊
သမာဓိမရလွယ်လေပင် ဖြစ်ပါသည်။ အမှုကိစ္စတွေ များပြားရှုပ်ထွေးလေ၊ စိတ်ယောက်ယက်ခတ်လေ သမာဓိမရလွယ်လေပင်
ဖြစ်ပါ၏။
အလိုလောဘနည်းပါးမည်၊
တင်းတိမ် ရောင့်ရဲမည်ဆိုလျှင် ထိုသူ၏စိတ်သည် အထိုက် အလျောက် တည်ငြိမ်အေးချမ်းသည်။ အမှုကိစ္စလည်း
မများပြား၊ မရှုပ်ထွေးလျှင် စိတ်သည် ဗျာမများ၊ ယောက်ယက်မခတ်။ သည် လိုစိတ်အခြေခံမျိုးတွင်
အာနပါနရှုမှတ်သော် အထိုက်အလျောက် သမာဓိ ရနိုင်သည်။ နေ့စဉ် ဘဝနေဟန်နှင့် ဝိပဿနာတ ရားအားထုတ်ခြင်းသည်
လိုက်လျောညီထွေဖြစ် လျှင် သမာဓိရလွယ်နိုင်ပါသည်။
နေ့စဉ်နှင့်အမျှ
စားဝတ်နေရေး၊ မိသားစု အရေး၊ လူမှုဆက်ဆံရေးစသည့် အရေးအရာအဖြာ ဖြာတို့နှင့် ကြုံတွေ့နေရလေ
ရာ အနည်းနှင့်အများ စိတ် ပင်ပန်းမှု၊ စိတ်ဆင်းရဲမှုတို့ ဖြစ်ကြရပါသည်။ နိစ္စဓူဝ စိတ်တွင်
အနှောင့်အယှက် ဖြစ်ရသည်တို့ ရှိတတ်ပါ သည်။ ဓမ္မအသိရှိပြီး သတိ ထားနိုင်လျှင်မူ စိတ်အညစ်
အကြေး အဖြစ်နည်းမည်။ ဓမ္မအသိကင်းမဲ့ပြီး သတိ လက်လွှတ်လျှင် စိတ်အညစ် အကြေး အဖြစ်များမည်။
နေ အိမ်တွင် နေ့စဉ်တင်ရှိနေ သော ဖုံမှုန့်၊ အမှိုက်သရိုက် တို့ကို လှည်းကျင်းရှင်းလင်း
ရသကဲ့သို့ နေ့စဉ်ဖြစ်ပွားနေသော စိတ်အညစ်အ ကြေးတို့ကို နေ့စဉ် ဝိပဿနာတရားပွားများအား
ထုတ်ပြီး လှည်းကျင်းသန့်စင်ရပေလိမ့်မည်။
နေ့စဉ်ပင်
ဘဝရေးရာ အဖြာဖြာတို့ ကြောင့် မအားလပ်သည့်အကြားမှ စတင်ချိန်တွင် ၁၅ မိနစ်မျှ အချိန်ယူလျက်
ဝင်လေထွက်လေကို ရှုမှတ်သော အာနပါနကမ္မဋ္ဌာန်းကို ရှုမှတ်သင့်ပါ သည်။ အာနသည် ဝင်သက်ဖြစ်၍
ပါနသည် ထွက် သက်ဖြစ်ပါ၏။ အသက်ရှူရှိုက်မှုဖြစ်စဉ်ကို ရှုမှတ် ခြင်းဟူသော အာနပါနသည် စိတ်၏
တစ်ခုတည်း သော အာရုံရှိသည့်အဖြစ်ကို ရစေနိုင်ပါသည်။ ထို အလေ့အကျင့် စွဲမြဲလာသည်နှင့်အမျှ
စိတ်သည် တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ ကြည်လင်အေးချမ်း လာမည်။ သန့်ရှင်းမြင့်မြတ်လာပေလိမ့်မည်။
ဝိပဿနာရေစင်
ရေအေးဖြင့် စိတ်၏ အညစ်အကြေးများကို ဆေးကြောသန့်စင်သော အလေ့အကျင့်ကို စတင်ပျိုးထောင်ဆောင်ရွက်ခြင်း
သည် ကောင်ခြင်းမင်္ဂလာတို့ ရွှန်းတင့်ဝေစည်မည့် ဘဝစာ မျက်နှာအသစ် ကို ဖွင့်လှစ်လိုက်ခြင်းပင်
ဖြစ်ပါ၏။
-
မင်းနန် (မော်ကျွန်း)
No comments:
Post a Comment