Thursday, January 31, 2013

လူနာသုံးရာဆံ့ HIV/AIDS Prevention & Care Centre တည်ဆောက်မည်


HIV/ AIDS ရောဂါ ဝေဒနာရှင်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများအား ဘာသာရေးနှင့် နှီးနွယ်ကုသနိုင်
  ကမ္ဘောဒီးယား နိုင်ငံတွင် HIV/AIDS ရောဂါ ဝေဒနာ ခံစားနေရသူများအား လူအများက ယနေ့ခေတ်တိုင် ၀ိုင်းပယ်ထားကြပြီး အပြစ်သားများ သဖွယ် ဆက်ဆံမှုများ ရှိနေဆဲ ဖြစ်သည်။ ၄င်းတို့အား အများစုက လူ့အသိုင်းအ၀ိုင်းမှ ဖယ်ထားကြပြီး လူမှုရေးကိစ္စ အတော်များများတွင် ဆက်သွယ်မှု လုံးဝဖြတ်တောက် ထားကြသည်။ ထိုသို့ ပြုမူမှုများကြောင့် ရောဂါဝေဒနာ ခံစားနေရသူများ အတွက် စိတ်ပိုင်းဆိုင်ရာများစွာ ထိခိုက်ကြရပြီး သာမန် အသက်ရှင်နေထိုင်မှု အနေအထားထက် ပိုမို ဆိုးရွားမှုများ ခံစားခဲ့ကြရသည်။

ယခုအခါ ကမ္ဘောဒီးယား အစိုးရက UNICEF အဖွဲ့နှင့် ပူးပေါင်းကာ ဗုဒ္ဒ အယူဝါဒနှင့်အညီ လေ့ကျင့် ကုသမှု အစီအစဉ်တစ်ရပ် (Buddhist Leadership Initiative) အား အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိ ရသည်။ ယင်းအစီအစဉ်အရ ရောဂါကုသရေး စင်တာများ ထူထောင်လျက် နိုင်ငံတွင်းရှိ ရဟန်းသံဃာ (၅၀၀၀၀) ကျော်ခန့်မှ ဦးစီးကာ ရောဂါဝေဒနာ ခံစားနေရသူများအား စိတ်ပိုင်းဆိုင်ရာ ကုသမှုများ ပြန်လည် ပြုလုပ်ပေးပြီး သာမန် လူ့နေထိုင်မှု အခြေအနေသို့ ရောက်ရှိစေရန် ဘာသာရေးအရ ကုစားပေးမည် ဖြစ်ရာ HIV/AIDS ရောဂါဝေဒနာ ရှင်များအတွက် သတင်းကောင်းပင် ဖြစ်သည်။

Source : BBC
MRTV-4 - HIV/ AIDS ရောဂါ ဝေဒနာရှင်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများအား ဘာသာရေးနှင့် နှီးနွယ်ကုသနိုင် 

လူနာသုံးရာဆံ့ HIV/AIDS Prevention & Care Centre တည်ဆောက်မည်
 HIV/AIDS Prevention & Care Centre မှ လူနာသုံးရာကျော် တက်ရောက် ကုသနိုင်မည့် ဆေးကုသဂေဟာသစ် တစ်ခုကို ဒဂုံမြို့နယ် (အရှေ့)၊ အမှတ် ၆ ရပ်ကွက်တွင် တည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဂေဟာသစ်ကို အရှေ့ဒဂုံမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ခါတော်မှီလမ်း၊ မြေကွက်အမှတ် ၄၉၉၊ ၅၀၀၊ ၅၀၁၊ ၅၀၂ တို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ပေ ၄၀ ပေ ၁၀၀ ကျော် ကျယ်ဝန်းသည်ဟု သိရသည်။၎င်းဂေဟာ တည်ဆောက်ရန် မြေနေရာကို မေတ္တာရှင် ရွှေပြည်သာ ဆရာတော်မှ လှူဒါန်းထားခြင်းဖြစ်ပြီး ဂေဟာတည်ဆောက်ရန် ကျပ် သိန်း ၃၀၀၀ ၀န်းကျင် ကုန်ကျမည်ဖြစ်သည်။

လက်ရှိတွင် HIV/AIDS စင်တာနှစ်ခုကို တောင်ဒဂုံနှင့် မြောက်ဒဂုံ မြို့နယ်များအတွင်း ဖွင့်လှစ်ထားရှိပြီး တက်ရောက်ကုသသူ ဦးရေ ၂၆၁ ဦး ရှိပြီဖြစ်ကြောင်း၊ လာရောက်ကုသသူများတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊  ချင်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့မှ အများဆုံးဖြစ်ကာ မိသားစုအလိုက် လာရောက် ကုသသူများလည်း ရှိကြောင်း သိရသည်။

အဆိုပါ စင်တာနှစ်ခု၌ တက်ရောက်ကုသသူ ဦးရေမှာ ၂၀၁၀ ခုနှစ်တွင် တစ်နေ့ပျှမ်းမျှ ဦးရေ ၈၀ ကျော်ခန့်ရှိရာမှ ၂၀၁၂ ခုနှစ်အတွင်း တစ်နေ့ပျှမ်းမျှဦးရေ ၃၀၀ ကျော် ရှိလာခြင်းကြောင့် သုံးနှစ် အတွင်း လေးဆ နီးပါးခန့် မြင့်တက်လာခဲ့ကြောင်း သိရသည်။

HIV/AIDS Prevention & Care Centre သည် ၂၀၀၄ ခုနှစ်မှ စတင်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအ၀င် လူငယ်ကိုးဦးမှ စတင်ဖွဲ့စည်းကာ HIV/AIDS ရောဂါပိုးရှိသူ မည်သူမဆို ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာလအထိ လာရောက် ကုသသူ အရေအတွက်မှာ ငါးသောင်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ၄င်း HIV/AIDS Prevention & Care Centre ကို ဒဂုံမြို့သစ်တောင်ပိုင်း၊ ၁၈ ရပ်ကွက်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဗိုလ်ရွှေဗျိုင်းလမ်းတို့တွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
Eleven - လူနာသုံးရာဆံ့ HIV/AIDS Prevention & Care Centre တည်ဆောက်မည် 

“အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသော မိဘမဲ့ ကလေးများ အတွက် လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ ဖွင့်လှစ်”

ကမ္ဘာ့ ကပ်ရောဂါဆိုးကြီး ဖြစ်သော အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ် ဝေဒနာသည် ကလေးငယ်များနှင့် ယင်းရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှုခံစားနေ ရသော ကလေးငယ်များအတွက် နွေးထွေးသည့် သီးသန့်ဂေဟာ တစ်ခုဖြစ်သော သုခရိပ်မြုံ (မန္တလေး) လူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာကို ဇန်န၀ါရီလ ၁၉ ရက်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါဂေဟာ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံ မိဘမဲ့ ကလေးငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ပြီး မိသားစုပုံစံဖြင့် နေထိုင်ကြီးပြင်းသွားနိုင်ကြ စေရန်ဖြစ်ကြောင်း မန္တလေး သုခရိပ်မြုံ ပရဟိတဂေဟာ ဥက္ကဋ္ဌ ဒေါက်တာ ကိုကိုလေးက ပြောသည်။

"ဒီဂေဟာမှာ အသက်တစ်နှစ်ခွဲက နေ ၁၂ နှစ်ထိရှိတဲ့ ကလေးတွေကို မိဘ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စာချုပ် စာတန်းနဲ့ အပြီးအပိုင် မွေးစားပါတယ်။ တစ်ပတ်တစ်ခါ အိမ်ကိုပြန်တာမျိုးလည်း လက်မခံပါဘူး။ အသက်တစ်နှစ်ခွဲ အောက် ကလေးတွေကိုလည်း လက်မခံပါဘူး။ ကလေးက သိပ်ငယ်လွန်းရင် အလုပ်လည်း ပိုလာနိုင်ပါတယ်။ နောက်ပြီးအသက် ၁၂ ကျော်တဲ့ကလေး တွေကလည်း အပြင်ကမကောင်းတဲ့ အကျင့်တွေ ပါလာနိုင်ပြီး ဒီမှာရှိတဲ့ ကလေးတွေကို အဲဒီ အကျင့်စရိုက်တွေ ကူးစက်နိုင်တဲ့အတွက် လက်မခံပါဘူး "ဟု ၎င်းက ဆိုသည်။

သုခရိပ်မြုံဂေဟာက လက်ခံစောင့်ရှောက်ပေးမည့် ကလေးများမှာ အမိ၊ အဖနှစ်ဦးစလုံး မရှိတော့သည့် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသည့် ကလေး ငယ်များ၊ အမိ (သို့) အဖတစ်ဦးရှိ သော်လည်း ကိုယ်တိုင်ဝေဒနာ ခံစားနေရ သောကြောင့် ကလေးငယ်အားစောင့် ရှောက်ရန် အခြေအနေမရှိသည့် အိပ်ခ်ျအိုင်ဗီ ကူးစက်ခံနေရသည့် ကလေးငယ်များနှင့် အခြေအနေအရ ပြုစုစောင့် ရှောက်ရန် လိုအပ်နေသည့် ရောဂါသည် ကလေး ငယ်များဖြစ်ကြောင်း သိရသည်။
"ဒီဂေဟာမှာ ရှိတဲ့ ကလေးတွေရဲ့ ကျောင်းပညာရေးကိုလည်း ဆရာ၊ ဆရာမတွေထားပြီး သင်ကြားပေးမှာပါ။ အနုပညာရပ်တွေ၊ လက်မှုပညာတွေကို သင်ကြားပေးနိုင်အောင် ကြိုးစား သွားမှာ ဖြစ်ပါတယ်။ ကျောင်း မှာ ရှိနေတဲ့ ကလေးတွေရဲ့စာသင်ချိန်၊ အိပ်ချိန်နဲ့ ကစားချိန် တွေကို စနစ်တကျဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။
ကလေးငယ်များ စိတ်အပန်းပြေစေရန်၊ ပြည်သူအများနှင့် ပူးပေါင်းပါဝင် လုပ်ဆောင်တတ်စေရန် အခြေအနေများ ဖန်တီးပေးခြင်းနှင့် ပြင်ပခရီးစဉ်များ စီစဉ် ပို့ဆောင်ပေးခြင်းများကိုလည်း ဆောင်ရွက် သွားမည်ဖြစ် သည်။
သုခရိပ်မြုံဂေဟာသည် ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အလှူငွေကျပ် ၈၁၃ သိန်း လက်ခံ ရရှိပြီးဖြစ်သည်။ သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ၌ လက်ရှိတွင်မိဘမဲ့ အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ်ဝေဒနာသည် ကလေး ၁၁ ဦးရှိ နေကြောင်းနှင့် ယင်းဂေဟာမှာ ပြည်ကြီး တံခွန်မြို့နယ်၊ ဘုံပျံတောရ၊ မြ၀တီမင်းကြီး တိုက်အတွင်းတွင် တည်ရှိကြောင်း သိရသည်။

မြန်မာတိုင်း - “အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသော မိဘမဲ့ ကလေးများ အတွက် လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ ဖွင့်လှစ်” 

Wednesday, January 30, 2013

ငါးကြင်းရေချို၊ ၀က်သားငံပြာရည်ကြော်၊ သရက်သီးအစိမ်းသုပ်


သူငယ်ချင်းတို့ရေ ကိုယ်ကတော့ များသောအားဖြင့် အဖေတို့အပြော ဆီမပါပြားမပါ ဟင်းလျာချက်ပြုတ်မှုပုံစံဟင်းတွေကို အရသာတွေ့ တာများပါတယ်။ ဒါပေမဲ့ ကိုယ်တွေက ဗမာလူမျိုးဆိုတော့ကာ မြန်မာပြည်ရဲ့ဟင်းလျာချက်ပြုတ်မှုပုံစံတွေကို တစ်ခါတလေ အာတွေ့ပြန် ရော။ 

မြန်မာဟင်းလျာတွေဆိုပြန်တော့ မြန်မာဟင်းလျာကိုပဲ နေရာဒေသအလိုက်ချက်ပြုတ်မှုပုံစံကအနည်းငယ်ကွဲပြားပြန်တယ်။ ဒါပေမဲ့ သူငယ်ချင်းတို့လည်း အလွယ်တကူချက်ပြုတ်စားလို့ရမယ့် ဟင်းအမယ်ပစ္စည်းတွေကလည်း အလွယ်တကူဝယ်လို့လွယ်မယ့် အရေးက ပိုအရေးပါတယ် ဟုတ်တယ်ဟုတ်။

ဒါကြောင့် ဟင်းလျာအတွဲအစပ်တွေကို ထူးမခြားနားချက်ပြုတ်မှုပုံစံလေးတွေကနေ ကွဲထွက်နေတာလေးတွေကို ပြန်လည်ဝေမျှပါတော့ မယ် တစ်လစာမပြည့်မခြင်းပေါ့။ ဟင်းချက်ကောင်းတဲ့ အမေကြီးရဲ့လက်ရာလေးတွေ၊ ဒေါ်လေးရဲ့မှတ်စုစာအုပ်ထဲကဟာတွေ၊ နောက်ပြီး တော့ မဂ္ဂဇင်းတစ်ချို့မှာပါတဲ့ မြန်မာဟင်းလျာအတွဲအစပ်တွေ ပြန်လည်ဝေမျှခြင်းလို့ ခေါင်းစဉ်တပ်လို့ရမယ်။
အဦးဆုံး ငါးကြင်းရေကြိုလေးချက်မယ်၊ ၀က်သားကိုငံပြာရည်နှင့် အငန်သဘောလေးကြော်မယ်၊ ပြီးတော့ကာ သရက်သီးအစိမ်းကို သုပ်စား ကြမယ်လေ။

ငါးကြင်းရေချို
ပါဝင်ပစ္စည်းများ
ငါးကြင်း ၄၀ကျပ်သား၊ ကြက်သွန်နီ ၄လုံး၊ ငရုတ်သီးအပွတောင့် ၃တောင့်၊ စပါးလင် ၁ပင်(အရင်းပိုင်း ၁လက်မလောက် ဖြတ်ထုထား)၊ ခရမ်းချဉ်သီး ၃လုံး၊ ဆီ ၂ဇွန်း(ဟင်းခတ်ဇွန်း)၊ငံပြာရည် ၂ဇွန်း(လ္ဘက်ရည်ဇွန်း)၊ စိမ်းစားငါးပိ ၁/၂ ဇွန်း(လ္ဘက်ရည်ဇွန်း)၊ ဟင်းခတ်မှုန့် ၁ဇွန်း (လ္ဘက်ရည်)၊ နနွင်းမှုန့် ၁/၂ဇွန်း (လ္ဘက်ရည်)၊ နံနံပင် ၁၀ပင်။

ပြင်ဆင်ချက်ပြုတ်နည်း
ငါးကြင်းများကို အကြေးထိုး ရေစင်အောင်ဆေးပါ။ ပြီးမှ အရွယ်တော်အတုံးကလေးများ တုံးထားပါ။
ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊စိမ်းစားငါးပိ၊ ငံပြာရည်တို့ဖြင့်နယ်ထားပါ။ 

ငရုတ်သီးပွတောင့်ကို ရေနွေးဖြင့်စိမ်ပြီး ညက်အောင်ထောင်းပါ။ ထိုအထဲသို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီများရော၍ ညက်အောင်ထောင်း ထားပါ။

ဆီအိုးတည်ပြီး ဆီကျက်လျှင် ထောင်းထားသည်များနှင့် စပါးလင်ထည့်၍ နီရောင်သန်းလာအောင် ဆီသတ်ပါ။
ထို့နောက် ခရမ်းချဉ်သီးကို အစေ့ထုတ် နုတ်နုတ်စဉ်းပြီးထည့်ပါ။ ခရမ်းချဉ်သီးပျော်ပြီး ခြောက်သွားသည်အထိ ဆီသတ်ပါ။ ပြီးလျှင် နယ်ထားသော ငါးများထည့်ပြီး ရေနွေးလဖက်ရည်အကြမ်းပုဂံတစ်လုံးစာလောက်ထည့်ကာ မီးအေးအေးဖြင့် အဖုံးအုပ်လျှက်တည်ထားပါ။ အိုးကို မကြာခဏလှုပ်၍ပေးပါ။

ဆီပြန်လာလျှင် နောက်ထပ်ရေနွေး အကြမ်းပုဂံလုံးလေးလုံးစာလောက်ထည့်ပြီး ဆူလာလျှင် အပေါ့အငံမြည်းပြီး နံနံပင်အုပ်၍ချကာ သုံးဆောင်နိုင်ပါသည်။

ဝက်သားငံပြာရည်ကြော်
ပါဝင်သောပစ္စည်းများ
ဝက်သား အသားကောင်းကောင်း ၂၀ကျပ်သား၊ ကြက်သွန်နီ ၅လုံး၊ ကြက်သွန်ဖြူ ၁လုံး၊ ငံပြာရည်ကောင်းကောင်း ၅ကျပ်သား၊ ငရုတ်သီး အပွတောင့် ၈တောင့်၊ ဆီ ၅ကျပ်သား၊ နနွင်းမှုန့် အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆား အနည်းငယ်။

ပြင်ဆင်နည်း
ဝက်သားများကို ရေစင်စွာဆေးပါ။ ပြီးလျှင် အတုံးသေးသေးတွေ တုံးထားပါ။
ထို့နောက် ဆား၊ဟင်းခတ်မှုန့် အနည်းငယ်ဖြင့် နာနာနယ်ထားပါ။
ငရုတ်သီးအပွတောင့်ကို ငရုတ်ဆုံတွင် မညက်တညက်ထောင်းပါ။ ထိုအထဲသို့ ကြက်သွန်ဖြူပါ ထည့်ထောင်းပါ။
ကြက်သွန်နီကို ပါးပါးလှီးထားပါ။ 

ရှေးဦးစွာ ဆီအိုးတည်၍ ဆီကျက်လျှင် နယ်ထားသော ၀က်သားတုံးလေးများ ထည့်၍ကြော်ပါ။ ၀က်သားတုံးကလေးများ နီရောင်သန်းလာလျှင် ဒယ်အိုးထဲမှ ဆယ်ယူ၍ ဆီစစ်ထားပါ။

ပြီးလျှင် ဒယ်အိုးကိုပြန်တည်၍ မီးနည်းနည်းဖြင့် ကြက်သွန်နီထည့်ကြော်ပါ။ ထို့နောက် ထောင်းထားသော ငရုတ်သီးနှင့် ကြက်သွန်ဖြူ တို့ပါရောထည့်၍ ဆီသတ်ပါ။ ငရုတ်သီးစိမ်းနံ့ပျောက်လျှင် ငံပြာရည်အနည်းငယ်လောင်းထည့်ပါ။
ပြီးလျှင် ကြော်ထားသော ၀က်သားတုံးကလေးများထည့်ပါ။ ဟင်းခတ်မှုန့်ထည့်၍ အပေါ့အငန်မြည်းပါ။ မစိုမခြောက်ကလေး ချ၍သုံးဆောင်ပါ။

အစပ်ကြိုက်လျှင် ငရုတ်သီးအရှည်တောင့်သုံးပါ။

သရက်သီးအစိမ်းသုပ်
ပါဝင်သောပစ္စည်းများ
သရက်သီးအစိမ်း ၂လုံး၊ ကြက်သွန်နီ ၃လုံး၊ ပုစွန်ခြောက်မှုန့် အနည်းငယ်၊ ပဲမှုန့်(အကျက်) အနည်းငယ်၊ မြေပဲအကျက်မှုန့် အနည်းငယ်၊ ငံပြာရည် အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆီ အနည်းငယ်။

ပြင်ဆင်နည်း
သရက်သီးများကို ရေဆေးပြီး စိန်ခလုတ်ဖြင့်ခြစ်ပါ။ ဓားနှင့်ပေါက်၍ ပါးပါးလှီးလျှင်လည်း ရပါသည်။ ပြီးလျှင် လက်ဖြင့်ဆုပ်၍ အရည်များ ညှစ်ထုတ်ပါ။

ကြက်သွန်နီကို ပါးပါးလှီးပြီး ရေစစ်ထားပါ။ ပြီးလျှင် သရက်သီး၊ ကြက်သွန်နီ၊ ငံပြာရည်၊ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်(အကျက်)၊ မြေပဲကျက်မှုန့်၊ ဟင်းခတ်မှုန့်၊ ဆီချက်တို့ဖြင့် ရောနယ်၍သုပ်စားပါ။

*သရက်သီးအစိမ်းသုပ်မစားချင်ပါက သရက်ချဉ်ကိုသုပ်စားလို့ရပါသည်။

Tuesday, January 29, 2013

ကိုယ်ရဲ့ ဂျူနီယာတစ်ယောက်သာ ကိုယ့်မန်နေဂျာ ဖြစ်သွားခဲ့ရင်


တစ်ချိန်တုန်းက ကိုယ်ကူညီပြသ ဖေးမပေးခဲ့ရတဲ့ ကိုယ်ရဲ့ ဂျူနီယာတစ်ယောက်ဟာ အခုအချိန်မှာ ကိုယ်ကပြန်ပြီး report လုပ်ရတဲ့ ကိုယ်ရဲ့ manager ဖြစ်လာခဲ့ရင် သင်ဘယ်လိုခံစားရမလဲ။

တစ်နေ့ကမတွေ့တာကြာပြီဖြစ်တဲ့အသိမိတ်ဆွေတစ်ယောက်ရဲ့ စကားစပ်မိရင်း အလုပ်အကြောင်းပြောမိတော့ သူအလုပ် ထွက်တော့မယ့် အကြောင်းကို ပြောပြတယ်။ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့အလုပ်တစ်ခုကိုဘာလို့ ထွက်မှာလဲလို့မေးတော့ သူ့ထက်အလုပ်ဝင်တာအတော်လေးနောက်ကျတဲ့၊ သူကို report လုပ်ခဲ့ရတဲ့ သူ့ဂျူနီယာတစ်ယောက်က အခုသူ့အထက်လူကြီးဖြစ်သွားလို့တဲ့။ အဲဒါမကျေနပ်လို့ အလုပ်ထွက်တော့မှာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီနောက်မှာတော့ အဲဒီ့သူ့ဂျူနီယာပာာ အရမ်းလူကြီးကပ်တတ်ကြောင်း၊ သူကတော့ မှန်မှန်ကန်ကန်သမားဖြစ်တဲ့အတွက်ကြောင့် ရာထူးမတက် တာဖြစ်ကြောင်း၊ တွေကို ဆက်ပြောနေပါတယ်။

အထက်ပါအတိုင်းအဖြစ်အပျက်တွေ အလုပ်လုပ်နေတဲ့သူတိုင်း ဘယ်နယ်ပယ်မှာမဆို တွေ့ကြုံရနိုင်တဲ့အဖြစ်အပျက်တစ်ခုပါ။ ကိုယ့်ဂျူနီယာ ကိုယ့်ထက်အလုပ်ဝင်တာနောက်ကျတဲ့သူက ကိုယ့်အထက် ကိုယ် Report လုပ်နေရတဲ့နေရာကိုရောက်သွားခဲ့ရင်။ အဲဒီဂျူနီယာက ကိုယ့်ထက်ပညာအရည်အချင်းပိုင်းမှာသာနေတယ်ဆိုရင်တော့လည်း ခံသာနိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ထက်လည်း ပညာအရည်အချင်းမသာတဲ့ ကိုယ်ဖေးမကူညီခဲ့ရတဲ့၊ ကိုယ်ခိုင်းတာခံခဲ့ရတဲ့ ဂျူနီယာတစ်ယောက်က ကိုယ့်ကိုပြန်ခိုင်းမယ့်နေရာတစ်ခုရောက်သွားခဲ့ရင်။ ကျနော်သူ့နေရာမှာဝင်ခံစားကြည့်တယ်။ ပာုတ်တယ် ကျနော်လည်း ခံနိုင်ရည်ရှိမှာမပာုတ်ဘူး။ ကိုယ့်သိက္ခာနဲ့မာနတွေ အထိခိုက်ခံရသလိုဖြစ်သွားတယ်။ အရှက်ခွဲခံလိုက်ရသလိုဖြစ်သွားတယ်။ ကျနော်သာသူ့နေရာမှာဆိုရင်လည်း ကျနော်အလုပ်ထွက်ဖို့ပဲစဉ်းစားမိမှာပဲ။

ကျနော်တို့စဉ်းစားကြည့်ရအောင်ပါ။ ကျနော်တို့သူများကိုအပြစ်တင်ရတာလွယ်ပါတယ်။ အစောကအဖြစ်အပျက်မှာဆိုရင် ကျနော့်မိတ်ဆွေဟာ အဲဒီဂျူနီယာကိုအထက်အရာရှိကိုဖားကြောင်း အပြစ်တင်လိုက်ပါတယ်။ ဒါပေမယ့် တကယ့်အရေးကြီးတဲ့အကြောင်းအရာကိုတော့ မေ့နေပါတယ်။ အဲဒါကကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်ဖို့ပါ။ ကျနော်တို့တွေသူများမျက်ချေးကို မြင်ဖို့လွယ်ပါတယ်။ ဒါပေမယ့်ကိုယ့်မျက်ချေးကိုမြင်ဖို့ကတော့ မှန်ကြည့်မှရပါလိမ့်မယ်။ မှန်ကြည့်တယ်ဆိုတာပာာ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ခြင်းပါပဲ။ ဒီလိုအဖြစ်အပျက်မျိုးကြုံလာတဲ့အခါတိုင်းမှာ သူများကိုအပြစ်တင်ပြီး ငါညံ့လို့မပာုတ်ပါဘူးလို့ ကိုယ့်ကိုကိုယ်ဖြေသိမ့်တာထက်စာရင် ငါဘယ်နေရာတွေလိုအပ်နေတာလဲ ငါသူ့ထက်ဘယ်နေရာတွေမှာ ညံ့နေတာလဲလို့ ဆန်းစစ်အဖြေရှာခြင်းသည်သာ အကောင်းဆုံး အဖြေဖြစ်ပါတယ်။ ဒီလိုမဆန်းစစ်ခဲ့ဘဲ စိတ်လိုက်မာန်ပါသာ လုပ်ခဲ့မယ်၊ အလုပ်ထွက်ခဲ့မယ်ဆိုရင် မိမိကျွမ်းဝင်နေတဲ့ မိမိအတွက်အခွင့်အရေးပိုကောင်းနိုင်တဲ့ အလုပ်ကိုစွန့်ခွာရမှာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ထပ်အလုပ်အသစ်မှာလည်း ဒီလိုစိန်ခေါ်မှုတွေမတွေ့လာနိုင်ဘူးလို့ ဘယ်သူမှအာမမခံနိုင်ပါဘူး။ ဒါဖြင့်ရင် ဒီလိုမျိုးတွေတွေ့ကြုံရတိုင်း ကျနော်တို့အလုပ်ထွက်နေရတော့မှာလား။

ကိုယ့်နောက်မှဝင်လာတဲ့တစ်ယောက် ကိုယ့်အပေါ်ကိုရောက်သွားပြီဆိုကတည်းကိုက သူ့မှာ အားသာချက်တစ်ခုခုရှိရမယ်လို့ မှတ်ထားလိုက်ပါ။ သူ့အားသာချက်ကို သေချာသိအောင်ကြိုးစားပါ။ သူ့ဆီမှ အတုယူစရာရှိတာကို အတုယူပါ။ ထို့ထက်ပိုအရေးကြီးတာကတော့ ကိုယ့်ရဲ့ အားနည်းချက်ကိုဆန်းစစ်ပါ။

ကိုယ်ပာာ ရိုးသားသူလား၊ အလုပ်ကိုပေါ့ပေါ့တန်တန်လုပ်တတ်သူလား၊ အလုပ်လုပ်တဲ့အခါမှာစေတနာရောထားရဲ့လား၊ အလုပ်လုပ်ရတာနည်းနည်း Complaint တက်နေတာများများသမားလား၊ ဘယ်လောက်အတိုင်းအတာအထိအလုပ်ကိုတာဝန်ယူနိုင်သလဲ၊ ကိုယ်တာဝန်ယူနေတဲ့အလုပ်တွေ တကယ်ကိုအောင်အောင်မြင်မြင်ရှိရဲ့လား၊ လူမှုဆက်ဆံရေးကောင်းရဲ့လား၊ ကိုယ်အသက်မွေးနေတဲ့ပညာမှာတကယ်ကျွမ်းကျင်မှုတွေရှိရဲ့လား၊ လမ်းသစ်ဖောက်ရမှာကြောက်ရွံ့တဲ့ ရိုးရိုးသမားကြီးလား၊ အလုပ်လုပ်တဲ့အခါမှာ အချိန်မှန်ရဲ့လား၊ တိကျသေချာရဲ့လား၊ လက်အောက်ငယ်သားအပေါ်မှာ ကောင်းမွန်ရဲ့လား၊ အလုပ်လုပ်တဲ့အခါမှာ တက်ကြွမှုရှိရဲ့လား။ ဒီမေးခွန်းတွေကို ကိုယ့်ဘာသာကိုယ်ပြန်မေးကြည့်ပြီး အမှန်အတိုင်းရိုးသားစွာဆန်းစစ်ကြည့်ပါ။ အခြားသူတွေထက်အရင် ကိုယ့်ကိုကိုယ်ရိုးသားပါ။ ဒီလိုကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ပြီးရင် ဒီပေတံနဲ့ပဲ ကိုယ့်နောက်မှလာပြီး ကိုယ့်အထက်ရောက်သွားတဲ့သူကိုလည်း ထပ်တိုင်းတာကြည့်ပါ။ အဲဒီအခါမှာ သူနဲ့ကိုယ့်ရဲ့ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပါလိမ့်မယ်။

တချို့လူတွေဟာ အလုပ်နဲ့ပတ်သက်ရင် တကယ်လုပ်တာကနည်းနည်း Complaint လုပ်တာက သိပ်များတတ်ပါတယ်။ ဘာဖြစ်လို့ ငါ့ကိုမှခိုင်းရတာလဲ။ ငါကျတော့အလုပ်လုပ်နေရတယ် သူတို့ကတော့ အားနေတယ်။ ငါ့ကိုပဲဖိခိုင်းနေတယ်ဆိုပြီး မန်နေဂျာကိုမကျေနပ်၊ သူဌေးကိုအစာမကြေ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းလဲ အဆင်မပြေ။ အလုပ်ခန့်တုန်းက ဒီလို Responsibility တွေမပါပါဘူး။ အခုမှလာလုပ်ခိုင်းနေတယ် စသဖြင့် မကျေနပ်တဲ့စကားတွေပာာ အမြဲတမ်းကြားနေကျတွေပါ။ တကယ်တမ်းလုပ်လိုက်ရင် ၁၅မိနစ်လောက်သာကြာနိုင်မယ့်အလုပ်ကို Complaint တက်နေတာက ၁နာရီလောက်ကြာနေပါတယ်။ ကိုယ်ရောအဲလိုမျိုးဖြစ်ဖူးပါသလား။ တကယ်တမ်းမှာပြန်စဉ်းစားကြည့်ပါ။ ကိုယ့်ကိုအလုပ်များများလုပ်ခိုင်းတာဟာ ကိုယ့်ရဲ့အစွမ်းအစကိုယုံကြည်လို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအားကို ယုံကြည်လို့ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုကိုလေ့ကျင့်ပေးနေတာ စမ်းသပ်နေတာဖြစ်ပါတယ်။ ဒါကိုကိုယ်က မကျေမနပ်နဲ့ငြင်းပယ်မယ်ဆိုရင် ရာထူးမတက်တာ ဘယ်သူ့မှာအပြစ်ရှိနေပါသလဲ။ ကိုယ်က Responsibility အသစ်ကို မယူနိုင်ဘူးဆိုရင် Complaint တက်ရင်း ပြီးစလွယ်လုပ်ပေးမယ့်အစား တာဝန်ပေးတဲ့သူကိုဘာ့ကြောင့် မယူနိုင်ဘူးဆိုတာနဲ့ပတ်သက်ပြီး သေချာနားလည်အောင်ရှင်းပြပါ။

ကိုယ့်ရဲ့လုပ်နိုင်စွမ်းသာရှိမယ်ဆိုရင် Responsibility အသစ်တွေကိုယူတာအကောင်းဆုံးပါ။ အောင်မြင်မှုနဲ့ထပ်တူအမြဲတမ်းတွဲဖက်လိုက်လာတတ်တာက Responsibility (တာဝန်ယူမှု)ပါ။ ဒါ့ကြောင့် တာဝန်အသစ်တွေကိုကြောက်ရွံ့မနေပါနဲ့။ လူတစ်ယောက် Responsibility တွေများနေပြီဆိုရင် အဲဒီလူပာာအောင်မြင်နေသူတစ်ယောက်ဖြစ်နေပါပြီ။ ဒီလိုတာဝန်ယူမှုတွေကို မကြောက်ရွံ့တတ်သူဟာ အလျှင်မြန်ဆုံးရာထူးတိုးသူဖြစ်လာမှာပါ။ နောက်တစ်ချက်က Responsibility များများယူခြင်းအားဖြင့် ကိုယ့်ရဲ့ Capacity ကိုတက်စေပါတယ်၊ အသိပညာ အတတ်ပညာရင့်သန်လာစေပါတယ်၊ အတွေ့အကြုံတွေရှိလာစေပါတယ်။ ဒါ့ကြောင့် ကိုယ် Responsibility ယူနေရတယ်။ ဒါပေမယ့်ကိုယ့်အခြေအနေမကောင်းလာဘူးဆိုရင်တောင်မှ အခြားအလုပ်တစ်ခုအတွက်၊ ဒါမှမပာုတ် ကိုယ့်ကိုယ်ပိုင်အလုပ်အတွက် အခုလိုကိုယ်လုပ်ခဲ့တာတွေဟာ အကျိုးမဲ့မဖြစ်စေပါဘူး။ Organization တစ်ခုရဲ့ Business nature ဟာအမြဲတမ်း အနည်းနဲ့အများဆိုသလိုပြောင်းလဲနေတတ်ပါတယ်။ အဲလိုပြောင်းလဲနေတဲ့အတိုင်းကိုယ်ကလည်း အလိုက်သင့်လှုပ်ရှားနေနိုင်ရပါမယ်။ ဒါမှသာကိုယ်ဟာ ဒီအဖွဲ့အစည်းရဲ့ အရေးပါတဲ့ မရှိမဖြစ်တဲ့သူတစ်ယောက်ဖြစ်နေမှာပါ။ အဲလိုသာဆိုရင် သင့်ကိုနောက်လူကျော်တက်ဖို့ခဲယဉ်းသွားပြီပေါ့။ ဒါမှမပာုတ် ပြောင်းလဲနေတဲ့စီးကြောင်းကိုမလိုက်ဘဲ ငါကတော့ ရိုးရိုးသမားပဲဆိုပြီး ဂုဏ်တင်ပြီးနေမယ်ဆိုရင်တော့ ကျန်ခဲ့တဲ့သူဟာ ကိုယ်ဖြစ်နေပါလိမ့်မယ်။

တချို့လူတွေပာာ အသက်မွေးဝမ်းကြောင်းပညာနဲ့ အလုပ်တစ်ခုရသွားပြီဆိုရင် အဲဒီ အသက်မွေးဝမ်းကြောင်းပညာကို ပိုပိုပြီးကျွမ်းကျင်အောင်လုပ်ဖို့ လေ့လာဖို့ ပျက်ကွက်သွားတတ်ကြတယ်။ အလုပ်ရှိလို့ အလုပ်ပင်ပန်းလို့ အစရှိတဲ့အကြောင်းရင်းအမျိုးမျိုးနဲ့ ဆက်မလေ့လာဖြစ်တော့ဘူး မသင်ကြားဖြစ်တော့ဘူး။ ဒါတွေကိုပြုပြင်ရပါမယ်။ ကိုယ့်ကိုကိုယ်ဓါးတစ်ချောင်းလို သဘောထားပြီးမပြတ်သွေးနေပါ။ နည်းပညာတွေ တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ မိမိ၏ အသက်မွေးဝမ်းကြောင်း ပညာကို ခေတ်နှင့် အညီလေ့လာထားဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်ပညာရပ်နဲ့သက်ဆိုင်တဲ့ နည်းပညာတွေ၊ လုပ်ပုံကိုင်ပုံတွေ၊ အတွေ့အကြုံတွေကိုစဉ်ဆက်မပြတ်အောင်လေ့လာပါ လေ့ကျင့်ပါ။ အဲလိုသာဆိုရင် ကိုယ်အလုပ်လုပ်တဲ့အခါမှာလည်း Confident ရှိလာပါမယ်။ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ဦးဆောင်လာနိုင်ပါမယ်။ အခြားသူတွေကိုပညာမျှဝေလာနိုင်ပါမယ်။ အဲလိုဆိုရင် ကိုယ့် Organization ထဲမှာ ကိုယ်ပာာအရေးပါသူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

နောက်တစ်ချက်ကပေါင်းသင်းဆက်ဆံရေးပါ။ ပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့သူတစ်ယောက်ဟာ မိုးပျံအောင်တော်နေရင်တောင် မှ ချောင်ထိုးခံထား ရတတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ဆိုတာ အထက်ဖား၊ အောက်ဖိသဘောမျိုး ပေါင်းသင်းဆက်ဆံရေးကောင်းဖို့မပာုတ်ပါဘူး။ လူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တာမျိုးပါ။ သဘောကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူကို အထက်အရာရှိသဘောကျသလို အောက်ငယ်သားလည်း ချစ်ခင်တတ်ပါတယ်။ အဲလိုဆိုရင် ကိုယ့်ရဲ့တိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေပါတယ်။

လူတစ်ယောက်ရဲ့ Performance ကို အဲဒီလူရဲ့ Ability (လုပ်ဆောင်နိုင်စွမ်း) Motivation (လုပ်ကိုင်ချင်စိတ်) Opportunity (အခွင့်အရေး) သုံးခုကိုမြှောက်ရပါတယ်တဲ့။ မြှောက်ရတာပါ။ ပေါင်းရတာမပာုတ်ပါဘူး။ ဆိုလိုချင်တာက Ability Motivation Opportunity သုံးခုလုံးတန်ဖိုးရှိနေမှဖြစ်ပါလိမ့်မယ်။ မဟုတ်ဘဲ တစ်ခုခု သုညဖြစ်သွားတာနဲ့ Performance ရလဒ်က သုညဖြစ်ပါလိမ့်မယ်။ ဥပမာ ကိုယ်က လုပ်နိုင်စွမ်းတော့ရှိပါရဲ့ အခွင့်အရေးလည်းရှိပါရဲ့ ဒါပေမယ့် လုပ်ချင်ကိုင်ချင်စိတ်မရှိဘူးဆိုရင် သုညပဲဖြစ်နေပါမယ်။ အဲဒီအရေးပါတဲ့ AMO သုံးမျိုးထဲမှာ Opportunity ဆိုတာကတော့ ကိုယ်ဖန်တီးယူလို့မရပါဘူး။ ဒါပေမယ့် ကိုယ်ဖန်တီးယူနိုင်တာ ၂ခုတောင်ရှိပါတယ်။ Ability and Motivation ပါ။ အဲဒီဖန်တီးယူနိုင်တဲ့အရာနှစ်ခုကို အကောင်းဆုံးလုပ်ထားမယ်ဆိုရင် Opportunity ဆိုတာပြေးမလွတ်ပါဘူး။ အဲလို အမြဲတမ်း ကြိုးစားနေတဲ့လူတစ်ယောက်ဟာ နောက်လူကျော်တက်ဖို့ဝေးလို့ လုပ်ဖော်ကိုင်ဖက်များရဲ့ အားထားစရာလူတစ်ယောက်၊ company အတွက် မရှိမဖြစ်လိုအပ်နေတဲ့ အရေးပါသောသူတစ်ဦး ဖြစ်နေမှာပါ။

Monday, January 28, 2013

ပြည့်တန်ဆာနှင့် ပျော်ပါးသူများ အရေးမယူသည့် ဥပဒေ ပြင်မည်မဟုတ်



အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသော မိဘမဲ့ ကလေးများ အတွက် လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ ဖွင့်လှစ်

 ကမ္ဘာ့ ကပ်ရောဂါ ဆိုးကြီး ဖြစ်သော အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ် ဝေဒနာသည် ကလေးငယ်များနှင့် ယင်းရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှု ခံစားနေ ရသော ကလေးငယ်များ အတွက် နွေးထွေးသည့် သီးသန့်ဂေဟာ တစ်ခုဖြစ် သော သုခရိပ်မြုံ (မန္တလေး) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကို ဇန်န၀ါရီလ ၁၉ ရက်က ဖွင့်လှစ်ခဲ့သည်။

အဆိုပါဂေဟာ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အိပ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံ မိဘမဲ့ ကလေးငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ပြီး မိသားစုပုံစံဖြင့် နေထိုင်ကြီးပြင်း သွားနိုင်ကြစေ ရန်ဖြစ်ကြောင်း မန္တလေး သုခရိပ်မြုံ ပရဟိတဂေဟာ ဥက္ကဋ္ဌ ဒေါက်တာ ကိုကိုလေးက ပြောသည်။

"ဒီဂေဟာမှာ အသက်တစ်နှစ်ခွဲက နေ ၁၂ နှစ်ထိရှိတဲ့ ကလေးတွေကို မိဘ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စာချုပ် စာတန်းနဲ့ အပြီးအပိုင် မွေးစားပါတယ်။ တစ်ပတ်တစ်ခါ အိမ်ကိုပြန်တာမျိုးလည်း လက်မခံပါဘူး။ အသက်တစ်နှစ်ခွဲ အောက် ကလေးတွေကိုလည်း လက်မခံပါဘူး။ ကလေးက သိပ်ငယ်လွန်းရင် အလုပ်လည်း ပိုလာနိုင်ပါတယ်။ နောက်ပြီး အသက် ၁၂ကျော်တဲ့ကလေး တွေကလည်း အပြင်ကမကောင်းတဲ့ အကျင့်တွေ ပါလာနိုင်ပြီး ဒီမှာရှိတဲ့ ကလေးတွေကို အဲဒီအကျင့် စရိုက်တွေ ကူးစက်နိုင်တဲ့အတွက် လက်မခံပါဘူး " ဟု ၎င်းကဆိုသည်။

သုခရိပ်မြုံဂေဟာက လက်ခံစောင့်ရှောက်ပေးမည့် ကလေးများမှာ အမိ၊ အဖနှစ်ဦး စလုံးမရှိတော့သည့် အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသည့် ကလေး ငယ်များ၊ အမိ (သို့) အဖတစ်ဦး ရှိသော်လည်း ကိုယ်တိုင်ဝေဒနာ
ခံစားနေရ သောကြောင့် ကလေးငယ်အားစောင့် ရှောက်ရန် အခြေအနေမရှိသည့် အိပ်ခ်ျအိုင်ဗီ ကူးစက်ခံနေရသည့် ကလေးငယ်များနှင့် အခြေအနေအရပြုစုစောင့် ရှောက်ရန် လိုအပ်နေသည့် ရောဂါသည် ကလေးငယ်များဖြစ်ကြောင်းသိရသည်။


"ဒီဂေဟာမှာ ရှိတဲ့ကလေးတွေရဲ့ ကျောင်းပညာရေးကိုလည်း ဆရာ၊ ဆရာမတွေ ထားပြီး သင်ကြားပေးမှာပါ။ အနုပညာရပ်တွေ၊ လက်မှုပညာတွေကို သင်ကြားပေးနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါ တယ်။ ကျောင်းမှာ ရှိနေတဲ့ ကလေး တွေရဲ့စာသင်ချိန်၊ အိပ်ချိန်နဲ့ ကစားချိန် တွေကို စနစ်တကျဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောပြသည်။
ကလေးငယ်များ စိတ်အပန်းပြေစေ ရန်၊ ပြည်သူအများနှင့် ပူးပေါင်းပါဝင် လုပ်ဆောင်တတ်စေရန် အခြေအနေ များဖန်တီးပေးခြင်းနှင့် ပြင်ပခရီးစဉ်များ စီစဉ် ပို့ဆောင်ပေးခြင်းများကိုလည်း ဆောင်ရွက် သွားမည်ဖြစ်သည်။

သုခရိပ်မြုံဂေဟာသည် ၂၀၁၂ ဒီဇင် ဘာ ၃၁ ရက်နေ့အထိ အလှူငွေကျပ် ၈၁၃ သိန်း လက်ခံရရှိပြီးဖြစ်သည်။ သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ၌ လက်ရှိတွင်မိဘမဲ့ အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ်ဝေဒနာသည် ကလေး ၁၁ ဦးရှိ နေကြောင်းနှင့် ယင်းဂေဟာမှာ ပြည်ကြီး တံခွန်မြို့နယ်၊ ဘုံပျံတောရ၊ မြ၀တီမင်းကြီး တိုက်အတွင်းတွင် တည်ရှိကြောင်း သိရသည်။
ရွှေဝါလွင်
Myanmar Times

သစ်ထူးလွင် -  အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသော မိဘမဲ့ ကလေးများ အတွက် လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ ဖွင့်လှစ်

ပြည့်တန်ဆာနှင့် ပျော်ပါးသူများ အရေးမယူသည့် ဥပဒေ ပြင်မည်မဟုတ်

မြန်မာနိုင်ငံတွင် ၁၉၄၉ခုနှစ်က ပြဋ္ဌာန်းထားခဲ့သော ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်မည်မဟုတ်ဘဲ ယင်းဥပဒေအရ ပြည့်တန်ဆာနှင့် ပျော်ပါးသူ အမျိုးသားများကိုလည်း တရားခံများအဖြစ် သတ်မှတ် တရားစွဲဆို အရေးယူခွင့် မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြောသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြည့်တန်ဆာ အမျိုးသမီးများနှင့်ပျော်ပါးသူ အမျိုးသားများကိုလည်း အားပေး ကူညီသူများအဖြစ် သတ်မှတ်ပြီး တရားစွဲဆို ပြစ်ဒဏ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ရာ ရဲချုပ်ကျော်ကျော်ထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားလိုက်သည်။


၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေသည် ပြည့်တန်ဆာမှုများ ပပျောက်ရေးအတွက် ပြဋ္ဌာန်းထားသော ဥပဒေဖြစ်ပြီး ယင်းဥပဒေအရ ပြစ်မှုကျူးလွန်သော အမျိုးသမီး၊ အမျိုးသားများကို တန်းတူ အခွင့်အရေး ပေးရန်မဖြစ်နိုင်ကြောင်း၊ ပြည့်တန်ဆာမှုများသည် မမြင်ကွယ်ရာတွင် ဖြစ်ပွားသော အမှုများဖြစ်သည့်အတွက်  သက်သေ အထောက်အထား လက်ပူးလက်ကျပ်ဖြင့် ဖမ်းဆီးရန် အလွန်ခက်ခဲကြောင်း၊ ထို့ကြောင့် အသွင်ယူသူနှင့် ငွေကြေးပေး ကာမ ရယူသော အမျိုးသားများကို သက်သေအဖြစ် အသုံးပြုကာ တရားစွဲဆို တင်ပို့ရခြင်း ဖြစ်ကြောင်း၊ ဥပဒေအရလည်း ပျော်ပါးသူ အမျိုးသားများက သက်သေအဖြစ် ထွက်ဆိုလျှင် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပြုထားကြောင်း ရဲချုပ်ကျော်ကျော်ထွန်းက ရှင်းပြသည်။

“ပြည့်တန်ဆာ ပြစ်မှုကို သက်သေထင်ရှား ပြသနိုင်ဖို့ အကြောင်း အားလုံး သိရှိသမျှ ထုတ်ဖော်ပြောဆိုတဲ့ အမျိုးသားများကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပေးထားပြီး ဖြစ်တဲ့အတွက် အမျိုးသမီးများနဲ့အတူ ဖမ်းဆီးရမိတဲ့ ငွေကြေးပေး ကာမရယူတဲ့ အမျိုးသား များကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၄၊ ၁၁၄ နဲ့ ၁၀၉ တို့အရ အားပေးကူညီသူအဖြစ် တရားစွဲဆို ပြစ်ဒဏ်ချမှတ် နိုင်ခြင်း မရှိပါ” ဟု ရဲချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

သို့ရာတွင် ပြည့်တန်ဆာ လုပ်ငန်းကို စီးပွားဖြစ် လုပ်ဆောင်သူ၊ ပြည့်တန်ဆာလုပ်ရန် ဆွဲဆောင်သူများ၊ ပြည့်တန်ဆာအဖြစ် ရရှိသည့် စီးပွားကို အသက်မွေးဝမ်းကြောင်း ပြုသူ၊ ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ရန်  သွေးဆောင် အနိုင်ကျင့်သူ၊ ပြည့်တန်ဆာအိမ် စီမံကြီးကြပ်သူ၊ စီမံကြီးကြပ်ရာမှာ ကူညီဆောင်ရွက်သူများကို အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ဥပဒေအရ အလုပ်ကြမ်းနှင့် တနှစ်အောက်မနည်း၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်စီရင်မည်ဟု သိရှိရသည်။
ပြည့်တန်ဆာပင် ဖြစ်သော်လည်း အမျိုးသားက အလိုမတူဘဲ ကာမဆက်ဆံလျှင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆ မုဒိမ်းမှု မြောက်ပြီး ယင်းအမျိုးသားကို တရားစွဲဆို ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ရဲချုပ်ကျော်ကျော်ထွန်းက ရှင်းပြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေကမူ ပြည့်တန်ဆာ အမျိုးသမီးကို အရေးယူပြီး ပျော်ပါးသူ အမျိုးသားကို အရေးမယူခြင်းသည် ကျားမ ခွဲခြားမှုတရပ် ဖြစ်သည်ဟု ပြောသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဖြင့် အမျိုးသမီးများကို ဖမ်းဆီး ပြစ်ဒဏ်ချမှတ်ရာတွင်လည်း အသက် ၁၈ နှစ်အောက် မိန်းကလေးများ ပါဝင်နေပြီး ယင်းအမျိုးသမီးများကို အသက်ပြည့်ပြီးသူများ ကဲ့သို့ အကျဉ်းထောင်များတွင်  ပြစ်ဒဏ် ပေးထားသည်ဟု ဒေါ်လဲ့လဲ့ဝင်းဆွေက လွှတ်တော်တွင် တင်ပြ ပြောဆိုသွားသည်။

“ပြည့်တန်ဆာအဖြစ် အဖမ်းခံထားရတဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့သူရဲ့ မိခင်နဲ့ အစ်မက လာရောက် အကူအညီ တောင်းခံလို့ ဒီမေးခွန်း ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါတယ်။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ၁၈ နှစ်အောက် မိန်းကလေးများ ပါဝင်လျက် ရှိနေကြောင်း သိနေရပါတယ်။ အဆိုပါ အသက်မပြည့်ပြီးသူများ အရေးယူရာမှာ အသက်ပြည့်ပြီး အရွယ်ရောက် သူများသဖွယ် တရားစွဲဆိုပြီး ပြစ်ဒဏ် ကျခံစေလျက် ထောင်ကျခံစေကြောင်း သိရပါတယ်။ အဲဒီလို အရွယ် မရောက်သေးဘဲ ထောင်ဒဏ် ကျခံနေရတဲ့ အမျိုးသမီးငယ်များကို အကျဉ်းထောင်များအတွင်း ပြန်လည် စိစစ်ပေးစေလိုပါတယ်” ဟု ဒေါ်လဲ့လဲ့ဝင်းဆွေက ပြောသည်။

ရဲချုပ် ကျော်ကျော်ထွန်းကမူ အကျဉ်းထောင်များတွင် ပြစ်ဒဏ် ကျခံနေရသော အမျိုးသမီးများကို အသက်စိစစ် လက်ခံကြောင်း၊ ပြည့်တန်ဆာမှုဖြင့် အကျဉ်းကျ ခံနေရသော အကျဉ်းသူများကို အသက်မွေးဝမ်းကြောင်း လုပ်ငန်း သင်ကြားပေးပြီး ခုခံအား ကျဆင်းမှုရောဂါရှိ၊ မရှိ စစ်ဆေးပေးကြောင်း၊ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိရပါက မန္တလေးနှင့် ရန်ကုန်တိုင်း ဒေသကြီး တွံတွေးမြို့တွင် ရှိသော အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ ပေးပို့ စောင့်ရှောက်မှုများ ပြုလုပ်ပေးကြောင်း ရှင်းလင်းပြောဆိုသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ) အရ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် အလုပ်ကြမ်းနှင့် တနှစ်အောက်မနည်း၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကမူ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာများကို ကျန်းမာရေး စိစစ်ပြီး တရားဝင် လိုင်စင်ထုတ်ပေးခွင့် ပြုသော စနစ်ဖြစ်ထွန်းရေးမှာ မြန်မာ့ယဉ်ကျေးမှုအရ မဖြစ်နိုင်သေးကြောင်း၊ ဥပဒေအရ တရားဝင် ခွင့်မပြုပေးထားသော်လည်း မြန်မာနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်း ကြီးထွားနေပြီး ကူးစက်ရောဂါများ ပျံ့ပွားစေသော ကျန်းမာရေး ဆိုးကျိုးများနှင့် လူမှုရေး ဆိုးကျိုးများ ဖြစ်ထွန်းနေကြောင်း ရှင်းပြသည်။
“ဒီနိုင်ငံမှာ ဥပဒေနဲ့ ပြည့်တန်ဆာတွေ ခွင့်ပြုဖို့က ယဉ်ကျေးမှုအရ မဖြစ်နိုင်သေးဘူး။ ဒါပေမယ့် ပြည့်တန်ဆာ လုပ်ငန်းက ကြီးမားစွာ ရှိနေတာပဲ။

အဲဒါကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း တော်တော်ကို များပါတယ်။ လူတွေကို ကျန်းမာရေး အသိပေး သင်တန်းတွေ၊ ပညာပေးလုပ်ငန်းတွေနဲ့ ဆက်သွားရမယ် ထင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအရ ပြည့်တန်ဆာများကို ခုခံအားကျဆင်းမှု ရောဂါဆိုင်ရာ အသိပညာပေးရန် အလွန်ခက်ခဲပြီး ပြည့်တန်ဆာများ ကလည်း ကျန်းမာရေး အသိပညာပေး သင်တန်းများ တက်ရောက်ရန်ပင် ကြောက်ရွံ့ နေကြကြောင်း၊ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေမှာ ခေတ်မမီတော့သည့်အတွက် ပြင်ဆင်သင့်ကြောင်း၊ အရှေ့တောင် အာရှနိုင်ငံများတွင်ပင် ပြည့်တန်ဆာများကို ဥပဒေအရ ခွင့်ပြုလာပြီဟု သိရှိထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် HIV/AIDS ဝေဒနာရှင်များ ကုသစောင့်ရှောက်ပေးနေသော ကိုရာဇာက ပြောသည်။

“ဥပဒေကြောင့် အသိပညာပေးရေး လုပ်ငန်းလုပ်ရတာ တော်တော်ခက်ပါတယ်။ ၂၀၀၆ ခုနှစ် တုန်းကဆိုရင် World Vision က ၀န်ထမ်းအမျိုးသမီးက ဈေးတခုမှာ ပြည့်တန်ဆာတွေနဲ့အတူ ဖောက်သည်တွေကို ကွန်ဒုံးဝေတယ်။ အဲဒါကို ရဲက အဲဒီ World Vision ဝန်ထမ်းကို ပြည့်တန်ဆာပါဆိုပြီး ဖမ်းပြီး အရေးယူဖို့ လုပ်တော့ ကျနော်တို့ မနည်းလိုက်ရှင်းပေးရတယ်။ ပြောချင်တာက အဲဒီဥပဒေက ခေတ်မမီတော့ဘူး။ ပြင်ဆင်ဖို့ လိုနေပါပြီ” ဟု ကိုရာဇာက ဆိုသည်။

ဧရာဝတီ - ပြည့်တန်ဆာနှင့် ပျော်ပါးသူများ အရေးမယူသည့် ဥပဒေ ပြင်မည်မဟုတ်