Thursday, June 23, 2011

SHAMPOOING

လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေထဲမှာ ဆံပင်က တစ်စိတ်တစ်ဒေသပါဝင်ပါတယ်။ လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ Personality ကို ဆံပင်ကလည်း အများကြီးပံ့ပိုးပေးနိုင်ပါတယ်။ ဆံကေသာကို ပြုစုထိန်းသိမ်းရာမှာ ထိန်းသိမ်းတတ်ဖို့လည်းလိုအပ်ပါတယ်။ ကိုယ့်ဆံပင် သားနဲ့ မကိုက်ညီတဲ့ Hair Product ကိုမှားယွင်းသုံးစွဲမိတာမျိုး၊ သင့်တော်တဲ့ပမာဏထက် အလွန်အကျူးသုံးစွဲမိတာမျိုးဆိုရင်လည်း ဆံပင်သားကို ထိန်းသိမ်းရာမရောက်ဘဲ ပျက်စီးစေတတ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်တာကအစ Treatment သုံးတာအဆုံး သေသေ ချာချာ ချင့်ချိန်အသုံးပြုတတ်ဖို့ လိုအပ်သလို ဆောင်ရန်၊ရှောင်ရန်တွေကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။

 

ခေါင်းလျှော်ခြင်း

အမျိုးသား၊ အမျိုးသမီးအတော်များများအတွက်တော့ နေ့စဉ်ခေါင်းလျှော်ပေးဖို့ မလိုအပ်ပါဘူး။ အဆီထွက်လွန်းတဲ့ ဦးရေပြားပိုင်ရှင် တွေကတော့ ခြွင်းချက်အနေနဲ့ လျှော်ပေးနိုင်ပါတယ်။ ခေါင်းခဏခဏလျှော်ခြင်းက အဆီပိုမိုထွက်တာမျိုး ဒါမှမဟုတ် အဆီခန်းခြောက် တာမျိုးတွေ ဖြစ်ပွားနိုင်ပါတယ်။ အဆီထွက်လွန်းတဲ့ ဦးရေပြားပိုင်ရှင်တွေဟာ ခေါင်းလျှော်တဲ့အခါ Mild Type Shampoo ကို ရွေးချယ် သင့်ပါတယ်။ နေ့စဉ်လိုလို ခေါင်းလျှော်မှာဖြစ်တဲ့အတွက် ညင်ညင်သာသာ သန့်စင်ပေးနိုင်ပြီး ဦးရေပြားရှိ အဆီတွေအားလုံးကို မဖယ် ရှားပစ်တဲ့ ခေါင်းလျှော်ရည်အမျိုးအစားဖြစ်ဖို့ လိုအပ်ပါတယ်။ ခေါင်းလျှော်ရည်ကောင်းကောင်းရွေးချယ်သုံးဖို့အတွက် ပိုက်ဆံမနှမြော သင့်ပါဘူး။ ဈေးပေါတဲ့ တချို့ခေါင်းလျှော်ရည်တွေဟာ အမြှုပ်ထွက်များပြီး ဆံပင်ကို ချက်ချင်းသန့်စင်ပေးနိုင်ပေမယ့် ဦးရေပြားနဲ့ ဆံပင် သားကို ထိခိုက်စေမယ့် ပါဝင်ပစ္စည်းတွေ အများကြီးပါဝင်နေပါတယ်။ ဦးရေပြားက သဘာဝအတိုင်းရှိနေတဲ့ အဆီတွေကိုပါ ဖယ်ရှား ပစ်ပါတယ်။ ဒါကြောင့် ဈေးကြီးပေမယ့်လည်း အမျိုးအစားကောင်းတဲ့ ခေါင်းလျှော်ရည်ကို ၀ယ်သုံးဖို့ ၀န်မလေးပါနဲ့။ ပုံမှန်အားဖြင့်တော့ တစ်ရက်ခြားတစ်ခါ သင့်တော်တဲ့ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးသင့်ပါတယ်။ ခြောက်သွေ့လွန်းတဲ့ဆံပင်သား၊ ဆေးဆိုးထားတဲ့ ဆံပင်သား၊ ပျက်စီးနေတဲ့ ဆံပင်သားတွေကတော့ မကြာခဏခေါင်းမလျှော်သင့်ပါဘူး။ ဆံပင်အခွေအလိပ်ပြုလုပ်ထားသူနဲ့ ဆံပင် ကောက်ထားသူတွေဟာလည်း သာမန်ဆံပင်သားတွေလို ခေါင်းမလျှော်သင့်ပါဘူး။ ဘယ်လိုခေါင်းလျှော်ရည်အမျိုးအစားကိုပဲ ရွေးချယ် ပါစေ၊ ဦးရေပြားကိုပါ ဂရုစိုက်ပေးမယ့် Scalp Care လို့ညွှန်းထားတာမျိုးကို ရွေးချယ်သင့်ပါတယ်။

ဆံသားအခြေအနေ

ဆံပင်တွေဟာ ရာသီဥတုအခြေအနေကိုလိုက်ပြီး ပြောင်းလဲတတ်ပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့်သာမက တခြားအပူဒဏ်တွေ ကြောင့်လည်း ဆံပင်တွေ ကြွပ်ဆတ်ပြီး ပြတ်လွယ်ကျိုးလွယ်တတ်ပါတယ်။ ဆောင်းရာသီနဲ့ နွေရာသီတွေမှာ ဆံပင်သားတွေဟာ သိသိ သာသာ ပြောင်းလဲတာကို တွေ့ရတတ်ပါတယ်။ ဒီလိုရာသီတွေမှာ ဆံပင်သားတွေ ထိခိုက်ပျက်ဆီးလွယ်တဲ့အတွက် အထူးဂရုစိုက် ပေးဖို့ လိုအပ်ပါတယ်။ ဘ၀နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးပြဿနာတွေကလည်း ဆံပင်သားကို အကျိုးသက်ရောက်မှုရှိပါတယ်။ ပုံမှန်အားဖြင့် တော့ ကျွမ်းကျင်တဲ့ဆံပင်ပညာရှင်နဲ့ တွေ့ဆုံဖို့လိုအပ်လှပါတယ်။ ကျွမ်းကျင်သူတစ်ယောက်ဟာ သင့်ဆံပင်ကို စတွေ့လိုက်တာနဲ့ ဆံပင်ရဲ့လိုအပ်ချက်၊ ဆံပင်နဲ့သင့်တော်တဲ့ Product ကိုချက်ခြင်းဆိုသလို ညွှန်ပြနိုင်ပါတယ်။

သုံးစွဲတဲ့ပမာဏ မှန်ကန်ပါစေ

ခေါင်းလျှော်တဲ့အခါ အသုံးပြုမယ့် Shampoo ပမာဏနဲ့ ရေအပူချိန်ကလည်း အရေးပါပါတယ်။ ရေပူလွန်းတဲ့အခါ အဆီပိုမိုထွက်ရှိနိုင်ပြီး ပျက်စီးနေတဲ့ ဆံပင်သားတွေကို ပိုမိုဆိုးရွားစေပါတယ်။ ရေလုံလုံလောက်လာက် မသုံးစွဲပြန်ရင်လည်း ဆံပင်သားကိုထိခိုက်ပြီး ကြမ်းတမ်း လာတတ်ပါတယ်။ ဆံပင်သားတွေ ပြတ်ထွက်ကာ ကွေးဆန့်နိုင်စွမ်း လျော့နည်းလာတတ်ပါတယ်။ ဆံပင်ကိုရေမစွတ်ဘဲ ခြောက်သွေ့နေ တဲ့ဆံပင်ပေါ် ခေါင်းလျှော်ရည်မတင်ပါနဲ့။ ဆံပင်ကိုစိုစွတ်အောင် ရေစွတ်ပြီးမှ ခေါင်းလျှော်ရည်သုံးပါ။ ခေါင်းလျှော်ရည် ပမာဏအများကြီး မသုံးမိအောင်လည်း ဂရုပြုပါ။ ဒင်္ဂါးပြားအရွယ်အစားခန့်သာ အသုံးပြုခြင်းက အကောင်းဆုံးပါပဲ။ ရေနဲ့ သေသေချာချာဆေးချဖို့လည်း လိုအပ်ပါတယ်။ ဦးရေပြားပေါ်မှာ ခေါင်းလျှော်ရည်တွေ မစင်ဘဲ ကျန်ခဲ့တဲ့အခါ စေးကပ်ပြီး သွက်လက်မှုမရှိတဲ့ဆံပင်ကို ရရှိပါလိမ့်မယ်။ ကြာလာတဲ့အခါ ဦးရေပြားပြဿနာများသာမက ကျန်းမာရေးပြဿနာများကိုပါ ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် ရေများများသုံးပြီး သန့်စင်ဖို့ကိုတော့ ၀န်မလေးပါနဲ့။

ပျော့ဆေး ဘယ်လိုသုံးမလဲ

ပျော့ပျောင်းတဲ့ဆံပင်သားလေးတွေကို အမျိုးသမီးအများစုက နှစ်သက်တတ်ကြပါတယ်။ ဒါကြောင့် ဆံပင်သားကို ပျော့ပျောင်းစေတဲ့ Cnoditioner ကလည်းအရေးပါလာပြန်ပါတယ်။ ပျော့ဆေးသုံးတဲ့အခါ ဆံပင်အဖျားပိုင်းတွေကို အဓိကထားပြီး သုတ်လိမ်းပေးသင့် ပါတယ်။ ခေါင်းလျှော်ရည်သုံးတဲ့အခါ ဦးရေပြားဆီမှ ဆံပင်အဖျားတွေဆီ သုတ်လိမ်းရမှာဖြစ်ပြီး ပျော့ဆေးသုံးတဲ့အခါမှာတော့ ဆံပင် အဖျားပိုင်းမှ အရင်းဘက်ဆီသို့ သုတ်လိမ်းကာ လျှော်ချပေးရပါမယ်။

ဘယ်လိုရွေးဝယ်မလဲ

ခေါင်းလျှော်ရည်ဝယ်တဲ့အခါ အခြေခံအားဖြင့် ဆာလဖိတ်နဲ့ ဖော့စဖိတ်လျော့နည်းတဲ့အမျိုးအစား (သို့မဟုတ်) လုံးဝမပါဝင်တဲ့ ခေါင်းလျှော်ရည်တွေကိုသာ ရှာဖွေဝယ်ယူသင့်ပါတယ်။ ဘေးဥပဒ်မဖြစ်စေသော သဘာဝပစ္စည်းတွေနဲ့ ခွင့်ပြုချက်ရရှိထားတဲ့ ဓာတုပစ္စည်းများ ပါဝင်တာမျိုးကိုသာရွေးချယ်သင့်ပါတယ်။ ယနေ့ဈေးကွက်ထဲမှာ ဒါဇင်ပေါင်းများစွာသော ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးတွေရှိနေပါတယ်။ အကောင်းဆုံးကတော့ ခေါင်းလျှော်ရည်တံဆိပ်တစ်မျိုးကို ရွေးချယ်လိုက်ပြီဆိုရင် ဆံပင်ပျော့ ဆေးကိုလည်း အဲဒီတံဆိပ်ကိုပဲ ရွေးချယ်သင့်ပါတယ်။ ဒါမှသာ အကျိုးသက်ရောက်မှုကို ပိုပြီး ရရှိမှာဖြစ်ပါတယ်။

No comments: