Saturday, June 11, 2011

စိတ်ဖိစီးမှုများကို ပုံပြင်တစ်ပုဒ်ဖြင့် ကျော်ဖြတ်ခြင်း (ဒေါက်တာ ထွန်းဝင်း)

တစ်နေ့က ကျွန်တော်သည် အင်တာနက်ဆိုင် တစ်ခုသို့ သွား၍ ကျွန်တော်၏ အီးမေးလ်ဝင်စာများကို စစ်ဆေးရာ လာနေကျ မဟုတ်သော စာတစ်စောင်ကို တွေ့ရပါ၏။  ပေးပို့သူကို စစ်လိုက်တော့ ကျွန်တော် INGO တစ်ခုတွင် အမှုထမ်းခဲ့စဉ် ကျွန်တော်၏ လက်အောက်၌ အမှုထမ်းခဲ့ဖူးသော တပည့်မ အရာရှိမိန်းကလေးတစ်ဦးထံမှ နှုတ်ဆက်စာ ဖြစ်၏။ သူက ယခုတော့ UN  အေဂျင်စီ တစ်ခုတွင် အရာရှိမကြီး တစ်ယောက် ဖြစ်နေ၏။ သူနဲ့မတွေ့တော့တာ ၈ နှစ်ခန့် ရှိပြီထင်ပါ၏။ သူ့ရဲ့ နှုတ်ဆက်စာကတော့

သို့ ဆရာဦးထွန်းဝင်း
ရိုသေစွာ နှုတ်ခွန်းဆက်သ လိုက်ပါသည်ရှင့်။ ဆရာ၏ ဆောင်းပါးများစွာတို့ကို ဂျာနယ်တို့တွင် ဖတ်ရှုရာတွင် ဆောင်းပါးစာသား စကား အသွားအလာတွေအရ ဆရာကတော့ စိတ်ပေါ့ပါး လန်းဆန်းနေမည်ဟု ယုံကြည်ပါ၏။ ကျွန်မကတော့ စိတ်ဖိစီးမှု တအားများလွန်း နေပါသည်ရှင့်။ အသက် ၄၂ နှစ် ပြည့်ပြီးပြီဖြစ်၍ သွေးတိုးရောဂါလည်း ဖြစ်လာပြီး နှလုံးဖောက်ခြင်း(Heart Attack) ဖြစ်မှာ စိုးရိမ်နေရ ပါသည်။ ဆရာ၏ ပေါ့ပါးလန်းဆန်း လွတ်လပ်နေသော ကလောင်ရှင်ဘဝကို အားကျလျက် ရှိပါသည်။ ဆောင်းပါးများ ဖတ်ရှုရသဖြင့် အမှတ်တရ နှုတ်ဆက်လိုက်ခြင်း ဖြစ်ပါ၏။
 ရိုသေစွာဖြင့်
xxxဟူ၍ ဖြစ်ပါ၏။

စိတ်ဖိစီးမှုတွေ ဘာကြောင့်ဖြစ်ပါသလဲ

စိတ်ဖိစီးမှု ဆိုတာကတော့ လူတိုင်းမှာ ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး နည်းတာနဲ့ များတာပဲ ကွာပါတယ်။ ကျွန်တော့်မှာလည်း စိတ်ဖိစီးမှုဆိုတာ ရှိပါတယ်။ သို့သော်  INGO, UN  စသည်တို့တွင် လုပ်တုန်းကတော့ စိတ်ဖိစီးမှု အထူးများပြား ပါတယ်။ ၁၉၉၅ ခုနှစ်တွင် ကျွန်တော်သည် ပြည်တွင်း NGO ဆေးရုံတစ်ခု၌ အလုပ်လုပ်ဖူး ပါ၏။ ထိုစဉ်က လက်ဖက်ရည်တစ်ခွက်သည် ၁၅ ကျပ်ခေတ်၌ လစာမှာ၂,၀၀၀ ကျပ် ဖြစ်၏။ လစာကတော့ လုံးဝ မလောက်ပါ။ သို့သော်  Stress  ခေါ် စိတ်ဖိစီးမှု မရှိပါ။ အဲဒီတုန်းက လုပ်ဖော်ကိုင်ဖက် ဆရာဝန်တစ်ဦးက ဒီလိုပြောပါတယ်။"ငါကတော့ လစာနည်းပေမဲ့ စေတနာထားပြီး လုပ်တယ်ကွာ၊ စေတနာနဲ့ ကောင်းကောင်း လုပ်နေတဲ့ကြားထဲက အလုပ်ပြုတ် သွားရင်တော့ ဝဋ်ကျွတ်တာပေါ့ကွာ။ မလောက်ငရတဲ့ ကြားထဲမှာ စိတ်ဖိစီးမှု အဖြစ်မခံနိုင်ဘူး" ဟု ပြောပါ၏။

 ဒီလိုနဲ့ နေလာလိုက်တာ ၁၉၉၆ ခုနှစ်ကုန် ၁၉၉၇ နှစ်ဆန်းလည်း ရောက်ရော ကျွန်တော်က WHO ခေါ် ကမ
ာ့ကျန်းမာရေးအဖွဲ့မှာ အလုပ်ရတော့ လခက ဒေါ်လာနဲ့ရပြီး လောက်လောက်ငင ဖြစ်သွားပြီး စိတ်ဖိစီးမှုတွေ များလာပါတယ်။  Stress ရလာခြင်းမှာ လုပ်ငန်းက ခက်လို့ မဟုတ်ဘဲ အလုပ်ပြုတ်မှာ ကြောက်တာရယ်၊ အတိုက်အခိုက်၊ အတွန်းအထိုးတွေ များလာတာရယ်ကြောင့် ဖြစ်ပါတယ်။ ထိုစဉ်က WHO စီမံကိန်းကို ဦးစီးသော ဆရာဝန်ကြီးမှာ အန္ဒိယမှ ဒေါက်တာဂျေပီဂွတ်ပတားခေါ် အသက် ၆၀ ကျော် ဆရာဝန်ကြီး ဖြစ်၏။ သူက လူတော်တစ်ယောက်ဖြစ်ပြီး အလုပ်လုပ်ရာ၌ တိကျ၏၊ စေတနာထား၏၊ ကောင်းစွာသင်ပြ၏။ စီမံကိန်း တာဝန်ထမ်းဆောင်ရာတွင် ခပ်ညံ့ညံ့ ဆရာဝန်မျိုးဆိုလျှင် အလုပ်ဖြုတ်ရန် ဝန်လေးသူ မဟုတ်။ တိကျ၏၊  ပြတ်သား၏။ ဒီတော့ လန့်ရ၏။ ထိုစဉ်က စီမံကိန်းက လုပ်ငန်းတစ်ခုအတွက် ထိုင်းနိုင်ငံက ကျန်းမာရေးအဖွဲ့တစ်ခုကို ဆပ်ကန်ထရိုက်ပေး၍ ရေတို လုပ်ငန်းတစ်ခု ခိုင်းရာ ဘန်ကောက်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒေါက်တာဆဝပ်(Dr. Sawat) ခေါ် ဆရာဝန်တစ်ဦး ပါလာသည်။ သူက မြန်မာနိုင်ငံတွင် တစ်လလောက်လာ၍ ရုံးတက်သွားပါ၏။ ကျွန်တော်တာဝန်ကျရာ နယ်ရုံးသို့ ရောက်လာပြီး ကျွန်တော်နဲ့အတူ ရုံးတက်ဖူး၏။ သူက ပေါ့ပေါ့ပါးပါးပဲ။ ဘာ  Stress  မှမရှိပါ။ လေချွန်လိုက်၊ သီချင်းညည်းလိုက် လုပ်နေ၏။ သို့နှင့် ကျွန်တော်က ဒီလိုမေးမိ၏။

"ဆဝပ်ရေ၊ အေးအေးဆေးဆေး ရှိလှချည်လား" "ဟုတ်တယ်လေ၊ မလိုလားအပ်တဲ့ Stress  တွေ ဘာဖြစ်လို့ ခေါင်းထဲ အဝင်ခံမှာလဲ" "ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒေါက်တာဂွတ်ပတား ခိုင်းထားတဲ့ အလုပ်တွေ မပြီးရင် ဘယ်နှယ့် လုပ်မလဲ"  "မတတ်နိုင်ဘူးကွာ၊ ငါတော့ ရန်ကုန်ရုံး ရောက်မှ ဆက်လုပ်ပေး လိုက်မယ်။ ရန်ကုန်မှာ လုပ်လို့ မပြီးလည်း ဗန်ကောက်ရောက်မှ ဆက်လုပ်ပြီး Report ကို စာတိုက်က ပို့လိုက်မယ်" "ဟာ ဒီလိုလုပ်ရင် ဘိုးတော်ကြီး ဒေါက်တာဂွတ်ပတားက ကျေနပ်ပါ့မလားကွာ" "မကျေနပ်လည်း မတတ်နိုင်ဘူးကွာ။ WHO မှာမလုပ်ရလည်း ထိုင်း NGO မှာလုပ်ရင် ဒီလခလောက်ပဲ။ မြူနီစီပယ်မှာ လုပ်လည်း ဒီလောက်တော့ ရပါတယ်။ ပြုတ်လဲ မတတ်နိုင်ဘူးကွာ။ စိတ်ညစ်တော့ မခံနိုင်ဘူး" "အေး ကောင်းပါတယ်ကွာ။ ငါကတော့ မလွယ်ဘူးကွ။ WHO က ပြုတ်ရင် ထမင်းငတ်ဖို့ များတယ်ကွာ" ဟုဆိုရာ ဒေါက်တာဆဝပ်က ကျွန်တော့်ကို ကရုဏာသက်ပါ၏။

စိတ်ညစ်ခြင်း Stress ရလျှင် အောက်ပါ ရောဂါတို့ ရနိုင်၏။
- သွေးတိုး (Hypertension)
- နှလုံးဖောက်ခြင်း (Heart Attack)
- လေဖြတ် (Paraysis)
- ဆီးချို (Diabetes)
- မျက်စိပါဝါတက်ခြင်း
စတာတွေ ဖြစ်ပါ၏။ ဒီတော့ လန့်စရာပါ။

ကျွန်တော်သည် UN အေဂျင်စီတစ်ခု၌ အလုပ်လုပ်စဉ် လုပ်ဖော်ကိုင်ဖက် တစ်ဦးမှာ G20  နိုင်ငံမှ စိုက်ပျိုးရေး Ph.D ဘွဲ့ရ မြန်မာတစ်ဦး ဖြစ်၏။ စီမံကိန်း တစ်လျှောက်လုံး သူ၏အထက်အရာရှိ နိုင်ငံခြားသားက ဖိအားတွေ ပေးနေ၏။ သို့နှင့်သူသည် စိတ်ညစ်ပြီး စီမံကိန်းပြီးခါနီး တစ်လအလို၌ နှလုံးဖောက်ခြင်း (Heart Attack) ရ၏။ ထိုင်းနိုင်ငံ၌ သွားရောက်ဆေးကုရာ စီမံကိန်း ကာလတစ်လျှောက် စုထားသော ဒေါ်လာလေးတွေ ကုန်သွားပါ၏။ လွန်ခဲ့သော ၃ လခန့်၌  INGO  ၌ အမှုထမ်းနေသော တပည့်ဟောင်းတစ်ဦး လာလည်ရာ  INGO အချို့၌ Stress က ရင်ဆိုင်ကျော်လွှားနည်း Workshop အချို့ လုပ်နေသည်ဆိုရာ အမှုဆောင် အရာရှိအားလုံး သိသင့်သည်ထင်၍ လက်လှမ်းမီသရွေ့ စုစည်းတင်ပြပါ၏။

စိတ်ဖိစီးမှုကို ရင်ဆိုင်ကျော်လွှားနည်းအမျိုးမျိုး

(၁) လမ်းလျှောက်ခြင်း
နံနက်စောစောထ၍ လေကောင်းလေသန့်ရှူ၍ လမ်းလျှောက်ပါက ဦးနှောက်တွင်းဝယ် အယ်ဒေါ်ဖင်းခေါ် ဟော်မုန်းဓာတ်တစ်မျိုး ထွက်ရာ ၎င်းဟော်မုန်းသည် စိတ်ဖိစီးမှုကို လျော့ပါးစေသည်ဟု ဆိုပါ၏။

(၂)  Time Management
အချိန်ကို အကျိုးရှိစွာ သုံးတတ်လျှင် ဥပမာအားဖြင့် ၃ ရက်လုပ်ရမည့် အလုပ်က တစ်ရက်နှင့် ပြီးနိုင်၏။ ထိုအခါ အနားယူချိန် ပိုလာပြီး Stress နည်းနိုင်ပါ၏။

(၃) ဝမ်းချုပ် မခံခြင်းနှင့် ခံတွင်းသန့်ရှင်း စေခြင်း
စိတ်ဖိစီးမှု များပါက ဝမ်းချုပ်၍ ပါးစပ်နံစေသော သွားနာ၊ သွားဖုံးယောင် ရောဂါများ ဖြစ်တတ်၏။ ဝမ်းမချုပ်ရန် အမျှင်ဓာတ် (Fibre) များများပါသော သီးနှံများ စားခြင်း၊ ခံတွင်းကို သန့်ရှင်းစွာ ထားခြင်း၊ သွားတိုက်နည်း စနစ်မှန်ခြင်း တို့သည် Heart Attack ကို ကာကွယ်နိုင်၏။

(၄) ဖြည့်စွက်စာများနှင့် ဗီတာမင်များ
 ဥပမာအားဖြင့် အင်နာဗွန်စီ ကဲ့သို့သော ဆေးများသည် စိတ်ဖိစီးမှု Stress ကို လျော့စေ၏။

(၅) အနှိပ်အနင်းခံခြင်း
 အနှိပ်အနင်း ခံခြင်းသည် တောင့်တင်းနေသော ကြွက်သားများကို ပြေလျော့စေပြီး သွေးကြောများကို ကျယ်ပြန့်စေ၏။ အိပ်ပျော်ခြင်းကို အားပေးပြီး Stress ကို ပြေလျော့စေပါ၏။

(၆) မိမိကိုယ်ကို ယုံကြည်မှု၊ စွန့်ဦးတီထွင် စရိုက်နှင့် သတ္တိ
များသောအားဖြင့် အမှုဆောင် အရာရှိတို့တွင် Stress  ဖြစ်ကြသည်မှာ လုပ်ငန်းခက်ခဲခြင်း (Technical Difficulty) ကြောင့်မဟုတ်ဘဲ အလုပ်ပြုတ်မှာ ကြောက်လေ၊ စိတ်ဖိစီးလေ ဖြစ်တတ်၏။ ထိုအခါ မလုပ်၊ မရှုပ်၊ မပြုတ် နေလိုကြ၏။ နေလို့ မရသောအခါ  Stress  ဖြစ်တတ်ပါ၏။ စွန့်ဦးတီထွင် စရိုက်မရှိပါက အလုပ်ပြုတ်မှာကို ရင်မဆိုင်ရဲ။ မိမိကိုယ်ကို ယုံကြည်မှုနည်းပြီး သတ္တိမရှိ ဖြစ်တတ်ပါ၏။ စွန့်ဦးတီထွင် စရိုက်ရှိသူများက ရဲရဲဝံ့ဝံ့ မှန်တာကို လုပ်ရဲ၏။ မှန်တာကို လုပ်လို့ ပြုတ်မှာကို မကြောက်ပါ။ အမှုဆောင်အရာရှိလုပ်မှ ထမင်းစားရတာ မဟုတ်။ လမ်းသစ် ဖောက်ရဲသည်။ စွန့်စားရဲသည်။ အလုပ်တစ်ခု ပြုတ်ရင် တခြားအလုပ်တစ်ခု လုပ်စားရဲ၏။
- ရဲဝံ့သောကြောင့် ကြောက်စိတ် မဝင်ပါ။
- ကြောက်စိတ်မဝင်၍ Stress နည်းပါ၏။

ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟူသော ပုံပြင်တစ်ပုဒ်

 ယခုတင်ပြအံ့သော ပုံပြင်ကတော့ Stress ကို လျော့နည်းစေ၏။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ ဆိုသည်မှာဘာပဲဖြစ်ဖြစ်၊ ဘယ်လို ကံမကောင်းမှုပဲ ရင်ဆိုင်ရသည်ဖြစ်စေ အကောင်းဘက်မှ လှည့်တွေးနိုင်သူ၏ ပုံပြင် ဖြစ်၏။ ရှေးအခါက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း စိုးစံစဉ် ပညာရှိ အမတ်ကြီးတစ်ပါး ရှိ၏။ သူက အခက်အခဲများ၊ ကံမကောင်းခြင်းများ ရင်ဆိုင်ရသော အမြဲတန်း အကောင်းဘက်က လှည့်တွေး၏။ ပြဿနာတစ်ခု ပေါ်လာတိုင်း "ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ" ဟု ပြောတတ်၏။ ဥပမာ နန်းတွင်းအမှုထမ်းတစ်ဦး အလုပ်ပြုတ်သွား၍ စိတ်ညစ်သော် အမတ်ကြီး၏ နှစ်သိမ့်ပုံမှာ "စိတ်မညစ်ပါနဲ့ကွာ၊ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲကွ၊ အလုပ်ပြုတ်တာလည်း ကောင်းတာပေါ့။ ရွာပြန်ပြီး လယ်လုပ်ရတော့ မိဘနဲ့အတူ ပြန်နေရတာပေါ့။ ကောင်းတာပေါ့" ဟု ဆိုလေ့ရှိ၏။

တစ်နေ့သောအခါ ဗြဟ္မဒတ်မင်းကြီးသည် ဓားသိုင်း လေ့ကျင့်စဉ် မတော်တဆ ထိခိုက်၍ လက်ညှိုးတစ်ချောင်း ဓားထိပြီး ပြတ်သွားရာ မင်းကြီး စိတ်ထိခိုက်၏။ ထိုအခါ အမတ်ကြီး အားပေးသည်မှာ"မင်းကြီး၊ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ။ လက်ညှိုးပြတ်တာ ကောင်းတာပေါ့။ ကောင်းတယ်လို့ စိတ်ထဲမှာ မှတ်ပြီး ဝမ်းသာပါ" ဟုပြော၍ မင်းကြီး အမျက်တော်ရှ၏။ မင်းကြီးက စိတ်ဆိုး၍ နောက်တစ်ခါ ဒီလိုမျိုးပြောရင် သတ်ပစ်မယ်ဟု (Warning) ပေးထား၏။ နောက်ရက် အနည်းငယ်ကြာသော် မင်းကြီးနှင့်တကွ နောက်ပါတစ်စုတို့သည် တောထဲသွား၍ အမဲလိုက်၏။ မင်းကြီးတို့ နယ်ကျွံသွားပြီး မျက်စိလည် လမ်းမှား၏။ မင်းကြီးဦးဆောင်သော မုဆိုးတစ်သိုက်သည် လူရိုင်းနယ်မြေသို့ ရောက်သွားပြီး လူရိုင်းတွေ ဖမ်းဆီးတာ ခံရ၏။ လူရိုင်းတွေက မင်းကြီးနှင့် မုဆိုးတို့အား သတ်၍ ယဇ်နတ်ပူဇော်ရန် စီစဉ်၏။ သတ်ရန်ပြင်၏။ မသတ်မီ စစ်ဆေးသောအခါ မင်းကြီးသည် လက်ညှိုးပြတ်နေ၍ အင်္ဂါမစုံသူ ဖြစ်ကြောင်း သိရ၏။

ထိုအခါ လူရိုင်းခေါင်းဆောင်က ပြောသည်မှာ"ဟေ့ ဒီလက်ပြတ်နဲ့ အင်္ဂါမစုံကောင်ကိုတော့ သတ်လို့ မဖြစ်ဘူး။ အင်္ဂါမစုံတဲ့သူကို ပူဇော်ရင် နတ်မင်းကြီးတွေ စိတ်ဆိုးလိမ့်မယ်။ သူ့ကိုလွှတ်လိုက်" ဟုပြော၏။ သို့နှင့်အင်္ဂါစုံသော တောလိုက်မုဆိုးများကို သတ်၍ ယစ်ပူဇော်လိုက်၏။ မင်းကြီးကိုတော့ ပြန်လွှတ်လိုက်၍ မင်းကြီးသည် စမ်းတဝါးဝါးနှင့် လမ်းလျှောက်ပြန်လာရာ ရက်အနည်းငယ်ကြာသော် နန်းတော်သို့ ပြန်ရောက်လာ၏။ ထိုအခါ လက်ညှိုးလေး ပြတ်နေတာ ကောင်းကြောင်း သိရ၏။ ထို့ကြောင့် ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဆိုတာ သိရပြီး လက်ခံလိုက်၏။ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ ဟု အကောင်းဘက်က လှည့်တွေးသော အမတ်ကြီးကို ဆုလာဘ်တွေ ပေး၏။ အမတ်ကြီးကတော့ သူ့ကိုဆုပေးတာပဲ ဖြစ်ဖြစ်၊ ဒဏ်ပေးတာပဲဖြစ်ဖြစ် အားလုံးကောင်းပါတယ်။ ဖြစ်သမျှအကြောင်း အကောင်းချည်းပါဟုဆိုရာ အမတ်ကြီး၌ စိတ်ဖိစီးမှု Stress ဆိုတာ လုံးဝမရှိပါ။ အကောင်းဘက်က လှည့်တွေးပါက စိတ်ဖိစီးမှု (Stress) သက်သာမည်ဟု တင်ပြလိုက်ပါကြောင်း။

ဒေါက်တာထွန်းဝင်း

Credit to HR Journal

No comments: