Friday, June 10, 2011

ပထမဆုံးချိန်းတွေ့ချိန် ဘာအစားအစာတွေ ရှောင်သင့်သလဲ

ချစ်သူစုံတွဲတိုင်း ပထမဆုံးချိန်းတွေ့ကြတဲ့အတွေ့အကြုံတော့ ရှိဖူးကြမှာပါ။ ဒီလိုနေ့မျိုးဟာ လူတိုင်းအတွက် ပြန်မရနိုင်တဲ့ အမှတ်တရ တစ်ခုပါပဲ။ သူငယ်ချင်းက မိတ်ဆက်ပေးတာပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာ တွေ့တာပဲဖြစ်ဖြစ်၊ လူကြီးတွေက ချိတ်ပေးတာပဲဖြစ်ဖြစ် အပြင်မှာ တွေ့ဖို့ချိန်းကြပြီဆိုတာနဲ့ နှစ်ဦးစလုံးရဲ့ စိတ်ထဲမှာ တွေ့ချင်တဲ့ဆန္ဒတစ်ခုနဲ့တွေ့ဆုံကြတာဖြစ်တာကြောင့် စိတ်လှုပ်ရှားမိမှာတော့ အ မှန်ပါပဲ။ ချိန်းတွေ့ပြီဆိုကတည်းက စားသောက်ဆိုင်တစ်ခုကို မဖြစ်မနေသွားပြီး စားကြ၊ သောက်ကြရင်း စကားလည်းပြော၊ လေ့လည်း လေ့လာကြရတာပါပဲ။ တချို့အစားအစာတွေက လူကိုရုပ်ဆိုးစေတာတွေ ရှိပါတယ်။ ဒါကြောင့် ဒီလို ပထမဆုံးနေ့တစ်နေ့ကိုတော့ ရှောင်သင့်တဲ့ အစားအစာလေးတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတာ လေ့လာကြည့်ပါလား။

၁။ ပထမဆုံးချိန်းတဲ့အခါ

ဒီအချိန်မှာတော့ ချိန်းမတွေ့ခင်ကတည်းက သူရောကိုယ်အဆင်ပြေမယ့်နေရာကို အများအားဖြင့်တော့ ယောက်ျားလေးတွေကစဉ်းစား တတ်ကြပါတယ်။ အမျိုးသားတွေဟာ သူတို့သွားလာဖူးတဲ့ဆိုင်တွေထဲက နှစ်ယောက်တွေ့ဆုံလို့ အကောင်းဆုံးဖြစ်စေမယ့်ဆိုင်ကို ရွေး ချယ်တတ်ကြပါတယ်။ ဒါမှမဟုတ် အပြင်တစ်နေရာမှာဆုံပြီး ဆိုင်ကိုအတူသွားတတ်ကြပါတယ်။

၂။ ဘာတွေစားမှာလဲ

ဒါကတော့ စပြီးချိန်းတွေကချိန်နှစ်ယောက်စလုံးက စတင်နိုင်တဲ့စကားလုံးပါ။ နောက်ပြီး မုန့်ဝယ်ကျွေးမယ်လို့ ပြောထားတဲ့သူရဲ့ မေးခွန်း မျိုးလည်းဖြစ်နိုင်ပါတယ်။ စားချင်တာတွေမှာစားမယ်ဆိုရင်တောင် တချို့အစားအစာတွေကိုတော့ စဉ်းစားပြီးမှမှာပါ။

၃။ ဘယ်အစားအစာတွေကို ရှောင်ရမလဲ

အစိမ်းရင့်ရောင် အစားအစာတချို့

ချိန်းတွေ့မယ်ဆိုတဲ့အခါမှာ လူတိုင်းတစ်ကိုယ်ရေသန့်ရှင်းမှုကို ပုံမှန်ထက်တော့ နည်းနည်းပိုပြီးပြုလုပ်သွားတတ်စမြဲပါ။ ဖြူဖွေးပြီး ပုလဲ ရောင်ဖြစ်နေတဲ့ သင့်သွားတွေကို စွန်းထင်စေမယ့် အစားအစာတွေဖြစ်တဲ့ ဟင်းနုနယ်လိုမျိုး၊ ပင်လယ်ရေမှော်၊ ကျောက်ပွင့်နဲ့ ပူဒီနာ (Peppermint)ဖျော်ရည်တွေကိုရှောင်ရမှာပါ။ ဒီအစိမ်းရောင်အဖတ်တွေက သွားကြားနဲ့သွားပေါ်မှာကပ်နေနိုင်ပြီး ပူဒီနာရဲ့ အနံ့ဟာ လေတက်ချိန်မှာ တော်တော်ဆိုးတဲ့ အနံ့ထွက်စေတာကြောင့်ပါ။ သင့်အသက်ရှူရနံ့တွေ သူများသိသွားမယ်နော်။

မာလွန်းတဲ့အသားတွေ

အထူးသဖြင့် အကင်ဆိုင်တွေမှာဆိုရင် မာကျောလွန်းတဲ့အသားကင်တွေဟာ သွားကြားကိုညပ်စေပြီး ၀ါးပြီးပြန်ထွေးရတာမျိုးဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ သင့်အဖော်မိန်းကလေးရဲ့ နှုတ်ခမ်းနီတွေ နှမြောစရာပါ။

အစေ့သေးသေးပါတဲ့အစာတွေ

နှမ်းစေ့၊ ဘိန်းစေ့၊ စတော်ဘယ်ရီစတာတွေရဲ့ အစေ့အဆန်လေးတွေက သွားကြားမှာကပ်နေရင် ပြန်ထုတ်ဖို့ခက်ခဲတတ်ပြီး ခိုးလုခိုးလု ဖြစ်နေနိုင်တာကြောင့်ပါ။

ပင်လယ်စာ

ကဏန်း၊ပုစွန်၊ငုံးကောင်စတဲ့ ပင်လယ်စာတွေဟာ အရသာရှိပေမယ့် စားရတာခက်တတ်ပါတယ်။ အထူးသဖြင့် ပုစွန်ထုပ်နဲ့ ကဏန်းခြေ ထောက်တွေလို အစားအစာတွေပေါ့။

ပဲအမျိုးမျိုး

ပဲတွေကလည်း သင့်သွားအရောင် တောက်ပမှုကို ဖုံးလွှမ်းနေစေပြီး လေပွတတ်တာကြောင့်ပါ။

ချိစ်

ချိစ်တွေ သင့်သွားနဲ့ နှုတ်ခမ်းမှာကပ်နေရင်တော့ ကိုယ်တိုင်သာတွေးကြည့်ပါတော့။

ကြက်သွန်

ကြက်သွန်နီနဲ့ အဖြူဟာ ခံတွင်းရနံ့ကို ဆိုးစေတာကြောင့်ပါ။

ငရုတ်သီး

အရမ်းစပ်လွန်းတဲ့ အစားအစာတွေကြောင့် ချွေးတွေပြန်ပြီး စကားကောင်းကောင်း မပြောနိုင်သလို ။ လိမ်းထားတဲ့ မိတ်ကပ်တွေလည်း ချွေးထွက်တာကြောင့် ပျက်စီးသွားနိုင်ပါတယ်။

၎။ မှန်ကန်စွာ ဘယ်လိုရွေးမှာလဲ

ပထမဆုံးစတင်ဆုံတွေ့ချိန်မှာ အထူးသဖြင့် ကိုယ်နဲ့ဓာတ်မတည့်မှုဖြစ်စေတဲ့ အစားအစာကို ကြိုတင်သိရှိထားသင့်ပါတယ်။ စားပြီးချိန်မှာ ဗိုက်အောင့်၊ လေထစေမယ့် အစားအစာတချို့ကိုရှောင်ပါ။ သင့်တို့နှစ်ယောက်စလုံးစားနေကျထဲက စားဖူးပြီး ကိုယ်တိုင်လည်း ကြိုက်နှစ် သက်တာကို စားသုံးသင့်ပါတယ်။

၅။ ချစ်စိတ်တိုးပွားစေမယ့် အစားအစာတချို့

လေ့လာမှုတချို့အရ ချစ်စိတ်တိုးပွားစေတဲ့ အစားအစာတချို့ရှိပါတယ်။

အယ်လ်ကိုဟော

အယ်လ်ကိုဟောပါဝင်တဲ့ အရည်တစ်ခွက်လောက်သောက်ပြီးချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပိုလာပြီး စကားပြောလည်း ပွင့်လင်း လာတတ်တယ်လို့ ဆိုပါတယ်။ တစ်ခွက်ထက်ပိုသွားရင်တော့ အမှားတွေ ဖြစ်လာနိုင်ပါတယ်။

ငှက်ပျောသီး

နေ့စဉ် တစ်နေ့တစ်လုံးစားသင့်ပါတယ်။

နောက်ထပ် အစားအစာတွေအနေနဲ့ ငါးကြီးဥ၊ သဖန်းသီး၊ ချောကလက်၊ ဂျင်ဆင်း၊ ကမာကောင်၊ မုန်လာဥနဲ့ မှိုစတာတွေပဲဖြစ်ပါတယ်။

၆။ တစ်ဦးနဲ့ တစ်ဦးပိုပြီးချစ်နေစေဖို့

ဒီလို ပထမဆုံးတွေ့ဆုံခဲ့ဖူးတဲ့နေ့လေးတွေကို မှတ်သားထားပြီး နောင်အချိန်တွေ ကြာလာချိန်မှာလည်း ပျော်ရွှင်စရာ စားပွဲလေးတစ်ခု ဖန်တီးယူနိုင်ပါတယ်။ ဒါကို အမျိုးသားက ပြုလုပ်ရမယ်။ အမျိုးသမီးကပြုလုပ်ရမယ်ဆိုပြီး သီးသန့်သတ်မှတ်ထားတာမျိုး မရှိပါဘူး။ သင့် အမျိုးသားက အလုပ်တွေနဲ့ ပင်ပန်းပြီး မအားလပ်ချိန်ဖြစ်နေရင်တောင် အမျိုးသမီးက စီစဉ်ထားနိုင်ပါတယ်။ ကလေးငယ်တွေရှိလို့ လွတ် လပ်စွာတွေ့ဖို့ မပြင်ဆင်နိုင်ဘူးဆိုရင်တော့ အိမ်အပြင်ဘက် ဒါမှမဟုတ် စားသောက်ခန်းလေးတစ်ခုမှာ ပြင်ဆင်ထားနိုင်ပါတယ်။ ထွေ ထွေထူးထူးမဟုတ်ရင်တောင် သင်တို့နှစ်ယောက်စလုံးကြိုက်နှစ်သက်တဲ့ အစားအစာတွေကို ကိုယ်တိုင်ပြင်ဆင်ထားလိုက်ပါ။ စားပွဲ အလယ်မှာ နှင်းဆီပန်းအနီရောင်လေးကို ပန်းအိုးလှလှလေးနဲ့ ပြင်ဆင်ထားပါ။ ပန်းအိုးဘေးမှာ ဖယောင်းတိုင်ခပ်ကြီးကြီးတစ်တိုင်ထွန်းဖို့ ပြင်ထားပါ။ သာယာငြိမ့်ငြောင်းတဲ့ ဂီတသံစဉ်တစ်ခုဖွင့်ထားပြီး ထမင်းအတူစားပါ။ အရင်က ဖြစ်ပျက်ခဲ့ဖူးတဲ့ ပျော်ရွှင်စရာအကြောင်းတွေ ကို ဖွင့်ဟပြောဆိုပါ။ နွေးထွေးစွာပြောဆိုဆက်ဆံရင်း အိမ်ထောင်ရေးသုခကို ခံစားပါ။

လေ့လာမှုတွေအရ ဒီလိုပါတီပွဲလေးတွေမျိုးကို မကြာခဏပြုလုပ်လေ့ရှိတဲ့ စုံတွဲတွေဟာ တစ်ဦးနဲ့တစ်ဦးပိုပြီး ခိုင်မြဲစွာ လက်တွဲနိုင်ကြ ကြောင်း တွေ့ရှိခဲ့ပါတယ်။ စိတ်ကောက်တတ်တဲ့ချစ်သူ၊ ဇနီးတွေအတွက်တော့ ပျော်ရွှင်ရတဲ့နေ့တွေဖြစ်လာမှာပါလို့ ဆိုပါတယ်။ ဒါကြောင့် ဖော်ပြပါနည်းလမ်းလေးတွေနဲ့ ပျော်ရွှင်စရာ မိသားစုဘ၀ကို ဖန်တီးနိုင်ကြပါစေ။

No comments: