Thursday, June 9, 2011

ကမ္ဘာကြီးကို ကျန်းမာစေချင်

ကျွန်တော်တို့ဟာ ကိုယ့်ကျန်းမာရေးကိုသာ ကိုယ်ဂရုစိုက်ကြပြီး ကျွန်တော်တို့နေထိုင်နေကြတဲ့ အမိကမ္ဘာမြေကြီးချူချာလာတာကိုတော့ လျစ်လျူရှုထားသလိုလိုဖြစ်နေပါတယ်။ နောက်ပိုင်းမှာ အိုဇုန်းလွှာပေါက်ကွဲပါးလွှာလာမှုကြောင့် ကမ္ဘာမြေကြီးပိုမိုပူနွေးလာကာ ရာသီဥတု ဖောက်ပြန်မှုတွေဖြစ်နေတာတွေ့ရပါတယ်။ ချူချာနေတဲ့ ကမ္ဘာမြေကြီး ရောဂါပိုမဆိုးသွားအောင် ကျန်းမာအောင် ကာကွယ်ဖို့က လူသား အားလုံးပူးပေါင်း ဆောင်ရွက်မှဖြစ်မှာပါ။ ဒါကြောင့် ကမ္ဘာကြီးပူနွေးမှုမှာ အဓိကကျတဲ့ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ဓာတ်ငွေ့လျော့ကျ စေနိုင် တဲ့ နည်းလမ်းတချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ အသုံးမပြုတဲ့ လျှပ်စစ်မီးခလုတ်တွေ ပိတ်ထားပါ

သာမန်အိမ်တစ်အိမ်မှာ အသုံးမပြုဘဲ ဖွင့်ထားတဲ့ မီးခလုတ်နဲ့ လျှပ်စစ်ပစ္စည်းပေါင်း ၁၀မျိုးလောက်တော့ ရှိနေတတ်ပါတယ်။ ဥပမာ - တီဗီ၊ ဒီဗီဒီစက်နဲ့ ကွန်ပျူတာတို့ကို ဖွင့်မကြည့်နေတဲ့အချိန်မှာတောင် မီးခလုတ်ကို မပိတ်ဘဲ Standby ထားခြင်းမျိုးပါ။ နံရံမှာရှိတဲ့ အသုံးမပြုနေတဲ့ လျှပ်စစ်မီးခလုတ်တွေကို ပိတ်ထားခြင်းဖြင့် တစ်နှစ်ကို ကာဗွန်ဒိုင်အောက်ဆိုက် (CO2) ဓာတ်ငွေ့ထွက်ရှိမှု ပမာဏတန် လေးပုံတစ်ပုံလောက်လျော့ကျသွားနိုင်ပါတယ်။ ကွန်ပျူတာ တစ်နေကုန်ဖွင့်ထားခြင်းက CO2 ထွက်ရှိမှု ၄၀၀ ကီလိုဂရမ်ရှိစေနိုင်ပြီး တီဗီဖွင့်ခြင်းကလည်း အဓိက ထွက်ရှိစေနိုင်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ပစ္စည်းအားသွင်းကိရိယာတွေကလည်း လျှပ်စစ်များစွာအသုံးပြုတာကြောင့် သင့်ရဲ့ဖုန်း Mp3 တို့ကို အားသွင်းရာမှာ အားပြည့်သွားပါက အားသွင်းမှုရပ်ပြီး လျှပ်စစ်မီးခလုတ်ပိတ်ထားလိုက်ပါ။

* မလိုတဲ့ မီးခလုတ်တွေပိတ်ထားခြင်းဖြင့် တစ်နှစ်အတွင်း လူတစ်ယောက်ကို CO2 ထွက်ရှိမှု၃၅၀ကီလိုဂရမ်လောက် လျော့ကျနိုင် ပါတယ်။

၂။ ရေနွေးလိုသလောက်သာတည်ပါ

သင် ကော်ဖီ၊လက်ဖက်ရည်ကြိုက်သလိုမျိုး ရေနွေးအိုးကလည်း လျှပ်စစ်ကိုကြိုက်ပါတယ်။ ရေနွေးတည်တဲ့အခါ လျှပ်စစ်အရမ်းစားတာ ကြောင့် ကိုယ်လိုအပ်သလောက် ရေနွေးကိုသာတည်ပါ။ မလိုအပ်ဘဲ ရေနွေးအိုးထဲ ရေအပြည့်ထည့်တည်တာမျိုးမလုပ်ပါနဲ့။

*ဤကဲ့သို့ လိုအပ်သလောက်သာ ရေနွေးတည်ခြင်းဖြင့် သာမန်လူတစ်ယောက်အနေနဲ့ တစ်နှစ်မှာ CO2 လွှင့်ထုတ်လွှတ်မှု ၁၀ကီလိုဂရမ် လောက်သက်သာစေပါတယ်။

၃။ ကားဆင်ခြင်သုံးပါ။

ကားမောင်းခြင်းကလည်း ကမ္ဘာကြီးကိုပူနွေးစေတဲ့ CO2 ဓာတ်ငွေ့ထွက်ရှိစေနိုင်ပါတယ်။ ဒါကြောင့် ကားမောင်းစရာမလိုတဲ့ အနီးအနားဆို လမ်းလျှောက်သွားပါ။ ကားနဲ့သွားစရာတွေရှိရင် လမ်းကြောင်းဆွဲပြီး ဆက်တိုက်သွားပါ။ အိမ်နီးတဲ့ သူငယ်ချင်းတွေသွားမယ့် နေရာတူ နေရင် ကားတစ်စီးတည်းနဲ့ပဲ ပေါင်းသွားပါ။ ကားကိုတတ်နိုင်သမျှချွေတာပါ။ ဘတ်စ်ကားလမ်းကြောသင့်ရင် ဘတ်စ်ကားနဲ့ပဲသွားပါ။ အဲသလို အများသုံးယာဉ်ကို အသုံးပြုခြင်းဟာ ကားမိုင် ၁၅၀၀စီးရတယ်ဆိုပါက ကာဗွန်ထွက်ရှိမှု တန်တစ်ဝက်ထိ သက်သာစေနိုင် ပါတယ်။

* အခုလို ကားဆင်ခြင်သုံးခြင်းဖြင့် တစ်နှစ်အတွင်း လူတစ်ယောက်ကို CO2 ၁ ဒသမ၈တန်လောက် သက်သာလျော့နည်းစေနိုင်ပါတယ်။

၎။ ပြန်လည်အသုံးပြုပါ။

စာရွက်၊ ဖန်ထည်၊ သတ္ထုထည်နဲ့ ပလတ်စတစ်အဟောင်းအားလုံးကို ပြန်လည်အသုံးပြုလို့ရနိုင်အောင် Recycle လုပ်ပေးခြင်းနှင့် သာမန် အိမ် တစ်လုံးအနေနဲ့ နှစ်စဉ်အမှိုက်ထွက်ရှိမှု ၁ ဒသမ ၄တန်လောက် လျော့နည်းသွားနိုင်ပါတယ်။ အဟောင်းတွေကို ပစ်လိုက်မယ့်အစား ပြန်ပြင်ပြီး အသုံးပြုခြင်း၊ ထပ်ပြီး အသုံးပြုခြင်းက Recycle လုပ်တာထက်စာရင် ပိုကောင်းပါတယ်။ ဒါ့အပြင် Recycle လုပ်ရာမှာ ခက်ခဲတဲ့ ကြွပ်ကြွပ်အိတ် အသုံးပြုမှုကိုလည်း လျှော့ချပါ။ ကြွပ်ကြွပ်အိတ်အစား ခြင်းတောင်း၊ အ၀တ်အိတ်၊ ပိတ်အိတ်များ အသုံးပြုပေးနိုင်ပါတယ်။

*တစ်နှစ်အတွင်း CO2 ထွက်ရှိမှု လူတစ်ယောက်ကို ၆၀၀ ကီလိုဂရမ်အထိ လျော့ကျစေနိုင်ပါတယ်။

၅။  အစာရွေးစားပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်စားသောက်ခြင်းက ကယ်လိုရီကို လျော့ကျစေရုံမျှမက ကာဗွန်ကိုပါ လျော့ ကျစေနိုင်ပါတယ်။ အသားထွက်ရှိဖို့က ဟင်းသီးဟင်းရွက်ထွက်ရှိ ဖြစ်ပေါ်လာစေဖို့ အင်အားပိုများများလိုအပ်ပါတယ်။ ဒါကြောင့် သတ် သတ်လွတ်စားခြင်းက CO2 ထွက်ရှိမှု တစ်ဝက်သက်သာစေနိုင်ပါတယ်။ ဒါ့အပြင်ဓာတုပစ္စည်းဓာတ်မြေသြဇာမသုံးတဲ့ သဘာဝဟင်းသီး ဟင်းရွက်သစ်သီးဝလံတွေ စားသုံးပေးခြင်းကလည်း စွမ်းအင်တွေ သုံးစွဲမှုလျော့နည်းစေပါတယ်။

*လူတစ်ယောက်အနေနဲ့ တစ်နှစ်အတွင်း CO2 ထွက်ရှိမှု ၁ ဒသမ ၇တန်အထိလျော့သွားနိုင်ပါတယ်။

No comments: