Thursday, June 9, 2011

ရေချွေတာရေး (Save Water)

ရေချွေတာရေးဆိုတာ ဘယ်လောက်မှ မခက်ခဲပါဘူး။ ရေဘုံပိုင်ကို ပိတ်ထားရုံပါပဲ။ ရေကိုဖောဖောသီသီနဲ့ အလကားရတယ်ဆိုတိုင်း မဖြုန်းတီးသင့်ပါဘူး။ လိုအပ်တဲ့နေရာမှာသာသုံးပြီး အလေအလွင့်မရှိအောင် ဂရုစိုက်သင့်ပါတယ်။ သုံးတဲ့နေရာမှာ သတိလေးထားပြီး အသုံးပြုသင့်ပါတယ်။ ရေဘုံပိုင်ခေါင်း ခလုတ်လေးကို ပိတ်ရုံနဲ့ ရေပမာဏ ဘယ်လောက်တောင် မဖြုန်းတီးဖြစ်သလဲဆိုတာ လေ့လာ ကြည့်ရအောင်။

ရေချိုးခြင်း

ရေပန်းဆက်တိုက်ဖွင့်ထားပြီး ရေ ၁၀မိနစ်ချိုးခြင်း = ရေလီတာ ၉၀

ဆပ်ပြာတိုက်နေစဉ် ရေပန်းပိတ်ထားကာ ရေ ၁၀မိနစ်ချိုးခြင်း = ရေလီတာ ၃၀

ချွေတာလိုက်သည့် ရေပမာဏ = ၆၀လီတာ

ဆပ်ပြာတိုက်နေစဉ်၊ ခေါင်းလျှော်နေစဉ်မှာ ရေပန်းဘုံပိုင်ခေါင်း ခလုတ်ကိုပိတ်ထားခြင်းဖြင့် ရေချိုးတိုင်း ရေလီတာ ၆၀ပမာဏကို ချွေတာပြီးသားဖြစ်မှာပါ။

သွားတိုက်ခြင်း

ငါးမိနစ်ကြာရေဘုံပိုင်ခေါင်းဖွင့်ကာ သွားတိုက်ပလုတ်ကျင်းခြင်း = ၄၅လီတာ

ရေတစ်ဖန်ခွက်သုံးကာ သွားတိုက်ပလုပ်ကျင်းခြင်း = ၀ ဒဿမ ၅လီတာ

ချွေတာလိုက်သည့် ရေပမာဏ = ၄၄ ဒဿမ ၅လီတာ

သွားတိုက်ပလုတ်ကျင်းတဲ့အခါ ရေဘုံပိုင်ဖွင့်ထားခြင်းမပြုဘဲ ရေတစ်ဖန်ခွက်ထဲ ထည့်ကာ ပလုတ်ကျင်းခြင်းဖြင့် သင့်အိမ်တွင်းရှိ လူတစ်ယောက်ဆီအတွက် ရေပမာဏ ၄၄ ဒဿမ ၅လီတာကို နေ့စဉ်ချွေတာပြီးသားဖြစ်မှာပါ။

အိမ်သာရေဆွဲချခြင်း

ရေအပြည့်ဆွဲချခြင်း = ၉လီတာ

ရေတစ်ဝက်ဆွဲချခြင်း = ၄ ဒဿမ ၅လီတာ

ချွေတာလိုက်သည့် ရေပမာဏ = ၄ဒဿမ၅လီတာ

အပေါ့သွားတဲ့အခါ အိမ်သာရေအပြည့်ဆွဲစရာမလိုဘဲ တစ်ဝက်ဆွဲရုံနဲ့လုံလောက်ပါတယ်။ ရေတစ်ဝက်ဆွဲချခြင်းဆိုတာဟာ ရေဆွဲချတဲ့မောင်းတံကို အမြန်ဆွဲကာ ချက်ချင်းလွှတ်လိုက်ခြင်းပါပဲ။ ရေတစ်ဝက်သာဆွဲချခြင်းဖြင့် အပေါ့တစ်ခါသွားတိုင်း ရေ ၄ ဒဿမ ၅လီတာကို ချွေတာပြီးသားဖြစ်မှာပါ။

ပန်းကန်ဆေးခြင်း

ရေဘုံပိုင်ခေါင်းဆက်တိုက်ဖွင့်ကာ ငါးမိနစ်ကြာပန်းကန်ဆေးခြင်း = ၆၀လီတာ

ဇလုံထဲရေထည့်ကာ ပန်းကန်ဆေးခြင်း = ၁၂လီတာ

ချွေတာလိုက်သည့်ရေပမာဏ = ၄၈လီတာ

ဟင်းသီးဟင်းရွက် ဒါမှမဟုတ် အိုးခွက်ပန်းကန်ဆေးကြောရာမှာ ဇလုံထဲ ရေထည့်ကာ ဆေးကြောခြင်းဖြင့် ရေ ၄၈လီတာကို ချွေတာရာရောက်ပါတယ်။

အိမ်တွင်းရေပိုက်လိုင်းနေရာမှာ ရေယိုစိမ့်ထွက်နေပါက ရေတွေ အလဟဿဖြုန်းတီးပစ်ရာရောက်ပြီး မီတာခလည်းတက်ပါတယ်။ ရေတွေ တစ်နေရာရာမှာ ယိုစိမ့်ထွက်နေသလားဆိုတာ အောက်ပါတို့ကို သတိထားကြည့်ပါ။

- ရေဘုံဘိုင်ခေါင်းတွေ အကုန်ပိတ်ထားတဲ့ကြားက ရေမီတာဆက်တိုက်ဖတ်နေခြင်း

- ရေကုန်ကျမှုပမာဏ သာမန်ထက်အဆမတန်များနေခြင်း၊

- မြေအောက်ရေပိုက်ပေါ်ရှိ မြေကြီး ဒါမှမဟုတ် ကြမ်းပြင်စိုစွတ်ထိုင်းမှိုင်းနေခြင်း

- မြေကြီးပေါ် ကြည်လင်သန့်ရှင်းတဲ့ရေတွေ ဘယ်ကရောက်နေမှန်းမသိဘဲ တွေ့တွေ့နေရခြင်း

- ရေအရောင် သံချေးရောင်ဖြစ်နေခြင်း

- ရေပိုက်တွေကနေ ရေစီးကြောင်းလေးတွေ တွေ့တွေ့နေရခြင်း

အထက်ပါ အချက်တွေကို သတိထားမိပါက

- ရေပိုက်လိုင်း ခဏပိတ်ထားပါ။

- ရေပိုက်ပြင်သမားခေါ်ကာ ရေပိုက်တွေ စစ်ဆေးပြီး ပြင်သင့်ကပြင်ကာ လဲသင့်ကလဲပေးပါ။

No comments: