Monday, June 13, 2011

"ရန်ကုန်မြို့တွင်းတွင် သာမက နေရာအနှံ့ လမ်းဘေးဈေးသည်များအား စီမံချက်ချ"

ရန်ကုန်မြို့တွင်း မြို့နယ်များတွင် သာမက ရန်ကုန်မြို့တော်အနှံ့ လမ်းဘေးဈေးသည်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီမံချက်ချ လိုက်လံရှင်းလင်းလျက် ရှိကြောင်း သတင်းရရှိသည်။

လမ်းဘေးဈေးသည်များအား စီမံချက်ချ လိုက်လံရှင်းလင်းလျက် ရှိရာတွင် ယာဉ်အသွားအလာ ရှုပ်ထွေးသော မြို့တွင်းမြို့နယ်များတွင် သာမက ဆင်ခြေဖုံးမြို့နယ်များရှိ ဈေးသည်များကိုပါ ရှင်းလင်းလျက်ရှိသည်ဟု သိရသည်။

အဓိက ယာဉ်အသွားအလာ ရှုပ်ထွေး များပြားသော၊ လမ်းသွားလမ်းလာ အနှောင့်အယှက်ဖြစ်စေသော အချက် အချာနေရာများကိုသာ ရှင်းလင်းသင့်ပြီး အချို့နေရာများတွင် အချိန်အပိုင်းအခြားဖြင့် စနစ်တကျ ဖွင့်လှစ်ရောင်းချရန် ကြပ်မတ်ပေးသင့်သည်ဟု မြို့ပြရေးရာ ကျွမ်းကျင်သူများက ဆိုသည်။

ဒီလိုစီမံချက်ချပြီး ရှင်းလင်းနေတာဟာ ကောင်းတဲ့စနစ်ကို ပြောင်းလာတာဆိုတော့ မှန်တယ်လို့တော့ ပြောနိုင်ပါတယ်။ လမ်းဘေးမှာ ဈေးရောင်းတာဟာ မြို့အင်္ဂါရပ်နဲ့ မညီလို့ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် . .

လမ်းမပေါ် ဈေးရောင်းချခြင်း၊ လူသွားစင်္ကြံများပေါ် ဈေးရောင်းချ ခြင်းများသည် လမ်းသွားလမ်းလာ များကို အနှောင့်အယှက်ဖြစ်စေပြီး ကားလမ်းပေါ်ရှိ ယာဉ်သွားလာမှုကိုပါ ထိခိုက်စေနိုင်သောကြောင့် လမ်းဘေး ဈေးသည်များအား ရှင်းလင်းလျက် ရှိသော်လည်း အဓိက လမ်းပိတ်ဆို့မှုသည် လမ်းဘေးဈေးသည်များထက် လမ်းဘေးတွင် အချိန်ကြာမြင့်စွာ ရပ်တန့်ထားသော ယာဉ်များကြောင့် ဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

"လွန်ခဲ့တဲ့ ၁၀ နှစ်ပတ်ဝန်းကျင် လောက်ကတည်းက အထပ်မြင့် အဆောက်အအုံတွေသာ ဆောက်ပေမယ့် ကားတွေထားဖို့ ကားပါကင် စနစ်တကျ မပါဘူး။ အဲဒီအခါကျတော့ ကားတွေက လမ်းတွေပေါ်မှာ ရပ်။ လိုင်းကားတွေကလည်း စည်းနဲ့ ကမ်းနဲ့ မမောင်းတော့ လမ်း ပိတ်ဆို့မှု တွေ ဖြစ်လာရတာပါ။ လမ်းပိတ်ဆို့မှုတွေ မဖြစ်အောင် ပြုပြင်မယ်ဆိုရင် အဲဒီအချက်တွေကို အရင်ပြင်သင့်ပါတယ်။ လမ်းဘေး ဈေးသည်တွေနဲ့ ပတ်သက်လို့ သတ်မှတ်ချက်တွေ စည်းကမ်းတွေ သတ်မှတ်မယ် ဆိုရင် သူတို့ကိုမှီခိုနေကြတဲ့ မိသားစုတွေအတွက်ပါ ထည့်သွင်းစဉ်းစားစေချင်ပါတယ်" ဟု ရန်ကုန်မြို့တွင်း နေထိုင်သူတစ်ဦးက ဆိုပါသည်။

လမ်းဘေးတွင် ဈေးရောင်းချနေသူများမှာ တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားများဖြစ်ပြီး ၎င်းတို့နောက်တွင် မှီခိုနေသူဦးရေ မှာလည်း လူဦးရေသိန်းချီ ရှိနေသောကြောင့် လမ်းဘေးဈေးသည် လုံးဝမရှိအောင် ရှင်းလင်းခြင်းထက် အချိန်အပိုင်းအခြားတစ်ခု၊ နေရာတစ်ခုသတ်မှတ်၍ ရောင်းချနိုင်ရန် စီစဉ်ကြပ်မတ်ပေးသင့်သည် ဟု မြို့ပြရေးရာ ကျွမ်းကျင်သူများက မှတ်ချက်ပြုကြသည်။

လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာ ဌာနမှကြပ်မတ်၍ သက်ဆိုင်ရာ ခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများ၊ ၀န်ထမ်းများ လိုက်လံကြပ်မတ် အရေးယူနေသော လမ်းဘေးဈေးသည် ရှင်းလင်းမှုတွင် ဓာတ်ပုံမှတ်တမ်းများဖြင့် ရိုက်ကူးပြီး ဈေးသည်များအား ရှင်းလင်းလျက်ရှိသည်ဟု သိရသည်။

"ကျွန်မက လမ်း ၃၀ နဲ့ စံပြဈေး မှာမုန့်ရောင်းပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး လမ်း ၃၀မှာရှိတဲ့ လမ်းဘေးဈေးသည်တွေ အားလုံး ဈေးရောင်းခွင့်မရှိတော့ဘူးလို့ သက်ဆိုင်ရာက လူတွေက လာပြောပါတယ်။ အဲဒါမတိုင်ခင် တစ်ရက်လောက်က ကျွန်မတို့ လမ်းဘေးဈေးသည်တွေကို ဘယ်မှာနေတာလဲ၊ နာမည်ဘယ်လို ခေါ်လဲဆိုတာတွေ လာမေးပြီး ရေးမှတ်သွားတယ်။ နောက်ပြီး နောက် ရက် ဇွန်လ ၉ ရက်နေ့ကစပြီး ဒီနေရာမှာ ဈေးရောင်းခွင့်မရှိတော့ဘူးလို့ ပြောပြီး သူတို့ဘက်က ဖမ်းတာဆီးတာတွေ လုပ်ရရင် မကောင်း ဘူးလို့ ပြောတယ်။ ဒါနဲ့ကျွန်မတို့တတွေလည်း ဇွန်လ ၈ ရက်နေ့က နောက်ဆုံး ဈေးရောင်းခဲ့ရတာပါပဲ။ လတ်တလောမှာတော့ ဈေးသည် တွေက ဆိုင်များ ပြန်ဖွင့်ခွင့်ရမလား ဆိုပြီး အခြေအနေစောင့်နေကြတယ်။ ဒီအလုပ်ကလွဲရင်လည်း လုပ်စရာမရှိတော့ ဒီလိုပဲမှေးနေကြ သေးတယ်။ ၀င်ငွေတော့မရှိဘူးပေါ့။ ဒါပေမယ့် တချို့ကတော့လည်း ဆိုင်များပြန်ဖွင့်လို့ ရမလားဆိုပြီး ကိုယ့်နေရာလေးတွေ ကိုယ်သွား ကြည့်ကြတယ်။ အဲဒီလို လာကြည့်တဲ့ ဈေးသည်တွေ အချင်းချင်းစုပြီး စကားပြောနေတဲ့အခါ သက်ဆိုင်ရာက ချထားတဲ့ဝန်ထမ်းတွေက ဓာတ်ပုံတွေ လာရိုက်သွားတယ်။ အခု ကျွန်မတို့ ဈေးသည်တွေ ကြားရတာတော့ နိုင်ငံခြားမှာလို လုပ်မယ်တဲ့။ ဈေးသည်ဆိုတာ ဈေးရုံထဲ မှာပဲရှိရမယ်ဆိုတဲ့ စီမံချက်ရှိတယ်လို့ ကြားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ရက်ဝင်ငွေက တစ်ရက်အရေးကြီး နေတဲ့ မိသားစုတွေအတွက် လုပ်ကိုင် စားလို့ရအောင်တော့ အမြန်ဆုံး စီစဉ်ပေးစေချင်ပါ တယ်"ဟု ဈေးသည် အမျိုးသမီးတစ်ဦးက ပြောပြခဲ့သည်။

လမ်းဘေးဈေးသည်များအား ဈေးရောင်းချခွင့် ပိတ်ပင်မှုများသည် တစ်လမ်းနှင့်တစ်လမ်း၊ မြို့နယ်တစ်ခု နှင့်တစ်ခု နေ့ရက်အပိုင်းအခြား ကွာခြားမှုရှိကြောင်း သိရသည်။

ဘိုကလေးဈေး အနီးတစ်ဝိုက်တွင် မွန်းတည့် ၁၂ နာရီနောက်ပိုင်းမှ စကာ လမ်းဘေးဈေးသည်များအား ဈေးရောင်းချခွင့် ပြုထားကြောင်း သိရသည်။

"စံပြဈေးဘက်မှာတော့ အခုထိ ဘာသံမှမကြားရသေးပါဘူး။ သိမ်ကြီးဈေးဘက်မှာ ကျတော့လည်း လမ်းဘေးဈေးသည်တွေ တစ်သည် မှ မရှိတော့ပါဘူး။ ရန်ကုန်မြို့ထဲ လမ်းတွေအပြင် လှော်ကားဘက်နဲ့ မှော်ဘီ၊ ထောက်ကြန့်ဘက်တွေမှာလည်း လမ်းဘေးဈေးသည် တွေကို သိမ်းခိုင်းနေတယ်လို့ ကြားတယ်။ တာမွေဈေး တစ်ဝိုက်မှာလည်း လုံးဝကို ရှင်းထားပါတယ်"ဟုလမ်းဘေးဈေးသည်တစ်ဦး က ဆိုသည်။

လမ်းဘေး ဈေးသည်များကို ယခင်က အချိန်သတ်မှတ်ပေးကာ ဈေးကောက် ကောက်၍ ရောင်းချခွင့် ပြုခဲ့ပြီး စည်ပင်သာယာဈေးများ၏ ပတ်ဝန်းကျင်တစ်ဝိုက်တွင်လည်း ပျံကျဈေးသည်များကို ကန်ထရိုက်စနစ်ဖြင့် ဈေးကောက်ကောက်ခံ၍ ရောင်းချခွင့်ပြုခဲ့သည်။ ယင်း အပြင် လမ်းဘေးဈေးသည်များ ပြဿနာကို ဖြေရှင်းနိုင်ရန် ညဈေးသတ်မှတ် ရောင်းချခွင့်ပြုမည့် အစီအစဉ်ကို ရေးဆွဲခဲ့သော်လည်း လျှောက်လွှာများ ရောင်းချပြီးမှ အစီအစဉ်ပျက်၍ ဆောင်ရွက်ခြင်းမရှိခဲ့ပေ။ ယင်းနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ထား သော ညဈေးကဲ့သို့ လဟာပြင်ဈေး မြေကွက်လပ်နေရာတွင် ညဈေးအဖြစ် သတ်မှတ်ရောင်းချရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

"လွန်ခဲ့တဲ့ငါးနှစ်အတွင်း ရန်ကုန်မြို့ကို ပြောင်းရွှေ့ပြီးနေထိုင်သူ တစ်သန်းခွဲလောက် ရှိပါတယ်။  အများစုက လက်လုပ်လက်စားတွေပါ။ လမ်းဘေးမှာ ဈေးရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုသူတွေ များပါတယ်။ ဒီလူတွေကို မှီခိုနေကြတဲ့ မိသားစုတွေကို ငဲ့ညှာတဲ့အနေနဲ့ အချိန်တစ်ခု အတိုင်းအတာတစ်ခု ပေးပြီး ပြင်ဆင်သင့်ပါတယ်"ဟု လုပ်ငန်းရှင်တစ်ဦးကလည်း သုံးသပ်ပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်း ၂၀၀၉ ခုနှစ်က စစ်တမ်းကောက်ယူမှု အရ လမ်းဘေးဈေးသည် အရေ အတွက် လေးသောင်းကျော်ခန့်ရှိပြီး လက်ရှိ တွင် လမ်းဘေးဈေးသည် အရေအတွက် မှာ အဆိုပါအရေအတွက်ထက် ပိုမို များပြားလာ နိုင်ပြီး နှစ်ဆခန့်ရှိနိုင်သည်ဟု မြို့ပြရေးရာကျွမ်းကျင်သူများက သုံးသပ်ကြသည်။ အဆိုပါ လူဦးရေ၏နောက်ကွယ်တွင် မှီခိုနေသူတို့မှာ လည်း လူဦးရေသိန်းချီ ရှိနေသောကြောင့် အခြေခံလူတန်းစား အများစု စားဝတ်နေရေးခက်ခဲသည့် အနေအထားတစ်ရပ် ဖြစ်နေသည်ဟု သိရသည်။ ရန်ကုန်မြို့တွင်းသို့ နေ့စဉ် လူဦးရေသန်းချီ ၀င်ထွက်သွားလာ ရွေ့လျားနေကြပြီး ယင်းတို့တွင် လမ်းဘေးဈေးသည်များ အများ ဆုံး ပါဝင်နေသည်ဟု သိရသည်။

"လမ်းဘေးမှာ ဈေးရောင်းပြီး လမ်းဘေးမှာတင် အိမ်လိုဖြစ်လာကြတာပါ။ ဒီကိစ္စတွေမှာ ဈေးရောင်းသူ လမ်းသွားသူ နားလည်ဖို့ လိုအပ် ပါတယ်။ ဈေးရောင်းတဲ့သူကလည်း မျဉ်းသား သတ်မှတ်ပေးထားတဲ့ နေရာအတိုင်း သတ်မှတ်အချိန်အတိုင်း၊ အမှိုက်တွေ၊ ရေတွေ စနစ် တကျ စွန့်ပစ်သွားမယ်ဆိုရင် ဒီလိုအခြေအနေ တွေ ဖြစ်မှာမဟုတ်ပါဘူး။ လမ်းဘေး မှာရပ်ထားတဲ့ကားတွေ ကြောင့်လည်း ပိုဆိုးသွား တာပါ"ဟု ရန်ကုန်မြို့ခံ တစ်ဦးကဆိုသည်။

"ကျွန်တော်တို့ နိုင်ငံအနေအထားနဲ့က နိုင်ငံတကာကလို ချက်ချင်းလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဆင်းရဲတဲ့နိုင်ငံ ဖြစ်တဲ့အတွက် အခြေခံ လူတန်းစား နေ့စားသမားတွေ အများ ကြီးရှိနေပါတယ်။ ကားအသွား အလာ၊ လမ်းသွားလမ်းလာ အနှောင့်အယှက် ဖြစ်တဲ့နေရာက လွဲပြီး နေရာ သတ်သတ်မှတ်မှတ်လေးနဲ့ အချိန်နဲ့ စနစ်တကျဖွင့်ဖို့ ဆောင်ရွက်ပေးရမှာပါ။ ဘန်ကောက်လို မြို့ကြီးမှာတောင် လမ်းဘေးဈေးသည်နဲ့ ညဈေး က အဓိက ခရီးသွားဆွဲဆောင်မှု ဖြစ်နေပါတယ်"ဟု ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။

"ဈေးသည်က ဈေးမှာပဲ ရောင်းရမယ်ဆိုတဲ့ ဥပဒေရှိပေမယ့် ဆိုင်ခန်းခတွေ ကြီးမြင့်တာ၊ စရိတ်တွေ ကြီးမြင့်တာတွေကြောင့် လမ်းဘေး မှာ လက်လှမ်းမီတဲ့ ရာသီပေါ်လေးတွေရောင်း ပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြရတာပါ။ ဒီနေ့အမြတ်က မနက်ဖြန်အတွက် အရင်းဖြစ်နေတာမို့ တစ်နေ့လုပ် တစ်နေ့စားတွေဆိုတော့ ရုံးတွေ၊ ကုမ္ပဏီတွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာ ဈေးရောင်းကြတာပေါ့။ ရန်ကုန်မြို့ထဲမှာ သွားလာနေတဲ့သူတွေ အနေနဲ့ကလည်း အဲဒီလမ်း ဘေးဈေးသည်တွေကိုပဲ အားကိုးနေရတယ်။ တချို့ရောင်းအားကောင်းတဲ့ လမ်းဘေးက စားသောက်ဆိုင်တွေက ဆိုင်ခန်းငှားနိုင်ကြပေမယ့် လမ်းဘေး ကိုအမှီပြုနေတဲ့ ဈေးသည်တွေကတော့ တော်တော်လေးကို အခက်အခဲ ဖြစ်နေကြပြီ"ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

"အရင်လို လမ်းဘေးဈေးသည်တွေကို အချိန်သတ်မှတ်ပေးပြီး၊ ဈေးကောက်ကောက်ပြီး ရောင်းချခွင့် ပြုခဲ့တဲ့စနစ်အစား ဒီလိုစီမံချက်ချ ပြီး ရှင်းလင်းနေတာဟာ ကောင်းတဲ့စနစ်ကို ပြောင်းလာတာဆိုတော့ မှန်တယ်လို့တော့ ပြောနိုင်ပါတယ်။ လမ်းဘေးမှာ ဈေးရောင်းတာ ဟာ မြို့အင်္ဂါရပ်နဲ့မညီလို့ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် လမ်းဘေးဈေးသည်တွေ၊ လမ်းဘေးဈေးသည်တွေကို မှီခိုနေရသူတွေက အများကြီးရှိတော့ ဒါကိုလည်း ထည့်ပြီးစဉ်းစားဖို့ လိုပါတယ်။ မြို့တွင်း အနှံ့ လိုက်လံရှင်းလင်းမယ့် အစား တကယ်သွားလာရခက်တဲ့၊ ယာဉ်ကြောရှုပ်ထွေးတဲ့ နေရာတွေမှာပဲ လုပ်သင့်ပါတယ်"ဟု မြို့ပြရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

လမ်းဘေးဈေးသည်များ ရှင်းလင်းမှုကြောင့် စာအုပ်အဟောင်း ရောင်းချသည့် ဈေးကွက်လည်း အခက်အခဲဖြစ်ခဲ့ပြီး ဂျာနယ်အရောင်း ဈေးကွက်လည်း ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

Credit: http://www.first-11.com/

No comments: