Sunday, June 26, 2011

မိုဘိုင်းပစ္စည်းတွေကပေးတဲ့ ကျန်းမာရေးအန္တာရာယ် တို့ကာကွယ်

ခေတ်ပေါ် ပစ္စည်းတွေဖြစ်တဲ့ Laptop, Smart Phone နဲ့  ဂိမ်းကစားတဲ့ ပစ္စည်းတွေ ၀ယ်သုံး တဲ့အခါ သူတို့ နဲ့  အတူ ပါလာ တဲ့ စာရွက် စာအုပ်တွေကို သေချာ ဖတ်ကြည့်ကြပါသလား။ ဖတ်တယ် ဆိုရင်တော့ ချီးကျူး ရမှာပါ တဲ့။ တော်တော် များများက မဖတ်ကြည့်ကြ ပါဘူး။ တကယ်တော့ ဒီ သတင်းပေးချက်တွေကို သုံးစွဲသူ ဘက်က လေးစား လိုက်နာ သင့်ပါတယ်။ ဒါမှ မဖြစ်သင့်တာတွေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဖြစ် လာတဲ့ အန္တရယ်တွေက ရေဒီယို ဓာတ်ရောင်ခြည်လှိုင်း ထိခိုက်ခံရတာ၊ အမြင်ပိုင်း ဆိုင်ရာ ချို့ ယွင်းလာတာနဲ့  အရေပြား အပူ လောင်ကျွမ်းတာတွေ ဖြစ်ပါတယ်။ မိုဘိုင်း ပစ္စည်း ၃မျိုးကို အဓိက ထားပြောချင်ပါတယ်။

Laptop

Laptop ကွန်ပျူတာကို ပေါင်ပေါ်မှာ တင်ပြီး အချိန်ကြာကြာ သုံးရင် အရေပြား ထိခိုက်ပျက်စီးမှု  ဖြစ်စေ ပါတယ်။

Apple ဘက်မှ ဖြေရှင်းချက်
Apple ကွန်ပျူတာသုံးစွဲတဲ့အခါ လုံခြုံ စိတ်ချရဖို့ နဲ့  အပူကြောင့် ဖြစ်လာနိုင်တဲ့ ဒဏ်ရာရရှိတာမျိုးကို မရစေဖို့  စီမံထား ပါတယ်။ Mac Book Pro ကို ခေါင်းအုံး၊ စောင်၊ မွေ့ ရာနဲ့  အခြားနူးညံ့ပျော့ပျောင်းတဲ့ ပစ္စည်းတွေပေါ်မှာ တင်ပြီး မသုံးပါနဲ့ ။ ဘာကြောင့်လဲဆိုတော့ အပူတွေ ထွက်နိုင်ဖို့  လေ၀င်လေထွက် ပိတ်ဆို့ နေလို့  ဖြစ်ပါတယ်။ ပေါင်ပေါ် တင်သုံးနေတယ် ပူလာတယ်လို့  ခံစားရရင် ဖယ်လိုက်ပြီး ခိုင်ခံ့တဲ့ မျက်နှာပြင် တစ်ခုခုပေါ် တင်ပြီး ဆက်သုံးပါ။

Dell မှ မှာကြားချက်
Dell Laptop နဲ့  adaptor ကို လူအသားနဲ့  ထိပြီး အကြာကြီး မသုံးပါနဲ့ ။ Laptop အောက်ပိုင်းမှာ အပူတွေ ထွက်နေ ပါတယ်။ AC Power နဲ့  သုံးရင် ပိုပြီး အပူထွက်ပါတယ်။ မသက်မသာ ခံစားရပြီး အရေပြား အပူလောင်နိုင်ပါတယ်။

Toshiba မှ မှာကြားချက်

Computer တွေက အပူထွက်လာနိုင်ပါတယ်။ အသားအရေနဲ့  ထိတွေ့ ပြီး အကြာကြီး မသုံးပါနဲ့ ။

Sony မှ မှာကြားချက်
အရေပြားနဲ့  ထိတွေ့ ပြီး ကွန်ပျူတာကို မသုံးပါနဲ့ ။ ဖယ်ရှားပြီး ခနာကိုယ် လက်တစ်ကမ်းမှာ ထားသုံးပါ။ အရေပြား ဒဏ်ရာ ရစေနိုင်ပါတယ်။

သုံးစွဲသူရဲ့ စွန့် စားရမှု
Notebook  တွေက ထွက်လာတဲ့ အပူငွေ့ တွေဟာ ဒုက္ခပေးပါတယ်။ လူကို အပူဖုတွေ၊ အရေပြားနီပြီး အပူလောင် တာတွေ၊ အညိုမည်းစွဲတာတွေ ဖြစ်နိုင်တဲ့အပြင် အရေပြားကင်ဆာတောင် ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့  ပြောကြ ပါတယ်။ Laptop ကို ပေါင်ပေါ်တင်ြပီး အကြာကြီး သုံးရင် ယောကျာ်းတွေအတွက် ဗီဇ မျိုးစေ့အကောင် (Sperm) တွေ လျော့ပါး ပျက်စီးစေနိုင်ပါတယ်တဲ့။

အကြံပေးချက်
Laptop ကို ပေါင်ပေါ် တင်ပြီး သုံးစွဲတာမျိုး ရှောင်ကြဉ်ပါ။ Laptop cooler ထည့်ထားရင်တောင်မှ အပူငွေ့ တွေဟာ ကိုယ့်ဆီကို ရောက်လာနိုင်ပါတယ်။ ခဏတဖြုတ်သုံးမယ်ဆိုရင်လည်း အေးတဲ့ အခင်းတစ်ခုကို ပေါင်ပေါ်တင်ပြီးမှ Laptop တင်ပါ။

3D Displays


၆နှစ်အရွယ်နဲ့  ၆နှစ်အောက်ရှိ ကလေးတွေ 3D ပုံတွေ ကြည့်နေတာ ကြာရင် မျက်စိ အမြင်ပိုင်းဆိုင်ရာ ချို့ ယွင်းသွားပါ တယ်။ 3D ပုံတွေ ကြည့်ချင်တယ်ဆိုရင် မိဘတွေရဲ့ ထိန်းချုပ် ခွင့်ပြုမှု လိုအပ်ပါတယ်။

စွန့် စားရမှု
3D digital ပစ္စည်းတွေကြောင့် မျက်စိနဲ့  အမြင်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးစေမှုမှာ ဘယ်လို သက်ရောက်မှု ရှိမှာလဲ ဆိုတာကို ရေတို၊ ရေရှည် လေ့လာမှုတွေ လုပ်နေပေမယ်လို့  အပြီးသတ်မှတ်ချက် ချလို့  မရသေးပါဘူးလို့  ဆိုပါတယ်။ Nintendo ဘက်က သတိပေးထားတာက "ကလေးတွေ 3D အရုပ်တွေ ကြည့်တဲ့အပေါ်မှာ လေ့ လာချက်မှာ ကလေးတွေ 3D ပုံတွေ ကြည့်တာ တကယ့်ရုပ်ဝတ္ထုကို မြင်တာမဟုတ်ပဲ ထင်ယောင်ထင်မှား အမြင်အာရုံ ခံစားရတာ ဖြစ်တယ်။ နေ့ စဉ် လူမှုဆက်ဆံ ပြောဆိုတာတွေ၊ သဘာဝ အရင်း အမြစ် တောတာင် ရေမြေ ပင်လယ်တွေကို တကယ်လို  ခံစားကြည့်ရတာ ဖြစ်ပါတယ်။ Nintendo က ဒီဖွံ့ ဖြိုးရေးလုပ်ငန်းကို လုပ်နေတာ ၃နှစ်တောင် ရှိသွားပြီ။ အပြီးသတ်ပါပြီ" လို့  ပြောပါတယ်။

အကြံပေးချက်

မျက်စိဆရာဝန်တွေရဲ့ အကြံပေးချက်က "3D  ပုံတွေကို အကြာကြီး ဆက်တိုက် မကြည့်ပဲ မကြာခဏ နားပေးပါ။ မျက်စိ ညောင်းလာတယ်လို့  ခံစားရရင်လည်း နားပါ။ သို့ မဟုတ် ခေတ္တ အိပ်ပါ။ မိဘတွေအနေနဲ့ က 3D ကြည့်လို့  မရအောင် 3D ခလုတ် ပိတ်ထားပေးပါ။ ဒါမှမဟုတ် မသင့်တော်တဲ့ အပိုင်းတွေ၊ Application တွေကို ပိတ်ထားပေးပါ" တဲ့။

 

Cell Phone

ရေဒီယို အသံလှိုင်း ကြိမ်နှုန်း Radio Frequency (RF) ထိတွေ့ ချိန် ကြာလာပါက ရောင်ခြည် သင့်တဲ့ အနာတရ ဖြစ်လာနိုင်ပါတယ်။

Apple ဘက်မှ ဖြေရှင်းချက်

iPhone အင်တာနာ စက်ကွင်းမှ လွတ်စေဖို့ အတွက် iPhone ကို phone အထိုင်မှာ ထည့်ထားပေးပြီး လူပခုံးထက် နိမ့်တဲ့နေရာမှာ ထားပေးပါ။ ဖုန်းပြောရတဲ့အခါ ခန္ဓာကိုယ်မှ အထူးသဖြင့် မျက်နှာနားမှ 15mm (5/8 inch) ခွာထားပေးပြီးမှ ပြောပါ။ မကြားရလို့  နားမှာ ဖိကပ်ပြီး မပြောပါနဲ့ ။ ဖုန်းကိုလည်း ခါးပတ်အိတ်၊ ဖုန်းထည့်တဲ့အိတ်ထဲ မှာ ထည့်ပြီး လူ့ အသားနဲ့  မထိစေပဲ 5/8 inch ခွာထားပေးပါ။

HTC ရဲ့ မှာကြားချက်
ဖုန်းကို သတ္တုအဆောက်အဦး ကိုယ်ထည်တွေနားမှာ အသုံးပြုတာမျိုးကို ရှောင်ကြဉ်ပါ။ Microwave မီးဖို၊ စပီကာပုံး အကြီးတွေနားနဲ့ TV, Radio တို့ လို လျှပ်စစ် သံလိုက်လှိုင်း ထုတ်လွှတ်တဲ့ ပစ္စည်းတွေနားမှာ ကပ်ပြီး ဖုန်း အသုံးပြုတာမျိုး ရှောင်ပါ။ မိမိတင်မကပဲ အနီးအနားကသူတွေ အတွက်ပါ စဉ်းစားပြီး ရှောင်ကျဉ် ပေးပါ။ အဓိကဖြစ်တဲ့ Phone အင်တာနာကို လူ့ အသားနဲ့  ခန္ဓာကိုယ် ဘယ်နေရာမဆို ထိကပ် မထားတာ အကောင်းဆုံးပါပဲ။

Motorola မှ သတိပေးချက်
ရေဒီယို လှိုင်းကြိမ်နှုန်းတစ်ခု လူ့ ခန္ဓာကိုယ်ပေါ်ကို စံသတ်မှတ်ထားချက် အမှတ် ၄ ညွှန်ကြားချက်ထက် ပိုပြီး မကျ ရောက်စေပါနဲ့ ။ ဒီညွှန်ကြားချက်နဲ့  သတိပေးချက်တွေကို အမြဲ လိုက်နာဖို့  လိုပါတယ်။ ဖုန်းလာလို့  နားထောင်တဲ့အခါ ကြိုးဖုန်းလို နားမှာ သိပ်ထိကပ် မထားပါနဲ့ ။ ဖုန်းကို ခါးမှာ ချိတ်ထားတယ်ဆိုရင်လည်း Motorola မှ ထုတ်လုပ်တဲ့ ပစ္စည်းတွေထဲ ထည့်သုံးပါ။ လူ့ အသားနဲ့  ထိကပ်မထားစေပဲ 1 inch ခန့်  ခွာထားပါ။

ဖုန်းသုံးစွဲသူများက စွန့် စားရမှု
ရေဒီယို သတ္တိရှိတဲ့ လှိုင်းကို ခန္ဓာကိုယ်၊ ဦးခေါင်းနားမှာ အချိန်ကြာ ကပ်သုံးနေမယ်ဆိုရင် ဖြစ်နိုင်တဲ့ ဝေဒနာ က ကင်ဆာရောဂါ ဖြစ်စေနိုင်တာပါပဲ။ သို့ သော်လည်း သတ်မှတ် ခွင့်ပြုပေးထားတဲ့ ရေဒီယို သတ္တိ စိမ့်ဝင် နှုန်းက ထုတ်လုပ်သူနဲ့  Cell Phone အမျိုးအစားပေါ် မူတည်ပြီး မတူညီကြပါ။ Cell Phone တွေမှာ Wi-Fi ဆက်သွယ် နည်းနဲ့  သုံးတာဟာ ရိုးရိုး cellular  ထုတ်လွှင့်မှုထက် Specific Absorbtion Rates (SAR) လျော့နည်း နေပါတယ်။

ဒါပေမဲ့ Apple iPhone ကို ခါးမှာ မချိတ်ပဲ အင်္ကျံအိတ်ထဲမှာ ထည့်ထားတာ များလို့  အသားနဲ့  5/8 inch ထက် ပိုပြီး ကပ်နေမှာ သေချာပါတယ်။ Motorola ကတော့ သူတို့ ရဲ့ ဖုန်းကို သတ်မှတ်ထားတဲ့ အကွာအဝေး ထက် ပိုမကပ်ဖို့  ပြောပါတယ်။ ဒါမှမဟုတ် Motorola က ထောက်ခံချက် ပေးထားတဲ့ ခါးချိတ်တဲ့ အိတ်ထဲ ထည့်သုံးကြဖို့  ပြောပါတယ်။

Cell phone သုံးစွဲတာနဲ့  ဦးနှောက် သတိမေ့ရောဂါ ဖြစ်တာ ဘယ်လို ဆက်စပ်မှု ရှိလည်းဆိုတာကို အချိန် များများ အကုန်ခံကာ လေ့လာနေကြပါတယ်။ တိုင်းပြည် ၁၃ပြည်က cell phone သုံးစွဲသူ ၁၂၀၀၀ကျော်မှာ တစ်ဦးသာ ခံစားရတာကို တွေ့ ရပါတယ်။ ဒါပေမဲ့ ဒီအဖြေဟာ အတည်ယူလို့  မရပါတဲ့။ နှစ် ၂၀ - ၃၀ကျော် လောက် လေ့လာရမဲ့ ကိစ္စ ဖြစ်နေပါတယ်တဲ့။

အမျိုးသားကျန်းမာရေးဌာန (အမေရိကန်ပြည်)ရဲ့ လေ့လာချက်အရ မိုဘိုင်းဖုန်းတွေရဲ့ ရေဒီယိုလှိုင်း သက်ရောက်မှုဟာ ဖုန်းနဲ့  ကပ်နေတဲ့ ဦးနှောက် နေရာတစ်ဝိုက်ကို ထိစေပြီး လှိုင်းဒဏ်ကို ပိုမို ခံစားစေ ပါတယ်တဲ့။ လေ့လာချက်ရဲ့ အဖြေကို သေချာ မသိရသေးပါဘူး။ ခုမှ ပထမဆုံး လေ့လာရတဲ့ စမ်းသပ်ချက် ဖြစ်နေပါတယ်လို့  ပြောပါတယ်။

အကြံပေးချက်
Cell phone ရဲ့ အတွင်းဘက် အင်တာနာမှ ရေဒီယို အသံလှိုင်း စွမ်းအင်တွေကို ဖုန်းပြောနေချိန်မှာ ထုတ် လွှတ်နေပါ တယ်။ စကားပြောနေချိန်မှာ ဖုန်းကို ကိုယ်မှ ဖြစ်နိုင်သမျှ ခွာပြောပါ။ Bluetooth headset ဒါမှမဟုတ် speaker phone နဲ့  တပ်ဆင်ပြောရင် ပိုကောင်းပါလိမ့်မယ်။ ဒါက ကားမောင်းတဲ့ သူတွေအတွက် အဆင်အပြေဆုံးပါပဲ။ ဖုန်းကိုလည်း အိတ်ကပ်ထဲ မထည့်ပဲ လွယ်အိတ်၊ လက်ဆွဲအိတ်ထည့်ထားပါ။

မေဇူး
ITZEN Journal

No comments: