Wednesday, March 13, 2019

K-pop ရဲ့ တဟုန်ထိုးအောင်မြင်မှု နောက်ကွယ်မှာ ဘာတွေစတေးလိုက်ရသလဲ?


K-pop လောကမှာ အစစ်ဆိုတာ အရှားပါးဆုံးပဲ!

ဟုတ်တယ်.. ဒီနယ်ပယ်မှာ အစစ်ဆိုတာ အင်မတန်ရှားတယ်။ ဘာတွေလဲ...

အရင်ဆုံးတွေ့ရမှာက ရုပ်အတုတွေ။ ပလတ်စတစ်ဆာဂျရီ ရုပ်တွေနဲ့ ပရိသတ်ကို ဆွဲဆောင်ကြမယ်။ ပြီးတော့ အသံအတုတွေstage performance တွေမှာ playback ဖွင့်ပြီး ဖျော်ဖြေကြတယ်.. သူတို့အခေါ် MR ပေါ့။ နောက် ချစ်စရာကောင်းတဲ့အမူအရာတွေ (aegyo) တမင်လုပ်ပြကြရတယ်။ အိုဗာအက်တင်တွေလုပ်လေ ပရိသတ်ကြိုက်လေ... အဖွဲ့သားအချင်းချင်း ချစ်သည်ရှိ မချစ်သည်ရှိ စင်ပေါ်မှာဖက်လိုက်နမ်းလိုက်လုပ်ပြီး ဒရာမာခင်းလို့ ပရိသတ်ချစ်အောင်နေပြရတယ်။ ဒါမျိုးတွေလုပ်မှလည်း ပရိသတ်လက်ခုပ်သံကျယ်တာ။ K-pop ကမ္ဘာမှာတော့ အနုပညာဆိုတာ အတုပဲလို့ပြောချင် ရဲရဲကြီးပြောလို့ရတယ်။ တခါတလေ K-idol တွေခမျာ သူတို့ကိုယ်တိုင်တောင် လူအတုဖြစ်နေပြီလားစဉ်းစားပြီး ကျောချမ်းနေကြမလားတွေးမိတယ်။ ဒါတွေအကုန် သူတို့အပြစ်လုံးလုံးမဟုတ်တာတော့အာမခံတယ်ဗျ... အဲ့အကြောင်း နောက်မှာဆက်ရှင်းမယ်။

ဟော... မီဒီယာတွေကရော?
သတင်းအတုတွေ ကောလာဟာလတွေဆိုတာ K-pop လောကမှာ အင်မတန်ပေါပဲ။ ဒီနေ့တောင် Big Bang ရဲ့ Seungri ကို ပြည့်တန်ဆာရှာပေးမှုနဲ့ စွပ်စွဲထားတာတွေ့လိုက်သေးတယ်။ မရှိတဲ့သတင်း ရှိအောင်ဖန်တီးမယ်၊ သေးတဲ့အမှုကြီးအောင် ဖွမယ်.. ဒါ ကိုရီးယားမီဒီယာရဲ့ထုံးစံ။ အဲ့တော့ဘာလုပ်ရလဲ idol တွေရဲ့ လွတ်လပ်တဲ့ဘဝတွေဆုံးရှူံးရတယ်။ ပြစ်မျိုးမှဲ့မထင်ဖြစ်အောင်နေပြကြရတယ်။ ရည်းစားတောင် ထားလို့မရဘူး၊ dating news ထွက်ရင်ဘဝပျက်ပြီပဲ။

တခါတလေလေးများ မဟုတ်တာလုပ်မိမယ်မကြံနဲ့... မီဒီယာတွေဝိုင်းဖွမှုနဲ့ မြောင်းထဲရောက်သွားနိုင်တယ်။ ရည်းစားထားမိလို့ agency က ကန်ထုတ်လိုက်လို့ အိပ်မက်တွေပျက်စီးသွားသူတွေတပုံတပင်ပဲ။ ဒါအနုပညာနဲ့ ဘာဆိုင်သလဲ???

ဒီလိုအတုအယောင်ပေါင်းများစွာနဲ့ အောင်မြင်မှုကိုရှာနေရတဲ့ K-pop industry ဟာ အခုအချိန်မှာတော့ တဟုန်ထိုးအောင်မြင်နေပြီ။ ဈေးကွက်ကကျယ်ပြန့်သထက် ကျယ်ပြန့်လာတယ်။ ဈေးကွက်လိုအပ်ချက်မြင့်လာတော့ K-pop group ပေါင်းများစွာကို agency ပေါင်းများစွာက mass-production စနစ်နဲ့ အုံလိုက်ကျင်းလိုက် ထုတ်လုပ်ပေးနေတယ်။ ဈေးကွက်ဝင်တဲ့ တန်းဝင်အဖွဲ့တွေပေါ်လာသလို ဈေးကွက်ကိုမတိုးနိုင်ပဲ စုံးစုံးမြုပ်သွားရှာသူတွေလည်းမနည်းဘူး။

အဲ့တော့ဘာလုပ်ကြမလဲ... all or none ဖြစ်နေတော့ ဘုရင့်နောင်ဖောင်ဖျက်ပြီးဈေးကွက်ဝင်အောင်လုပ်ကြရတာပေါ့။ အလွန်အကြူး sexy ကျအောင်လုပ်မလား... အလွန်အကြူး ချောမောတဲ့လူတွေကိုစုပြီး group ဖွဲ့မလား... ချစ်စရာ အမူအရာတွေအရမ်းလုပ်ပြပြီး ဈေးကွက်ထဲဝင်တိုးမလား... နားစွဲလွယ်ပြီးအောင်မြင်နိုင်မယ့် သီချင်းတွေကိုပဲ ဆိုကြမလား... စသည်ဖြင့်ပေါ့။ အနုပညာအရည်အသွေး ဘယ်လိုမြှင့်မလဲဆိုတာကိုတော့ ရွေးချယ်ဖို့သိပ်မစဉ်းစားကြဘူး။ ရွေးချယ်သူရှားတယ်။ ဘယ်လိုနာမည်ကြီးရမလဲ ဘယ်လိုဈေးကွက်ဝင်အောင်လုပ်ရမလဲ ဆိုတာပဲ စဉ်းစားတာ။ နာမည်ကြီးဖို့ကြိုးစားလေလေ အနုပညာအရည်အသွေးကျလာလေ ဆိုတဲ့သဘောမျိုး တဖြည်းဖြည်း ဖြစ်လာနေပြီ။

ဩော် ဒါနဲ့ အဲ့ဒီရွေးချယ်မှုကို အနုပညာရှင်တွေကလုပ်ရမယ်မထင်လိုက်နဲ့... ent. agency တွေ၊ producer တွေက ဆုံးဖြတ်တာ။ အဆိုတော်တွေဆိုတာ သူတို့လက်ခုပ်ထဲကရေပဲ။ သူတို့ကစားသမျှခံရမယ့် သူတို့ထုတ်လုပ်ပေးထားတဲ့စက်ရုပ်လေးတွေအဖြစ်လောက်ပဲ သဘောထားခံရတယ်။ ထုတ်ဝေသူတွေဈေးကွက်တင် ပေးတာခံရမယ့် ကုန်ပစ္စည်းတွေပါပဲ။ သနားဖို့သိပ်ကောင်းတယ်။ အကုန် Truman လေးတွေချည်း။

ဒီငွေရှာလို့သိပ်ကောင်းတဲ့ အနုပညာအမည်ခံ စီးပွာရေးဈေးကွက်ကြီးက ဝင်ငွေတွေတသဲသဲ လက်ခုပ်သံတွေမစဲပဲ ဖြစ်လာဖို့ဘာတွေစတေးလိုက်ရတာလဲ?

1. လူငယ်တွေရဲ့အနုပညာရှင်ဖြစ်ချင်တဲ့ အိပ်မက်တွေရိုက်ချိုးခံရတယ်

K-pop ဆိုတာကြီး တဟုန်းဟုန်းတောက်လောင်အောင်မြင် နေတဲ့ကိုရီးယားနိုင်ငံမှာ လူငယ်သန်းပေါင်းများစွာရဲ့ အိပ်မက်တွေဟာ K-idol ဖြစ်ရဖို့ပဲ။ အဆိုဝါသနာပါသူ၊ အကဝါသနာပါသူစသည်ဖြင့်များပြားလှလိမ့်မယ်။ လေ့ကျင့်ကြမယ် အနုပညာသင်တန်းတွေတက်ကြမယ်။ ကျူရှင်လခဘတ်ပြီး အဆိုအကသင်တန်းကြေးပေးနေကြသူ တွေလည်းနည်းတာတော့မဟုတ်။ အဆင့်ပေါင်းများစွာဖြတ်ကျော်ပြီးနောက် အင်တာတိန်းမန့် ကုမ္ပဏီကြီးတွေရဲ့ audition တွေကိုဝင်ပြိုင်ကြပြီပေါ့။ သူတို့အရည်အသွေးပြည့်မီပြီ သတ်မှတ်ရင် ဝင်ခွင့်ရမယ်၊ မကြိုက်ရင်လစ်။ ဒါပဲ။ ဒါဘာမှစောဒကတက်စရာတော့မရှိဘူးလေ။ သူတို့ကုမ္ပဏီ ဝင်ချင် သူတို့ကြိုက်ဖို့လိုတာကိုး။ ဒါပေမယ့် စောဒကတက်စရာ ပြဿနာအကြီးကြီးက သူတို့က ကိုယ့်မှာဘယ်လောက်အရည်အချင်းရှိလဲဆိုတာကို ကြည့်ပြီးဆုံးဖြတ်တာ ဟုတ်ရောဟုတ်ရဲ့လား? ဆိုတဲ့မေးခွန်းပဲ။ ခင်ဗျားကြိုက်တဲ့ နာမည်ကျော် k-idol တယောက် လက်ညှိုးထိုးပြလိုက်။ သူ့ရုပ်ဟာ အချောကြီးဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ကြည့်ကောင်းနေမှာ မြေကြီးလတ်ခတ်မလွဲပဲ။ အကုန်ပိန်ပါးပါးခန္ဓာကိုယ် ပြေပြစ်ချောမောနေတဲ့သူချည်း။ အဲ့တော့ audition တွေမှာ ရုပ်ရည်ပိုင်းအားနည်းပေမယ့် သီချင်းကောင်းလေးတွေ ရေးနိုင်သူ၊ အသံသိပ်ကောင်းလွန်းသူ စသည်ဖြင့်အရည်အချင်းရှိသူတို့ဟာ အိမ်ပြန်လမ်းပဲလျှောက်ကြရတာပဲ။ မတော်တဆရွေးလိုက်ပြီထား၊ trainee အနေနဲ့ပဲ အဆုံးသတ်သွားဖို့များတယ်။ ရုပ်ရည်အားနည်းသူ တယောက်ကို စင်တင်ပေးဖို့ဆိုတာ တော်ရုံ အေဂျင်စီတွေ စဉ်းတောင်မစဉ်းစားမယ့်အရာပဲ။ ထူးထူးခြားခြား YG ကတော့ 100% talent ပဲ ကြည့်ရွေးတယ်ပြောကြတယ်။ YG က AKMU ဆိုတဲ့မောင်နှမနှစ်ယောက်က ရုပ်ရည်မချောမောပေမယ့် အောင်မြင်တဲ့ ရှားရှားပါးပါး အဖွဲ့။

ပြီးတော့ ခုနကတစ်ခါပြောပြီးတဲ့ ရည်းစားကိစ္စ။ မင်းမှာရည်းစားရှိလား ရည်းစားထားဖူးလား ဆိုတာက စမေးပြီးရွေးကြတာ.... အံ့ဖွယ်ဗျ။ အရင် YG သင်တန်းသူ Miyeon ဆိုတဲ့ကောင်မလေးဆိုရင် dating လုပ်လို့ debut လုပ်ခါနီးမှ BLACKPINK အဖွဲ့ထဲကချန်လှပ်ခံခဲ့ရတာ။ ကုမ္ပဏီကနေ လုံးဝအပြီးကန်ထုတ်လိုက်တာ။ သူက အခုတော့ CUBE ရဲ့ (G)I-DLE မှာ main vocalist ဖြစ်နေပါပြီ။ အရည်အချင်းလည်းအပြည့်ရှိ၊ ရုပ်လည်းချောမောပါသားနဲ့ ရည်းစားကိစ္စကြောင့် အဆိုတော်ဖြစ်ခွင့်မရဘူးဆိုတာ သာမန်လူတွေအတွက်ရယ်စရာဖြစ်ချင်ဖြစ်မယ်။ K-pop လောကမှာတော့ ဒါသာမန်ကိစ္စ။

2. Idol ဖြစ်ပြီးနောက် ရိုက်ချိုးခံရတဲ့အိပ်မက်တွေ

ဒီလိုနဲ့ပဲ အဆင့်ဆင့်ဖြတ်သန်းပြီးနောက် အဆိုတော်တွေဖြစ်လာကြပြီ။ K-idol တွေဖြစ်ပြီ။
သူတို့ဖြစ်ချင်တာ "အနုပညာရှင်" ခင်ဗျ။ အနုပညာကိုဝါသနာပါတဲ့လူက 80% ဆို စင်ပေါ်မှာ ကြွကြွရွရွလေး လူတွေကြည့်တာခံချင်တဲ့လူက 20% လောက်ပဲ။ ဒါပေမယ့် အနုပညာရှင်ဖြစ်ခွင့်မရသလို စင်ပေါ်မှာ နာမည်ကြီးရုံသက်သက်သာသာလည်း ရပ်ခွင့်မရကြပါဘူး။ ဘာလို့အနုပညာရှင် ဖြစ်ခွင့်မရသလဲ ဆိုရင် ဈေးကွက်စီးပွားရေးကြောင့်။ အောင်မြင်မှုနောက် တကောက်ကောက်လိုက်ရင်း အင်တာတိန်းမန့်ကုမ္ပဏီတွေကို အလုပ်အကြွေးပြုရရင်းနဲ့ မိန်းကလေး idol တွေ ဝတ်ရတဲ့ စကပ်တွေဟာ တိုသထက်တိုလာတယ်၊ ရင်နဲ့တင်ကိုပဲအသားပေးပြီး ပြကြရတယ်။ ယောက်ျားလေး idol တွေရဲ့ မျက်နှာကမိတ်ကပ်တွေထူလာတယ်၊ six pack တွေဖော်သထက်ဖော်ပြကြရတယ်၊ နွဲ့နှောင်းပြီး aegyo (cute pose) တွေလုပ်ပြကြရတယ်။ အဆိုတော်ဖြစ်ချင်ခဲ့သူက playback ဖွင့်လို့ ပါးစပ်လှုပ်ရင်းကပြနေရတယ်။ ဒါအနုပညာရှင်တယောက်ဖြစ်လာတာ မဟုတ်ဘူး "ဖျော်ဖြေရေးသမား" သက်သက်ပါပဲ။ စင်ပေါ်မှာကြွကြွရွရွလေး ရပ်ပြီးသီချင်းဆိုနိုင်ဖို့မျှော်လင့်ခဲ့ကြသူတွေလည်း sexy dance ကို တကိုယ်လုံးလှုပ်ပြီးကပြရင်း ပရိသတ်အာရုံစိုက်မိဖို့ အတွက်ရုန်းကန်နေရတယ်။
ကိုယ်လုပ်ချင်တဲ့အနုပညာကိုလုပ်ခွင့်မရှိတာ K-pop ကမ္ဘာပဲလေ။ ဖျော်ဖြေရေးသမားစက်ရုပ်တွေလို့ပဲ ကျွန်တော်ခေါ်ချင်တယ်။

3. အရည်အချင်းအစစ်အမှန်တွေ ချောင်ထိုးခံရတယ်

ကိုရီးယားက လူတော်တွေအင်မတန်ပေါတဲ့နိုင်ငံ။ စီးပွားရေး၊ နည်းပညာကစလို့ အနုပညာအထိ ကိုရီးယားတွေဟာ တော်ကြပါတယ်။ ကိုရီးယားအခြေစိုက် Samsung ဆို Apple ကိုတောင်ယှဉ် fight နေတာကျွန်တော်တို့အမြင်ပဲ။ အနုပညာလောကမှာရော? လူတော်တွေပေါများတာ မှိုလိုပေါက်ပါ။ ကိုရီးယားမင်းသားကြီး Choi Min Sik ဆို Robert De Niro နဲ့တောင်နှိုင်းယှဉ်ခံရတဲ့ထိကို တော်တာ။ သူ့ Oldboy ကားကို ဟောလီးဝုဒ်မှာ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ပြန်ရိုက်တာတောင် သူ့ဇာတ်ကားကိုမမီခဲ့တာ အားလုံးအသိ။ အဆိုဘက်မှာကြည့်မလား G-Dragon, Bobby, RM စသူတွေက ကမ္ဘာ့အဆင့်မီ rapper တွေ။

ဒါပေမယ့် ဒီလောက် talented ဖြစ်သူတွေကို သက်သက်နှိမ်ချပစ်ကြတာလည်း ဒီကိုရီးယားတွေပါပဲ။ ဘာလို့လဲဆိုတော့ mainstream ဈေးကွက်ကြီးထဲ မှာ အရည်အချင်းမရှိလည်းလူကြိုက်များရင် ဝင်ငွေကောင်းတယ်လေ။ နှမျောစရာကောင်းလွန်းတဲ့အဖြစ်ပါပဲ။

သီချင်းရေး တော်သူဖြစ်ပေမယ့် သူတို့ရေးထားတဲ့သီချင်းကို အေဂျင်စီကထုတ်မပေးတဲ့အခါမှာ တခြားတေးရေးဆရာရေးပေးထားတဲ့ နာမည်ကြီးရုံ ပေါတောတောသီချင်းကိုပဲ ဆိုကြရတာတွေလည်းမနည်း။ တခြားတေးရေးဆရာနဲ့အတူရေးထားခဲ့ရင်တောင် credit မရကြတာတွေရှိတယ်။ တကယ်တော်တဲ့ rapper စစ်စစ်တွေလည်း ပေါချာချာ ပေါ့ပ်သီချင်းလေးမှာ အဖြည့်ခံသဘောလောက် rap လေးနှစ်ကြောင်းသာသာရွတ်လိုက်ကြရတယ်။ သီချင်းခမ်းခမ်းနားနားကြီးတွေ ဆိုတဲ့နေရာမှာ ထူးချွန်တဲ့ vocalist တွေကလည်း ချိုမိုင်မိုင်သာသာ သီချင်းလေးတွေကိုဆိုကြရရှာတယ်။ နောက်အဆိုးဝါးဆုံးတစ်ခုက ဘာအရည်အချင်းမှမရှိတဲ့ ရုပ်ချောချော idol တွေနေရာရလာကြတယ်။ လူတော်တွေကတော့ နေရာရဖို့ခဲယဉ်းမယ်။ ဒါမှမဟုတ် သူတို့ဆန္ဒနဲ့ဆန့်ကျင်ပြီး ဈေးကွက်ဝင်ဖို့ adapt လုပ်ရမယ်။

အဲ့ဒီဝဲဂယက်ထဲက ရုန်းထွက်နိုင်သူတွေထဲဆိုရင် လတ်တလောမှာ B.A.P ရဲ့ Yongguk နဲ့ Zelo ဆိုတဲ့ rapper စစ်စစ်နှစ်ယောက်ကတော့ သူတို့အေဂျင်စီ TS ရဲ့ဒဏ်ကိုမခံနိုင်တော့လို့ အဖွဲ့ထဲကထွက်လိုက်ကြတယ်။ (အခုကျန်တစ်ဖွဲ့လုံး TS ကထွက်ဖို့စီစဉ်ထား)
TS ကထွက်ပြီးနောက် Yongguk ရဲ့သီချင်းတွေက သူဖန်တီးလိုတဲ့ dark ဖြစ်တဲ့ hip-hop စစ်စစ်တွေကိုမြင်ရစပြုလာတယ်။

အရည်အချင်းတွေချောင်ထိုးခံရတဲ့နောက်ထပ်တစ်ချက်က အေဂျင်စီတစ်ခုတည်းမှာပဲ အဖွဲ့သုံးလေးဖွဲ့ရှိတယ်ဆိုပါတော့။ ပရိသတ်တောင်းဆိုမှု ပိုများတဲ့ ပိုပေါက်ဖို့ potential ရှိတဲ့အဖွဲ့က ပဲ သီချင်းတွေထွက်ရတယ်။ Comeback မကြာမကြာလုပ်ရတယ်။ အသက်ကြီးသွားပြီဖြစ်တဲ့၊ ဒါမှမဟုတ် fandom သေးတဲ့ အဖွဲ့တွေက ဘယ်လောက်အရည်အချင်းရှိသည်ဖြစ်စေ ချောင်ထဲကိုဒိုးရတာပါပဲ။ BLACKPINK ပေါ်လာလို့ 2NE1 ဖျက်သိမ်းခံလိုက်ရတာ အကြီးဆုံးပြလို့ရတဲ့ဥပမာပဲ။ (btw, I'm a BLINK :3)

အဲ့အကြောင်းတွေကြောင့် idol တွေက သူတို့အနုပညာအရည်အသွေးထက်မြက်လာဖို့ထက် ဝိတ်ချဖို့ ဆံပင်ပြင်ဖို့ မိတ်လပ်လိမ်းဖို့ ခွဲစိတ်ပြုပြင်ဖို့ကို ပိုပြီး ကြိုးစားအားထုတ်ကြတယ်။ မဟုတ်ရင် career ဆုံးပြီလေ။

ဒါလည်းဈေးကွက်တောင်းဆိုမှုကိုက အနုပညာထက် အညုပညာကိုလိုလားလာလို့ဖြစ်တယ်။


4. အပေါစား တဇောက်ကန်း Korean media နဲ့ မျက်စိပိတ်နားပိတ် general audience 

ကိုရီးယားမီဒီယာလောက်အဖွကြမ်းတာ ကိုရီးယားမီဒီယာပဲ။ ပြီးတော့ ကိုရီးယားပရိသတ်တွေလောက် တွေ့သမျှသတင်း ထိုင်ဆဲနိုင်တဲ့လူလည်းမရှိဘူး။ ဟုတ်ဟုတ်မဟုတ်ဟုတ် ဖွမယ်ဆိုတဲ့ မီဒီယာနဲ့ မဲမဲမြင်ရာဝင်ဆဲတဲ့ K-netizen (Korean online users) တွေက ဘုန်းကြီးရူးနဲ့လှေလူးဆိုသလိုပဲ။ မီဒီယာတွေမျက်နှာသာပေးချင်တဲ့ အဖွဲ့တွေက ထိပ်ဆုံးကိုရောက်ပြီး မီဒီယာတွေ scandal အမျိုးမျိုးထုတ်၊ ထိုးချတဲ့အဖွဲ့တွေက စုံးစုံးမြုပ်ကြရတယ်။ Scandal တစ်ခုထွက်ပြီဆိုတာနဲ့ ဟုတ်လားမဟုတ်လား မသေချာသေး၊ ဝေဖန်ကြပြီ။ General audience တွေရော hater တွေပါ အတင်းတုပ်ကြမယ်။ အုတ်အော်သောင်းနင်း ဖြစ်အောင်လုပ်ကြမယ်။ ဒါထုံးစံ။ အခုလောလောဆယ်နာမည်ကြီးနေတာ Big Bang ကို ထိုးချနေတဲ့သတင်းတွေဖြစ်နေတယ်။ ဟုတ်လား မဟုတ်လား ဘယ်သူသိမလဲ။ ဒါပေမယ့် Big Bang ကတော့ ထိုးချခံရပြီးပြီ။ အဲ့ဒါနဲ့အပြိုင်ပဲ ကိုရီးယား မီဒီယာတွေ မျက်နှာသာပေးလိုတဲ့ အနုပညာရှင်တွေကတော့ ဘာလုပ်လုပ်တင့်တယ်နေကြတယ်။

ဒီလိုလုပ်ရပ်တွေကြောင့် ဘယ်အနုပညာရှင်တွေ နာမည်မှမထွက်ရသေးခင် သတင်းအတုတွေ ကောလာဟလတွေကြောင့် ပျက်စီးခဲ့ကြရပြီးပြီလဲ?

K-pop ရဲ့ အောင်မြင်မှုနောက်မှာ မီဒီယာတွေက ထိပ်ဆုံးနေရာက ကူညီခဲ့ရသလို ကိုရီးယားအနုပညာရှင်များစွာကိုလည်း ထိုးချဖျက်ဆီးခဲ့ပြီးပြီ။

သာမန်ကိစ္စတင်မက မဆိုင်တဲ့ နိုင်ငံရေး စီးပွားရေး ပုံရိပ် ကိစ္စတွေကလည်း K-pop ပုံရိပ်ကိုခြယ်လှယ်နေတဲ့ မီဒီယာတွေကို ကြိုးကိုင်ထားတယ်။ School of Performing Arts သတင်းကိုဖုံးကွယ်ဖို့ K-idol တွေရဲ့ သတင်းဆိုးတွေ၊ dating news တွေကို အသုံးချနေတဲ့ အခုကိစ္စမျိုး အရင့်အရင်ကာလတွေက အများကြီးကြုံခဲ့ရပြီးပြီ။ Big Bang လို ပုံရိပ်ကြီးမားတဲ့အဖွဲ့တောင် အခုလို နာမည်ထိခိုက်နေရင် နာမည်ရကာစ ကြိုးစားဆဲ idol တွေ ဘယ်လောက်တောင် အိပ်မက်တွေပျက်စီးခဲ့ရပြီလဲ သတင်းဆိုးတွေအောက် နစ်မြုပ်ခဲ့ရပြီလဲ စဉ်းစားကြည့်လို့ရတယ်။

5. ကိုယ့် Idol တွေကို မသနားတတ်တဲ့ fan များ

K-idol တွေဟာလူတွေပါ။ စက်ရုပ်တွေမဟုတ်ဘူး။ သာမန်လူသားတွေ သာမန်အနုပညာရှင်တွေထက်ပိုပြီး ဖိအားများတဲ့လူသားတွေပါ။ သူတို့ဆန္ဒနဲ့ဆန့်ကျင်တဲ့ ဂီတ၊ အဆို အကတွေကို အတင်းအကြပ်စေခိုင်းခံနေရတယ်။ Stella အဖွဲ့ဝင်တစ်ယောက်ဆိုရင် အလွန်အကြူး sexy ဖြစ်တဲ့ MV scene တစ်ခုကိုအဓမ္မရိုက်ကူးခိုင်းခဲ့လို့ တစ်သက်လုံး စိတ်ဒဏ်ရာ trauma ကြီး ဖြစ်သွားခဲ့တဲ့ထိ။ ပြီးတော့ သူတို့ဘဝက စားချင်တာမစားရ၊ ဝတ်ချင်တာမဝတ်ရ၊ နေချင်သလိုမနေရတဲ့လူသားတွေလည်းဖြစ်တယ်။ တစ်နေကုန် ကန်စွန်းဥ တစ်စိတ်ပဲစားပြီး အကလေ့ကျင့်နေရတဲ့လူမျိုးတွေ... အတိတ်ကိုပြန်ကောက်မယ်ဆို ဟိုး အရင် trainee ဘဝတည်းက လူလိုဆက်ဆံမခံခဲ့ရပဲ စက်ရုပ်တွေလို ထိန်းချုပ်ခံခဲ့ရတဲ့လူတွေ။

အဲ့ဒီအပြင် ရည်းစားမထားရ dating news ထွက်လို့မရတဲ့ပြဿနာကြောင့် အချစ်ရေးလွတ်လပ်ခွင့် ကိုပါ ဆုံးရှုံးထားကြရတယ်။ အောင်မြင်မှုရဲ့ နောက်ကွယ်က ဖိအားပေါင်းများစွာကြောင့်လည်း depression အကြီးအကျယ် ရနေတဲ့ idol တွေအများကြီးပဲ။

G-Dragon ကိုပဲ ကြည့်။ သူ့ဘဝက ဘာမှထပ်မလိုချင်တော့လောက်အောင် ပြည့်စုံတယ်။ ကိုရီးယားရဲ့အချမ်းသာဆုံး အအောင်မြင်ဆုံးအနုပညာရှင်တွေထဲကတစ်ယောက်။ သူ့အေဂျင်စီ YG ရဲ့ CEO Yang ကတောင် သူ့ကိုလွတ်လပ်ခွင့်ပေးထားတယ်။ ပြင်းထန်တဲ့ထိန်းချုပ်မှုတွေမလုပ်တော့ဘူး.... မင်းကြိုက်တဲ့ဂီတလုပ်.... မင်းကြိုက်တဲ့အချိန် အခွေထုတ် ငါလုပ်ပေးမယ် ဆိုသလောက်အထိ။ ကောင်မလေးတွေဆိုတာလည်း ထည်လဲတွဲနေတဲ့လူ.. dating news အထွက်ဆုံး idol လို့တောင်ပြောရမယ်။

ဒါပေမယ့် သူ depression အကြီးအကျယ်ရခဲ့တယ်။ အောင်မြင်မှုရဲ့ဒဏ်ကိုသူအလူးအလှိမ့် ခံစားနေရတယ်။ အထီးကျန်မှုတွေအများကြီး၊ လက်ခုပ်သံတွေသောင်းသောင်းဖြဖြရနေတဲ့ စင်မြင့်ပေါ်မှာဖျော်ဖြေပြီးနောက်မှာ ဟိုတယ်ခန်းထဲမှာတစ်ယောက်တည်းနေရတဲ့အခါ စီးကရက်ငွေ့တွေကို အဆုတ်တစ်ခုလုံးပြည့်တဲ့ထိရှိုက်သွင်းရင်း ဘဝကြီးကို စိတ်ကုန်မိတာ နေ့တိုင်း။ သူများတွေက အပင်ပန်းခံဝိတ်ချနေရပေမယ့် သူက မစားနိုင်မသောက်နိုင်ဖြစ်ပြီး အရိုးပေါ်အရေတင်ဖြစ်နေတယ်။ အခန်းအောင်းပြီး နှုတ်ခမ်းမွေးမုတ်ဆိတ်မွှေးဗရပျစ်နဲ့ ဖြူရော်နေတယ်။ သူ့ဘဝကြီးကို အတုတွေပြည့်နေတဲ့ The Truman Show နဲ့အမြဲတင်စားလေ့ရှိတယ်။

(*သူ့အထီးကျန်မှုတွေနဲ့ depression အကြောင်း သေချာသိချင်ရင် Kwon Ji Yong album နဲ့ ACT III M.O.T.T.E documentary ကို recommend ပါတယ်)


ပြောချင်တာက GD လို တခြားသူတွေနဲ့မတူပဲ လွတ်လပ်ခွင့်အများကြီးရထားတဲ့ လူမျိုး၊ သူလုပ်ချင်ရာလုပ်လို့ရနေတဲ့လူမျိုးတောင်မှ ဒီလိုပြင်းထန်တဲ့ စိတ်ကျရောဂါရှိနေရင် တခြားသော စက်ရုပ်လုံးလုံးဖြစ်နေတဲ့ idol တွေဆိုတာ ဘယ်လောက်ထိ စိတ်ကျဉ်းကျပ်နေကြမလဲ စိတ်ဓာတ်ကျနေကြမလဲဆိုတာ တွေးကြည့်လို့ရတယ်။ မနှစ်ကပဲ SHINee ရဲ့ Jonghyun suicide လုပ်သွားတာ မှတ်မိကြသေးတယ်မဟုတ်လား။

ဒါပေမယ့် ဒီလောက်ထိ ဖိအားတွေပြည့်နေတဲ့ idol တွေကို သူ့ကို ချစ်လှပါချေရဲ့ဆိုတဲ့ သူ့ ပရိသတ်တွေကပဲ ထပ်ပြီး ဖိအားတွေပေးတယ်။

ကိုယ့် Idol က သူချစ်တဲ့မိန်းကလေးနဲ့လက်တွဲသွားတယ်။ ဟုတ်ပြီ ဝမ်းနည်းမယ်... လက်ခံပေးလို့ရတယ်။ ဒါမဆန်းဘူး။ ဒါပေမယ့် အဲ့ကောင်မလေးကို ဝိုင်းဆဲကြတယ်။ မုန်းကြမယ်။ မြန်မြန်ပြတ်ပါစေ ဆုတောင်းကြတယ်။ သူတို့ post တွေမှာ ဝင်ပြီး ပြတ်ကြဖို့အကြောင်းတွေ ရေးကြတယ်။ ဒါ သူတို့နှစ်ယောက်ကို bully လုပ်နေတာ!

ပြီးတော့ ခြိမ်းခြောက်မှုတွေပါလုပ်တဲ့ အစွန်းရောက်ဖန်တွေ ဆိုတာလည်းမနည်းမနော။ ကိုယ်ချစ်တဲ့လူကို တခြားသူ ဝိုင်းဆဲဖို့မပြောနဲ့ မလိုလားတဲ့အကြည့်နဲ့ကြည့်ခံရတာတောင် နာတတ်တာ နားလည်ကြရဲ့လား။ ဒါပေမယ့်လည်း ကိုယ့် idol ချစ်တဲ့လူကို ပိုးစိုးပက်စက်ဝိုင်းဆဲကြတယ်ဆိုတာ ကိုယ်ချစ်တဲ့ idol ကို သတ်နေတာနဲ့အတူတူပဲလေ။ တချို့ကျတော့လည်း တွဲနေတယ်လို့တောင် အတည်မပြုရသေးပဲ dating news ထွက်ရုံလေးနဲ့တင် ဝိုင်းဆဲကြတယ်ဆိုတာမျိုးက ပိုပြီးတော့တောင် ရုပ်ပျက်ဆင်းပျက်နိုင်တယ်ထင်မိတယ်။

နေဦး မပြီးသေး... ရည်းစားထားတာအသာထားဦး သူ့သာဘာ သူခင်တဲ့ဘော်ဒါတွေနဲ့တရင်းတနှီး ဖက်လှဲတကင်းနေတာကိုလည်း မနေရဘူး၊ သူနဲ့ နီးနီးကပ်ကပ်နေမိတဲ့ သူခမျာဝိုင်းဆဲတာခံကြရပြန်ရော။ အမျိုးသား idol တစ်ယောက် သူနဲ့ခင်တဲ့ တခြား idol ကောင်မလေးနဲ့ဖြစ်ဖြစ်၊ dancer မနဲ့ဖြစ်ဖြစ် ဖက်လှဲတကင်းနေမိရင် fan တွေက မဆီမဆိုင် ဂျေတွေဝင်ပြီး အပြစ်ဝိုင်းပြောကြတာက မျှတပါသလား??
Idol ရဲ့ social life ကိုလုံးဝကြီး ထိပါးနေတာ idol ကို ချစ်တာဟုတ်ရဲ့လားလို့မေးခွန်းထုတ်ချင်တယ်။

"Ssaeng fan များ"

သာမန် k-popper အများစုတောင် တော်တော်လွန်လွန်ကျူးကျူး obsessed ဖြစ်နေကြတာ အားလုံးအသိပဲ..  အဲ့ဒီအဆင့်ထက် ကျော်သွားပြီး အစွန်းရောက်သွားတဲ့ fan တွေကို Ssaeng fan တွေလို့်ခေါ်တယ်။ Idol တွေဘဝကိုအတင်းအကြပ် ဝင်နှောက်ယှက်တဲ့ fanတွေ။ K-idol တွေအကြောက်ဆုံး အမုန်းဆုံးလူတွေလည်းဖြစ်တယ်။ Idol တွေသွားတိုင်း နောက်ကတကောက်ကောက်လိုက်ကြတယ်။ သတိထားမိအောင်အမျိုးမျိုးလုပ်ကြတယ်။ နောက်က တကောက်ကောက်လိုက်နေတဲ့လူတွေရာနဲ့ချီပြီးရှိကြတယ်။ တခါတလေ idol သတိထားမိအောင်ခြိမ်းခြောက်တာမျိုး၊ ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးတွေအထိကျူးလွန်ပြတယ်။ ဖုန်းခေါ်ပြီးနှောက်ယှက်ကြတယ်။ လုံးဝ လုံးဝမရှိသင့်တဲ့လူမျိုးတွေပါ။ သင်ရော တနေ့မှာ over-obsessive ဖြစ်ပြီး Ssaeng တယောက်မဖြစ်သွားဘူးဆိုနိုင်မလား?

အဲ့ဒါကြောင့် Fan တွေရဲ့အလွန်အကျွံအားပေးမှုက တခါတလေမှာ idol ကို supportive ဖြစ်ပေမယ့် (e.g. streaming လုပ်ပေးတာမျိုး၊ album တွေအများကြီးဝယ်တာမျိုး) တစ်ခါတစ်ရံမှာလည်း idol တွေဘဝကို ထိပါးစေတယ်။ အလွန်အကျွံဆိုတာက ဘာမှတော့မကောင်းတာအမှန်ပဲ။ k-popper တွေ အများစုဆိုတာကလည်း အဲဒီ ကောင်းတဲ့အချက်နဲ့ မကောင်းတဲ့အချက်ကို ဒွန်တွဲ ပြီး လုပ်ကြတဲ့လူတွေလေ။ တစ်ဖက်မှာ Idol တွေရော K-pop ဂီတပါ အောင်မြင်မှုရရှိပေမယ့် တစ်ဖက်မှာလည်း အနှောက်အယှက်တွေနဲ့ စိတ်ကျဉ်းကျပ်မှုတွေကို ရင်းနေကြရတယ်။ ဒါကလည်း K-pop အောင်မြင်မှုနောက်မှာ စတေးလိုက်ရတဲ့နောက်တစ်ချက်ပဲ။

အဲ့ဒါကြောင့် နောက်ဆုံးပြန်ပြောရမယ်ဆို K-pop လောကကြီးက အပြင်ပန်းမှာသာ လှပနေပြီး နောက်ကွယ်မှာ ယိုယွင်းပျက်စီးမှုတွေများစွာရှိနေတယ်။ အထူးသဖြင့် idol တွေကိုယ်တိုင်ကိုက အထိနာဆုံးသူတွေဖြစ်နေကြတယ်။ သူတို့ကို သူတို့အေဂျင်စီက နံပါတ်တစ် ဖိအားပေးတယ်။ ပြီးတော့ ပရိသတ်တွေက၊ နောက် မီဒီယာတွေ hater တွေက၊ နောက်ဆုံး သူတို့အိပ်မက်တွေကိုယ်တိုင်က သူတို့ကိုပြန်သတ်တယ်။ အရမ်းလိုချင်ခဲ့တဲ့ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာအထိနာမှုတွေသိပ်များတယ်။

ဒုတိယအထိနာဆုံးက အရည်အချင်းနဲ့ အနုပညာစစ်။ နာမည်ကျော်ဇောမှုမြင့်လာလေ အနုပညာအရည်အသွေးတွေက နိမ့်ပါးလေ ဖြစ်လာတယ်။ Trend နောက်လိုက်မယ်၊ fan service အမျိုးမျိုးပေးမယ်၊ အလှဆုံးဖြစ်အောင်နေမယ်၊ နှစ်လတစ်ခါလောက် comeback လာမယ်၊ စက်နဲ့လှည့်ထုတ်သလို သီချင်းတွေထုတ်တယ်၊ အရမ်းအောင်မြင်လာမယ်... ဒါပေမယ့် အနုပညာတွေ သီချင်းကောင်းတွေကို ကျွန်တော်တို့ဆုံးရှုံးရတယ်။ ဒါကို ဒီသီချင်းတွေကိုဖန်တီးတဲ့သူတွေ၊ K-idol တွေတင်မက အနုပညာစစ်ကိုလိုလားတဲ့ပရိသတ်တွေပါ လိုလားမှာမဟုတ်ဘူး။ သူတို့အရည်အချင်းစစ်တွေပါ နစ်နာတဲ့ကိစ္စဖြစ်တယ်။ ဒါပေမယ့် trend အရတော့ ဆက်လုပ်နေရဦးမှာပဲ။

အဲ့ဒါကပဲ ကိုရီးယားအနုပညာလောကအတွက်တင်မက လူအများစုရဲ့ အမြင်တွေနဲ့ အောင်မြင်မှုကိုတိုင်းတာတဲ့စံပါ ပြောင်းလဲစေတယ်၊ အထိနာစေတယ်။ သီချင်းတစ်ပုဒ် ဘယ်လောက်ကောင်းသလဲဆိုတာမကြည့်ပဲ You Tube viewer, Streaming count, Vote ဘယ်လောက်ပေးနိုင်သလဲဆိုတာကြည့်ပြီး တိုင်းတာလာကြတယ်။ ဒါကြောင့်ပဲ mass streaming, voting တွေကအရေးပါလာတယ်။ ဒါရဖို့ fandom ကြီးဖို့လိုအပ်တယ်။ အဲ့တော့ ပရိသတ်အကြိုက်လိုက်လုပ်ရမယ်။ ပရိသတ်တိုးဖို့ကြိုးစားရမယ်။ ဒီလိုနဲ့ပဲ အနုပညာအရည်အသွေးက ပိုယိုယွင်းလာတယ်။ Brainwash ခံထားရသလိုဖြစ်လာတယ်။ Mindset တွေပြောင်းကုန်တယ်။ အနုပညာဆိုတာ ခံစားချက်ကိုဖော်ပြမယ့် medium ကို ဖန်တီးမှုပါ... ကိုယ့်ရဲ့ခံစားချက်ကို ပရိသတ်သိအောင် လက်ရာတွေကိုတစ်ဆင့်ခံပြီး ပြတာက အနုပညာဖြစ်တယ်။ လူသိများအောင်မြင်ရုံသက်သက် ဖန်တီးထားတဲ့အရာက အနုပညာမဟုတ်ဘူး။ လူသိများမှု ကျော်ဇောမှုမှာ အောင်မြင်သလောက် အနုပညာဖန်တီးမှုမှာကျရှုံးလာမယ်။

အခုလိုပြောနေတဲ့ ကျွန်တော်ကိုယ်တိုင်လည်း Big Bang MV တွေ stream တယ်၊ မင်းတို့ idol ဘယ်လောက်အောင်မြင်လို့လဲ ငါ့ idol က ဘယ်လောက် viewer ရထားတာကွဆိုပြီး ပြောတတ်နေတဲ့လူပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ mindset ကိုပြောင်းပစ်ဖို့လိုအပ်နေပြီ။ ပြောင်းလဲပစ်ဖို့လည်း ကြိုးစားသင့်တယ်။

"You may say I'm a dreamer. But I'm not the only one.
I hope someday you'll join us!"
- John Lennon

(K-pop အကြောင်းကိုထဲထဲဝင်ဝင် သိနေသူတစ်ယောက်ဖြစ်လို့၊ ကိုယ်တိုင်လည်း K-popper တစ်ယောက်ဖြစ်လို့ K-pop industry အပေါ် မကျေနပ်ချက်တွေကို ရေးတာဖြစ်တယ်။ K-pop ကိုသာ မက ဘယ်အဖွဲ့ကိုမှ စော်ကားတိုက်ခိုက်တာမဟုတ်
K-popper တွေကို blame တာလည်းမဟုတ်ပါကြောင်း)

မူရင်းရေးသားမျှဝေသည့် စာမျက်နှာ - The Burmese Bug

No comments: