Saturday, March 2, 2019

"အသင်းအဖွဲ့ စိတ်ဓာတ်ဆိုတာ"


၁)

ကျွန်တော်တို့ မြန်မာတွေဟာ အသင်းအဖွဲ့ စိတ်ဓါတ် မရှိကြဘူးလို့ တော်တော်များများက ပြောကြတယ်။ တကယ်ပြန်ကြည့်တော့လည်း ဟုတ်ပါတယ်၊ ပါတီပဲထောင်ထောင်၊ စီးပွါးရေးပဲလုပ်လုပ်၊ အနုပညာပဲလုပ်လုပ်၊ အဖွဲ့တွေထောင်ပြီး သိပ်မကြာဘူး၊ ကွဲကြ ပြဲကြတာပဲ။ အပြစ်တင်စရာတွေက ပတ်ပတ်လည် ဖြစ်နေလို့လား မသိဘူး၊ တခုခုဆို အပြစ်အရင်တင်တတ်တဲ့ အကျင့်က အရိုးထဲပါ စွဲနေပြီ။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်မယ်၊ အပြန်အလှန်လေးစားမှု မရှိဘူး၊ မတူတာကို သည်းခံတတ်တဲ့ စိတ်လည်း မရှိဘူး။ နှစ်ဖက်စလုံး အကျိုးရှိတဲ့ win-win ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် အပြုတ်တိုက်တဲ့ win-lost ကို ပိုအားသန်ကြတယ်။ ပိုလိုချင်ကြတယ်။

၂)

တကယ်တော့ Group လို့ခေါ်တဲ့ လူအုပ်စုနဲ့ Team လို့ခေါ်တဲ့ အသင်းအဖွဲ့ဆိုတာက တူမလိုလိုနဲ့ အတော်ကွဲပြားပါတယ်။ ဆိုပါစို့၊ ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်ရှိတယ်၊ Marketing သမားရှိတယ်၊ receptionist ရှိတယ်၊ admin သမားရှိတယ်၊ အားလုံးက သူတို့အလုပ်မှာသူတို့ သူမတူအောင် တစ်ဖက်ကမ်းခပ် တော်ကြတယ်၊ ဒါပေမဲ့ အသင်းတစ်ခုရယ်လို့ ဖြစ်မနေတော့ သူတို့တွေက တစ်ယောက်နဲ့ တစ်ယောက် အကဲခတ်နေကြတယ်၊ အမှားကို စောင့်ကြည့်နေကြတယ်၊ မှားလိုက်တာနဲ့ အပြစ်တင်လို့ ဝေဖန်လို့ မဆုံးဘူး၊ ပြီးရင် အဲဒါကို ငါ သူ့အပေါ် အနိုင်ရသွားပြီ ဆိုပြီး ပျော်နေတတ်ကြတယ်၊ ဂုဏ်ယူနေတတ်ကြတယ်။ အဖွဲ့အောင်မြင်တာထက် သူမှားပြီး ငါမှန်တယ် ဆိုတဲ့သက်သေကို ပိုလိုချင်ကြတယ်။ အဖွဲ့ရဲ့ အကျိုးစီးပွါးထက် ပုဂ္ဂိုလ်ရေးကဏ္ဍကို ပိုဦးစားပေးကြတယ်။ သူတို့တွေရဲ့ လုပ်အားက ၁+၁ = ၂ ပဲ။ အဲဒါမျိုးကိုတော့ လူတွေစုထားလို့ လူအုပ်စုတစ်စုလို့ ခေါ်နိုင်ပေမဲ့ အသင်းတစ်ခုလို့တော့ သတ်မှတ်လို့မရဘူး။ ဒီလိုလူမျိုးတွေ ရှိနေခြင်းအားဖြင့် အဲဒီအဖွဲ့အစည်းဟာလည်း ဘယ်လိုနည်းနဲ့မှ မတိုးတက်နိုင်ဘူး။

၃)

အသင်းအဖွဲ့ဆိုတာကတော့ လူအုပ်စုတစ်စုပါပဲ၊ ဒါပေမဲ့ ဘယ်လိုgroupလဲဆိုတော့ ငါတို့ဟာ “တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေကြတဲ့သူတွေပဲ” ဆိုတဲ့ စိတ်ဓါတ်မျိုး ကိုယ်စီရှိနေကြတဲ့ groupတစ်ခု။

ပုံပြင်တစ်ပုဒ် ရှိတယ်၊ တစ်ခါတုန်းက မြစ်ထဲမှာ လှေတစ်စင်းကို လူ၃ယောက် လှော်ခတ်လာတယ်၊ တစ်နေရာရောက်တော့ လှေရဲ့အလယ်မှာ ထိုင်နေတဲ့လူက သူထိုင်နေတဲ့အောက်ကို အပေါက်ဖောက်လေရဲ့၊ အဲဒါနဲ့ ရှေ့နဲ့ နောက်မှာ ထိုင်နေကြတဲ့ လူတွေက ပြောတယ်၊ ဟေ့လူ ဘာလုပ်တာလဲ၊ ရေတွေဝင်လာမှာပေါ့ လို့ဆိုတော့ အဲဒီလူက ပြန်ပြောတယ်၊ ဘာဖြစ်လဲ၊ ငါ့နေရာ ငါလုပ်တာ မင်းတို့နဲ့ဘာဆိုင်လဲ တဲ့။ ဆိုင်ပါတယ်၊ ဘာလို့ဆိုတော့ သူတို့က တစ်လှေတည်းစီးနေကြတဲ့သူတွေကိုး။ တစ်ယောက်ရဲ့ အသက်ရှင်ရပ်တည်မှုဟာ တစ်ခြားတစ်ယောက်နဲ့လည်း ပတ်သက်နေပါတယ်။ တစ်ယောက်ရဲ့ အမှားက တစ်သင်းလုံးကို ကျရှုံးစေနိုင်ပါတယ်။

အဲဒီလိုခံယူထားကြတဲ့အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် အမှား စောင့်မနေကြတော့ဘူး။ အကောင်းဆုံးဖြစ်မဲ့ အဖြေကို အားလုံးဝိုင်းရှာကြတော့တယ်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာထက် အဖွဲ့ကောင်းဖို့က ပိုအရေးကြီးလာတယ်။ ကိုယ်နဲ့မတူတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အများသဘောတူညီမှုနဲ့ ချပြီးသွားတဲ့အချိန်မှာလည်း ငါပြောသလိုမှ မလုပ်ကြတာလို့ ပြောနိုင်လာမှာကိုတောင် မလိုချင်တော့ဘူး။ အဖွဲ့အစည်းရဲ့ အကျိုးအတွက် ငါပြောတာ မှန်ဖို့ထက် ငါတို့အခု ဆုံးဖြတ်လိုက်တဲ့ဟာ မှန်ဖို့ပဲ ပိုဦးစားပေးမိတော့တယ်။

၎)

အမျိုးသမီးဟော်ကီအသင်းအကြောင်း ရိုက်ကူးထားတဲ့ အိန္ဒိယဇာတ်ကားလေးတစ်ကား ကြည့်ဖူးပါတယ်။ အတိုချုပ်ပြောရရင် အစက တစ်ယောက်တစ်မျိုးစီနဲ့ ပြန့်ကျဲနေတဲ့ အသင်းကို နည်းပြအဖြစ် သရုပ်ဆောင်တဲ့ မင်းသားက ပြန်စုစည်းလိုက်တယ်၊ အသင်းပုံစံကျသွားတယ်၊ တဖြည်းဖြည်းနဲ့ နိုင်ပွဲတွေဆက်လာခဲ့တယ်။ နောက်ဆုံး ဗိုလ်လုပွဲကို ရောက်လာတယ်။ ကစားသွားတဲ့ ပွဲစဉ်တစ်လျှောက်မှာ သူတို့အသင်းက တိုက်စစ်မှူးနှစ်ဦးက အပြိုင်အဆိုင် ဂိုးတွေသွင်းကြတယ်၊ ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဖြစ်လာဖို့လည်း အပြိုင်ရေပန်းစားလာကြတယ်၊ အဲဒီတော့ သူတို့စိတ်ထဲမှာလည်း ကြိတ်ပြိုင်နေကြတယ်၊ တစ်ယောက်က ရထားရင် နောက်တစ်ယောက်ကို မပေးဘူး၊ သူ့ဟာသူပဲ ဂိုးသွင်းသွင်းလိုက်တယ်။ ဗိုလ်လုပွဲမပြိုင်ခင် တစ်ညမှာတော့ နည်းပြက သူတို့နှစ်ယောက်ကို ခေါ်ပြောတယ်။ မင်းတို့နှစ်ယောက် ကစားနေပုံတွေကို တစ်ဖက်အသင်းက မြင်နေမှာပဲ၊ အဲဒါကို အခွင့်အရေးယူကြမှာပဲ၊ မင်းတို့ပြင်မှရမယ်၊ မင်းတို့ဟာ ငါတို့အသင်းရဲ့ အားအထားရဆုံး ကစားသမားတွေဖြစ်သလို ငါတို့အသင်းရှုံးနိမ့်ရမဲ့ တစ်ခုတည်းသော အကြောင်းရင်းလည်း ဖြစ်တယ် တဲ့။

နည်းပြက အဲ့လိုပြောသွားပေမဲ့လည်း မရပါဘူး။ တကယ်ကစားတော့ တစ်ယောက်နဲ့တစ်ယောက် မပေးဘဲ တစ်ကိုယ်ကောင်းဆန်ဆန် ကစားနေကြတယ်။ ဟိုဘက်အသင်းက တစ်ဂိုးသွင်းထားလိုက်ပြီ၊ နောက်ဆုံးမိနစ်ရောက်လာတယ်၊ အဲဒီအချိန်မှာပဲ သူတို့အသင်း ဂိုးသွင်းဖို့ အခွင့်အရေးရတယ်။ တစ်ယောက်က သယ်လာတယ်၊ ဂိုးသမားနဲ့ ရင်ဆိုင်တွေ့တယ်၊ ဟိုဘက်မှာ ပြေးလိုက်လာတာက သူနဲ့ ပြိုင်ဘက်လိုဖြစ်နေတဲ့ ကစားသမား၊ ထိုးပေးလိုက်တာနဲ့ သေချာတယ်၊ ဂိုးပြီ။ ဂိုးသမားကတော့ အပိုင်တွက်ထားလိုက်တယ်၊ သူ ဟိုဘက်ကို ပေးမှာမဟုတ်ဘူး ဆိုပြီး သူသွင်းရင် ဖမ်းဖို့အတွက် ပြင်ဆင်ထားလိုက်တယ်၊ အဲဒီအချိန်မှာပဲ ဒီကစားသမားက ဟိုဘက်ကို လှမ်းပေးလိုက်တယ်၊ အဲဒီမှာတင် သူတို့ ချေပဂိုးရသွားတယ်၊ နောက်ဆုံး အနိုင်ရသွားပါတယ်။ သူတို့အသင်းအနိုင်ရခြင်းရဲ့ လျို့ဝှက်ချက်ကတော့ ငါတို့ထဲက ဘယ်သူဂိုးသွင်းသွင်း အဲဒါဟာ ငါတို့အသင်းအနိုင်ရတာပဲ ဆိုတာကို အဲဒီကစားသမားက သဘောပေါက်သွားလို့ပါပဲ။

၅)

အောင်မြင်မှုတိုင်း အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ ပံ့ပိုးပေးသူ၊ ပေးဆပ် အနစ်နာခံသူတွေဆိုတာ ရှိကြရစမြဲပဲ။ မြန်မာပြည်လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍ အရေးပါသလို၊ လူမသိ သူမသိနဲ့ အသက်ပေးသွားရတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေကိုလည်း မေ့ထားလို့ မရဘူး။ ဘောလုံးပွဲတစ်ပွဲမှာ အနိုင်ဂိုးသွင်းလိုက်တဲ့ တိုက်စစ်မှူးကို ချီးကျူးဖို့လိုသလို ဂိုးမပေးရအောင် စွမ်းစွမ်းတမံ ကာကွယ်ပေးသွားတဲ့ ဂိုးသမားကိုလည်း အသိအမှတ်ပြုပေးရမယ်။ အသိအမှတ်ပြုမှုတွေ မခံရတဲ့အခါ၊ အောင်ပွဲတွေမှာ လျစ်လျူရှုခံ ရပါများလာတဲ့အခါ တော်ရုံအသင်းအဖွဲ့စိတ်ဓါတ် ရှိပါတယ် ဆိုသူတွေတောင် ကြာတော့ စိတ်ပျက်လာတတ်တယ်။ လူဆိုတာ အတ္တရှိတဲ့ သတ္တ၀ါပဲကိုး။ အဲဒီအတွက် ချီးကျူးခံရတဲ့သူတွေအနေနဲ့ ငါ တော်လို့ ဒီလိုဖြစ်တာပဲ ဆိုတာထက် ကိုယ့်ကို ပံ့ပိုးပေးလိုက်တဲ့ နောက်ကွယ်ကလူတွေကို အသိအမှတ်ပြုပေးဖို့လည်း လိုပါတယ်။

၆)

Group ဆိုတာ လူနှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပိုတဲ့ အစုအဖွဲ့ပါ။

Team ဆိုတာကတော့ ငါတို့ဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြတဲ့သူတွေပဲ လို့ ခံယူထားကြတဲ့ လူအစုအဖွဲ့ပါ။

Team work ဆိုတာက ၁ နဲ့ ၁ ပေါင်းတာပဲ ဆိုပေမဲ့ သူတို့နှစ်ဦးရဲ့ ပေါင်းစည်းမှုကြောင့် ထွက်လာတဲ့ ရလဒ်က ၂ ထက် ပိုနေတာကို ခေါ်ပါတယ်။ (1+1 = >2)

Team spirit ဆိုတာကတော့ ငါတို့ထဲက ဘယ်သူဂိုးသွင်းသွင်း ငါတို့အသင်း အနိုင်ရတာပဲ၊ အဲဒီလိုပဲ၊ ငါတို့ထဲက ဘယ်သူပဲမှားမှား အဲဒါဟာ ငါတို့အသင်း ရှုံးနိမ့်တာပဲ လို့ စွဲစွဲမြဲမြဲ ခံယူထားတာကို ဆိုလိုပါတယ်။

ပြောရရင် လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အလိုအပ်ဆုံးဟာ အဲဒီအသင်းအဖွဲ့စိတ်ဓါတ်ပဲ ဖြစ်ပါတယ်။

- - - - - - - - -
ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ 

No comments: