Tuesday, March 5, 2019

သတ်၍မကုန်သော ပိုးများ


ပါမောက္ခ သန်းသန်အေး
------------------------
ဆီးချိုသွေးချိုရောဂါ ရှိတဲ့သူတွေမှာ ပိုးဝင်လွယ်တာ အများသိကြပြီး ဖြစ်ပါတယ်။ ပိုးဝင်တာ အများဆုံးဖြစ်တဲ့ အင်္ဂါအစိတ်အပိုင်းကတော့ ဆီးလမ်းကြောင်းမှာ ဖြစ်ပါတယ်။ တခြားအဖြစ် များတဲ့ ပိုးဝင်တာတွေကတော့ အရေပြားပိုးဝင်ပြီး အနာစိမ်းပေါက်တာ၊ ခြေထောက် ပိုးဝင်နာ ဖြစ်တာ၊ အဆုတ်ရောင်ပြီး ပိုးဝင်တာ၊ အဆုတ်တီဘီပိုးဝင်တာ၊ သည်းခြေအိတ်ရောင်ပြီး ပြည်တည်တာ စသဖြင့် နေရာအနှံ့မှာ ပိုးဝင်တတ်တာတွေပဲ ဖြစ်ကြပါတယ်။
ပိုးဝင်တာချင်း တူရင်တောင် ဆီးချိုသွေးချိုရောဂါရှိသူတွေက ပိုပြီး ဆိုးရွားတတ်ပါတယ်။ ပျောက်ဖို့ ပိုကြာတတ်ပါတယ်။ အသေအပျောက်နှုန်းလည်း ပိုများတတ်ကြပါတယ်။ ဒါကြောင့် ပိုးဝင်တာလေးပဲ၊ ဖျားတာလေးပဲလို့ထင်ပြီး မပေါ့ဖို့ အသိပေးလိုပါတယ်။

ဘာကြောင့် ပိုးဝင်လွယ်ရသလဲဆိုတော့ သွေးတွင်းအချိုဓာတ်တွေ မြင့်နေလို့ပါပဲ။ သွေးချိုများရင် ခန္ဓာကိုယ်ရဲ့ Immune System လို့ ခေါ်တဲ့ ခုခံအားစနစ်တွေ ပုံမှန်အလုပ် မလုပ်နိုင်တော့ပါဘူး။ ပိုးတွေကို ဝါးမျိုပြီး ဖျက်ဆီးပစ်ရမယ့် သွေးဖြူဥတွေကလည်း လေးလံထိုင်းမှိုင်းနေသလို ပိုးတွေကို မြန်မြန်ထက်ထက် ထိရောက်အောင် မဖျက်ဆီးနိုင်တော့ပါဘူး။ ဒါကြောင့် ပိုးပွားနှုန်းက သတ်ပစ်နိုင်တဲ့နှုန်းထက် များနေပါတယ်။

အချိုဓာတ်ဟာ ဘက်တီးရီးယားပိုးတွေ ပွားများတာကို အားပေးတဲ့ ပိုးအစာတွေပဲဖြစ်လို့ အချိုများရင် ပိုးပွားနှုန်းလည်း ပိုများမှာဖြစ်ပါတယ်။


• အဆုတ်ရောင် ပိုးဝင်ခြင်း
 ဆီးချိုသွေးချိုရောဂါရှိတဲ့သူတွေမှာ တုပ်ကွေးပိုးနဲ့ နမိုးနီးယားပိုးဝင်တာက သာမန် ကျန်းမာသူတွေနဲ့စာရင် ခြောက်ဆပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှိသူတိုင်း တုပ်ကွေးကာကွယ်ဆေး (Influenza Vaccine) ကို တစ်နှစ်မှာ တစ်ကြိမ်ထိုးသင့်ပါတယ်။ Pneumococcal Vaccine နမိုးနီးယား အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေးကိုတော့ ပထမ တစ်ကြိမ်နဲ့ နှစ်လအကြာမှာ ဒုတိယတစ်ကြိမ် ထိုးလိုက်ရင် ပြန်ထိုးစရာမလိုတော့ဘဲ အမြဲကာကွယ်ပြီးဖြစ်ပါမယ်။ အများကြီး အကျိုးရှိပါတယ်။

• တီဘီရောဂါနှင့် ဆီးချိုရောဂါ
တီဘီရောဂါဟာ ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ ပိုဖြစ်ပါတယ်။ ဖြစ်ခဲ့ရင်လည်း ပိုပြီး ပျံ့နှံ့ လွယ်ပါတယ်။ သူတို့တွေမှာ ဆေးယဉ်ပါးတဲ့ တီဘီပိုးတွေ ပိုတွေ့ရပါတယ်။ တီဘီဖြစ်လာရင် ဆီးချိုသွေးချိုရောဂါကို ထိန်းသိမ်းရ ပိုခက်လာပါတယ်။ သွေးတွင်းအချိုဓာတ် ပိုမြင့်လာပါတယ်။ တီဘီရောဂါ သက်သာသွားရင် သွေးတွင်းအချိုဓာတ်ကို ပိုပြီး ထိန်းရလွယ်သွားပါတယ်။ အပြန်အလှန် သက်ရောက်မှုကလည်း တစ်ဖန် သွေးချိုများရင် တီဘီကုလို့ မပျောက်ချင်ပါဘူး။ သာမန် လူတွေထက် ဆေးကို ပိုတာရှည်ပေးရတဲ့အခါ ရှိတတ်ပါတယ်။ ဒီကြားထဲ ဆေးယဉ်ပါးတဲ့ တီဘီပိုးတွေ ဖြစ်လာရင်တော့ ပျောက်ဖို့ အလွန်ခဲယဉ်းသွားပါတယ်။ ခြုံပြီးပြောရရင်တော့ သွေးချိုနဲ့ တီဘီ အချင်းချင်း အပြန်အလှန် သက်ရောက်မှုရှိနေကြလို့ ဒီစက်ဝိုင်းကို ထိရောက်အောင် ဖြတ်ပစ်ဖို့ အရေးကြီးလှပါတယ်။

ဒါကြောင့် တီဘီလည်းဖြစ်၊ ဆီးချိုကလည်းတက်နေရင် အင်ဆူလင်ဆေး ထိုးတာကသာ အကောင်းဆုံး ကုထုံး၊ အအောင်မြင်နိုင်ဆုံး ကုထုံးဖြစ်ပါတယ်။ တီဘီရောဂါ ပျောက်သွားလို့ ဆီးချိုလည်း ကျသွားမှ စားဆေးကို ပြန်ပြောင်းလို့ ရပါတယ်။

• အသည်းနှင့် အစာအိမ်၊ အူလမ်းကြောင်း ပိုးဝင်ခြင်း
ဆီးချိုရောဂါရှိသူတွေမှာ အစာအိမ်ရောင်တဲ့ ပိုး (H. pylori) ပိုဖြစ်တယ်လို့လည်း တချို့ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ဒါပေမဲ့ အစာအိမ်ပိုးက သာမန်လူတွေအတော်များများမှာလည်း တွေ့နေရတာမို့ ဆီးချိုလူနာတွေမှာပဲ အထူးတလည် ပိုဖြစ်တယ်လို့ ပြောလို့မရပြန်ပါဘူး။ သည်းခြေအိတ်ရောင်တာ၊ ပြည်ဖြစ်တာလည်း အဖြစ်များပါတယ်။ သည်းခြေကျောက်ဖြစ်ပြီး သည်းခြေလမ်းကြောင်း ပိတ်ရင်လည်း အသားဝါ၊ အသည်းရောင်ပြီး ချမ်းတုန်ဖျားတတ်ပါတယ်။ သွေးချိုထိန်းတာ မကောင်းလို့ ဒီလိုရောဂါတွေဖြစ်လာရင် ပိုပြီးအသက်အန္တရာယ်နီးပါတယ်။

အသည်းရောင် အသားဝါ စီပိုးကလည်း အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ အပြန်အလှန် ဆက်စပ်မှု ရှိကြပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ စီးပိုးရှိတာ ပိုတွေ့ရပြီး စီးပိုးရှိတဲ့ သူတွေမှာလည်း ဆီးချိုရောဂါပိုဖြစ်ပါတယ်။ စီပိုးရှိတဲ့ ဆီးချိုလူနာတွေမှာ ဆီးချိုထိန်းသိမ်းရတာ ပိုခက်ခဲတတ်ပါတယ်။

စီပိုးရှိတဲ့သူ ဆီးချိုရောဂါရှိရင်လည်း အသည်းခြောက်တာ ပိုမြန်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေ အားလုံးကို ကျန်းမာရေး စစ်ဆေးတဲ့အခါ စီးပိုး ရှိ၊ မရှိ ဆိုတာ ထည့်ပြီး စစ်ဖို့ အရေးကြီးပါတယ်။

ဘီပိုးဖြစ်နှုန်းကတော့ ဆီးချိုရောဂါ မရှိတဲ့သူတွေနဲ့ တန်းတူဖြစ်ကြပါတယ်။ ဘီပိုးရှိလို့ ဆီးချိုသွေးချိုရောဂါကို ပိုဆိုးစေတာ မတွေ့ရပါဘူး။ ဒါပေမဲ့ ရောဂါနှစ်ခုပေါင်းပြီး ဖြစ်လာမယ့် ဆိုးကျိုးတွေကတော့ ရှိတတ်ပါတယ်။ ဆီးချိုရောဂါနဲ့ ဘီပိုးတွဲဖြစ်ရင် အသည်းခြောက်တာ ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘီပိုးကိုလည်း ထည့်ပြီးစစ်ရပါမယ်။ ဆီးချိုကို ဖောက်စစ်ရာမှာ ဘီပိုးရှိသူကို ဖောက်ထားတဲ့ အပ်ကို တစ်ခြားတစ်ဦးကို မဖောက်မိစေရန် သတိထားဖို့ လိုပါတယ်။ သွေးဖောက်တဲ့ အပ်ကိုမလဲဘဲ တခြားတစ်ဦးကို လုံးဝမဖောက်ရပါဘူး။


• အရေပြား ပိုးဝင်ခြင်း
 ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အရေပြားနဲ့ အရေပြားအောက်ရှိ အသားတွေမှာ ပိုးဝင်ဖို့ အလွန်လွယ်ကူပါတယ်။ အနာစိမ်းပေါက်တာ၊ ပြည်ဖုထွက်တာ၊ အနာ့ပဆုပ် (Carbuncle) ဖြစ်တာ၊ မှိုရောဂါစွဲတာ (ဥပမာ- မိန်းမကိုယ်)၊ ပွေးပေါက်တာ စသဖြင့် အရေပြားမှာ ပိုးမျိုးစုံ ဝင်တတ်ပါတယ်။ ဒီလိုအနာတွေပေါက်ရင် ဆီးချိုသွေးချိုကို စစ်ကြည့်ဖို့ အလွန်အရေး ကြီးပါတယ်။
ခြေထောက်ထုံနေလို့ စူးရှပွန်းပဲ့သွားမိရင်လည်း ပိုးဝင်ပြီး အနာသေးသေးကနေ အနာကြီးကြီးတွေ ဖြစ်သွားတတ်တာက ပိုးတွေကြောင့်ပါပဲ။

• ဆီးပိုးဝင်ခြင်း
ဆီးလမ်းကြောင်းမှာ ပိုးဝင်တာကတော့ အဖြစ်အများဆုံးနဲ့ ပြဿနာအကြီးဆုံးတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းမှာ ပိုးဝင်တာကို မပြောပြခင် ဆီးလမ်းကြောင်းနဲ့ ဆီး ဘယ်လို ပေါက်သလဲဆိုတဲ့အကြောင်းကို ဦးစွာရှင်းပြပါမယ်။
ဆီးကို ကျောက်ကပ်ထဲမှာ ပြုလုပ်ပြီးနောက် Ureter လို့ခေါ်တဲ့ ဆီးပြွန်ကတစ်ဆင့် ဆီးအိမ် (Urinary Bladder) ထဲကို စီးဆင်းပါတယ်။

ဆီးအိမ်ထဲမှာ ဆီးတွေ စုဆောင်းထားပြီး ပြင်ပကို ဆီးပေါက်တဲ့ လမ်းကြောင်း (Urethra) ကတစ်ဆင့် စွန့်ထုတ်တဲ့နည်းနဲ့ ဆီးပေါက်ပေးရပါတယ်။ ဆီးများလာလို့ ဆီးအိမ်ပြည့်တင်းလာရင် ဆီးသွားချင်တဲ့ ဆန္ဒဖြစ်ပေါ်လာလို့ ဆီးသွားလိုက်ကြပါတယ်။ ဆီးတွေဟာ ကျောက်ကပ်ကတဆင့် ဆီးအိမ်၊ ဆီးအိမ်ကနေ ပြင်ပကိုသာ တစ်ဖက်သတ်သာ စီးဆင်းရမှာဖြစ်ပြီး အောက်ဘက်ရှိ ဆီးအိမ်မှာရှိတဲ့ ဆီးတွေဟာ ကျောက်ကပ်ရှိရာ အထက်ဘက်ကို ဆန်တက်တာ မရှိရပါဘူး။

ဆီးအိမ်ရဲ့ထွက်ပေါက် အဝမှာ ဆီးထွက်မကျအောင် တံခါးပိတ်ထားသလို လုပ်ဆောင်ရတဲ့ ရှုံ့ကြွက်သားလေးတွေ ရှိပါတယ်။ ဆီးသွားတဲ့အခါ ရှုံ့ကြွက်သားလေးတွေကို ဖြေလျှော့လိုက်ပြီး အပေါက်ဖွင့်ပေးသလို ဆောင်ရွက်ရပြီး ဆီးအိမ်ကြွက်သားကို ကြုံ့လိုက်ကာ ညှစ်ထုတ်လိုက်မှသာ ဆီးအိမ်ထဲက ဆီးတွေအားလုံး ကုန်စင်အောင် ပေါက်ထုတ်လို့ ရပါတယ်။ ဒါတွေကို ပုံမှန်ဆောင်ရွက်ပေးတာကတော့ အာရုံကြောတွေပဲ ဖြစ်ပါတယ်။ ဆီးအိမ်ကြွက်သားတွေကို ထိန်းပေးထားတဲ့ နာ့ဗ်အာရုံကြော (Nerve) တွေ ပျက်စီးပြီး ပုံမှန်အလုပ်မလုပ်နိုင်ရင် ဆီးသွားရာမှာ အခက်အခဲ များစွာရှိလာတတ်ပါတယ်။

ဆီးချိုသွေးချိုရောဂါ ခံစားရတာ အချိန်ကြာမြင့်လာတဲ့အခါ ဆီးအိမ်ရဲ့ အာရုံကြောတွေ ထုံထိုင်းပြီး ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့ ဆီးအိမ်ရောဂါ (Autonomic Bladder)ရဲ့ ရောဂါ လက္ခဏာတွေကို ဆက်ပြီးရှင်းပြလိုပါတယ်။ ဒီလို ဆီးအိမ်ရောဂါဖြစ်လာရင် ဆီးသွားချင်မှန်း သိပ်မသိတော့လို့ ဆီးအိမ်ပြည့်နေတာတောင် အချိန်အကြာကြီးမသွားဘဲ နေမိတတ်ပါတယ်။ ဆီးသွားတဲ့အခါမှာလည်း ဆီးအိမ်အပေါက် ကောင်းကောင်းမပွင့်တာက တစ်ကြောင်း၊ ဆီးအိမ်ရဲ့ ကြွက်သားတွေကလည်း ညှစ်အားနည်းနေတာက တစ်ကြောင်းကြောင့် ဆီးစသွားစဉ်မှာ အားစိုက်ပြီး ညှစ်မှသွားလို့ရပါတယ်။ အချိန်ဆိုင်းပြီးမှ ဆီးစထွက်ပါတယ်။ အဲ့ဒီအချိန်မှာ ဆီးအရှိန်လည်း အားပျော့ပြီး တချို့လူတွေမှာ ဆီးတစ်စက်ချင်းကျတာ၊ ဆီးကုန်စင်အောင်မထွက်လို့ ဆီးအိမ်မှာ ဆီးဟောင်းတွေ အမြဲကျန်နေတာ ဆီးကျန်တော့ ချက်ချင်းပြန်ပြည့်လာလို့ ပြန်သွားချင်ပြန်တယ်။ ဆီးခဏခဏသွားရတော့ ညအိပ်ရေးပျက်တာ၊ ဆီးအိမ်မှာ ဆီးပြည့်လျှံနေပေမဲ့ ဆီးသွားချင်တဲ့ ဆန္ဒမပေါ်လို့ ဒီတိုင်းနေမိရင်လည်း ဆီးတွေလျှံကျတာ၊ ဆီးပေါက်ချမိတာ၊ ဆီးမလုံတာ စတဲ့ ဝေဒနာတွေ ခံစားလာရတတ်ပါတယ်။

ဒါကို လူနာရှင်တွေ အနေနဲ့ ဆီးရွှင်ပြီး ဆီးအားကောင်းလို့ ပေါက်ချတာလို့ ထင်မိတတ်ကြပါတယ်။ ဆီးအိမ်ရောဂါရှိသူတွေရဲ့ ဆီးအိမ်မှာ ဆီးကျန်တာကြောင့် ပိုးရှိနေတဲ့ ဆီးဟောင်းတွေကို အချိန်မှန်မှန် မစွန့်ထုတ်ဘဲ သိုလှောင်ထားလို့ ပိုးပွားလာစေဖို့ အခွင့်အရေး ပေးထားသလို ဖြစ်လာပါတယ်။ အားစိုက်ညှစ်လိုက်တဲ့အခါ ဆီးအိမ်က ဆီးတွေဟာ ပြင်ပကိုထွက်ရမယ့်အစား ဆီးပြွန် (Ureter) လမ်းကြောင်းကတစ်ဆင့် အပေါ်ကိုပြန် ဆန်တက်ပြီး ကျောက်ကပ်ထဲကို ပိုးတွေ ရောက်ရှိသွားစေနိုင်ပါတယ်။ ပိုးတွေဟာ ဆီးအိမ်ထဲမှာပဲ ရှိနေစဉ် ဖျားလေ့မရှိဘဲ ဆီးလမ်းကြောင်း အထက်ပိုင်းကို ပိုးတွေရောက်ရှိမှသာ ဖျားတတ်ပါတယ်။ ကျောက်ကပ်ရှိ သွေးကြောတွေကတစ်ဆင့် သွေးထဲကို ပိုးတွေဝင်လာတာနဲ့ ချမ်းတုန်ပြီး ဖျားလာတတ်ပါတယ်။ ဆီးထဲက အချိုဓာတ်တွေက ပိုးတွေရဲ့ အစာလိုဖြစ်တာကြောင့် ပိုးတွေပွားနှုန်း ပိုပြီး မြန်စေပါတယ်။

ပိုးတွေ သွေးကြောထဲဝင်လာရင် ပိုးဆိပ်ပြန့်ပြီး အဖျားကြီးမယ်၊ သွေးပေါင်ကျမယ်၊ နှလုံး၊ ကျောက်ကပ်၊ အဆုတ်၊ ဦးနှောက်တွေမှာ ပြဿနာဖြစ်ပြီး အင်္ဂါအစိတ်အပိုင်းပေါင်းများစွာ ပြိုင်တူပျက်စီးတာ (Multiorgan Failure) ကို ဖြစ်စေတတ်ပါတယ်။ ဒီဖြစ်စဉ်တွေ ဖြစ်ပျက်ပုံက မြန်ဆန်လွန်းလို့ အမြန်ဆုံးထိရောက်အောင် အထူးကြပ်မတ်ခန်းမှာ ကုသနိုင်မှသာ အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။ ဆီးပိုးလေးကနေ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။


• သတ်၍ မကုန်နိုင်သော ပိုးများ
 ဆီးပိုးဝင်တာက လူတိုင်းမှာ ဖြစ်နိုင်ပေမဲ့ အမျိုးသားတွေနဲ့စာရင် အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေမှာ အထူးသဖြင့် ပိုပြီး ဖြစ်တတ်ပါတယ်။ ဆီးပိုးဝင်တာက အများအားဖြင့် သင့်တော်တဲ့ ပိုးသတ်ဆေးပေးလိုက်ရင် ပျောက်သွားကြတာ များပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အကြိမ်ကြိမ်အခါခါ ပြန်ပြီး ဖြစ်တတ်တာရှိပါတယ်။

အခါခါ ပိုးပြန်ဝင်တာကတော့ အခြေခံအကြောင်းရင်းတွေ ရှိလို့ပါပဲ။ ဆီးလမ်းကြောင်းတွေ ပိတ်ဆို့နေတာ (ဥပမာ-ဆီးကျောက်တည်တာ၊ ဆီးအိမ်အာရုံကြောမကောင်းလို့ ဆီးအိမ်မှာ ဆီးကျန်တာ၊ သွေးတွင်းအချိုဓာတ် အလွန်များတာတို့ကြောင့် ဆီးပိုးခဏခဏ ပြန်ဝင်တတ်ပါတယ်။ ဆီးအိမ်ထဲမှာ ဆီးကျန်နေရင် ဆီးပိုးတွေ အမြဲတမ်းမွေးထားပြီး ဖြန့်ဖြူးပေးနေတဲ့ “ပိုး” ပင်ရင်းဌာန တစ်ခုလို ဖြစ်နေပါတယ်။ ဒီပိုးတွေ သွေးထဲ ဝင်ရောက်လာရင် ဖျားမယ်၊ ဖျားလို့ ပဋိဇိဝ ပိုးသတ်ဆေး ပေးလိုက်ရင် ပိုးလျော့သွားပြီး အဖျားကျမယ်၊ ပိုးတွေဖြန့်ဖြူးရာဌာနက ပိုးထပ်ဖြန့် လိုက်ရင် ပြန်ဖျားမယ်၊ ဒီလိုနဲ့ သံသရာမဆုံးနိုင်တဲ့ ပိုးတွေ၊ သတ်လို့မကုန်နိုင်တော့တဲ့ ပိုးတွေဖြစ်လာပါမယ်။ ဒီ့ထက်ပိုးဆိုးတာကတော့ ပိုးတွေဟာ ပဋိဇိဝပိုးသတ်ဆေးနဲ့ ထိတွေ့ပြီးရင် ခံနိုင်ရည် ပိုရှိလာပြီး ပိုပြင်းလာတတ်ပါတယ်။ နောက်တစ်ကြိမ် ဒီပိုးသတ်ဆေး ပြန်သုံးလို့ရှိရင် မကြောက်တော့ဘဲ တော်တော်နဲ့ အဖျားလည်း မကျနိုင်တော့ပါဘူး။
သတ်လို့မကုန်နိုင်တဲ့ ပိုးကြောင့် ဒုက္ခရောက်နေရတဲ့ လူနာတစ်ဦးရဲ့ အကြောင်းလေးကို ဖော်ပြလိုပါတယ်။

အသက် ၆၈ နှစ်အရွယ် ဒေါ်မြကို သမီးဖြစ်သူမနီလာက ကျွန်မထံ ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒေါ်မြက ဆီးချိုရောဂါဖြစ်တဲ့ သက်တမ်း ၁၅နှစ်လောက် ရှိနေလို့ ထုံကျဉ်တာ၊ လေနည်းနည်း ဖြန်းဖူးတာနဲ့ နှလုံးသွေးကြော ကျဉ်းနေတာတွေပါ ရှိနေတာမို့ ဆေးခန်း၊ ဆေးရုံတွေနဲ့ မပြတ်ပါ ဘူး။ သွေးချိုက အမြဲများနေပြီး အချိုဓာတ်အတွက် စားဆေးသုံးမျိုးစလုံး ပေးထားတာတောင် သွေးချိုထပ်ချလို့ မကျနိုင်တော့တဲ့ အဆင့်ကို ရောက်နေသူပဲ ဖြစ်ပါတယ်။ အင်ဆူလင်ပြောင်းထိုးဖို့ အချိန်ကျရောက်ခဲ့တာ တစ်နှစ်မကတော့ပါဘူး။ ဒါပေမဲ့ အင်ဆူလင်ထိုးရမှာကို ကြောက်နေတဲ့ သူတွေထဲမှာပါလို့ အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေခဲ့တဲ့ အဒေါ်ကြီးပဲ ဖြစ်ပါတယ်။
“ဆရာမရေ . . အမေ ချမ်းတုံပြီး အဖျားတက်နေပြန်ပြီ၊ အဖျားကြီးပြီး အားကုန်သလိုဖြစ်နေလို့ အရမ်းမှိန်းနေတယ်” လို့ မနီလာက ပြောပြပါတယ်။
“ဟင် . . ဖျားပြန်ပြီလား၊ အရင်က ဆီးပိုးဝင်ပြီး ဖျားတာ နှစ်ခါ-သုံးခါ မကတော့ဘူးထင်တယ်၊  ဆီးပိုးကြောင့် ပြန်ဖျားတာပဲ ဖြစ်ရမယ်။ ဒီတစ်ခါဖျားတာ ဘယ်နှရက် ရှိပြီလဲ” လို့ ဆရာမက ပြန်မေးလိုက်ပါတယ်။

“တစ်လနီးပါးရှိနေပြီ ဆရာမ၊ နယ်မှာ ဖျားတာနဲ့ ဆေးသွားထိုးလိုက်တော့ နောက်တစ်ရက်မှာ လုံးဝမဖျားတော့ဘူ့း။ ၂ရက် - ၃ရက်ကြာရင် ပြန်ဖျားလာလိုက်၊ ဆေးထပ်ထိုးလိုက်၊ အဖျားကျ သွားလိုက်နဲ့ ၄-၅ ခါ မကတော့ပါဘူး။ အခုတစ်ခါ ဆီးချိုကလည်း ၄၀ဝ ကျော် ဖြစ်သွားပြီး အဖျားကလည်း ပြန်မကျတော့လို့ ခေါ်လာရတာပဲ ဆရာမ”

“သွေးချိုကလည်းများ၊ လူကလည်းမှိန်းပြီး သွေးပေါင်ကလည်း ကျနေတော့ ဆေးရုံကိုပဲ အမြန်တင်လိုက်ပါ။ အခုလိုခဏခဏ ပြန်ထကြွနေတဲ့ ဆီးပိုးတွေက အများအားဖြင့် ဆေးတွေကို ယဉ်ပါးသွားတဲ့ ပိုးတွေဖြစ်ဖို့များတယ်။ ပြန်ပြန်သုံးနေကြ ပိုးသတ်ဆေးတွေ မတိုးတော့လို့ ပိုစိုးရိမ်ရတယ်။ ပြီးတော့ သွေးချိုတွေ ခါတိုင်းထက် အရမ်းတက်သွားတာ အဖျားပိုးကြောင့် ဖြစ်နိုင်ပေမဲ့ ဆေးထိုးတဲ့အခါ ဒက်ဆာမီသာစုံးတွေပါခဲ့ရင် အဖျားကငုပ်၊ သွေးချိုက သုံးဆလောက်မြင့်လာပြီး ပိုးတွေ ပိုပြီးပွားလာတတ်လို့ သတိထားရပါမယ်”

  ဆရာမရဲ့ရှင်ပြချက်ကို မနီလာက - “ဟုတ်တယ် ဆရာမ၊ ကျွန်မလည်း ဒီလိုပဲထင်မိတယ်။ ဆေးထိုးပြီး ချက်ချင်းမဖျားတော့တာရယ်၊ သွေးချိုက ၂၀ဝ ကျော်ကနေ ၄၀ဝ ကျော် (ချက်ချင်း ဖြစ်သွား)ပြီး နှစ်ရက်နေတော့ ပြန်ဖျားပြီး ပိုဆိုးသွားတယ် ဆရာမ” လို့ ပြန်ဖြေပါတယ်။

“ဘာပဲဖြစ်ဖြစ် ဒီလိုခဏခဏ ပြန်ဖြစ်နေတာ ဆီးချိုသွေးချိုကို မထိန်းနိုင်တာ အဓိက ပါနေတယ်။ ဒါကြောင့် သမီးအမေကို ဖျောင်းဖျပြီး အင်ဆူလင်ကို ဆေးရုံက ဆင်းရင် ဆက်တိုက်ထိုးခိုင်းရမယ်”
“ကျွန်မ သဘောပေါက်ပါပြီ ဆရာမ။ ကျွန်မတို့ အင်ဆူလင်ကို သူများတွေ ပြောသံကြားပြီး ကြောက်နေလို့ အခုလို ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားလာရတာဆိုတာ သိပါပြီ”
“သိပ်ဟုတ်တာပေါ့၊ သွေးချိုများရင် ဆီးပိုးက ပြန်ပြန်ထမှာပဲပေါ့။ နောက်အကြောင်းရင်း တစ်ခုကတော့ အမေကြီးမှာ ဆီးသွားရင် မကုန်ဘဲ ကျန်ကျန်နေတာရှိလား၊ ဆီးကျန်နေရင် ပိုးတွေလည်း မကုန်စင်ဘဲ ချန်ထားသလို ဖြစ်ရာကနေ  ပြန်ပွားလာပြီး ပြန်ဖျားတတ်ပါတယ်”

“အမေကတော့ ဆီးကျန်မယ် မထင်ဘူး ဆရာမ။ ပေါက်လွန်းလို့ ဆီးတောင်မထိန်းနိုင်ဘဲ အိပ်ရာထဲမှာ ပေါက်ချတာတောင်ရှိတယ်၊ အိမ်သာမရောက်ခင် ဆီးတွေထွက်ကျကုန်လို့ ခဏခဏ လိုက်သုတ်နေရတယ်”

“တကယ်တော့ ဆီးမလုံဘဲ ပေါက်ချတယ်ဆိုတာထက် ဆီးကျန်ပြီး ဆီးအိမ်မဆန့်တော့လို့ လျှံကျလာတာပါ။ ဆီးလျှံကျပေမယ့်အထဲမှာ ဆီးတွေကျန်နေဦးမှာ သေချာတယ်။ ဒါကြောင့် ဆီးကျန်တဲ့ ပြဿနာကို လိုသလို ဖြေရှင်းဖို့လိုတယ်။ အင်ဆူလင်ထိုးလိုက်လို့ သွေးချိုပြန်ကောင်းလာရင် ဆီးအိမ်ကြွက်သားတွေလည်း ပြန်အားရှိလာနိုင်တယ်။ ဆီးတွေကုန်စင်အောင် ပေါက်လို့လည်း ရလာမယ်။ ဆီးကျန်လည်း နည်းသွားမယ်။ ဆီးအိမ်ထွက်ပေါက် အဝကျဉ်းတာရှိရင်လည်း ဆီးကျန်တာကို ဖြစ်စေတဲ့အတွက် ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကုဆရာဝန်နဲ့လည်း ဆွေးနွေးပြီး လိုအပ်ရင် ချဲ့ပေးလို့ရပါတယ်။”

“ဒီတစ်ခေါက်တော့ လိုအပ်တဲ့ ကုထုံးတွေအားလုံးကို ဆရာမညွှန်ကြားသလိုလိုက်နာပါတော့မယ်”
“ဟုတ်ပြီ . . ဒါမှ သတ်လို့ မကုန်နိုင်တဲ့ ပိုးတွေကို ဒီတစ်ခါ အပြတ်ရှင်းလို့ ရတောမှာပေါ့”

မှတ်ချက်
(၁) ဆီးချိုသွေးချိုရောဂါရှိသူတွေအားလုံးမှာ ရောဂါပိုးမျိုးစုံ ဝင်လွယ်ပါတယ်။ ပိုးဝင်ရင်လည်း ရောဂါ ပိုပြင်းထန်တတ်ပါတယ်။
(၂) တစ်ကိုယ်လုံး နေရာအနှံ့မှာ ပိုးအမျိုးမျိုး ဝင်တတ်ပေမယ့် ဆီးပိုးဝင်တာက အဖြစ်အများဆုံး ဖြစ်ပါတယ်။
(၃) ဆီးချိုသွေးချိုရောဂါကို နှစ်ရှည်ထိန်းမထားနိုင်ရင် ဆီးအိမ်အာရုံကြောနဲ့ ဆီးအိမ်ကြွက်သားတွေ အားလျော့လာပါမယ်။ ဆီးကုန်အောင်အပေါက်နိုင်တော့တာကြောင့် ဆီးအိမ်မှာ ဆီးကျန်နေတတ်ပါတယ်။ ဆီးကျန်တွေကြောင့် အကြိမ်ကြိမ် ဆီးပိုးပြန်ဝင်ပြီး သတ်လို့မကုန်နိုင်တဲ့ ဆီးပိုးတွေဖြစ်လာပါလိမ့်မယ်။ အကျိုးဆက်ကတော့ အသက်အန္တရာယ် ထိခိုက်တာ၊ ကျောက်ကပ် စောစောပျက်စီးတာတို့ကို ဖြစ်စေပါတယ်။
(၄) ဆီးပိုး အကြိမ်ကြိမ်ပြန်ဝင်တာကို အမြစ်ဖြတ်နိုင်တဲ့နည်းတွေကတော့- သွေးချိုကို ကောင်းကောင်း ထိန်းတာ၊ ပိုးမွေးပြီး သုံးသင့်တဲ့ဆေးကို တိတိကျကျ လုံးလောက်စွာ ပေးတာ၊ ဆီးမကျန်အောင် ကုသပေးတာ စတာတွေဖြစ်ကြပါတယ်။

Credit : ပါမောက္ခ သန်းသန်းအေး၏ ကျွန်မနှင့် ဆီးချိုလူနာများ စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။

No comments: