Tuesday, March 12, 2019

“Hand gel သုံးခြင်း အနုပညာ”



ခေါင်းစဉ်ဖတ်လိုက်ရင်တော့ နည်းနည်းဆန်းမယ်ပေါ့။ ခုနောက်ပိုင်း ခဏခဏ မေးခံနေရလို့ တခြားလူငယ်တွေလည်း သိရအောင် ရေးလိုက်တာပါ။

ဒီခေတ်မှာ လူငယ်တွေကြားထဲက လိင်မှုဆိုင်ရာ အပြုအမူတွေ ပြောင်းလဲလာကြတာ အားလုံးအသိပါပဲ။ လက်မထပ်ခင် အတူနေတယ် ဆိုတာတွေကလည်း မဆန်းတော့သလို ဖြစ်လာတယ်။ ဒါပေမယ့် အားလုံး ဖြစ်နေတာတော့ မဟုတ်ပါဘူး။ အပျို လူပျိုဘ၀ကို စောင့်ထိန်းမယ် ဆိုတဲ့ လူငယ်တွေလည်း အများကြီး ရှိပါသေးတယ်။

သမီးရည်းစားဖြစ်တာနဲ့ အတူနေမယ်၊ ဟိုတယ်သွားမယ် ဆိုတဲ့သူတွေကိုကျ တစ်မျိုးပြောရတယ်။ အရေးပေါ်ဆေး ဆိုတာက တကယ့်အရေးပေါ် အခြေအနေ၊ မမျှော်လင့်ဘဲ ပန်းအိုးကွဲသွားတဲ့အခါမှာမှ တစ်ခါတစ်လေ သုံးသင့်တာ။ ကွဲပြီးတိုင်း သုံးနေလို့ မသင့်ဘူး။ ကိုယ်ဝန်ရသွားတတ်တယ်။ အဲ့လိုဟိုတယ်တောင်မှ သေချာဘွတ်ကင်လုပ်ပြီး စီစဉ်သေးတယ်ဆို ကိုယ်ဝန်မရဖို့အတွက်လည်း သေချာစီစဉ်သင့်တယ်ပေါ့။ ဒီလိုပြောရတယ်။

ခုကလေးတွေကျ ပြဿနာက တစ်မျိုး။ အဲ့လိုဟိုတယ်တွေ ဘာတွေလည်း မသွားဘူး။ သွားဖို့လည်း စိတ်မကူးဘူး။ တကယ့်ကိုမှ ရိုးရိုးအေးအေးလေးတွေ။ သို့သော် လူဆိုတာကလည်း အသွေးအသားနဲ့ တည်ဆောက်ထားတာ မဟုတ်လား။ အထိအတွေ့တွေမှာ သာယာတတ်တယ်။ ယစ်မူးတတ်တယ်။ ငြိတွယ်တတ်တယ်။ မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တွေတောင် တွန်းတိုက်ပါများ နဲ့နဲ့လို့လာသေးတာပဲ။ အခြေအနေတွေရဲ့ တွန်းအားပေးမှုကြောင့် ထိန်းချုပ်မှုတွေ လွတ်ထွက်သွားတယ် ဆိုတာလည်း ရှိနိုင်တာပေါ့။

ညနေပိုင်း နေ၀င်ရီတရော မှောင်စပျိုးတဲ့ အချိန်လေး။ ပန်းခြံမှာ ချိန်းတွေ့ကြ၊ ကောင်မလေးက ကောင်လေးရဲ့ပေါင်ပေါ်မှာ ထိုင်၊ ကောင်လေးက ဖက်ထား၊ ကြင်ကြင်နာနာ စကားပြောကြ။ အဲ့လိုနဲ့ မိုးက ရွာလာ။ တစ်နေရာမှာ မိုးဝင်ခိုကြ။ ကောင်မလေးကလည်း ရေတွေ နည်းနည်းစိုနေ။ အဲ့မှာပဲ မိုးကခြိမ်း၊ ကောင်မလေးက ကြောက်ပြီး ကောင်လေးကို ဖက်။ အဓိပ္ပါယ်ပါတဲ့ အကြည့်တွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြ။ မျက်လုံးချင်း စကားတွေပြော။ ချစ်ရမ္မက်ခိုးတွေ အသစ်ထပ်တိုးပြီး အရှိန်တွေက တက်လာ။ (ဆောရီး မြန်မာကား သိပ်ဆန်သွားတယ်) နည်းနည်းလေး ရှေ့ဆက်တိုးလိုက်တာနဲ့ ပန်းအိုးက ကွဲပြီ။ နောက် ၂ ခန်းလောက်ဆို ကောင်မလေးက အန်ပြီ။

ဒါပေမယ့် သိပ်လိမ္မာတဲ့ ကလေးတွေ၊ ကိုယ့်စာတွေဖတ်ထားတဲ့ ကလေးတွေ ဆိုတော့ ပန်းအိုးကွဲတဲ့အထိ အဖြစ်မခံဘူး။ (ကောင်မလေးမျက်နှာကို ကြည့်ရင်းကြည့်ရင်း ကိုယ့်ပုံကြီး ပေါ်လာသလားတော့ မသိဘူးပေါ့) အဲ့လိုမကွဲစေဘဲ ဆန္ဒတွေကို ထွက်ပေါက်ပေးတဲ့အနေနဲ့ လက်နဲ့ပဲ တစ်ယောက်ကိုတစ်ယောက် လုပ်ပေးကြရော။

ပြောရရင် ဒါ တော်တော်ကောင်းတယ်။ စိတ်လည်း ထွက်ပေါက် ရသွားတယ်။ ပန်းအိုးလည်း မကွဲတော့တဲ့အတွက် ရောဂါရသွားမှာတွေ၊ ကိုယ်ဝန်ရသွားမှာတွေ စိတ်ပူစရာ မလိုသလို၊ ချောင်းရိုက် HD ထွက်လာမှာလည်း စိုးရိမ်နေစရာ မလိုဘူး။

သို့သော် ပြဿနာက ဘာလဲဆိုတော့ ကိုယ့်ညီလေးတွေက သူတို့ဟာသူတို့ လက်နဲ့လုပ်ပြီးသွားရင် သုက်ရည်ပေနေတဲ့ လက်နဲ့ မိန်းကလေးကို သွားသွားလုပ်တာပဲ။ ကိုယ်ပြောတာက လက်သုတ်လိုက်ပါလား၊ ဘယ်လောက်များ ခက်ခဲလို့လဲ။ အဲဒါကို မသုတ်ဘူးဗျာ။ ဘာတွေများ အဲ့လောက် အလျင်လိုနေသလဲတော့ ကိုယ်လည်း မကြုံဖူးလို့ မသိဘူး။ အဲ့လို ပေနေတဲ့လက်နဲ့ သွားလုပ်တယ်။ ပြီးတော့မှ ကိုယ်ဝန်ရသွားနိုင်လား ဆိုပြီး လာမေးတယ်။

ပုံမှန်အားဖြင့် လက်နဲ့လုပ်တာက ပြောခဲ့ပြီးသလိုပဲ၊ ကိုယ်ဝန်မရနိုင်ဘူး။ ဒါပေမယ့် သုက်ရည်ပေနေတဲ့ လက်နဲ့ လုပ်မယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ချေ နည်းနည်းရှိတယ်။ ပြောရရင် လက်ကို အ၀တ်နဲ့၊ တစ်ရှူးနဲ့ သုတ်တာကတောင် သိပ်စိတ်မချရဘူး။ လက်ဆေးလိုက်မှကို အဆင်ပြေတာ။ ဒါကြောင့် ဘယ်သွားသွား Hand gel လေး ဆောင်ထားပေါ့။ အရှိန်တက်နေတုန်း ရေနဲ့ဆပ်ပြာနဲ့ ကျကျနန လက်သွားဆေးဖို့ကျ နည်းနည်းခက်တယ်လေ။ တော်ကြာ ကိုယ်လည်း လက်ဆေးအပြီး အရှိန်တွေလည်းသေ ဖြစ်ကုန်မယ်။ ဒါလည်း တစ်မျိုးတော့ ကောင်းတာပဲ။ ဘာမှကို မဖြစ်တော့ဘူးပေါ့။ (ဟီး ကိုယ်ချင်းမစာမနာနော်)

တကယ်လို့များ အဲ့လို လက်မဆေးမိဘဲ လုပ်မိလိုက်တယ် ဆိုရင်တော့ အရေးပေါ်ဆေးကတ် သောက်ဖို့ လိုပါလိမ့်မယ်။ ဖြစ်နိုင်ချေ နည်းပေမယ့်လည်း ရသွားတတ်လို့ပါ။ ဒီဆေးက ဘေးကင်းပါတယ်။ ပျို့တာ၊ အန်တာ၊ ခေါင်းမူးတာ၊ ရင်သားတွေတင်းပြီး နာတာ၊ ရာသီသွေး မမှန်တာတွေ ဖြစ်တတ်ပေမယ့် မပြောကောင်း မဆိုကောင်း ကိုယ်ဝန်ရသွားမှာထက်စာရင်တော့ အပုံကြီး တော်သေးတာပေါ့။ ဒါကြောင့် သောက်ရမလား မေးရင် သောက်သင့်တယ်လို့ပဲ ဖြေချင်ပါတယ်။ ဖြစ်ပြီး နာရီ ၁၂၀ အတွင်း သောက်လို့ရတယ်။ ၂လုံးပါတဲ့ ဆေးကတ်ဆိုလည်း ၂လုံးစလုံး တစ်ပြိုင်တည်းသောက်၊ ၁လုံးတည်းပါတဲ့ ဆေးကတ်ဆိုလည်း အဲ့ ၁ လုံးကို သောက်လိုက်ရုံပဲ။ နာရီ ၁၂၀ အတွင်း ဆိုပေမယ့် စောစောသောက်လေ ကောင်းလေ။

သောက်ပြီးသွားရင်တော့ ကိုယ်ဝန်ရမရ စောင့်ကြည့်ပါ။ အရေးပေါ်ဆေး သောက်ထားရင် ရာသီပေါ်တာ နောက်ကျတတ်လို့ လာရမယ့်ရက်မှာ မလာသေးရင်လည်း တအားမစိုးရိမ်ပါနဲ့။ တစ်ပတ် ဆယ်ရက်လောက် စောင့်ကြည့်ပြီး မပေါ်သေးဘူးဆိုမှ ဆီးစစ်တံလေး ၀ယ်ပြီး စစ်ကြည့်ပါ။ တစ်ကြောင်းတည်းပဲ ပေါ်တယ်ဆိုရင်တော့ ဒါ ကိုယ်ဝန်ရသွားတာ မဟုတ်ဘူး၊ ဆေးသောက်ထားလို့ ရာသီအပေါ် နောက်ကျနေတာသာ ဖြစ်ပါတယ်။ အချိန်တန်ရင် သူ့ဟာသူ ပြန်ပေါ်လာပါလိမ့်မယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် သိပ်တော့ မတန်ဘူးပေါ့ကွာ။ ဘာမှလည်း မဘာလိုက်ရဘဲ သောက်ရတာ။ ဒါကြောင့် အဲ့လိုအခြေအနေမျိုးတွေမှာ ဖြစ်ခဲ့ရင် လက်ကလေး ဆေးကြပါလို့ မချိတင်ကဲ ပြောရတာပါ။

ဒီလိုပြောလိုက်လို့ ဆေးသောက်ရ တန်အောင် တစ်လက်စတည်း ပန်းအိုးကွဲလိုက်တော့မယ်လည်း မတွေးကြပါနဲ့ ညီလေးတို့ရေ။ ပန်းအိုးကွဲပြီးမှ ဆေးသောက်တာက လက်မဆေးဘဲ လုပ်မိလိုက်လို့ သောက်ရတာထက်စာရင် ကိုယ်ဝန်ရနိုင်ချေ ပိုများပါတယ်။ ဒါကြောင့် အချိန်မတိုင်သေးဘဲ ကိုယ်ဝန်ရသွားပြီး နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင် ခုလက်ရှိ ပုံစံကောင်းလေးကိုပဲ ဆက်ထိန်းထားကြပါ၊ ဒါပေမယ့် သုက်ရည်ပေနေတယ်ဆို လက်ကလေးတော့ ဆေးကြပါ၊ အနည်းဆုံး Hand gel လေးတွေတော့ အမြဲဆောင်ထားကြပါလို့ ပြောကြားရင်း…

ဘာကြည့်နေတာလဲ Hand gel ဆောင်ထားရမယ့် သူငယ်ချင်းတွေကို မန်းရှင်းခေါ်လိုက်တော့လေ။

ဒေါက်တာ ဖြိုးသီဟ
၎.၃.၂၀၁၉

No comments: