Sunday, March 10, 2019

How to eat for a six pack abs - Step by Step

6 pack abs ရအောင် လက်တွေ့ကျကျ ဘယ်လိုစားသောက်ရမလဲ ???



အရင် ဒီPageက 6 pack abs ရအောင် လုပ်နည်းဆောင်းပါးတွေကို ဖတ်ဖူးသူတွေအတွက် ပေါ်လွင်တဲ့ ၀မ်းသားအလှရဖို့ဆိုတာ အစားအသောက် အပေါ် မူအတည်ဆုံးဆိုတာ နားလည်လောက်ပါပြီ။ အစားအသောက်နဲ့ လေ့ကျင့်ခန်း ၂မျိုးကပဲ 6 pack abs ရစေဖို့ အဓိက ဆိုပေမယ့် အစားအသောက်အပိုင်းဟာ ပိုအရေးပါပါတယ်။ Abs အတွက် လေ့ကျင့်ပုံ ပုံစံတွေ အမြောက်အမြားရှိပေမယ့် သိပ်ကွာခြားမှုမရှိပါဘူး။ ပေါ်လွင်ထင်ရှားတဲ့ Abs ပေါ်ခြင်း၊ မပေါ်ခြင်းဟာ နောက်ဆုံး Abs ပေါ်မှာ ဖုံးနေတဲ့ အဆီပမာဏ အနည်းဆုံးကျန်ခြင်း မကျန်ခြင်း အပေါ် အမူတည်ဆုံးဖြစ်ပါတယ်။ အဆီနည်းလေ ပိုပေါ်လွင်လေ၊ အဆီများလေ Abs ဘယ်လောက်ရှိရှိ မမြင်ရဖြစ်လေမို့ နောက်ဆုံး ဒီကျန်နေတဲ့ အဆီကို ချဖို့ လက်နက်ကလဲ စားသောက်ပုံကလွဲပြီး ဘယ်နည်းမှမရှိပါဘူး။ ဒါ့ကြောင့်ပဲ ဒီဆောင်းပါးဟာ Abs ပေါ်လွင်ချင်သူတွေအတွက် မရှိမဖြစ် ဆောင်းပါးလို့ ဆိုရမှာပါပဲ။

အစားအသောက်နဲ့ ပတ်သက်ပြီး ဒီလိုအစာတွေစားပါ၊ ဒီလိုဟာတွေ ရှောင်ပါ စသဖြင့် Post တွေ မြောက်မြားစွာရှိပါတယ်။ ဒီလို မြောက်မြားစွာရှိတာကိုကပဲ ပိုပြီး ရှုပ်ထွေးသွားစေတာပေါ့။ လက်တွေ့ကျမယ့် နည်းလမ်းဟာ ဒီလို မရှုပ်ထွေးသင့်ပါဘူး။ လက်တွေ့ကျတဲ့ နည်းလမ်းဆိုတာ လူတိုင်းလိုက်လုပ်နိုင်ပြီး အဓိပ္ပါယ်ရှိရမယ့် နည်းတွေဖြစ်ရပါမယ်။ ဒီအစာကိုမှ မစားရင် 6 pack abs မရနိုင်ပါဘူးဆိုတဲ့ နည်းလမ်းပေးရင်တောင် ကိုယ်လိုက်မစားနိုင်ရင် ဘယ်အသုံးဝင်ပါ့မလဲ။ အသုံးဝင်မယ့်၊ လိုက်လုပ်နိုင်မယ့် နည်းတွေကသာ အဓိကဖြစ်ပြီး ဒီလိုနည်းတွေ ဝေမျှတာကပဲ ဒီ Page ရဲ့ ရည်ရွယ်ချက်တစ်ခုပါပဲ။

ဝနေသူဖြစ်ပါစေ၊ ပိန်နေသူဖြစ်ပါစေ အောက်မှာပြထားတဲ့ အဆင့် ၅ဆင့် အတိုင်း အစားအသောက်ကို ပြင်ပြီး 6 Pack abs အတွက် စားသောက်နိုင်ပါတယ်။ Abs လေ့ကျင့်ခန်းတော့ လုပ်ဖို့ လိုတာပေါ့။

အဆင့်၁။ အသုံးမ၀င်၊ ကျန်းမာရေးနဲ့ မညီတဲ့ အစာတွေရှောင်ပါ။

ပထမအဆင့်အနေနဲ့ သင်စားဖို့ မလိုတဲ့ အစားအစာတွေကို ရှောင်ရပါမယ်။ ဒီဟာတွေ မစားလဲ ဖြစ်တယ်ဆိုတဲ့ အစားအစာမျိုးပေါ့။ သင်ဟာ လူတိုင်းမှာ မရှိတဲ့ Six pack abs လိုချင်ရင် လူတိုင်းလုပ်နေတဲ့ အလုပ်တွေလုပ်လို့ မရပါဘူး။ သင့်ရဲ့ ရေရှည် ရည်ရွယ်ချက်ဟာ သူများနဲ့ မတူရင် သူများနဲ့ မတူတဲ့ ပေးဆပ်မှု တစ်ချို့ကတော့ ရှိနေရမှာ အမှန်ပါပဲ။ ဒီတော့ ပထမအဆင့်အနေနဲ့ သင်တစ်နေ့တာ စားနေကျ အစားအစာထဲက မလိုတဲ့ အစားအစာတွေကို တတ်နိုင်သလောက်ရှောင်ရပါမယ်။ မလိုတဲ့ အစားအစာတွေဆိုတာ မရှိပါဘူးလို့ သင်ပြောပြီးတော့ သင့်ဘာသာ မညာပါနဲ့။ တကယ်ဘာမှန်းမသိဘူးဆိုသူတွေ အတွက်တော့ အောက်မှာ နမူနာပေးလိုက်ပါတယ်။

သရေစာ စားလေ့ရှိတဲ့ အကြော်စုံလား၊ မလှိုင်မုန့်လား၊ ဒါမှ မဟုတ် ဘောလုံးပွဲကြည့်ရင်း သောက်တဲ့ ဘီယာလား၊ ဒါမှမဟုတ် သံဘူးဖျော်ရည်လား၊ ဒါမှမဟုတ် ညအချိန်မတော် ထစားတဲ့ အာလူးကြော်ထုတ်လား၊ ဒါတွေဟာ သင့်ရဲ့ 6 pack abs ရဖို့ စားသောက်မယ့် နည်းလမ်းမှာ ပထမဆုံး ဖယ်ရှားရမယ့် အရာတွေပါပဲ။ ဒီဟာတွေဟာ နေ့စဉ်စားသောက်ဖို့ လိုအပ်တာတွေရဲ့ ပြင်ပက အပိုတွေပါပဲ။ ဒါနဲ့မှ မသေချာသေးဘူး၊ ဒါလေးက အပိုအစာဟုတ်လား ဇဝေဇ၀ါဖြစ်နေရင်တော့ ဒါလေးက အပို အစာဖြစ်နေဖို့ ရာခိုင်နှုန်းများပါတယ်။

ဟုတ်တယ်။ အခု ပြောတဲ့ ပထမအဆင့်ဟာ သင်ကြားချင်တဲ့ အဖြေဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် ဒါဟာ သင်ကြားသင့်တဲ့ အဖြေတစ်ခုပဲ ဖြစ်တယ်။ ဒီအစာတွေ (မကြာခဏ) (သေချာအလေးပေးနိုင်ဖို့ မကြာခဏကို ကွင်းခတ်ပေးထားပါတယ်) စားပြီး 6 pack abs ရမယ်လို့ သင်ထင်နေရင်တော့ အချိန်သာကြာသွားမယ် 6 pack abs ရဖို့ မလွယ်ဖြစ်နေအုန်းမှာပါပဲ၊ ကြိုက်သလောက်စား၊ ဒီဆေးလေးသောက်၊ ဒါမှ မဟုတ် တစ်ခြား ရအောင်လုပ်မယ့် နည်းလမ်းရှိတယ်ဆိုရင်တော့ သင် အလိမ်ခံရပြီလို့သာ မှတ်လိုက်ပေတော့။

အဆင့်၂။ မကြာခဏ စားပါ

မကြာခဏစားပါဆိုလို့ အပျော်မလွန်သွားပါနဲ့အုန်း။ မကြာခဏစားပါဆိုတာ တစ်နေ့တာ သင်စားမယ့် ပမာဏ (ဥပမာ ၁၀၀ဆိုပါစို့) ကို မကြာခဏခွဲစားပါဆိုလိုတာပါ။ ၁၀၀ကို ယခင် ၃ခေါက် (မနက်စာ ၄၀၊နေ့လည်စာ၃၀၊ ညစာ၃၀) စားရင် အခု (မနက်စာ ၄၀၊နေ့လည်စာ၃၀၊ ကြားစာ၂၀၊ ညစာ၁၀) စသဖြင့် ခွဲစားပါပြောတာပါ။ ဒါဟာ နမူနာဖြစ်ပြီး အခြေခံလိုက်နာသင့်တာကတော့ ညစာ ပမာဏကို တစ်ခြား အချိန်စားတဲ့ အစာတွေလောက် မစားပဲ နည်းနိုင်အောင် လုပ်ရင် ရပါပြပီ။

ဘာလို့ မကြာခဏစားပါလို့ ပြောရသလဲဆိုရင် မကြာခဏစားခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူး ၃ခု ကိုရနိုင်ပါတယ်။

-အစာတန်ဖိုးကို ကြည့်တတ်တဲ့ အလေ့အကျင့်ဖြစ်ခြင်း-

6 pack abs ဆိုတာ နေ့ချင်းညချင်းဖြစ်လာတာ မဟုတ်ပါဘူး။ သာမန်လူတစ်ယောက်အတွက်တောင် ကိုယ်ရှိတဲ့ အဆီပမာဏအပေါ်မူတည်ပြီး ၃လလောက် အချိန်ယူရသလို ၀ရင် ၀သလောက် အချိန်ပိုယူရတာ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ ဒီလို အချိန်ကာလ အတွင်းမှာ အစားအသောက်စားတာဟာ အလေ့အကျင့်ဖြစ်သွားဖို့ အရေးပါပါတယ်။ (abs အတွက်တင်မဟုတ်ပဲ ကျန်းမာရေးနဲ့ညီရုံပဲ နေချင်တဲ့ သူတွေအတွက်လဲ ဒီလို စားသောက်နည်းဟာ အကျိုးရှိစေမှာပါ)

အရင်တုန်းက သင်ဟာ အစာကို ဆုတစ်ခုအနေနဲ့ ကြည့်ချင်ကြည့်ခဲ့မယ်။ ပင်ပန်းလာတဲ့နေ့တွေအတွက်ဆို ကျန်းမာရေးနဲ့ မညီလဲ အရသာကောင်းရင် သင့်ကိုယ်သင် ဆုချတဲ့အနေနဲ့ စားမိမှာပါပဲ။ " သားလေး/သမီးလေး တော်တယ်။ေ၇ာ့ ဒီမှာ ကိတ်မုန့်" စသဖြင့် ကလေးဘ၀တုန်းက အမေက ဆုချသလိုပေါ့။ ဒါကို ပြင်ရပါမယ်။

ခဏခဏ စားတိုင်း ခဏခဏ သုံးသပ်ရပါမယ်။ သင်ဟာ အစာကို အရသာရှိလို့ ဆုတစ်ခုအနေနဲ့ စားတာထပ် အစာကို ခန္ဓာကိုယ်အတွက် အသုံးဝင်လို့၊ ကျန်းမာရေးအတွက်ညီလို့၊ ဘ၀လူနေမှုပုံစံ မြင့်ချင်လို့၊ စတဲ့ အချက်တွေနဲ့ ကြည့်ပြီး စားတတ်အောင် သုံးသပ်ရပါမယ်။ မကြာခဏစားလေ၊ မကြာခဏသုံးသပ်လေ၊ အကျင့်ဖြစ်သွားပြီး ရေရှည်လူ့ဘ၀အရသာကို ကျန်းမာစွာနဲ့ ပိုခံစားနိုင်လေဖြစ်လာမှာ မလွဲပါဘူး။ ဒါတင်မဟုတ်ပဲ ရရှိလာမယ့် 6 pack abs ကတော့ အပိုဆုပဲပေါ့။

-Blood sugar level ကို ထိန်းထားပေးခြင်း-

ဒီတစ်ခုကိုတော့ အကျယ်မရှင်းတော့ပါဘူး။ အစာစားတဲ့ အချိန်မှာ အစာစွမ်းအင်ကြောင့် Blood sugar level မြင့်တက်လာပြီး အစာစားပြီးလို့ အချိန် အတိုင်းအတာ တစ်ခု ရောက်သွားရင် sugar level ပြန်ကျသွားတက်ပါတယ်။ Blood sugar level ကို မကြာခဏ အစာစားပေးခြင်းဖြင့် ထိန်းထားနိုင်ပြီး ဒီလိုထိန်းထားနိုင်ခြင်းဟာ သင့်ရဲ့တစ်နေ့တာလုံးကို စွမ်းအင် ပြည့်ဝစေပါလိမ့်မယ်။ အလွယ်ပြောရရင် အစာမစားတာ ကြာသွားရင် အားအင် လျော့တယ် ခံစားရမှာမို့ မကြာခဏ နည်းနည်းစီ စားပေးခြင်းက တစ်နေ့တာလုံး စွမ်းအင် ပြည့်ဝနေစေမှာပေါ့။

- ပမာဏ အများကြီး မစားဖြစ်ခြင်း -

ဒီအစာစားပြီး နောက်ထပ် ၂နာရီ အကွာမှာ သင်ဟာ နောက်တစ်ခေါက်ထပ်စားဖြစ်မယ် သိရင် အများကြီးစားဖြစ်စရာ မရှိပါဘူး။ တစ်ခါတစ်လေ အစာမစားပဲ အနေကြာလို့ ဗိုက်အရမ်းဆာလာရင် နဂိုစားနေကျထပ်၊ စားသင့်တာထပ် အများကြီးပိုစားမိတာ သဘာဝပါပဲ။ ပိုစားမိတဲ့ အစာထဲမှာ တစ်ခါတစ်လေ အပေါ်က အဆင့်၁မှာ မစားသင့်တဲ့ အစာတွေလဲ ပါလာပါလေရော။ ဒါဟာပဲ သင် အဆီချဖို့ လုပ်ထားတဲ့ လေ့ကျင့်ခန်းကို အလဟသ ဖြစ်စေတတ်ပါတယ်။ မကြာခဏစားဖြင်းဟာ ဒီလို အဖြစ်မျိုးကို ကာကွယ်ပေးနိုင်တာမို့ ဒါဟာလဲ အကျိုးကျေးဇူးတစ်ခုပါပဲ။

အဆင့်၃။ ပိုပြီး ကောင်းမွန်စွာ စားခြင်း

အဆင့်၁မှာ ပီဇာတွေ၊ သံဘူးအချိုရည်တွေ၊ မလှိုင်မုန့်တွေ ရှောင်ခိုင်းပြီးလို့ သင်ဟာ ရှောင်ပြီးပြီ။ သင်တစ်နေ့တာ စားသောက်တဲ့ အစားအစာတွေထဲမှာ ဒါတွေ မပါတော့ဘူး။ အဆင့်၂ ကပြောတဲ့ အတိုင်း ဒါတွေမပါပဲနဲ့လဲ မကြာခဏစားနေပြီ။ ဒါဆို အဆင့်၃ အနေနဲ့ ပိုပြီး ကောင်းမွန်စွာစားဖို့ လိုလာပါပြီ။ ဘာကိုဆိုလိုပါလိမ့် ???

ဒီအဆင့်မှာ သင်ဟာ မကောင်းတဲ့ အစားအစာတွေပယ်ပြီး ပိုပြီးကောင်းအောင် စားနေပြီ။ အချိုရည်အစား သင်ဟာ နွားနို့ဖြစ်ဖြစ်၊ သစ်သီးဖျော်ရည်ဖြစ်ဖြစ် အစားထိုးသောက်တတ်နေပြီ။ ထမင်းကြော်အစား ထမင်းဖြူ  ရိုးရိုး၊ သုံးထပ်သားအစား ၀က်သား အသား သန့်သန့် စသဖြင့် ရွေးစားတတ်လာပြီ။ ဒါဟာ အဆင့်၁ အပြီးမှာ တိုးတက်လာမှုဆိုပေမယ့် တကယ် 6 pack abs ရဖို့အတွက် ပြီးပြည့်စုံမှုမဟုတ်သေးပါဘူး။ သင်ဟာ တကယ်စိတ်အားထက်သန်ပြီး လူတိုင်းမှာ မရှိတဲ့ အရာကိုမှလိုချင်တယ်ဆိုရင်တော့ ဒါတွေကို ထပ်တိုးတက်အောင်လုပ်ရပါမယ်။ (ဒီနေရာမှာ ဖြတ်ပြောရမှာကတော့ ဒါတွေအားလုံးဟာ တစ်နေ့ Abs ရလာတဲ့လူတိုင်း ထိုက်တန်ပါတယ်လို့ ၀န်ခံကြပါတယ်၊ Abs တင်မဟုတ်ပါ၊ အခုပြောမယ့် စားသောက်နည်းလမ်းဟာ ကျန်းမာရေးနဲ့ ညီတာမို့ လူတိုင်းလိုက်နာလေ အကျိုးရှိလေလို့ ဆိုပါရစေ)

ဘယ်လို တိုးတက်အောင်လုပ်မလဲဆိုရင် နွားနို့သောက်တဲ့ အခါ သကြားထည့်တက်သူဆိုရင် သကြားကို လျှော့သည်ဖြစ်စေ၊ မထည့်တော့ပဲ ဖြစ်စေ သောက်နိုင်ပါတယ်။ ဒါမှမဟုတ် ဆိုင်တွေမှာ ရောင်းတဲ့ နွားနို့ဝယ်သူတွေ အတွက်ဆိုရင်လဲ ရိုးရိုးဝယ်မယ့်အစား LOW FAT လို့ ရေးထားတဲ့ တံဆိပ်ကို ပြောင်းဝယ်သင့်ပါတယ်။ သစ်သီးဖျော်ရည်ဆိုရင်လဲ သကြားမပါတာ၊ ဒါမှ မဟုတ် သစ်သီးဖျော်ရည်အစား ရေအစားထိုးသောက်တာ စသဖြင့်လုပ်နိုင်ပါတယ်။ (ဒီနေရာမှာ လူတော်တော်များများက သစ်သီးဖျော်ရည်သောက်ခြင်းနဲ့ အဆီချဖို့ ကြိုးစားတဲ့ နည်းတွေ ပြောကြပေမယ့် သစ်သီးဖျော်ရည် များများသောက်တာဟာလဲ မကောင်းပါဘူး။အကျယ်တော့ ဒီဆောင်းပါးမှာ မရေးတော့ပါ၊ အကောင်းဆုံးဟာ ရေပါပဲ၊ )

ကြက်သားဟာ ကောင်းတယ်၊ အမဲသားဟာ ကောင်းတယ်၊ ဒါတွေ သင်ဖတ်ရလို့ စားနေပြီဆိုရင်လဲ ကြက်သားတိုင်း ကောင်းသလားသိဖို့လိုပါတယ်။ ကြက်သားကို ဆီအများကြီးမှာ မီးအပူပြင်းပြင်းနဲ့ အကျွတ်ကြော်ထားတာဟာ မကောင်းပါဘူး။ KFC မှာ ရောင်းတဲ့ ကြက်ကြော်ဟာလဲ ကျန်းမာရေးရှုထောင့်၊ အဆီချချင်တဲ့ ရှူထောင့်က ကြည့်ရင် သိပ်အကောင်းကြီး မဟုတ်ပါဘူး။ ဒီလို ပြင်ဆင် ချက်ပြုတ်ထားတဲ့ ကြက်သားစားနေရင် သင်ဟာ ကောင်းမွန်တဲ့ အစားအစာ စားနေတဲ့လို့ ပြောလို့ မရသေးတာမို့ ဒီအဆင့်၃ မှာ ဒါတွေကို ပြင်ဆင်ရပါမယ်၊ ကျန်းမာရေးနဲ့ ညီတာ၊ အဆီကျဖို့လွယ်ကူစေတာကတော့  ဆီနည်းနည်းနဲ့ ကင်၊ ဒါမှမဟုတ် ချက်ပါ၊

အဆင့်၃မှာ ပြောသလို ပိုပြီး ကောင်းမွန်စွာ စားတတ်လာပါက အဆီကျမြန်တာ၊ ခန္ဓာကိုယ် ပြောင်းလဲလာတာကို အချိန်တို အတွင်းတွေ့ရလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး။ ဒီပြောင်းလဲလာမှုတွေကပဲ သင့်ကို ဒီလို လူနေမှု စနစ်အသစ်ကို သဘောအကျကြီး ကျလာစေမှာပါပဲ။

ဒီလိုနဲ့ အဆင့်၁မှာ မကောင်းတာတွေ ပယ်လိုက်ပြီ၊ အဆင့်၂မှာ အစာနည်းနည်းကို မကြာခဏစားတတ်ပြီ၊ အဆင့်၃ မှာ ပိုပြီး ကောင်းမွန်အောင် ပြင်ဆင်စားတတ်ပြီ။ ဒါဆို အခု အဆင့်၎မှာ ပြောမယ့် အရာကလဲ သင့်ကို အနည်းငယ် အံ့သြစေမလားမသိ။

အဆင့်၎။ ကောင်းတာတွေများများစားခြင်း

6 pack abs ရအောင် စားနည်းဆိုပေမယ့် ဘယ်လို 6 pack abs ဆိုတာလဲ အရေးကြီးသေးတယ် မဟုတ်လား။ အရမ်းပိန်လွန်းတဲ့ လူတောင် 6 pack abs ရှိနိုင်ပေမယ့် ဒါဟာ လူတွေလိုချင်တဲ့ ကျော့ရှင်းတဲ့ Abs မဟုတ်ပါဘူး။ ဘယ်သူမှ ပိန်ကပ်ကပ် Abs ကိုလိုချင်တာမှ မဟုတ်ပဲ။

ဒါဆို ကျော့ရှင်းတဲ့ Abs ရဖို့အတွက် ကြွက်သားတွေဟာ စွမ်းအင်လိုပါတယ်။ ဒီနေရာမှာ ဖြစ်လေ့ရှိတာက အဆင့်၁၊၂၊ ၃ အတိုင်း မကောင်းတဲ့ အစာတွေ၊ ဆီကြော်တွေရှောင်အပြီးမှာ စားတဲ့ အစာဟာ ပိုစားလို့ရပါတယ်။ ဆီကြော်တွေ၊ သကြားတွေ၊ အဆီတွေ မပါတော့တဲ့ နောက်မှာ သင့်ရဲ့ တစ်နေ့တာလိုအပ်တဲ့ စွမ်းအင်အတွက် အရင်စားတာထပ် ပိုစားတောင်မှ အရင်လို ၀လာမှာ မဟုတ်ပါဘူး။ ဥပမာ အရင်ကြက်ကြော် ၁တုံးစားရင်တောင် ၀နေတဲ့ သင်ဟာ ကောင်းမွန်စွာ ချက်ပြုတ်ထားတဲ့ ကြက်သား ၂တုံးစားတောင် အရင်လို ၀စေမှာ မဟုတ်ပါဘူး။

အာဟာရပြည့်တဲ့ အရည်အသွေးမြင့် ချက်ပြုတ်ထားတဲ့ အစားအစာကို များများစားနိုင်လေ၊ ကြွက်သားကြီးထွားနိုင်လေ၊ ပိုကျော့ရှင်းတဲ့ Abs ရလေလို့ ဆိုရမှာပေါ့။

ဒါပေမယ် ဒီလို ကောင်းမွန်စွာ ချက်ပြုတ်ထားတဲ့ အစားအစာ ( အသား၊ငါး၊ ဟင်းသီးဟင်းရွက်) တွေကို များများစားပါဆိုပေမယ့်လဲ အကြမ်းဖျင်း Guide line လေးပေးဖို့လိုလာပါပြီ။

သင်ဟာ ၀နေသူဖြစ်ပြီး အဆီလဲချ၇င်း၊ Abs လဲ ရအောင်လုပ်ရင်း ကြိုးစားနေသူဆိုရင် အစားအသောက်ကို တစ်ပတ် ၁ ပေါင်မှ ၂ပေါင်အထိ ကျအောင် ချိန်စားပါ။ ဒီလို စားတဲ့ အခါ ပြောင်းလဲခါစဆို ခန္ဓာကိုယ်က မသိသာပါဘူး၊ အရှိန်ယူရတယ် ဆိုပါစို့။ ဒါ့ကြောင့်မို့ ၂ပတ်ကို ၂ပေါင်မှ ၄ပေါင်အထိ ကျအောင် ချိန်စားပါလို့ ပြောပါရစေ။

သင်ဟာ ပိန်နေသူဖြစ်ပြီး Abs ရအောင် ကြွက်သားတက်ချင်သူဆိုပါစို့။ တစ်လမှာ ၃ ပေါင် (၂ပတ်မှာ ၁.၅ ပေါင်မှ ၂ပေါင်ထိ) တက်အောင်စားနိုင်ပါတယ်။

အဆင့်၅။ အမြဲ လိုက်နာနိုင်အောင် ကြိုးစားခြင်း

အမြဲ ပြောနေကြအတိုင်းပါပဲ။ ရေရှည်လုပ်နိုင်မယ့် နည်းလမ်းကသာလျှင် အောင်မြင်မယ့် လက်တွေ့ကျကျနည်းလမ်းလို့ ဆိုနိုင်မှာ မဟုတ်လား။

အဆင့် ၁တွေ၊ အဆင့် ၂တွေ၊ အဆင့် ၃။ ၄တွေ လိုက်နာပေမယ့် တစ်ပတ် နှစ်ပတ်ဆို ဘာမှ မထူးပါဘူး။ ၀ရင် ၀သလောက် အချိန်အတိုင်းအတာ တစ်ခုထိ ကြာနိုင်ပေမယ့် အဲဒီ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ ဒီအဆင့်တွေကို တတ်နိုင်သလောက်ထိန်းရပါမယ်။

တစ်ခါတစ်လေ Company Dinner ဖြစ်ဖြစ်၊ သမီးရည်းစား၊ မိသားစု စားသောက်တာဖြစ်ဖြစ်မှာ အနည်းငယ် မကောင်းတာတွေ စားနိုင်ပေမယ့် ဒါတွေဟာ အခေါက်ရေများလို့ မရပါဘူး။ လုံးဝမစားရဘူးလို့ မဆိုလိုပေမယ့် အခေါက်ရေ မများသင့်ဘူးလို့တော့ ပြောရမှာပါပဲ။ ဒါ့ကြောင့် ဒီအဆင့်ဟာ အမြဲ လိုက်နာအောင် ကြိုးစားခြင်း၊ Consistency is the key လို့ ဆိုလိုက်ရခြင်းပါပဲ၊

ပြန် အကျဉ်းချုပ်ရရင် 

၁၊ အသုံးမ၀င်၊ ကျန်းမာရေးနဲ့ မညီတဲ့ အစာတွေရှောင်ပါ။
၂၊ မကြာခဏ စားပါ
၃၊ ပိုပြီး ကောင်းမွန်စွာ စားခြင်း
၎၊ ကောင်းတာတွေများများစားခြင်း
၅၊ အမြဲ လိုက်နာနိုင်အောင် ကြိုးစားခြင်း

ဒီအချက် ၅ချက်ဟာ 6 packs abs ရအောင် စားနည်းအတွက် လက်တွေ့အကျဆုံး ၅ချက်ပါပဲ။ ဒီနေရာမှာ သင်ဟာ ဘယ်လို မှော်ဆန်တဲ့ နည်းများရှိမလဲ မျှော်ကိုးပြီး ဒီအချက် ၅ချက်ကို ဘ၀င်မကျရင်လဲ မတတ်နိုင်ပါဘူး။ ဒီ Page အနေနဲ့ 5 days diet plan၊ 15 days diet plan စသဖြင့် ရောင်းစားဖို့ မရည်ရွယ်သလို၊ မမှန်တာကြီး လူကြိုက်အောင် ပြောဖို့လဲ မရည်ရွယ်ပါဘူး။ သင်ကြားချင်တာ မဟုတ်ပေမယ့် သင်ကြားသင့်တဲ့ အချက်ကိုပဲ အကြံပြုရင်း ဆောင်းပါးကို အဆုံးသတ်လိုက်ရပါကြောင်း။


___________________

မူရင်းတင်ဆက်သူ စာမျက်နှာ - Golden_Dreams❤️

No comments: