Monday, March 25, 2019

Paleo Diet ဘာလဲ …. ဘာလဲ…….?



ဝိတ်ချကြမယ်ဟေ့ ဆိုပြီး အင်တာနက်ပေါ်မှာ Diet Plan တွေ အကြောင်းတက်ရှာ ကြည့်မယ် ဆိုရင် အများကြီး တွေ့ရမှာပါဘဲ။ Keto, Paleo ဘာညာ ကွိကွ ဆိုပြီး တပုံတပင် ကြီးကို ကျလာမှာပါ။ ဒီတော့ အဲ့ဒီ Diet နည်း မျိုးစုံ ထဲကမှ Paleo Diet ဆိုတာ ဘာလဲ……ဘာလဲ ပေါ့။ အကောင်းဆုံး Diet Plan ဖြစ်ပါတယ် ဆိုပြီး ပြောပြောနေကျတော့ စူးစမ်းကြည့်ရအောင်ဗျာ။

Paleo Diet ဘာလဲ……..ဘာလဲ…….?????

Paleo ဆိုတာ Paleolithic ကို အတိုကောက် ယူပြီး ပေးထားတဲ့ နာမည်ပါ။ Paleolithic ဆိုတာကတော့ လွန်ခဲ့တဲ့ နှစ် သန်း ၂.၅ လောက်တုန်းက ခေတ်ပေါ့။ အလွယ်ပြောရရင် ကျောက်ခေတ်။ အဲ့ဒီ ကျောက်ခေတ် တုန်းက လူတွေက ကောက်ပဲသီးနှံတွေကို စိုက်ပျိုးတာမျိုး၊ ကျွဲ၊ နွား၊ ကြက်တွေ တိရိစ္ဆာန် တွေကို မွေးမြူထား တာမျိုး မလုပ်သေးပါဘူး။ အစားအသောက်အတွက် ကိုယ့် ပတ်ဝန်းကျင်မှာဘဲ သဘာဝ အလျောက် ဖြစ်လာတဲ့ အစားအသောက် တွေကိုဘဲ စားသောက်ပြီး နေထိုင်လာကြတာပါ။ ဒီလို သဘာဝ အလျောက်ဖြစ်ပေါ်လာတဲ့ အစားအသောက်တွေကိုသာ စားသောက်ပြီး နေထိုင်တာကြောင့် အဲ့ဒီ ခေတ်တုန်းက လူတွေက ပိုမို ကျန်းမာပြီး သန်စွမ်းကြတယ်ပေါ့။

အဲ့ဒီလိုဘဲ စားသောက်ပြီး နေလာတဲ့ခေတ် ကုန်သွားတဲ့ နောက်ပိုင်း စိုက်ပျိုးမွေးမြူပြီး စားသောက်လာတဲ့ အချိန် နဲ့ ယှဉ်ရင် အဲ့ဒီ Paleolithic ခေတ်ကြီးက အချိန် အရမ်းကို ကြာခဲ့လွန်းပါတယ်။ ဒီတော့ ကျွန်တော်တို့ လူ့ခန္ဓာကိုယ် ကြီး အနေနဲ့ ဒီဖက်ခေတ်က ပြောင်းလဲမှုကြီးကို လက်ခံလို့ လိုက်လံ ကျင့်သုံးဖို့ အတွက်ကို ကျတော့ အချိန်က တိုတောင်းလွန်းတယ်ပေါ့။ ဒါကြောင့်မို့ ဒီ ပြောင်းလဲမှုကြီးကို တွန်းလှန်တဲ့ အနေနဲ့ ဒီဘက်ခေတ်မှာ ခေတ်စားနေတဲ့ ဆီးချိုရောဂါတို့၊ အ၀လွန် ရောဂါတို့ ဖြစ်ပေါ် လာရခြင်း ဖြစ်တယ်ဆိုတဲ့ သဘော။

Paleo Diet ကို နောက်တစ်မျိုး အနေနဲ့ ဂူအောင်းလူသား Diet လို့လည်း ခေါ်တယ်ဗျာ။ ဒီတော့ အဲ့ဒီ Diet မှာ စားသုံးနိုင်တာက မြက်ဘဲ ကျွေးတဲ့ အကောင်တွေဆီက အသားဓာတ်၊ ပြီးရင် မွေးမြူထားတာ မဟုတ်တဲ့ ငါးတို့၊ သဘာဝအတိုင်း ဖြစ်တဲ့ ဥအမျိုးမျိုး၊ သဘာဝ အတိုင်းပေါက်တဲ့ အပင်က အစေ့အဆံ၊ အပင်က ထုတ်တဲ့ ဆီတို့၊ ပြီးရင် အမျှင်ဓာတ်များတဲ့ သဘာဝ ဟင်းသီးဟင်းရွက်၊ အဲ့ဒီနောက်တော့ သဘာဝ အသီးအနှံတွေပေါ့။ Organic ထွက်ကုန်တွေဘဲ ဖြစ်ရမယ် လို့ ပြောရမလိုပါ။ ပြောရမယ်ဆိုရင် အဲ့ဒီ Paleo Diet ထဲ မှာ စားသောက်နိုင်တဲ့ အစားအသောက်တွေ အကုန်လုံးက ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ် ဆိုတဲ့ အစားအသောက်တွေပါဘဲ။ ပြုပြင် ဖန်တီးထားတဲ့ အစားအသောက်တွေ မပါ ပါဘူး။ အဲ့ဒီမှာတင် ကျွန်တော်တို့ အတွက် ကောင်းမွန်တာတွေက Fiber အမျှင်ဓာတ် များစွာရမယ်၊ Potassium ဓာတ် ကောင်းကောင်းရမယ်၊ ဒါအပြင် အဲ့ဒီ အစားအသောက်တွေရဲ့ Nutrients အချက်အလက်တွေကလည်း ကောင်းမွန်ပြီးသား၊ နောက်တစ်ခုကတော့ ခန္ဓာကိုယ်အတွက် ကောင်းမွန်ပါတယ်ဆိုတဲ့ အဆီဖြစ်တဲ့ Omega 3 Fatty Acid တွေကိုလည်း ပြည့်ပြည့်၀၀ ရရှိနိုင်တယ်ပေါ့။ နောက်ပြီး Sodium အ၀င်ပါ လျော့ကျသွားနိုင်ပါတယ်။


ကြားရတာတော့ အားရစရာ၊ လိုက်စားချင် စရာကြီးဗျနော်။ နောက်ပြီး Paleo Diet မှာ စားလို့ မရတဲ့ အစားအသောက် တွေက စပါးတို့ ဂျုံတို့ ပြောင်းတို့ လိုမျိုး စိုက်ပျိုးရတဲ့ ကောက်ပဲသီးနှံတွေ၊ စိုက်ပျိုးရတဲ့ ပဲသီးတို့၊ မြေပဲတို့၊ သန့်စင်ထား၊ ပြုပြင်ထားတဲ့ သကြားတို့၊ နို့ထွက် ပစ္စည်းတို့၊ နောက်တစ်ခုကတော့ ဆားပါ။ အဲ့ဒါတွေ မစားရပါဘူး။ Paleo Diet မှာ နောက်ထပ် ကောင်းမွန်တာတွေကတော့ Lactose Free, Gluten Free ဖြစ်နေတာပါ။

ဒီတော့ကာ Paleo Diet က ကျန်းမာရေးအတွက် ကောင်းမွန်သလို မလိုအပ်ဘဲ ပိုနေတဲ့ ကိုယ်အလေးချိန်ကို လည်း ကျသွားဖို့ ကူညီနိုင်တယ်ပေါ့။ အားရစရာကြီးဗျာ။

ဒါပေမယ့်လို့ Paleo Diet ကို လူတိုင်း လိုက်လုပ်ဖို့ကျတော့ အခက်အခဲတွေ ရှိနေပြန်ရော။ ပထမ စကြုံရမယ့် အခက်အခဲကတော့ Paleo Diet က ကုန်ကျစရိတ် များလွန်းပါတယ်။ ရှာရခက်ပါတယ်။ ဥပမာ Paleo Diet မှာ ပါဝင်တဲ့ အဓိက Protein ရင်းမြစ်တွေ ဖြစ်တဲ့ မြက်ဘဲကျွေးတဲ့ တိရစ္ဆာန် ဆီက အသားတို့၊ သဘာဝ ငါးရိုင်းတို့ ပေါ့။ အဲ့ဒါတွေကို တခြား ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာက ထားလိုက် ရှိချင်လည်း ရှိမယ်ဗျာ။ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်နား သွားရှာ မလဲ။ အမဲသား စားမယ်ဆိုပြီး Organic အမဲသားကို လိုက်ရှာဝယ်ဦး တခြားနေရာတော့ မသိဘူးဗျာ၊ ကျွန်တော်ရှာဖူးသလောက်တော့ မတွေ့သေးဘူး။ နောက်ပြီး ငါး၊ ကျွန်တော်တို့ အလွယ်တကူ ၀ယ်ယူ လို့ရနေတာ များသောအားဖြင့် မွေးမြူရေး ငါးတွေ များပါတယ်။ တွေ့ဖူးသလောက်တော့ ဟင်းသီးဟင်းရွက် အသီးအနှံတွေပါ။ အဲ့ဒါကလည်း သဘာဝ Organic ပါဆိုရင် ဈေးက နှစ်ဆ သုံးဆ မက မြောက်တက်နေပြန်ရော။ ရေရှည် ဘယ်လိုမှ မတတ်နိုင်ဘူး။


နောက်တစ်ခုက Paleo Diet မှာ ကယ်လ်လိုရီကို တိုင်းတာ စရာ မလိုဘူးလို့ ပြောပါတယ်။ Paleo Diet မှာ စားသုံးနိုင်တဲ့ အစားအသောက်တွေက ကျန်းမာရေးအတွက် ညီညွှတ်ပါတယ်ထားဦး ကိုယ့်အတွက် တစ်နေတာ လိုအပ်တဲ့ ကယ်လိုရီထက် ပိုနေရင်တော့ ၀ိတ်က ကျဦးမယ် မဟုတ်ပါဘူး။ ဒါပေမယ့်လို့ တစ်ခု ရှိတာကတော့ Paleo Diet မှာ စားသုံးနိုင်တဲ့ အစားအသောက်တွေက ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ် ဆိုတဲ့ အစားအသောက် တွေဘဲ ဖြစ်တဲ့အတွက်….။ ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ် ဆိုတဲ့ အစားအသောက်တွေကို လူတိုင်း အများကြီး မစားသောက် နိုင်တာကတော့ ပုံမှန်ကိစ္စ။ ဒါကြောင့် ကယ်လိုရီ သိပ်မများခင် ဗိုက်ပြည့်သွားကြပါတယ်။ ဥပမာ ပြောရရင် အသားတို့၊ ဟင်းသီးဟင်းရွက် အသီးအနှံတွေကို စားလို့ ကယ်လိုရီ ၃၀၀ လောက်မှာ ဗိုက်ပြည့် သွားပြီ ဆိုရင် ဒီဘက်ခေတ် က ကယ်လိုရီ သိပ်သည်းတဲ့ အစားအသောက်တစ်ခုဖြစ်တဲ့ ပေါင်မုန့်ပေါ့ဗျာ ဥပမာ ပြောတာ ပေါင်မုန့်စားမယ်ဆိုရင် ကယ်လိုရီ ၈၀၀ လောက်ဝင်မှာ ဗိုက်ပြည့် နိုင်ပါတယ်။ အဲ့ဒီလို ကွာသွားတဲ့ အားသာချက်လေးတော့ ရှိတယ်ပေါ့ဗျာ။ ဒါပေမယ့်လို့ မဆင်မခြင်ဘဲ စားချင်တာ စားဦးမယ် ဆိုရင်တော့ Paleo Diet စားနေဦး ၀ိတ်ကျဖို့အတွက်ကတော့ ကူညီရာ ရောက်ဦးမယ် မဟုတ်ပါဘူး။

နောက်ထပ်ရှိသေးတာက Paleo Diet မှာ ဆန်တို့ ဂျုံတို့ ဘာတို့ပေါ့ဗျာ။ အဲ့ဒါတွေ စားလို့ မရပြန်တော့ လည်း အဆင်က မပြေပြန်။ ကျွန်တော်တို့ ဆီမှာတောင်မှ ထမင်းမစားရရင် မနေနိုင်ဘူး ဆိုတာ မျိုး ရှိတာဘဲလေ။ ခုက နို့ထွက် ပစ္စည်းတွေကော၊ ပဲသီးတွေကော ဘာတွေကော မစားရဘူးဆိုတော့ကာ ကျွန်တော်တို့ အတွက်က တော့ စားစရာ ရှိတော့မယ် မဟုတ်ပါဘူး။

ဒီတော့ကာ ကျွန်တော်ကတော့ လိုက်မစားနိုင်ပါ။ လိုက်လည်း မလုပ်နိုင်ပါ။ မိတ်ဆွေတို့ရော Paleo Diet ကို ကြိုးစားကြည့်ဖူးလားဗျာ။ အတွေ့အကြုံလေး နဲ့ အကြံအဥာဏ် လေးတွေကို Comment မှာ မျှဝေပေးခဲ့ပါဦး။


ချစ်ခင်လေးစားစွာဖြင့်။
Saiaung Thettoe

No comments: