Monday, January 14, 2019

ဆီးချိုဝေဒနာရှင် တိုင်းသိသင့်သော HbA1C အကြောင်း



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
HbA1C ဆိုသည် မှာ Glucose ပေါင်းထားသော သွေးနီဥ Cells ထဲမှ Protein တစ်မျိုးဖြစ်ပါသည်။ ပုံမှန် သွေးနီဥ Cells ထဲမှ Protein သည် ခန္ဓာကိုယ်ထဲမှ သွေးကြော တစ်လျောက် အောက်ဆီဂျင်ကို သယ်ဆောင်ပေးပါသည်။ ထို Protein သည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောအတွင်း Glucose များလာသည် နှင့် အမျှ Glucose နှင့် ပေါင်းစည်းပြီး HbA1C ဖြစ်ပေါ်ပါသည်။ တနည်းအား ဖြင့် ရိုးရှင်းစွာ ဖော်ပြရလျှင် ဆီးချိုဝေဒနာရှင်၏ သွေးသည် သကြားရည်နှင့် တူပါသည်။ ထိုအခါတွင် သာမန်လူနှင့်မတူပဲ သွေးနီဥများတွင် သကြားများ ကပ်နေခြင်းဖြစ်ပါသည်။ သကြားကပ်နေသော သွေးနီဥအား HbA1C ဟုခေါ်ပါသည်။

HbA1C အား မည်ကဲ့သို့တိုင်းတာသနည်း။ ဆီးချိုသွေးချို ဝေဒနာရှင်များ အတွက် မည်ကဲ့သို့ အကျိုးရှိသနည်း။

HbA1C သည် သကြားကပ်နေသော သွေးနီဥ ဖြစ်သော ကြောင့် စစ်ဆေးသော အခါတွင် သွေးဖောက်စစ်ဆေးပြီး တိုင်းတာပါသည်။ သွေးအတွင်းရှိ HbA1C ပမာဏများ မည်မျှရှိသနည်းအား ဓာတ်ခွဲ၍ စစ်ဆေးခြင်းဖြစ်ပါသည်။ သွေးတွင်းရှိ HbA1C ပမာဏများနေခြင်းသည် သွေးတွင်းသကြားဓာတ် ပိုမိုများပြားနေခြင်းဖြစ်ပါသည်။ HbA1C ပမာဏနည်းခြင်းသည် သွေးတွင်း သကြားဓာတ်နည်းခြင်းဖြစ်ပါသည်။ HbA1C စစ်ဆေးခြင်းသည် လက်ထိပ်ဖောက်စစ်ဆေးသော သွေးချိုဓာတ်များနှင့် မတူပဲ ပို၍ တိကျပါသည်။


HbA1C စစ်ဆေးခြင်းသည် မည်ကဲ့သို့ ပို၍ တိကျသလဲ။

လက်ထိပ်ဖောက်စစ်ဆေးခြင်းသည် ယခုတိုင်းတာသည့် အချိန်တွင် ရှိသော သကြားဓာတ်သာ ပြသနိုင်ခြင်းဖြစ်ပါသည်။ အစားစားထားလျှင် တက်သည်၊ အစားမစားထားလျှင် သကြားဓာတ်ကျနေသည်။ ယခုတိုင်းတာသည့် အချိန်တွင် ရှိသော သကြားဓာတ် ပမာဏကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။
HbA1C တိုင်းတာခြင်းသည် ထိုသို့ မဟုတ်ပါ။ HbA1C ဖြစ်ရန်အတွက် အကြမ်းဖျင်း ၃လ အချိန်လိုအပ်ပါသည်။ ထိုကြောင့် သွေးနီဥသည် အချိန်ကြာကြာ သကြားဓာတ်နှင့် ထိတွေ့လျှင် HbA1C ဖြစ်ပေါ်မှု များလေဖြစ်ပါသည်။ ထို့ကြောင့် HbA1C တိုင်းတာခြင်းသည် ၃ လ လုံးလုံး သွေးတွင်းသကြားဓာတ်များ နေခြင်း ရှိမရှိ အား ဖြော်ပခြင်းဖြစ်ပါသည်။ တနည်းအား ဖြင့် ၃ လ လုံးအတွင်းရှိ သကြားပမာဏကို ပျမ်းမျှခြင်း အား ဖော်ပြခြင်းဖြစ်ပါသည်။ ဥပမာ - နံနက်ပိုင်းအစာမစားမီ လက်ထိပ်မှ တိုင်းသော သကြားဓာတ်သည် Normal အတွင်း ရှိသော်လည်း အစားစားပြီး ၂ နာရီအကြာတွင် တိုင်းသော သကြားဓာတ်သည် များနေသော လူနာတစ်ယောက်ဆိုပါစို့။ လက်ထိပ်ဖောက်ပြီး နံနက်အစားမစားမီ စစ်ဆေးသော အဖြေအား ယူပါက ဆီးချိုထိန်းနိုင်သည်ဟု ထင်ရပါသည်။ သို့သော်လည်း အစာစားပြီး ၂ နာရီကြာသော သကြားဓာတ်သည် များနေသည့် အတွက် ထိုလူနာအား HbA1C စစ်ဆေးကြည့်သည့် အခါတွင် များနေမည်ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် HbA1C သည် ၃ လအတွင်း သွေးအတွင်း ရှိနေသော ပျမ်းမျှ သကြားဓာတ်ကို ဖော်ပြသော ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် HbA1C ၏ အားသာချက်မှာ မိမိဆေးသောက်နေသော်လည်း ဆေးအာနိသင် လုံလောက်အောင်ရရှိမရှိ၊ ဆီးချိုသွေးချို ထိန်းသိမ်းမှု ကောင်းမကောင်းအား သွေးဖောက်စစ်ဆေးကြည့်ရုံဖြင့် ၃ လ စာ မှတ်တမ်းအား တိကျသေချာစွာ သိရှိနိုင်သောကြောင့် ဆီးချိုသွေးချို ရှိသော မိဘပြည်သူများအတွက် အကောင်းဆုံးနှင့် အတိကျဆုံး စစ်ဆေးမှု ဖြစ်ပါသည်။

ဆီးချိုရောဂါ ရှင်များတွင် HbA1C များနေလျှင် ဆီးချိုနှင့် ပက်သက်သည့် နောက်ဆက်တွဲ ဝေဒနာများအား ခံစားရနိုင်ခြေများ လေလေဖြစ်ပါသည်။ HbA1C စမ်းသပ်မှုကို ၃ လ တစ်ကြိမ် ဖြစ်စေ၊ ၆ လ တစ်ကြိမ်ဖြစ်စေ လုပ်ဆောင်ပေးသင့်ပါသည်။ စစ်ဆေးမှု ရလဒ် အရ မိမိအနေဖြင့် မိမိဆီးချိုရောဂါ ထိန်းသိမ်းရာတွင် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိမရှိ သိမြင်စေနိုင်ပါသည်။

ဆီးချိုသွေးချို ဝေဒနာရှင်များ သည် သွေးတွင်းသကြားဓာတ်ကို ဘယ်လို အကောင်းဆုံးထိန်းမလဲ။

ဆီးချိုသွေးချို ဖြစ်ပေါ်ပါက ဆီးချိုသွေးချို အထူးကုသမားတော်နှင့် ပြသပြီး ကုသမှု ခံယူရမည်ဖြစ်ပါသည်။ သွေးချို ကျဆေးသောက်သည့် အခါတွင် သွေးချိုသည် ကျမည်ဖြစ်ပါသည်။ ကျခြင်းသည် မထူးဆန်းပါ။ အရေးကြီးသည် မှာ တစ်နေ့ ၂၄ နာရီ ရှိသည့်နေရာတွင် မိမိခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်သည် ၂၄ နာရီလုံး သာမန်လူတစ်ယောက်၏ သကြားဓာတ် ပမာဏ Range အတွင်း ဝင်နေရန် အရေးကြီးပါသည်။ ထို့ကြောင့် ဆေးသောက်ရုံနှင့် မပြီးပဲ မိမိသောက်နေသော ဆေးသည် တကယ်တမ်း ထိရောက်မှု ရှိမရှိသည် အရေးကြီးပါသည်။ တချို့သော လူနာများတွင် ဆေးသောက်နေသော်လည်း မနက်အစားမစားမီ သကြားဓာတ်များနေခြင်း၊ အစာစားပြီး ၂ နာရီကြာ သကြားဓာတ်များနေခြင်းများရှိတတ်ပါသည်။ ထိုကဲ့သို့ ဖြစ်နေပါက သကြားဓာတ်ထိန်းရာတွင် လိုအပ်ချက်ရှိနေသောကြောင့်ဖြစ်ပါသည်။ ထိုကဲ့သို့သောလူနာများတွင် HbA1C စစ်ဆေးကြည့်ပါက များနေမည်ဖြစ်ပါသည်။ ထိုအခါတွင် ဆီးချိုသွေးချိုအထူးကု သမားတော်များမှ သောက်သုံးနေသော ဆေးများအား အထိရောက်ဆုံးဖြစ်အောင် ပြန်လည် ညှိုနှိုင်း ဆေးပြန်ချိန်ပေးမည်ဖြစ်ပါသည်။

ဆီးချိုသွေးချိုမရှိသော သူများ၊ ဆီးချိုသွေးချို စတင် ဖြစ်ချင်နေသူများအတွက် မည်ကဲ့သို့ သိရှိအောင်လုပ် မည်နည်း။

များသောအားဖြင့် ဆီးချိုသွေးချို တက်နေခြင်းအား မသိရှိသည်မှာ များပါသည်။ ဆီးချိုသွေးချို ရောဂါ လက္ခဏာများ ဖြစ်သည့် လူနုံးခြင်း၊ ဆီးခဏခဏသွားခြင်း၊ ရေငတ်ခြင်း များသည် သတိထားမိသည့်သူ နည်းပါသည်။ အခန့်မသင့်၍ ဆေးရုံဆေးခန်းပြရင်းဖြင့် သကြားဓာတ်စစ်ဆေးကြည့်ခြင်း ဖြင့်သော်လည်းကောင်း၊ အနာတစ်ခုခုဖြစ်၍ အနာမကျက်ဖြစ်သော သူများတွင် လည်းကောင်း လက်ထိပ်ဖောက်သွေးချို စစ်ဆေးကြည့်ရင်းဖြင့်သာ မိမိတွင် သွေးချိုဆီးချို ဖြစ်နေမှန်းသိခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဆီးချိုသွေးချို ဝေဒနာရှင်များသည် များသောအားဖြင့် အသိနောက်ကျလေ့ရှိပါသည်။ တချို့သော ဝေဒနာရှင်များသည် HbA1C စစ်ဆေးကြည့်သည့်အခါတွင် များနေသော အခါတွင် မှ ဆီးချိုသွေးချို ရှိမှန်း သိခြင်းမျိုးရှိပါသည်။ ထို့ကြောင့် မည်သူမဆို အသက် ၄၀ ကျော် သော မိဘပြည်သူများတိုင်း HbA1C အား စစ်ဆေးပေးသင့်ပြီး HbA1C နည်းနေလျှင် သွေးချို ဆီးချို မရှိပဲ စိတ်အေးလက်အေး နေထိုင်နိုင်ပါသည်။


HbA1C ပမာဏ ၆ ရာခိုင်နှုန်းသာ ရှိလျှင် ဆီးချိုရောဂါ မရှိဟုယူဆရပါသည်။ ၆ ရာခိုင်နှုန်းမှ ၆.၄ ရာခိုင်နှုန်းအထိ ရှိလျှင် ဆီးချို အစပျိုးအဆင့်၊ HbA1C 6.5% အထက်ရှိပါက ဆီးချိုရောဂါဟု သတ်မှတ်ထားပါသည်။

HbA1C များနေသည့် လူနာများအနေဖြင့်လည်း မိမိ ဆီးချိုသွေးချို ဖြစ်နေသည်အား ကြိုတင်သိရှိသည့် အတွက် အစားအသောက် အနေအထိုင် ဆင်ခြင်ခြင်း၊ လိုအပ်သော ဆေးများသောက်သုံးခြင်းဖြင့် ဆီးချိုသွေးချို နောက်ဆက်တွဲ အန္တရာယ်များဖြစ်သော နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ခြေဖျားလက်ဖျားများ ထုံကျင်ခြင်း အစရှိသော နောက်ဆက်တွဲဆိုးကျိုးများအား ကာကွယ်နိုင်မည်ဖြစ်ပါသည်။
မိသားစု မျိုးရိုးထဲတွင် ဆီးချိုရောဂါ ရှိနေလျှင် ဆီးချိုရောဂါ နှင့် ချိတ်ဆက်သော နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးအဆီများသော ရောဂါ ရှိနေလျှင် သွေးတိုးရောဂါ ရှိလျှင် ကိုယ်အလေးချိန်များနေလျှင် အထူးသဖြင့် ဗိုက်အဆီများနေလျှင်၊ ဆီးချိုရောဂါ လက္ခဏာများ မိမိတွင် ရှိနေလျှင်၊ ဆီးချိုသွေးချိုရောဂါ နှင့် တွဲနေတတ်သော ရောဂါများဖြစ်သော သွေးတွင်းအဆီးများခြင်း၊ ရင်ဘတ်အောင့်ခြင်း ခံစားနေရသော နှလုံးရောဂါ ဝေဒနာရှင်များ၊ ဆေးလိပ်ကြာရှည် သောက်သုံးနေသူများ၊ ကျောက်ကပ်ရောဂါ ဝေဒနာရှင်များ တွင် ဆီးချိုသွေးချို မစစ်ဆေးရသေးပါက သေချာအောင် HbA1C သွေးဖောက်စစ်ဆေးပြီး ဆီးချိုသွေးချို ဖြစ်နေပါက နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော နှလုံးပျက်စီးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းများ မဖြစ်အောင် ကြိုတင်ကာကွယ် ကုသသင့်ပါသည်။

ဆီးချိုသွေးချိုရှိနေသော ဝေဒနာရှင်များ၊ ဆီးချိုသွေးချို အစပျိုးအဆင့် ဖြစ်နေသော မိဘပြည်သူများ အနေဖြင့် လည်း မိမိတို့ ကုသခံယူနေသော ဆီးချိုသွေးချို ဆေးများ ထိရောက်မှုအား သွေးတွင်း ရှိ HbA1C အား ၃လ တစ်ကြိမ် စစ်ဆေးပေးခြင်းအား ဖြင့် သောက်ဆေးများသည် မိမိ တို့ သွေးတွင်း သကြားဓာတ်အား ကောင်းမွန်စွာ ထိန်းထားနိုင်ခြင်း ရှိမရှိအား တိကျစွာ သိနိုင်ပါသည်။ HbA1C အဖြေအပေါ်မူတည်၍ Control မရသေးသော ဆီးချိုသွေးချို ဝေဒနာရှင်များအား ဆေးချိန်ညှိုပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော ကုသမှုအား ခံယူနိုင်ပြီ ဖြစ်ပါသည်။

No comments: