Friday, January 18, 2019

မလေးရှားပဲနံ့သာအုန်းနို့ထမင်း - မရန်းသီးနှင့် မြေပဲကြော်ထမင်းသုပ် - ငါးပုပ်ခြောက်ကြော် ထမင်းသုပ်-၀က်အူချောင်းထမင်းကြော်

မလေးရှားပဲနံ့သာအုန်းနို့ထမင်း


ပါဝင်ပစ္စည်းများ
ဆန်လုံးညို                                - ၃ ခွက် ( ထမင်းပေါင်းအိုးထဲက ခွက်) ရေစိမ်ထားပါ ၅-၆ နာရီ
ကောက်ညှင်းဆန်                        - ၁ ၁/၂ ခွက် (ထမင်းပေါင်းအိုးထဲက ခွက်)ရေစိမ်ထားပါ
အုန်းနို့                                       - ၄၀၀ မီလီလီတာ
ဆား                                         - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချင်း                                          - ၂၀ ဂရမ် (အမြှောင်းသေးသေးလှီးထားပါ)
ကြက်သွန်နီ                                 - ၅၀ ဂရမ် (ပါးပါးလှီးထားပါ)
ပဲနံ့သာ                                       - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်ပုံ
1. ဆန်ကို အနည်းဆုံး ၅-၆ နာရီခန့် ရေစိမ်ထားပါ။
2. ပြီးလျှင်  ရေသွန်ပြီး ဆန်ခါဖြင့်စစ်ထားပါ။ ပေါင်းအိုးထဲရေထည့်ပြီး ဆူအောင်တည်ထားပါ။
3. ရေစစ်ထားတဲ့ဆန်ကို ပိတ်စခင်းထားတဲ့ ပေါင်းအိုးထဲထည့်ပြီး ၂၀-၂၅ မိနစ်ခန့်ပေါင်းပါ။
4.  ပြီးလျှင် ပေါင်းအိုးထဲမှထုတ်ပြီး မကျက်တကျက်ထမင်းကို ဇလုံထဲထည့်ပါ။ ပြီးလျှင် အုန်းနို့တစ်ဝက်ထည့်ပြီး မွှေပါ။
5. ပြီးလျှင် ပေါင်းအိုးထဲပြန်ထည့်ပြီး  ၁၅ မိနစ်ခန့် ပေါင်းပါ။
6. ထမင်းပေါင်းနေစဉ်မှာ ကျန်ရှိနေတဲ့ အုန်းနို့တစ်ဝက်ကို ဇလုံထဲထည့်ပါ။ ပြီးလျှင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ ချင်း၊ ပဲနံ့သာနဲ့ဆားထည့်ပြီး မွှေထားပါ။
7. မွှေထားတဲ့ အုန်းနို့ကို ကျက်ခါးနီးဖြစ်နေတဲ့ ပေါင်းအိုးထဲမှ ထမင်းပေါ်လောင်းထည့်ပြီး မွှေပေးပါ။ ပြီးရင် ၁၅ မိနစ်ခန့်ထပ်ပြီး ပေါင်းပါ။

သခွားသီးသုပ်
ပါဝင်ပစ္စည်းများ
သခွားသီး                        - ၅၀၀ ဂရမ် (ထက်ခြမ်းခြမ်းပြီးပါးပါးလှီးထားပါ)
မုန်လာဥနီ                        - ၂၀၀ ဂရမ် (ပါးပါးလှီးထားပါ)
ငရုတ်သီးမှည့်အတောင့်ရှည်       - ၂ တောင့် (ပါးပါးလှီးထားပါ)
နာနတ်သီး                        - ၃၀၀ ဂရမ် (အတုံးသေးသေးတုံးထားပါ)
ရှလကာရည်                     - စားပွဲဇွန်း ၆ ဇွန်း
ဆား                                -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား                             - စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်ပုံ
1. ဇလုံကြီးထဲကို ရှလကာရည်၊ ဆား၊ သကြားထည့်ပြီး သကြားအရည်ပျော်အောင် မွှေပေးပါ။
2. ပြီးလျှင် အဆင်သင့်လှီးထားတဲ့ ဟင်းသီးဟင်းရွက်ထည့်ပြီး ရောမွှေပေးပါ။

မရန်းသီးနှင့် မြေပဲကြော်ထမင်းသုပ် (Marian and Peanut Fried with Rice Salad)



by Syi Lwin Foods Garden 


          ချဉ်ချဉ်စပ်စပ်ကြိုက်သူများအတွက် မရန်းသီးမြေပဲကြော်ကို ထမင်းဖြင့် ရှယ်သုပ်စား ကြည့်လိုက်တော့ အရမ်းမိုက်တယ်။

ပါဝင်ပစ္စည်းများ

မရန်းသီးစိမ်း  –  ၁၅ ကျပ်သား (အစေ့ထုတ်ပြီး နုပ်နုပ်လှီးထားပါ)

ဆား  –  နည်းနည်း

မြေပဲ  –  စားပွဲဇွန်း ၄  ၁/၂ ဇွန်း (မညက်တညက် ထောင်းထားပါ)

ဆီ  –  လိုသလောက်

အုပ်စု (က)

ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

အသီးအရွက်ဆီ  –  စားပွဲဇွန်း ၈၊ ၉ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်နီ  –  ၃ လုံး (ထောင်းထားပါ)

ကြက်သွန်ဖြူ  –  ၄ မြွှာ (ထောင်းထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

အသုပ်သုပ်ရန် (အုပ်စု ခ) ၂ ယောက်စာ သုပ်ရန်

ထမင်း  –  ၂ ခွက်

ခရမ်းချဉ်သီး  –  ၂ လုံး (ပါးပါးအရှည်များ လှီးထားပါ)

နံနံပင်  –  ၃ ပင် (အရွက်များ ခြွေထားပါ)

ကြက်သွန်ဖြူကြော်  –  စားပွဲဇွန်း ၁ ဇွန်း

ငံပြာရည်  –  အနည်းငယ်

ဆား  –  အနည်းငယ်

နှမ်းဖြူ/နက်  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       အကြော်အိုးထဲ ဆီထည့်ပါ။ ဆီပူလာလျှင် အုပ်စု (က) မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် နနွင်းမှုန့်တို့ကို ဆီသတ်ပါ။ နွမ်းလာလျှင် အုပ်စု (က) မှ ကျန်ပါဝင်ပစ္စည်းများထည့်ပြီး နှံ့အောင်မွှေပါ။

၂။       အားလုံးမွှေပြီး  ရွှေရောင်သန်းလာလျှင် မြေပဲများ ထည့်ပါ။ အနည်းငယ်ခြောက်ပြီး မြေပဲကြွပ်လာလျှင် မရန်းသီးများ ရောပါ။

၃။       နှံ့အောင် မွှေပါ။ မရန်းသီးနွမ်းလာလျှင် ရပါပြီ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။ ပြီးလျှင် မီးဖိုပေါ်မှ ချထားပါ။

၎။       ဖန်ဇလုံကြီးထဲ ၂ ယောက်စာ အုပ်စု (ခ) မှ ပါဝင်ပစ္စည်းများ ထည့်ပါ။ ပြီးလျှင် မရန်းသီးအနှစ်ကို လိုသလောက် စားပွဲဇွန်း ၄၊ ၅ ဇွန်းခန့် ထည့်ပြီး လက်ဖြင့် သေချာနယ်ပါ။ ဆားမြည်းပြီး လိုတာဖြည့်ပါ။  ထမင်းသုပ်ကို  ပဲဟင်း၊ ဘူးသီးဟင်းခါးတို့နဲ့ တွဲစားမည်ဆိုလျှင် အလွန်လိုက်ဖက်ပါတယ်။

*        မှတ်ချက် – မြေပဲကြော်နှင့်လည်း တွဲစားလို့ရပါတယ်။

ငါးပုပ်ခြောက်ကြော် ထမင်းသုပ် (Fried Mergui Salted Fish with Rice Salad)



by Syi Lwin Foods Garden 

          လေးပင်သော အငန်ဓာတ်ကို ကြိုက်နှစ်သက်တဲ့ သူများအတွက် ငါးပုပ်ခြောက်အငန် အရသာဖြင့် တီထွင်ထားသော ထမင်းသုပ်က စားပြီးလျှင် ပြီးပြည့်စုံ တင်းတိမ်စေပါတယ်။ သုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ  ငါးပုပ်ခြောက်ကြော်ရန် (အုပ်စု က)

ငါးပုပ်ခြောက်  –  ၁၅ ကျပ်သား (အတုံးသေးသေးများ တုံးထားပါ)

ငရုတ်သီးခွဲခြမ်း  –  စားပွဲဇွန်း ၂ ဇွန်း

အသီးအရွက်ဆီ  –  စားပွဲဇွန်း  ၇၊ ၈ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း  ၁  ၁/၂ ဇွန်း

ကြက်သွန်နီ  –  ၃ လုံး (ထောင်းထားပါ)

ကြက်သွန်ဖြူ  –  ၄ မြွှာ (ထောင်းထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

အသုပ်သုပ်ရန် (အုပ်စု ခ) ၂ ယောက်စာ သုပ်ရန်

ထမင်း  –  ၂ ခွက်

ပူဒီနာ  –  ၃ ပင် (အရွက်များြွေခထားပါ)

ကြက်သွန်ဖြူ/နီကြော်  –  စားပွဲဇွန်း ၁ ဇွန်း

ငံပြာရည်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ဂေါ်ဖီ  –  ခွက်တစ်ဝက် (ဟင်းချက်ရန်တိုင်းသောခွက်)

သံပရာရည်  –  စားပွဲဇွန်း ၁၊ ၂ ဇွန်း  (လိုသလောက်ထည့်ပါ)

ပြုလုပ်နည်း

၁။       အကြော်အိုးထဲ ဆီထည့်ပါ။ ဆီပူလာလျှင် အုပ်စု (က)မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် နနွင်းမှုန့်တို့ကို ဆီသတ်ပါ။ ကြက်သွန်နွမ်းလာလျှင် အုပ်စု (က) မှ ကျန်ပါဝင်ပစ္စည်းများထည့်ပြီး နှံ့အောင် မွှေပါ။

၂။       အားလုံးမွှေပြီး ရွှေရောင်သန်းလာလျှင် ငါးပုပ် ခြောက်တုံးများ ထည့်ပါ။ ကြက်သွန်အနှစ်ဖြင့် သေချာရောအောင် မွှေပါ။

၃။       နှံ့အောင် မွှေပါ။ ငါးပုပ်ခြောက် အနည်းငယ်ကြွပ်ပြီး အနံ့မွှေးလျှင် ဆားမြည်းပါ။ လိုတာ ထပ်ဖြည့်နိုင် ပါတယ်။ ပြီးလျှင် မီးဖိုပေါ်မှ ချထားပါ။

၎။       ဖန်ဇလုံကြီးထဲ ၂ ယောက်စာ အုပ်စု (ခ) မှ ပါဝင်ပစ္စည်းများ ထည့်ပါ။ ပြီးလျှင် ဆီသတ်ထားသော ငါးပုပ်ခြောက်အနှစ်ကို လိုသလောက် စားပွဲဇွန်း ၄၊ ၅ ဇွန်းခန့်ထည့်ပြီး လက်ဖြင့်သေချာနယ်ပါ။ ဆားမြည်းပြီး လိုတာဖြည့်ပါ။  ကြက်သွန်နီ/ဖြူကြော်များကို အသုပ်ပေါ်မှ ထပ်ဖြူးပြီး ချက်ချင်းသုံးဆောင်ပါ။ ထမင်းသုပ်ကို  ပဲဟင်းရည်ကျဲ၊  ဘူးသီးဟင်းခါး၊ ချဉ်ပေါင်ရွက်ဟင်းရည်သောက်တို့ဖြင့် တွဲစားမည်ဆိုလျှင် အလွန်လိုက်ဖက်ပါတယ်။

*        မှတ်ချက် – လတ်ဆတ်တဲ့ ပူဒီနာရွက်များများဖြင့် တို့စားလျှင်လည်း လိုက်ဖက်ပါတယ်။

ချိပ်ဆိုး ထမင်းသုပ်



by Meemeetofu 

          ဒီထမင်းသုပ်လေးကို ကေတုမတီသူ မမြမြမူက မကြာခဏ Facebook ပေါ်မှာ တင်လို့ တွေ့ခဲ့ဖူးပြီး မြည်းစမ်းကြည့်ချင်နေတာ ကြာလှပြီ။ ကံကောင်းချင်တော့ တောင်ငူခရီးစဉ်မှာ သူငယ်ချင်းတစ်အုပ်စုလုံးအတွက် ချိပ်ဆိုးထမင်းသုပ်လေး လုပ်ကျွေးတော့ တစ်ခါမျှမစားဘူးတဲ့ ထူးဆန်းလှတဲ့ ဒေသစာလေးကို စားခွင့်ကြုံခဲ့ပါတယ်။  ချိပ်လေးတွေကို လက်ဆောင်ပေးလိုက်လို့ အမေရိကန်အထိ သယ်လာခဲ့နိုင်ပြီး ကိုယ့်ဘာသာပြန်လုပ်စားဖြစ်လို့ မမြမြမူကို အများကြီး ကျေးဇူးတင်မိပါတယ်။

ပါဝင်ပစ္စည်းများ (၄ ပွဲစာ)

ဆန်  –  ချိန်ခွက် ၂ ခွက်

ချိပ် (ဆိုးဆေး)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

တိုဟူး  –  ၂၀ ကျပ်သား

နံနံပင်  –  ၁၀ ခက်

ငရုတ်သီးကြော်ထောင်း

ငံပြာရည်

မန်ကျည်းရည်

သကြား (သို့) ထန်းလျက်

ကြက်သွန်ဖြူဆီချက်


တွဲဖက်စားရန်

အမဲသားကြော်၊ ဝက်နံရိုးကြော်၊ ငါးသလဲထိုးကြော်

ငါးမုန့်ကြော်

ကြက်သွန်ဖြူ

ဂျူးမြစ်

ငရုတ်သီးခြောက်ကြော်

ပြုလုပ်နည်း

၁။       ချိပ်ဆိုးဆေးကို ရေဖြင့် တစ်ညစိမ်ထားပါ။ ရေမစိမ်ဘဲ ရေဆူဆူမှာ ထည့်ပြုတ်လိုက်လျှင် အချိန်တိုအတွင်းမှာ အရောင်ရနိုင်ပါတယ်။ အဖတ်တွေမပါအောင် ကော်ဖီစစ် (သို့) ပိတ်စိမ်းပါးသန့်သန့်နဲ့ ချိပ်ရည်ကို စစ်ယူထားပါ။

၂။       ဆန်ကို ရေဆေးပြီး ရေအစား ချိပ်ဆိုးဆေးရည်ကို ဆန်ချိန်ခွက်နှင့်ချိန်ပြီး ထည့်ပါ။ မိမိချက်နေကျ ဆန်အတွက် ထည့်နေကျ ရေအချိုးအတိုင်း ချိန်ထည့်ပါ။

၃။       ပုံမှန်ထမင်းချက်သည့်အတိုင်း ထမင်းချက်ပေါင်းအိုးဖြင့် ချက်ပါ။ ထမင်းကျက်လျှင် ဇွန်းဖြင့် ဖွထားပါ။

၎။       ထမင်းရဲ့ ၄ ပုံ ၁ ပုံကို ပန်းကန်ထဲ ထည့်ပါ။ တိုဟူးကို ပါးပါးလှီးထည့်ပါ။

၅။       မန်ကျည်းအချဉ်ရည်ကို ပျစ်ပျစ်ဖျော်ပြီး ထည့်ပါ။

၆။       မန်ကျည်းအချဉ်ကို ထိန်းဖို့အတွက် သကြား (သို့) ထန်းလျက် အနည်းငယ်ထည့်ပါ။

၇။       ငရုတ်သီးကြော်ထောင်း၊ ငံပြာရည်၊ မန်ကျည်းရည်၊ ကြက်သွန်ဖြူဆီချက်နှင့် နံနံပင်တို့ကိုထည့်ပြီး နယ်လိုက်လျှင် လှပပြီး ဆွဲဆောင်မှုရှိတဲ့ ချိပ်ဆိုးထမင်း တိုဟူးသုပ်လေးက သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

ဝက်နံရိုးကြော်ရန် ပါဝင်ပစ္စည်းများ

ဝက်နံရိုး  –  ၂၅ ကျပ်သား

ဟင်းချက်ဝိုင်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပဲငံပြာရည်  –  အနည်းငယ်

သကြား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဆား  –  အနည်းငယ်

ငါးငံပြာရည်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

အကြော်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ပြောင်းကော်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း


ဝက်နံရိုးကြော်ကြော်နည်း

၁။       ဝက်နံရိုးကို ရေဆေးပြီး အတုံးသေးများ တုံးထားပါ။ ခြောက်သွေ့သွားအောင် ရေစစ်ပါ။ လက်သုတ်စက္ကူ နဲ့ ဖွဖွဖိပြီး ရေသုတ်ပါ။ ပါဝင်ပစ္စည်း ဟင်းချက်ဝိုင်မှ ငရုတ်ကောင်းမှုန့်အထိ ထည့်ပြီး နယ်ပါ။ ရေခဲသေတ္တာ မခဲတဲ့အထပ်မှာ မိနစ် ၃၀ ခန့် နှပ်ထားပါ။

၂။       ဝက်နံရိုးကို ပြောင်းကော်မှုန့်၊ အကြော်မှုန့် ဆတူနီးပါး ထည့်နယ်ပါ။ ရေကို နည်းနည်းချင်း ထည့်ပြီးနယ်ပါ။ ရေမများသွားစေရန် သတိထားပါ။ ဆီကို အိုးထဲ ၁ လက်မခွဲခန့် ထည့်ပါ။ မီးအလယ်အလတ်ဖြင့် ကြော် ပါ။ ရွှေအိုရောင်အနေအထားမှာ ဆယ်ယူပြီး ဆီစစ်ပါ။ ပြီးလျှင် ကြွပ်ရွပြီး မွှေးတဲ့ ဝက်နံရိုးကြော်ကို ရပါပြီ။

ဝက်အူချောင်းထမင်းကြော်


by အံ့ဝင့်ထွဋ် 

ပါဝင်ပစ္စည်းများ

ထမင်း  –  ၁ ပွဲစာ

ဝက်အူချောင်း  –  ၂ ချောင်း

ကြက်ဥ  –  ၁ လုံး

ပြောင်းဖူးသေး  –  ၂ ချောင်း

ဗိုလ်စားပဲ  –  ၂ တောင့်

မုန်လာဥနီ  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၂ မြွှာ

ကြက်သွန်မြိတ်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်



ပြုလုပ်နည်း

၁။       ဗိုလ်စားပဲတောင့်၊ ပြောင်းဖူးသေးနှင့် မုန်လာဥနီတို့ကို အတုံးငယ်များအဖြစ် လှီးဖြတ်ထားပါ။

၂။       ဝက်အူချောင်းကိုလည်း ပါးပါးလှီးပါ။

၃။       ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ကြက်ဥထည့်ပြီး မွှေပါ။

၎။       ဝက်အူချောင်းထည့်ပြီး ဝက်အူချောင်းရဲ့အနံ့နဲ့ ဆီထွက်လာပြီဆိုလျှင် လှီးထားတဲ့ ပြောင်းဖူးသေး၊ မုန်လာဥနီနှင့် ဗိုလ်စားပဲတို့ကို ထည့်ပါ။ အရသာများထည့်ပြီး ထမင်းထည့်ပါ။

၅။       ထမင်းကြော်လည်းကျက်ပြီ၊ အရသာလည်း အနေတော်ဖြစ်ပြီဆိုလျှင်  ပန်းကန်မှာပြင်ကာ ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

No comments: