Thursday, January 17, 2019

*** အသည်းရောဂါအတွက် အစွမ်းထက်သည့် ဆူးပန်းလုံးပင် ***



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#ဒေါက်တာခင်မောင်လွင်

💥 MWD: ဆရာရှင့်... အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ အသည်းရောဂါဖြစ်ပွားနှုန်းဟာ တဖြည်းဖြည်းမြင့်မားလာနေတယ်လို့ Media တွေကနေ ပြောဆိုထုတ်လွှင့်နေတာ တွေ့မြင်ကြားသိနေရပါတယ် ဆရာ…
ဒီလိုအသည်းရောဂါတွေကို ကုသတဲ့အခါမှာ အသုံးပြုတဲ့ အနောက်တိုင်းဆေးဝါးတွေရှိသလို သဘာဝဆေးဖက်ဝင်အပင်တွေထဲမှာ နာမည်ကျော်ကြားလှတဲ့ ဆူးပန်းလုံးဆေးပင်အကြောင်း ဆွေးနွေးချင်ပါတယ်... ပထမဆုံးအနေနဲ့ ဒီအပင်ရဲ့သဘာဝလေးတွေကို အရင်ဆုံးရှင်းပြပေးပါ ဆရာ...

Dr.KML: ဆူးပန်းလုံးပင်ကို အင်္ဂလိပ်အမည်အနေနဲ့ Milk Thistle လို့ခေါ်ပါတယ်... Marian Thistle ဒါမှမဟုတ် St Mary’s Thistle လို့လည်း ခေါ်လေ့ရှိပါတယ်... ရုက္ခဗေဒအမည်ကတော့ Silybum marianum လို့ခေါ်ပါတယ်... သူ့ရဲ့မူရင်းဒေသကတော့ မြေထဲပင်လယ်ဒေသ (Mediterranean region) ဖြစ်ပြီး အဲ့ဒီဒေသတွေမှာတော့ First Century AD မတိုင်မီကတည်းက ပေါက်ရောက်ခဲ့ပြီးဖြစ်ပါတယ်...
သူဟာ ပူပြင်းခြောက်သွေ့ပြီး ကျောက်တုံးကျောက်ဆောင်တွေနဲ့  စိုက်ပျိုးလို့မရတဲ့ဒေသတွေမှာ သဘာဝအလျောက်ပေါက်ရောက်ပါတယ် (dry rocky soil of waste places)… အပင်ကတော့ ၁  ပေကနေ ၃ ပေထိရှည်ပြီး တစ်နှစ်ပတ်လုံး ပေါက်ရောက်တဲ့အပင်ဖြစ်ပါတယ်… အရွက်တွေမှာ ဆူးတွေပါဝင်ပြီး အပွင့်ကလည်း ဆူးလေးတွေလုံးထားတဲ့ပုံသဏ္ဍာန်ရှိလို့ ဆူးပန်းလုံးလို့ မြန်မာလိုခေါ်ရခြင်းဖြစ်ပါတယ်... အချို့ဒေသတွေမှာ ဆူးလေလို့လည်း ခေါ်ကြတယ်...
Milk Thistle လို့ခေါ်ရတဲ့အကြောင်းကတော့ အရွက်ကိုခြစ်လိုက်ရင် နို့ရည်လို ဖြူဖွေးတဲ့အရည်တွေ ထွက်လာလို့ရယ်၊ အသီးသီးတဲ့အခါ အခွံမာအစေ့မာသီးဖြစ်လို့ Thistle လို့ခေါ်တာရယ် ပေါင်းလိုက်ပြီးMilk Thistle လို့ခေါ်ရခြင်းဖြစ်ပါတယ်...

💥 MWD: ကျွန်မတို့မြန်မာနိုင်ငံမှာရော ဘယ်ဒေသတွေမှာ ပေါက်ရောက်ပါသလဲ ဆရာ... စိုက်ပျိုးလို့ရော ရပါသလား...

Dr.KML: သူက ပူပြင်းခြောက်သွေ့ပြီး သဲဆန်တဲ့မြေ၊ ကျောက်တုံးတွေကြားမှာပေါက်တာဆိုတော့ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းနဲ့ မန္တလေးတိုင်းဒေသတွေမှာ သဘာဝအလျောက် ပေါက်ရောက်တာ တွေ့ရပါတယ်... ဒီနေ့အထိတော့ စိုက်ပျိုးထုတ်လုပ်တာမတွေ့ရသေးပါဘူး... စိုက်ပျိုးမယ်ဆိုရင်တော့ သူ့ရဲ့အစေ့ကနေ အလွယ်တကူစိုက်ပျိုးလို့ရပါတယ်... သူဟာ ဆေးဖက်ဝင်တဲ့အပင် (Medicinal plant) သက်သက်သာဖြစ်လို့ ဒေသခံတွေအနေနဲ့တော့ စိုက်ပျိုးထုတ်လုပ်ခြင်းမရှိသေးတာ ဖြစ်ပါတယ်...

💥 MWD:  ဆေးဖက်ဝင်တယ်ဆိုတော့ အပင်ရဲ့ဘယ်အစိတ်အပိုင်းက ဆေးဖက်ဝင်တာပါလဲ ဆရာ.. ရိုးရာတိုင်းရင်းဆေးအနေနဲ့ ဘယ်တုန်းကတည်းက စတင်အသုံးပြုခဲ့တယ်ဆိုတာလဲ သိပါရစေ...

Dr.KML: အပင်ရဲ့အရွက်၊ အသီးနဲ့ အစေ့တို့ဟာ ဆေးဖက်ဝင်တဲ့အစိတ်အပိုင်းတွေ ဖြစ်ပါတယ်... စတင်အသုံးပြုခဲ့တဲ့ အထောက်အထားအနေနဲ့ AD တစ်ရာစု (First Century AD) မှာ ကျော်ကြားခဲ့တဲ့ ရောမဆေးပညာရှင် Pliny Elder က Milk Thistle အပင်ရဲ့ extract ကို ပျားရည်နဲ့ရောပြီး အသည်းရောဂါအမျိုးမျိုးမှာ ထိရောက်စွာကုသပေးခဲ့ပါတယ်... အထူးသဖြင့် အသီးနဲ့အစေ့ကို အဓိကအသုံးပြုပါတယ်... အစေ့ဟာ မဲပြီးပြောင်လက်တဲ့သဘောရှိပါတယ်... ဩဇာစေ့နဲ့တူပါတယ်... အသည်းရောဂါအမျိုးမျိုးအပြင် မြွေကိုက်လို့အဆိပ်ဖြေတဲ့အခါမှာပဲဖြစ်ဖြစ်၊ မှိုစားလို့အဆိပ်သင့်တဲ့အခါမှာပဲဖြစ်ဖြစ် သုံးရင်လည်း အာနိသင်ထက်မြတ်ကြောင်း ရေးသားထားတာ တွေ့ရှိပါတယ်... အဲဒီနောက်ပိုင်းမှာ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ တိုင်းရင်းဆေးပညာတွေမှာလဲ ဖေါ်ပြအသုံးပြုခဲ့တာ တွေ့ရပါတယ်...

💥 MWD:   ဒီဆေးပင်ထဲမှာ ဘယ်လိုဓာတ်ပစ္စည်းတွေပါလို့ အစွမ်းထက်တယ်ဆိုတာလဲ သိပါရစေ...

Dr.KML: ၁၉၂၉ ခုနှစ်မှာ ဂျာမန်ဆေးသိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Dr.H.Schultz က Milk Thistle ဟာ အသည်းရောင်အသားဝါရောဂါအမျိုးမျိုး (Jaundice)၊ လတ်တလောအသည်းရောင်ရောဂါ (Acute hepatitis) နဲ့ နာတာရှည်အသည်းရောင်ရောဂါ (Chronic hepatitis) တွေကိုကုသရာမှာ အစွမ်းထက်ပုံကို သိပ္ပံနည်းကျသက်သေပြခဲ့ပါတယ်... အဲ့ဒီနောက်ပိုင်းမှာ ဂျာမနီမှာရှိတဲ့ ဆေးသိပ္ပံပညာရှင်တွေဟာ ဘယ်လိုမျိုးဓာတ်ပစ္စည်းတွေကြောင့် သက်သာပျောက်ကင်းစေတဲ့အကြောင်းကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားအားထုတ်ခဲ့ကြပါတယ်...
ဒီလိုနဲ့ ၁၉၅၈ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အထိ ဂျာမနီနိုင်ငံ University of Munich မှာရှိတဲ့ Dr.H.Wagner ဦးဆောင်တဲ့ပညာရှင်အဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် အဓိကဒြပ်ပေါင်း (Phytochemical compound) ဖြစ်တဲ့ silymarin ကို စတင်တွေ့ရှိခဲ့ပါတယ်... အဲ့ဒီ silymarin ဆိုတာ မော်လီကျူး ၄ မျိုးပေါင်းစုထားတာဖြစ်ပြီး တခုချင်းစီမှာလည်း သီးခြားလုပ်ငန်းတွေပြုလုပ်ပေးတယ်လို့ ဆိုပါတယ်... အဲ့ဒီဒြပ်ပေါင်းတွေကတော့
1. Silybin
2. Isosilybin
3. Silychristin
4. Silydianin တို့ဖြစ်ပါတယ်...
ဒီဒြပ်ပေါင်း ၄ ခုရဲ့ မော်လီကျူးတည်ဆောက်ပုံ အသေးစိတ်ကိုပါ စတင်ဖော်ထုတ်ခဲ့ပါတယ် ... သူတို့အားလုံးဟာ အပင်ဓာတုဗေဒအရ Flavanoid အုပ်စုထဲက Phenolic compound တွေဖြစ်ကြပါတယ်... အသီးမှာ အများဆုံးပါပြီး ဒုတိယ အစေ့မှာပါဝင်ပါတယ်... အရွက်မှာပါဝင်မှု အနည်းဆုံးဖြစ်ပါတယ်... ဒါကြောင့် ဆေးအနေနဲ့သုံးမယ်ဆိုရင် အသီးရဲ့အဆီအနှစ် (fruit extract) က အထိရောက်ဆုံးဖြစ်ပါတယ်...

💥 MWD:   ခုနကဆရာပြောခဲ့တဲ့ silymarin ဓာတ်ပစ္စည်းဟာ အသည်းရောဂါပေါ်မှာ ဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိတယ်ဆိုတာလဲ သိပါရစေ...

Dr.KML: Milk Thistle extract ပါဝင်တဲ့ သဘာဝဆေးဝါးတစ်ခုခုကို သောက်လိုက်ရင် ပါဝင်တဲ့ Silymarin တွေကို အူနံရံကနေစုပ်ယူပါတယ်... ပြီးရင် အသည်းကိုရောက်ပြီး အသည်းမှာ သူ့ရဲ့အာနိသင်တွေကိုပေးပါတယ်...
(၁) Detoxifivation effect (အဆိပ်အတောက်တွေကိုဖယ်ရှားရှင်းလင်းပေးခြင်း)
(၂) Antioxidant effect (ဓာတ်တိုးဆန့်ကျင်အာနိသင်ပေးခြင်း)
(၃) Anti-inflammatory effect (အရောင်ကျစေသောအာနိသင်ပေးခြင်း)
(၄) Liver cell regeneration (အသည်းဆဲလ်များအသစ်ပေါ်စေခြင်း)
တို့ကိုပေးပါတယ်...
နောက်ထူးခြားချက်အနေနဲ့ အသည်းကနေစစ်ထုတ်လိုက်တဲ့ သည်းခြေရည်ကနေတဆင့် ပြန်လည်စွန့်ထုတ်ပြီး အူထဲကိုပြန်ရောက်ပါတယ်... ပြီးရင်အူကနေပြန်စုပ်လိုက် အသည်းကိုပြန်ရောက်လိုက်နဲ့ သံသရာလည်နေပါတယ်... ဒါကို Entero-hepatic circulation လို့ခေါ်ပါတယ်... သူဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ့ပစ္စည်းဖြစ်တော့ ဆီးကနေတဆင့် စွန့်ထုတ်မှုအလွန်နည်းပါတယ်...

💥 MWD:   အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးတဲ့အာနိသင်ဆိုတာ ဘယ်လိုမျိုး အဆိပ်အတောက်မျိုးကို ဆိုလိုတာပါလဲဆရာ...

Dr.KML: ဥပမာ- အရက်သောက်တဲ့အခါမှာ ထွက်ပေါ်လာတဲ့ metabolite တွေကြောင့် အသည်းကိုထိခိုက်တတ်ပါတယ်... အဲ့ဒီဓာတ်ပစ္စည်းတွေကိ ဖယ်ရှားပေးနိုင်စွမ်းရှိလို့ အရက်သောက်တဲ့သူတွေအနေနဲ့ Silymarin သောက်ရင် အကျိုးရှိပါတယ်... ဒီလိုပါပဲ အဆိပ်ရှိတဲ့အစားအစာ ဥပမာ မှိုဆိပ်သင့်တဲ့အခါမျိုးပဲဖြစ်ဖြစ်၊ အဆိပ်သင့်နိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့ ထိတွေ့စားသောက်မိရင်ပဲဖြစ်ဖြစ် silymarin က ဓာတ်ပြယ်ပေးနိုင်စွမ်းရှိတာကို ဆိုလိုတာပါ...
နောက်တစ်ခုက အသည်းဆိုတာ ခန္ဓာကိုယ်အထဲမှာ detoxification function လို့ခေါ်တဲ့ အဆိပ်အတောက်ပျက်ပျယ်အောင် ပြုလုပ်ပေးတဲ့ တစ်ခုတည်းသော organ ဖြစ်ပါတယ်... ဒါကြောင့် silymarin ကိုသောက်ရင် သူကိုယ်၌ကလည်း detoxification လုပ်ပေးလို့ အသည်းရဲ့အလုပ်ကို ဝင်ရောက်ကူညီဆောင်ရွက်ပေးရာ ရောက်ပါတယ်...

💥 MWD:   ဓာတ်တိုးဆန့်ကျင်တဲ့အာနိသင်ကရော ဘယ်လိုလဲဆိုတာ ရှင်းပြပေးပါ ဆရာ...

Dr.KML: ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာ နေ့စဉ်နဲ့အမျှ စားလိုက်တဲ့အစားအစာတွေနဲ့ ရှုသွင်းလိုက်တဲ့ လေထဲမှာပါဝင်တဲ့ oxygen တို့ဓာတ်ပြုပြီး energy ထုတ်လုပ်ရာကနေ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာတဲ့ free radical တွေဟာ ခန္ဓာကိုယ်ကို စက္ကန့်မလပ် တိုက်ခိုက်ဖျက်ဆီးလျက်ရှိပါတယ်... ဒီ free radicals တွေကိုဖျက်ဆီးဖို့ ခန္ဓာကိုယ်ထဲမှာ Antioxidant စနစ်ရှိပါတယ်... အဲ့ဒီ Antioxidant စနစ်တွေမှာ အသည်းမှာရှိတဲ့ glutathione တွေဟာ လွန်စွာမှအစွမ်းထက်ပါတယ်... glutathione များများရှိရင် free radicals တွေလျော့နည်းသွားပြီး ခန္ဓာကိုယ်ထိခိုက်ဖျက်ဆီးမှုလျော့နည်းမှာ ဖြစ်ပါတယ်... silymarin ဟာ ဒီ glutathione တွေများလာအောင် ကူညီပေးပါတယ်...

💥 MWD:   အရောင်ကျစေတဲ့အာနိသင်ကိုလည်း ဆက်ရှင်းပြပါဦး ဆရာ...

Dr.KML: အသည်းရောင်အသားဝါ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်ဖြစ်၊ အရက်နဲ့ အခြားဓာတုပစ္စည်းတွေကြောင့်ဖြစ်ဖြစ် အသည်းရောင်တဲ့အခါ Leukotrienes ဆိုတဲ့ ဓာတ်ပစ္စည်းတွေ ထွက်လေ့ရှိပါတယ်... အဲ့ဒီဓာတ်ပစ္စည်းတွေကြောင့် အသည်းမှာရှိတဲ့ဆဲလ်တွေ ပိုမိုရောင်ရမ်းစေပြီး ပျက်စီးစေပါတယ်... Silymarin ဟာ အဲ့ဒီ Leukotrienes တွေကို လျော့ပါးစေတဲ့အတွက် အသည်းရောင်ရမ်းတာတွေ သက်သာစေတာပဲဖြစ်ပါတယ်...

💥 MWD:   အသည်းဆဲလ်တွေ အသစ်ပြန်ဖြစ်တယ်ဆိုတာရော ဘယ်လိုကြောင့်ပါလဲ ဆရာ...

Dr.KML: အသည်းဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ organ တွေထဲမှာ ဆဲလ်အသစ်တွေ ပြန်လည်ဖြည့်တင်းနိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်... ဥပမာ အသည်းခြောက်ရောဂါဖြစ်ရင် အသည်းဆဲလ်တွေပျက်ဆီးလို့ ကုသဖို့အင်မတန်ခက်ပါတယ်... အဲ့ဒီလိုရောဂါသည်များတွေကို silymarin ပေးရင် အသည်းဆဲလ်အသစ်တွေ ပြန်ပွားလာပြီး သက်သာပျောက်ကင်းတာ တွေ့ရပါတယ်...

💥 MWD:  ဒါဆိုရင် ဆူးပန်းလုံးပင်ကို အသုံးပြုနိုင်တဲ့ အသည်းနဲ့ပတ်သက်တဲ့ရောဂါတွေကို ပြောပြပေးပါ...

Dr.KML: ဆူးပန်းလုံးပင် Milk Thistle ဒါမှမဟုတ် သူကနေအဆီအနှစ်ထုတ်ထားတဲ့ Silymarin ကိုအသုံးပြုပြီး ကုသနိုင်တဲ့ရောဂါတွေကတော့

(၁) အရက်၊ ဘီယာသောက်တာများလို့ဖြစ်လာတဲ့ အသည်းရောဂါ
(၂) ဆေးဝါးတွေဖြစ်တဲ့ ဥပမာ-ပါရာစီတမော၊ တီဘီဆေး၊ စိတ်ရောဂါကုသရာမှာ အသုံးပြုတဲ့ဆေးတွေကြောင့် အသည်းထိခိုက်ပျက်စီးတဲ့အခါ
(၃) ဓာတုဗေဒပစ္စည်းတွေပါဝင်တဲ့ (ဥပမာ-ဆိုးဆေးတွေ) အစားအစာတွေကြောင့် အသည်းထိခိုက်ပျက်စီးတဲ့အခါ
(၄) မှိုဆိပ်သင့်ခြင်း၊ အဆိပ်အတောက်ရှိတဲ့မှိုစားမိခြင်း
(၅) အသည်းအတွင်း အဆီဓာတ်များခြင်း
(၆) အသည်းရောင်အသားဝါရောဂါအမျိုးမျိုး (ဥပမာ-ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်သော အသည်းရောင်အသားဝါရောဂါများ)
စသည်တို့ပဲဖြစ်ပါတယ်...

💥 MWD: ဒီဆူးပန်းလုံးပင်နဲ့ပတ်သက်တဲ့ ဆရာရဲ့ကိုယ်ပိုင်အတွေ့အကြုံလေးတွေရှိရင်လဲ သိပါရစေ...

Dr.KML: Milk Thistle ကို ကျွန်တော်စတင်စိတ်ဝင်စားမိတာကတော့ ၂၀ဝ၁ ခုနှစ်တုန်းက ဂျာမနီကိုသွားတုန်းကဖြစ်ပါတယ်... ဂျာမန်လူမျိုးတွေဟာ ကမ္ဘာမှာ ဘီယာသောက်သုံးမှုအများဆုံးဖြစ်တော့ အသည်းအဆီများတာတို့၊ အသည်းခြောက်တာတို့ အဖြစ်များပါတယ် ... မိတ်ဆွေဂျာမန်ဆရာဝန်တစ်ယောက်ရဲ့ ဆေးရုံကိုသွားလေ့လာရင်းနဲ့ အဲ့ဒီရောဂါသည်တွေကို Milk Thistle နဲ့ အောင်မြင်စွာကုသပေးနေတာကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့ရပါတယ်... ကျွန်တော်တို့ အရင်ကသိထားတာက အသည်းခြောက်ပြီးရင် ပြန်မကောင်းနိုင်တော့ဘူးထင်ခဲ့တာ မှားမှန်း အဲ့ဒီတော့မှသိရတယ်... သူတို့ဆီမှာ Milk Thistle နဲ့ပတ်သက်ပြီး သုတေသနလုပ်ငန်းတွေ ခိုင်ခိုင်မာမာလုပ်ထားတာ တွေ့ရပါတယ်... အဲ့ဒါနဲ့ပတ်သက်တဲ့ စာအုပ်စာတန်းတွေ အများကြီးပေးလိုက်သေးတယ်...
၂၀ဝ၂ ခုနှစ်မှာ ကျွန်တော် ဆွစ်ဇာလန်နိုင်ငံ Geneva မြို့မှာ GMP သင်တန်းသွားတက်ရင်း WHO ဌာနချုပ်ရဲ့ အောက်ဆုံးထပ်မှာဖွင့်ထားတဲ့ စာအုပ်ဆိုင်က Selected Medicinal Plant Volume -2 မှာ ဆေးဖက်ဝင်အပင် ၃၀ နဲ့ပတ်သက်တဲ့ သုတေသနစာတမ်းတွေကို စုစည်းထုတ်ဝေတဲ့ WHO monograph မှာ Milk Thistle နဲ့ပတ်သက်ပြီး ခိုင်ခိုင်မာမာဖေါ်ပြထားတာ တွေ့ရပါတယ်... ဒါနဲ့ ၂၀ဝ၃ ခုနှစ်ကနေစပြီး ပြည်တွင်းမှာရှိတဲ့ဝေဒနာရှင်တွေကို သက်သက်သာသာနဲ့ကုသနိုင်ဖို့ ဂျာမနီကနေကိုယ်တိုင် Extract တွေဝယ်လာပြီး ကျန်းမာရေးဝန်ကြီးဌာနမှာ တရားဝင်မှတ်ပုံတင်ပြီး ထုတ်လုပ်ခဲ့ပါတယ်... အပင်အနေနဲ့တော့ စီးပွားဖြစ်မစိုက်ပျိုးနိုင်သေးပါဘူး... ကျွန်တော်တို့ရဲ့Organic farm က ပြင်ဦးလွင်မှာရှိပါတယ်... ဒီအပင်က ပြင်ဦးလွင်မှာမဖြစ်ပါဘူး... ပုပ္ပါးဘက်ဆိုရင်တော့ ဖြစ်ဖို့များပါတယ်... နောင်ကျရင်တော့စိုက်ပျိုးဖို့ရည်ရွယ်ထားပါတယ်...

Credit: ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals)

# MWD Health Talk Programme

မူရင်းပို့စ် - https://m.facebook.com/story.php?story_fbid=842485045939658&id=440949986093168

No comments: