Thursday, January 24, 2019

"လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေး"




#MWDHealthTalkProgramme

~~~~~~~~~~~~~~~~~~~~~~~

1. MWD: မင်္ဂလာပါဆရာ.. အခုလို သာယာလှပတဲ့ မနက်ခင်းလေးမှာ ကျန်းမာရေးလိုက်စားကြသူတွေအနေနဲ့လမ်းလျှောက်ကြတာတွေ့ရပါတယ်.. ဆရာကိုယ်တိုင်လည်း လမ်းလျှောက်နေတာဆိုတော့ ဒီကနေ့ ကျန်းမာသုတအစီအစဉ်ကနေ လမ်းလျှောက်ခြင်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို တင်ဆက်ချင်ပါတယ်ဆရာ.. ပထမဆုံးအနေနဲ့ လမ်းလျှောက်ခြင်းကြောင့်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို အကျဉ်းချုပ်လေး ပြောပြပေးပါဆရာ..

1. Dr. KML: ဟုတ်ကဲ့.. အင်မတန် ကောင်းပါတယ်.. အခုနောက်ပိုင်း ကျွန်တော်တို့ ရန်ကုန်မြို့တော်အပါအ၀င် မြန်မာနိုင်ငံအနှံ့အပြားမှာ မနက်ပိုင်းလမ်းလျှောက်တဲ့သူတွေ များလာတာတွေ့ရပါတယ်.. ဒါဟာ အင်မတန် ၀မ်းသာဖို့ကောင်းတဲ့အချက်ဖြစ်ပါတယ်.. နေ့စဉ်လမ်းလျှောက်တဲ့အတွက် ရရှိနိုင်တဲ့အကျိုးကျေးဇူးပေါင်းများစွာထဲက အရေးကြီးတဲ့အချက်တွေကတော့..
 (၁)  ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း
 (၂)  နှလုံးနှင့်သွေးကြောရောဂါတွေကို ကာကွယ်ကုသရာမှာ အထောက်အကူပြုခြင်း
 (၃)  ဆီးချိုသွေးချိုရောဂါကို ကာကွယ်ကုသရာမှာ အထောက်အကူပြုခြင်း
 (၄)  ဦးနှောက်နှင့်အာရုံကြောအားကောင်းစေခြင်း၊
     (၅)  စိတ်ဖိစီးမှုလျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းစေခြင်း
 (၆)  သက်လုံကောင်း၍ အမောခံနိုင်လာခြင်း
 (၇)  အရိုးအဆစ်နှင့်ကြွက်သားများ သန်စွမ်းစေခြင်း
 (၈)  ကိုယ်ခံစွမ်းအားမြင့်တက်စေပြီး ရောဂါပိုးမွှားများရန်မှ ကာကွယ်ပေးခြင်း
 (၉)  အိပ်ပျော်စားဝင်စေခြင်း
 (၁၀)  ကင်ဆာရောဂါအမျိုးမျိုးမှ ကာကွယ်ပေးခြင်း
 (၁၁) အသက်ရှည် နုပျိုလှပကျန်းမာစေခြင်း
တို့ဖြစ်ပါတယ်..

2. MWD: လမ်းလျှောက်ခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းမှုတို့ ဘယ်လိုများဆက်စပ်တယ်ဆိုတာလည်း ရှင်းပြပေးပါဆရာ..

2. Dr. KML: လူတစ်ယောက်ကျန်းမာဖို့ဆိုတာ သူ့ရဲ့အသက်အရွယ်နဲ့ အရပ်ပေါ်မူတည်ပြီး ရှိသင့်ရှိထိုက်တဲ့  ကိုယ်အလေးချိန်အတွင်းမှာ ရှိနေဖို့အရေးကြီးပါတယ်.. BMI အနေနဲ့ပြောရင် ၁၉ နဲ့ ၂၅ ကြားမှာရှိနေရပါမယ်.. အကယ်၍ ၂၅ နဲ့ ၃၀ ကြားဆိုရင် ရှိသင့်တဲ့အလေးချိန်ထက်ပိုများနေသူ (Overweight) လို့ သတ်မှတ်ပြီး ၃၀ အထက်ကိုကျော်သွားရင်တော့ အ၀လွန်ရောဂါ (Obesity) လို့ခေါ်ပါတယ်.. အဲ့ဒီထက်ကျော်ပြီး BMI တန်ဖိုးများလေလေ ကျန်းမာရေးထိခိုက်လေလေ ဖြစ်ပါတယ်.. ဒါ့ကြောင့် ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းဖို့ အလွန်အရေးကြီးပါတယ်.. အဲ့ဒီလိုထိန်းသိမ်းရာမှာ အဓိကအချက် (၂) ချက်ရှိပါတယ်.. စားတဲ့အစားအစာနဲ့ နေ့စဉ်လှုပ်ရှားမှုတို့ဖြစ်ပါတယ်.. ဒါကို ကယ်လိုရီတန်ဖိုးနဲ့တိုင်းတာပါတယ်.. စားတဲ့ကယ်လိုရီနဲ့ လှုပ်ရှားသွားလာတဲ့ ကယ်လိုရီတို့ မျှတနေရင် ကိုယ်အလေးချိန်မှာလည်း မှန်ကန်မျှတနေမှာဖြစ်ပြီး အကယ်၍ စားတဲ့ကယ်လိုရီတွေက လှုပ်ရှားမှုပြုလုပ်ပြီး အသုံးပြုတဲ့ကယ်လိုရီထက် နေ့စဉ်ပိုနေခဲ့ရင် ကိုယ်အလေးချိန် တဖြည်းဖြည်းတက်လာပါလိမ့်မယ်.. လမ်းလျှောက်ရင် ကယ်လိုရီတွေ အသုံးပြုလောင်ကျွမ်းရတဲ့အတွက် အ၀လွန်မဖြစ်အောင် ထိန်းသိမ်းပေးရာရောက်ပါတယ်.. ဒါ့ကြောင့် လမ်းမှန်မှန်လျှောက်တဲ့သူတွေဟာ ခန္ဓာကိုယ်အလေးချိန်ကို ကောင်းစွာထိန်းသိမ်းပေးရာရောက်ပါတယ်..

3. MWD: လမ်းလျှောက်ရင် နှလုံးနဲ့သွေးကြောရောဂါတွေကို ကာကွယ်ကုသရာမှာ ဘယ်လိုများ အထောက်အကူ
ပြုတယ်ဆိုတာလည်း ရှင်းပြပေးပါဆရာ..

3. Dr. KML: မွေးရာပါနှလုံးနဲ့သွေးကြောတွေ ချို့ယွင်းတဲ့ရောဂါတွေမှအပ ကျန်နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းကတော့ သွေးတွင်း မကောင်းတဲ့အဆီဓာတ်တွေများခြင်းနဲ့ အ၀လွန်ခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်.. လမ်းမှန်မှန်လျှောက်ရင် သွေးတွင်းမှာ မကောင်းတဲ့အဆီဓာတ်တွေ များမလာအောင် ထိန်းသိမ်းပေးတဲ့အပြင် ခန္ဓာကိုယ်အလေးချိန်ကိုလည်း အ၀မလွန်အောင် ထိန်းသိမ်းပေးတဲ့အတွက် နှလုံးနဲ့သွေးကြောတွေ အဆီပိတ်တာ၊ ကျဉ်းတာ၊ သွေးတိုးတာတွေ မဖြစ်အောင် ကာကွယ်ပေးခြင်းဖြစ်ပါတယ်.. နိုင်ငံတကာသုတေသီများရဲ့ လေ့လာချက်အရ လူတစ်ယောက်ဟာ တစ်ပတ်မှာ ၃ နာရီ (တစ်နာရီမှာ ၃ မိုင်နှုန်း) ပုံမှန်လမ်းလျှောက်ခဲ့ရင် လမ်းမလျှောက်သူတွေ၊ လေ့ကျင့်ခန်း
မပြုလုပ်သူတွေထက် နှလုံးထိခိုက်ခံရမှု  Heart Attack ၃၀ ရာခိုင်နှုန်း လျော့နည်းတယ်လို့ဆိုပါတယ်.. တစ်ပတ်မှာ ၃ နာရီထက်ပိုပြီးလျှောက်ခဲ့ရင် ၁ နာရီ ပိုလျှောက်တိုင်း ၅ ရာခိုင်နှုန်း ထပ်မံလျော့နည်းသွားတယ်လို့ ဆိုပါတယ်..

4. MWD: ဆီးချိုသွေးချိုရောဂါ ကာကွယ်ကုသရေးမှာရော လမ်းလျှောက်ခြင်းရဲ့ အကျိုးရှိပုံတွေကိုလည်း ရှင်းပြပေးပါဆရာ..

4. Dr. KML: ဆီးချိုသွေးချိုရောဂါ အမှတ် (၂) ဖြစ်ပွားရတဲ့အကြောင်းရင်းတွေထဲမှာ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဟာ နံပါတ် (၁) နေရာမှာ ရှိနေပါတယ်.. ဒါ့ကြောင့် နေ့စဉ်လမ်းလျှောက်ခြင်း (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ဆီးချိုသွေးချို ရောဂါဖြစ်ပွားမယ့် အလားအလာကို လျော့ကျစေနိုင်ပါတယ်.. ဒါ့အပြင် ဆီးချိုသွေးချိုရောဂါ ဖြစ်နေသူတွေအနေနဲ့လည်း ဆေးတွေပဲထိုင်သောက်နေလို့ကတော့ ဆီးချို Control ရဖို့ သိပ်မလွယ်ပါဘူး.. ဆေးလည်းသောက် လမ်းလည်းလျှောက်ခဲ့ရင် Insulin sensitivity ပိုကောင်းလာလို့ သောက်ရတဲ့ဆေးပမာဏကိုလည်း လျော့နည်းစေတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နှလုံးနဲ့သွေးကြောရောဂါ၊ လေဖြတ်ရောဂါတွေကနေ ကာကွယ်ပေးရာရောက်ပါတယ်.. ဒါ့ကြောင့် ဆီးချိုသွေးချိုရောဂါရှိသူတိုင်း နေ့စဉ် မပျက်မကွက်လမ်းလျှောက်ပေးဖို့ တိုက်တွန်းပါရစေ..

5. MWD: ဦးနှောက်နှင့်အာရုံကြောတွေအားကောင်းပြီး ဥာဏ်ရည်ထက်မြက်စေတာနဲ့ပတ်သက်လို့လည်း ရှင်းပြပေးပါဆရာ..

5. Dr. KML: မနက်ခင်းလမ်းပုံမှန်လျှောက်ပေးရင် ဦးနှောက်နဲ့အာရုံကြောတွေကို အားကောင်းစေပါတယ်.. စိတ်ဖိစီးမှုတွေ ကျဆင်းစေပါတယ်.. စိတ်ရွှင်လန်းတက်ကြွစေပါတယ်.. ဉာဏ်ရည်ဉာဏ်သွေးကို ထက်မြက်စေပါတယ်.. အသက်ကြီးသူတွေမှာဖြစ်လေ့ရှိတဲ့ သတိမေ့ရောဂါ (dementia) တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်.. အော်လ်ဇိုင်းမားရောဂါ (Alzheimer's disease) ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်.. တစ်ကိုယ်လုံးမှာရှိတဲ့ အာရုံကြောတွေ နိုးကြားတက်ကြွစေတဲ့အတွက်  လေးလံထိုင်းမှိုင်းမှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်.. လူကိုသွက်လက်ဖျတ်လတ်စေပါတယ်..  အလုပ်များတဲ့သူတွေ အလုပ်ရဲ့ဖိစီးမှုကြောင့် ကိုယ်စိတ်ပင်ပန်းနွမ်းနယ်နေတာတွေကို သက်သာစေပြီး စိတ်ဓာတ်ခွန်အားတွေရရှိဖို့၊ အကြံကောင်းဥာဏ်ကောင်းတွေရဖို့၊ အခက်အခဲတွေကနေ ကျော်လွှားနိုင်တဲ့
စိတ်ဓာတ်ခွန်အားတွေ ရရှိစေပါတယ်..

 အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ လမ်းလျှောက်နေစဉ် ခန္ဓာကိုယ်အတွင်းမှာ "အင်ဒိုဖင်း" ( Endophine ) လို့ခေါ်တဲ့ ဟိုမုန်းဓာတ်တစ်မျိုးထွက်လာပြီး  အဲ့ဒီအာနိသင်ကြောင့် စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေခြင်းဖြစ်တယ်လို့ သိရပါတယ်.. စိတ်ကျဝေဒနာသည်တွေ မနက်ခင်းမှာ လမ်းလျှောက်ခဲ့ရင် ဆေးပေးတာထက်ပိုပြီး ထိရောက်ကြောင်း လေ့လာတွေ့ရှိရပါတယ်..

6. MWD: သက်လုံကောင်းပြီး အမောခံနိုင်တာနဲ့ပတ်သက်လို့လည်းရှင်းပြပေးပါဆရာ..

6. Dr. KML: လေ့ကျင့်ခန်းမလုပ်သူ၊ လမ်းမှန်မှန်မထွက်တဲ့သူတွေဟာ အရေးကြုံလာရင် သက်လုံမကောင်းနိုင်ပါဘူး..သက်လုံကောင်းဖို့ဆိုတာ ချက်ချင်းလုပ်ယူလို့ရတဲ့ကိစ္စမဟုတ်ဘဲ တဖြည်းဖြည်းလေ့ကျင့်ယူရတာ ဖြစ်ပါတယ်.. ဥပမာ လမ်းတစ်ခါမှ ကောင်းကောင်းမလျှောက်တဲ့သူတစ်ယောက်ဟာ တစ်မိုင်ခန့်ကို လျှောက်ပြီးရင်မောလာနိုင်ပါတယ်.. ဒါပေမယ့် နေ့စဉ်ပုံမှန်တစ်မိုင်လျှောက်ခဲ့ရင် တစ်လလောက်ကြာတဲ့အခါ တစ်မိုင်ခရီးမှာ မမောတော့ပါဘူး.. အဲ့ဒီအခါမှာ တစ်မိုင်ခွဲကို တိုးလျှောက်လာနိုင်ပါမယ်.. အဲ့ဒီလိုနဲ့ တဖြည်းဖြည်းတိုးသွားခဲ့ရင် မိမိရဲ့အမောခံနိုင်မှုဟာ တိုးတက်လာမှာ ဖြစ်ပါတယ်..

7. MWD: အရိုးအဆစ်နဲ့ ကြွက်သားတွေသန်မာအောင် လမ်းလျှောက်ခြင်းက ဘယ်နည်းဘယ်ပုံ အထောက်အကူ ပြုတယ်ဆိုတာလည်း သိပါရစေဆရာ..

7. Dr. KML: လမ်းလျှောက်ခြင်အားဖြင့် ကြွက်သားတွေဆီသွားတဲ့ သွေးကြောလေးတွေပွင့်ပြီး ပိုကျယ်လာလို့ အောက်ဆီဂျင်ပိုရစေပါတယ်.. ကြွက်သားတွေ ပိုမိုသန်စွမ်းစေပါတယ်.. အရိုးကိုသွားတဲ့ သွေးကြောလေးတွေ ပိုကောင်းလာလို့ အရိုးတွေပိုမိုသန်စွမ်းစေပါတယ်..အရိုးဆိုတာ ငြိမ်နေရင် တဖြည်းဖြည်းပျက်စီးပြီး အရိုးပါးအရိုးပွရောဂါ ဖြစ်စေပါတယ်.. အထူးသဖြင့် အရိုးနုလေးတွေဆီကို အာဟာရဓာတ်တွေ ပိုရောက်လို့ အဆစ်အမျက်တွေပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်.. အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသမီးတွေအနေနဲ့ အဖြစ်များတဲ့ အရိုးပါးအရိုးပွရောဂါကို ကာကွယ်ရာမှာ များစွာအထောက်အကူပြုပါတယ်..

8. MWD: ကိုယ်ခံအားမြင့်တက်စေတာနဲ့ ပတ်သက်လို့လည်း ဆက်ပြောပါဦးဆရာ..

8. Dr. KML: လမ်းလျှောက်ခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်..အထူးသဖြင့် မနက်ခင်း နေရောင်ခြည်အောက်မှာလျှောက်ရင် အကောင်းဆုံးဖြစ်ပါတယ်..ဒါ့ကြောင့်ရောဂါပိုးမွှားတွေ ၀င်ရောက်ဒုက္ခပေးခြင်းမှ ကာကွယ်ရာရောက်ပါတယ်.. ရောဂါဖြစ်ခဲ့ရင်တောင် ပျောက်ကင်းမှုပိုမြန်စေပါတယ်..

9. MWD: လမ်းလျှောက်ရင် အိပ်ပျော်စေတယ်လို့ ကြားဖူးပါတယ်ဆရာ.. ဒါနဲ့ပတ်သက်လို့လည်း ရှင်းပြပေးပါဆရာ..

9. Dr. KML: နှစ်ခြိုက်စွာအိပ်မပျော်ခြင်းဟာ အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါတယ်.. အိပ်မပျော်ရင် ကျန်းမာရေးချို့ယွင်းလာတတ်ပါတယ်.. မနက်ခင်း နေထွက်စမှာ နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်.. ဒါ့အပြင် နေ့လယ်ဘက်မှာလည်း စားလို့ပိုကောင်းပါတယ်.. အိပ်မပျော်တဲ့သူတွေဟာ အိပ်ဆေးသောက်မယ့်အစား လမ်းလျှောက်ခြင်းဟာ  ကျန်းမာရေးအတွက်များစွာ သာလွန်ကောင်းမွန်စေပါတယ်..

10. MWD: ကင်ဆာရောဂါတွေကနေ ကာကွယ်ပေးနိုင်တယ်ဆိုတာနဲ့ပတ်သက်လို့လည်း ပြောပါဦးဆရာ..

10. Dr. KML: ကင်ဆာရောဂါ ဖြစ်ပွားရတဲ့အကြောင်းအရင်းတွေ များစွာရှိပြီး အဲ့ဒီအကြောင်းရင်းတွေပေါ်မူတည်လို့ ကင်ဆာအမျိုးအစားလည်း ကွဲပြားသွားပါတယ်.. ဥပမာ ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာဖြစ်နိုင်ပါတယ်.. ဘီပိုး၊ စီပိုးရှိရင်အသည်းကင်ဆာဖြစ်နိုင်သလို ကွမ်းယာစားတဲ့သူတွေကျတော့ ခံတွင်းကင်ဆာ အဖြစ်အများဆုံးဖြစ်ပါတယ်..
နေ့စဉ်ပုံမှန်လမ်းလျှောက်ရင် ၀မ်းမှန်မှန်သွားရာမှာ အထောက်အကူပြုလို့ ၀မ်းချုပ်ရင်ဖြစ်တတ်တဲ့ အူမကြီးကင်ဆာကို ကာကွယ်ရာရောက်ပါတယ်..

11. MWD: လမ်းလျှောက်ရင် အသက်ရှည်နုပျိုစေတယ်ဆိုတာကရော ဘာ့ကြောင့်ပါလဲဆရာ..

11. Dr. KML: အမေရိကန်နိုင်ငံ မီရှီဂန်ဆေးတက္ကသိုလ်က ပညာရှင်တွေရဲ့ အမျိုးသား၊ အမျိုးသမီး ၆၄၀၀၀၀ အပေါ်မှာ လေ့လာတွေ့ရှိချက်အရ လမ်းလျှောက်ခြင်း ပုံမှန်ပြုလုပ်သူတွေဟာ မပြုလုပ်သူများထက် အနည်းဆုံး ၃ နှစ်ခန့် ပိုမိုအသက်ရှည်ကြောင်း တွေ့ခဲ့ရပါတယ်.. အဲ့ဒီတွေ့ရှိချက်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ဝေတဲ့ Live Science ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်.. ဒါ့အပြင် လမ်းလျှောက်ခြင်းအားဖြင့် အသားအရေကို စိုပြေလှပစေခြင်း၊ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို လျော့နည်းစေတဲ့အတွက် ရုပ်ဆင်းအင်္ဂါလှပခြင်း၊ အသားအရေတင်းရင်းပြီး ပါးရေ
တွန့်တာကို သက်သာစေခြင်း အစရှိတဲ့ နုပျိုလှပခြင်းတွေကိုလည်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်..

12. MWD: အခုဆိုရင် လမ်းလျှောက်တာနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကိုသိရပါပြီ.. အဲ့ဒီအကျိုးကျေးဇူးတွေရရှိဖို့ ကျန်းမာရေးအတွက်လမ်းလျှောက်မယ်ဆိုရင် တစ်နေ့ကိုဘယ်လောက်ကြာကြာ လျှောက်သင့်တယ်ဆိုတာလည်း သိပါရစေဆရာ..

12. Dr. KML: သုတေသနပြုလုပ်ချက်တွေအရ လူတစ်ယောက်ဟာ တစ်နေ့ကို မိနစ် ၃၀ လမ်းလျှောက်ပေးသင့်တယ်လို့ ဆိုပါတယ်.. မိနစ် ၃၀ နေ့စဉ်လျှောက်ခဲ့မယ်ဆိုရင် မိမိရဲ့ကိုယ်ရောစိတ်ပါ ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်.. အကယ်၍ မိနစ် ၃၀ မပြည့်ခဲ့ရင်တောင် လျှောက်တဲ့အချိန်ပေါ်မူတည်ပြီး အကျိုးကျေးဇူးတွေရနိုင်တာကြောင့် ၁၀ မိနစ်ပဲလျှောက်လျှောက် မိနစ်၂၀ ပဲလျှောက်လျှောက် ရနိုင်သရွေ့ လျှောက်စေချင်ပါတယ်.. အကယ်၍ မိနစ် ၃၀ ထက် ပိုလျှောက်နိုင်လို့ လျှောက်မယ်ဆိုရင်လည်း ပိုကောင်းပါတယ်..

13. Dr. KML: လမ်းလျှောက်တဲ့အခါမှာ ဘယ်လိုဖိနပ်မျိုးစီးပြီး လျှောက်သင့်ပါသလဲဆရာ.. ဖိနပ်မပါဘဲ လမ်းလျှောက်တာရော ကောင်း/မကောင်း သိပါရစေဆရာ..

13. Dr. KML: လမ်းလျှောက်ရင် ကင်းဗတ်ဖိနပ် သို့မဟုတ် Walking Shoe စီးပြီး လျှောက်တာတော့ အကောင်းဆုံးဖြစ်ပါတယ်.. ဖိနပ်စီးတဲ့အခါ အတွင်းကနေ ခြေအိတ်ခံပြီးစီးမှ အရေပြားကထွက်လာတဲ့ ချွေးတွေကို အလွယ်တကူစုပ်ယူနိုင်မှာ ဖြစ်သလို ခြေထောက်နာတာလည်း သက်သာစေပါတယ်.. ဖိနပ်ရဲ့အရွယ်အစားဟာ မိမိနဲ့အနေတော်ဖြစ်ရပါမယ်.. ကြပ်လွန်း၊ ချောင်လွန်းတဲ့ဖိနပ်ဆိုရင် အဆင်မပြေပါဘူး.. ဖိနပ်ဟာ ပေါ့ပါးပြီးသက်သောင့်သက်သာဖြစ်ရပါမယ်.. ညှပ်ဖိနပ်နဲ့လျှောက်ရင်တော့ ရပေမယ့် မြန်မြန်လျှောက်ရင်သိပ်မကောင်းပါဘူး.. ပိုဆိုးတာကတော့ ဒေါက်ဖိနပ်တို့ အခြားအလှစီးတဲ့ဖိနပ်တွေနဲ့တော့ မလျှောက်သင့်ပါဘူး.. ခြေထောက်တွေပွန်းပဲ့တာ အသားမာတက်တာတွေ ဖြစ်တတ်ပါတယ်.. ဖိနပ်မပါဘဲလျှောက်ရင်တော့ ပင်လယ်ကမ်းစပ် သောင်ပြင်ပေါ်မှာဆိုရင်တော့ ကောင်းပါတယ်.. ကတ္တရာလမ်းပေါ်၊ ကွန်ကရစ်လမ်းပေါ်ဆိုရင်မကောင်းပါ..

14. MWD: လမ်းလျှောက်တဲ့အခါ ကိုယ်ဟန်အနေအထားကို ဘယ်လိုမျိုးထားပြီးလျှောက်ရင် အကောင်းဆုံးဖြစ်ပါသလဲဆရာ.. သတိပြုရမယ့်အချက်တွေရှိရင် ပြောပြပေးပါဆရာ..

14. Dr. KML: သိပ္ပံနည်းကျ အကောင်းဆုံးအနေအထားကတော့ ဦးခေါင်းနဲ့ခါးကို တည့်မတ်စွာထားရပါမယ်.. ခေါင်းကို ရှေ့တည့်တည့်မျက်နှာမူရပါမယ်.. တံတောင်ဆစ်၂ ခုကို   ၉၀ ဒီဂရီထားပြီး လွှဲပြီးလျှောက်ရပါမယ်.. လည်ပင်းမှာ တဘက်တစ်ခုတင်ထားပြီး အစွန်းနှစ်ဖက်ကို လက်နဲ့ကိုင်ထားတဲ့အနေအထားဖြစ်ပါတယ်.. လက်ကိုလွှဲပေမယ့် မျက်နှာသုတ်ပ၀ါကတော့ မရွေ့သွားရပါဘူး.. ခြေလှမ်းရင် ဖနောင့်နဲ့အရင်ဆုံးချပြီးမှ ရှေ့ခြေဖ၀ါးကိုချရပါမယ်.. ခြေထောက်နဲ့လက်လွှဲချက်မှာ ဟန်ချက်ညီညီထားပြီး လျှောက်ရပါမယ်.. မှန်မှန်လျှောက်နိုင်သလို ပိုပြီးမြန်မြန်လျှောက်ချင်သူ
တွေလည်း လျှောက်နိုင်ပါတယ်.. မိမိရဲ့အသက်အရွယ်၊ နှလုံး၊ သွေးတိုးရောဂါရှိ/မရှိနဲ့ ခံနိုင်ရည်ပေါ်မူတည်ပြီး နှေးခြင်း၊ မြန်ခြင်းကိုညှိရပါတယ်..

သတိပြုရမယ့်အချက်တွေ.. အကြံပြုလိုတဲ့အချက်တွေကတော့ >>>
(၁) လမ်းလျှောက်ပြီးခါစ ခန္ဓာကိုယ်အပူချိန်မြင့်ပြီး ချွေးထွက်နေဆဲဖြစ်ရင် ရေအေးနဲ့ရေမချိုးသင့်ပါဘူး.. ချွေးထွက်တာရပ်တဲ့အထိစောင့်ပြီး ခဏနားနေပြီးမှ ရေချိုးရပါမယ်.. ရေနွေးနဲ့ရေချိုးရင် ပိုကောင်းပါတယ်..

(၂) လမ်းလျှောက်တဲ့အခါ တစ်ဦးတည်းလျှောက်နိုင်သလို မိမိနဲ့စိတ်တူကိုယ်တူခြေလှမ်းတူမယ့် အဖော်တွေနဲ့လျှောက်ရင်ပိုကောင်းပါတယ်.. စိတ်ကြည်နူးမှုပိုရစေပြီး ပိုလည်းကြာကြာလျှောက်ဖြစ်စေပါတယ်..

(၃) လမ်းလျှောက်ကာစမှာ ခြေလှမ်းကို ခပ်ဖြည်းဖြည်းချင်းစရပါမယ်.. ပြီးမှ တဖြည်းဖြည်းချင်းတိုးသွားသင့်ပါတယ်..စစချင်းမြန်မြန်လျှောက်တာ ပြေးတာလုပ်ရင် ကြွက်သားတွေဆီသွားတဲ့ သွေးကြောလေးတွေ သိပ်မပွင့်သေးတဲ့အတွက် အောက်ဆီဂျင်လုံလောက်စွာမရလို့ ကြွက်သားတွေနာတတ်ပါတယ်.. လမ်းမလျှောက်ခင် ကြွက်သားတွေကို အကြောလျှော့လေ့ကျင့်ခန်းလေး စက္ကန့် ၂၀ လောက်လုပ်ပေးရင် ပိုကောင်းပါတယ်.. လမ်းလျှောက်နေတုန်း ကြွက်သားတွေနာကျင်ခဲ့ရင် နားရပါမယ်.. ဆက်မလျှောက်သင့်ပါဘူး..

(၄) လမ်းလျှောက်ရင် တိုင်းတာတဲ့ ဓာတ်ပစ္စည်းကရိယာတွေ သုံးနိုင်ရင် ပိုကောင်းပါတယ်..  ဥပမာ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်း၊ အောက်ဆီဂျင်ပမာဏ စသည်ဖြင့်.. လက်မှာပတ်ထားရင်ကောင်းပါတယ်.. ခြေလှမ်းအရေအတွက်ကိုပါသိရင် ပိုကောင်းပါတယ်..

(၅) မြန်မြန်လျှောက်တာနဲ့နှေးနှေးလျှောက်တာမှာ ကယ်လိုရီလောင်ကျွမ်းမှုက မြန်လေပိုများလေ ဖြစ်ပါတယ်..

(၆) လမ်းလျှောက်တဲ့နေရာဟာ မိမိအတွက် လုံခြုံစိတ်ချရတဲ့နေရာဖြစ်ရပါမယ်.. လူပြတ်တဲ့နေရာမျိုးတွေ ရှောင်သင့်ပါတယ်.. လျှောက်တဲ့လမ်းမျက်နှာပြင်ကလည်း ကောင်းရပါမယ်.. ခလုတ်ကန်သင်းများတာ ချော်လဲနိုင်တဲ့လမ်းတွေ ရှောင်ရပါမယ်.. ခွေးလေခွေးလွင့်တွေမရှိဖို့လည်း အရေးကြီးပါတယ်.. ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု မရှိတဲ့နေရာဖြစ်သင့်ပါတယ်..ကားလမ်းဘေးကို ရှောင်သင့်ပါတယ်.. ယာဉ်အန္တရာယ်နဲ့  လေထုညစ်ညမ်းမှုကြောင့်ပါ..

(၇) ရောဂါရှိသူများအနေနဲ့ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပြီးမှ လျှောက်သင့်ပါတယ်..

(၈) လမ်းလျှောက်ဖြစ်ဖို့ အိမ်အပြန် ဘတ်စ်ကားတစ်မှတ်တိုင်ကြိုဆင်းပြီးလျှောက်ရင် ကောင်းပါတယ်..
လုပ်ငန်းခွင်ထဲမှ တစ်နေကုန်အညောင်းထိုင်သူတွေအတွက် ပိုသင့်တော်ပါတယ်.. တတ်နိုင်ရင် ဓာတ်လှေခါး၊ စက်လှေခါးမသုံးဘဲ လှေကားထစ်က တက်ပေးပါ..

15. MWD: ဆရာ့အနေနဲ့ မြ၀တီရုပ်မြင်သံကြားပရိသတ်ကြီးကို ဘာများထပ်ပြီးပြောချင်ပါသေးလဲဆရာ..

15. Dr. KML: ဆေးတမယ်တည်းနဲ့ ရောဂါများစွာကို ကာကွယ်တိုက်ဖျက်နိုင်သောဆေးဝါး မရှိသေးပါ.. ဒါပေမယ့် လမ်းလျှောက်ခြင်းဟာ ရောဂါပေါင်းမြောက်များစွာကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ ထက်မြက်ကောင်းမွန်တဲ့ သဘာဝဆေးဝါးတစ်ခုလို့ဆိုရင် မမှားပါဘူး.. နေ့စဉ်လမ်းလျှောက်ခြင်းဖြင့်အ၀လွန်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးနဲ့ သွေးကြောရောဂါ၊ ဆီးချို၊ သွေးတိုးရောဂါကအစပြုလို့ ကင်ဆာရောဂါအထိပါ ကာကွယ်တိုက်ဖျက်နိုင်ကြောင်း သုတေသနစာတမ်းတွေအရ သိရှိခဲ့ပြီးဖြစ်ပါတယ်.. လမ်းလျှောက်တယ်ဆိုတာ အချိန်နေရာမရွေး၊ ငွေကုန်ကြေးကျမရှိဘဲ မည်သူမဆို လုပ်နိုင်တဲ့အလုပ်ဖြစ်ပါတယ်.. အထောက်အကူပြုပစ္စည်းနဲ့ သင်ပြပေးမယ့်သူလည်းမလိုပါ.. ဒါ့ကြောင့် လူတိုင်းလမ်းလျှောက်ကြပါစို့လို့ လေးလေးနက်နက်တိုက်တွန်းချင်ပါတယ်..


မူရင်းစာမျက်နှာ - ဒေါက်တာခင်မောင်လွင် ( FAME Pharmaceuticals)

No comments: