Wednesday, January 9, 2019

ဟောဒီမှာ…စကားလုံးချိုချိုလေးတွေရမယ်နော်




                                    အောင်သိန်း(ရေကျော်)

           “သိပ္ပံခေတ်ကြီးထဲလေ၊ ခေတ်နဲ့အညီလိုက်ရမှာပေါ့ကွ၊ နိုင်ငံတကာကတောင် သုံးနေကြတာ ဒါလောက်တော့ သိထားရမှာပေါ့” ဆိုပြီး စသည်စသည်ဖြင့် လူကြီး၊ လူရွယ်၊ လူငယ် အစုံပါပဲ (Social media) ဆိုရှယ်မီဒီယာလို့ ခေါ်တဲ့ Facebook ၊ Viber ၊ Wechat အစရှိတဲ့ Application တွေကို အသုံးပြုနေကြတာ တကမ္ဘာလုံးနီးပါးပါပဲ၊ တချိန်က လူကြီးတွေ ပြောပြောနေတာလေးတစ်ခုရှိတယ်၊ နောက်ဆိုရင် ကမ္ဘာကြီးက ရွာလေးသဖွယ် ဖြစ်တော့မယ်ဆိုသလိုပါပဲ။ ဆိုရှယ်မီဒီယာက ကောင်းကျိုး ဆိုးကျိုးတွေ ဒွန်တွဲနေတာကတော့ မြင်တဲ့အတိုင်းပါပဲ။ သိပ္ပံပညာရှင်တွေရဲ့တီထွင်မှုတွေ တိုးတက် လာတာနဲ့အမျှ နိုင်ငံတစ်ခုနဲ့တစ်ခု ဆက်သွယ်မှုတွေအလွယ်တကူဖြစ်လာကြတယ်၊ ကွဲကွာနေတဲ့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်၊ ဝေးကွာနေတဲ့ မိသားစုတွေ အလွယ်တကူဆက်သွယ်လို့ရလာကြတယ်၊ အဲဒီ ဆိုရှယ်မီဒီယာတွေကြောင့်ပဲ သာရေး၊ နာရေး ကိစ္စတွေကအစ အချိန်ပိုင်းလေးနဲ့သိလာကြတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အစရှိတဲ့ အဖြစ်အပျက်မျိုးစုံကို အချိန်တိုအတွင်းမှာ သိခွင့်တွေရလာကြတယ်။ ဒါတွေအားလုံးဟာ နည်းပညာတိုးတက်မှုတွေကြောင့်ပါပဲ။

          ဒါပေမယ့် ခုတလော အဲဒီ ဆိုရှယ်မီဒီယာတွေကြောင့်ပဲ အင်တာနက်စာမျက်နှာ တွေပေါ်မှာ တစ်ဦးနဲ့တစ်ဦး အမုန်းတွေပွားကြ၊ ရန်တွေလိုကြ၊ အသင်းအဖွဲ့တွေ အချင်းချင်း စိတ်ဝမ်းတွေကွဲကြနဲ့ တွေ့နေရတာ တော်တော်များများပါပဲ၊ လူတစ်ယောက်က အကြောင်းအရာတစ်ခုကို ဖေစ့်ဘွတ် (facebook)ပေါ် တင်လိုက်တယ်၊ သူ့ရဲ့ကိုယ်ရေးကိုယ်တာလည်း ဖြစ်နိုင်သလို သူနှစ်သက်တဲ့စာတွေ၊ နိုင်ငံရေးအကြောင်းလည်း ဖြစ်နိုင်တာပဲ၊ ဘာပဲတင်တင်ပါ သူ့ရဲ့ကိုယ်ပိုင် အကောင့်ဒ်(account) ဖြစ်တဲ့အတွက် သူ့ရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့်ပါ၊ သူတင်ထားတဲ့စာတွေကိုဖတ်ပြီး လူတွေက (comment) ထင်မြင် သုံးသပ်ချက်တွေ ပေးနေကြတော့တာပါပဲ။

         လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က တောင်ကိုရီးယားနိုင်ငံက (Lee hye-ryeon) U;Nee ယူနီး လို့လူအများ သိထားတဲ့ ပေါပ့်အဆိုတော်တစ်ယောက် ကိုယ့်ကိုယ်ကို ဆွဲကြိုးချသေဆုံးသွားတဲ့သတင်းလေး ပြန်အမှတ်ရ မိလို့ပါ၊ သူမဆိုလည်း ပထမဆုံးစီးရီးခွေထဲက ကိုရီးယားနိုင်ငံမှာတင် မဟုတ်ပါဘူး၊ အာရှနိုင်ငံ တော်တော်များများမှာပါ အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေခဲ့တာပါ။ နာမည်ကြီး လာတာနဲ့ပတ်ဝန်းကျင်ရဲ့ ဝေဖန် ထိုးနှက်မှုတွေကို ခံရတော့တာပါပဲ။ ပရိသတ်တွေအနေနဲ့ ဝေဖန် အကြံပြုတယ်ဆိုတာ လက်ခံလို့ရပါတယ်။ သူ့အပေါ် အကြောင်းမဲ့ ထိုးနှက်မှုတွေပါ ပါလာတော့ မဖြစ်သင့် တဲ့ အသက်ဆုံးရူံးရတဲ့အထိ ဖြစ်ခဲ့ရတယ်။  သူ့ရဲ့တေးစီးရီးနဲ့ပက်သက်တဲ့ အကြောင်းအရာတွေ၊  သူမရဲ့ ပုံတွေကို အင်တာနက်ပေါ်တင်တယ်၊ လူတွေကဖတ်ပြီး (comment) ထင်မြင်သုံးသပ်ချက်တွေ ပေးကြတယ်၊ ညစ်ညစ်ညမ်းညမ်းတွေ၊ ပုတ်ခတ်စော်ကားတဲ့ စကားတွေနဲ့ သူမရဲ့ အင်တာနက်(website) စာမျက်နှာအောက်မှာ အမျိုးမျိုးမရိုးနိုင်အောင် ပုတ်ခတ်ပြောဆိုကြတယ်၊ ကြာလာတော့ ကာယကံရှင်က (Depression) စိတ်ကျဝေဒနာတွေ ဆက်တိုက်ခံစားလာရတယ်၊ နောက်ဆုံး အဲဒီ စိတ်ကြောင့်ပဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ အဆင့်ထိရောက်သွားခဲ့ရတယ်။

           တလောကမှပြီးသွားတာ ပူပူနွေးနွေးပဲရှိပါသေးတယ် မြန်မာအိုင်ဒေါ (Myanmar Idol) အစီအစဉ်လေး၊ ကျင်းပလာတာ ၃ ကြိမ် ရှိပါပြီ၊  ဒီတကြိမ်ကျမှပဲ ပွဲဆူသွားတော့တယ်၊ ပြောချင်တာလေးက နောက်ဆုံး(Final) ကို ရောက်သွားတဲ့ ပြိုင်ပွဲဝင် ၂ ဦးကို ပွဲအစထဲက အားပေးလာကြတယ် သူ့ပရိသတ်နဲ့သူပေါ့၊ နောက်ဆုံး ဆန်ခါတင် ရွေးချယ်ခါနီးမှာ ကိုယ့်ပရိသတ် သူ့ပရိသတ် ဆိုပြီး ဝေဖန် အမှတ်ပေး(vote) လုပ်နေတာတင် မဟုတ်တော့ဘဲ ထိုးနှက်တာတွေ ပုတ်ခက်တာတွေကိုပါ လုပ်လာ ကြတယ်၊ သူတို့ ၂ ဦးတင်မဟုတ်ဘဲ ဆက်စပ်တဲ့ မိသားစုဝင်တွေကိုပါ ပုတ်ခတ်ပြောဆို ရေးလာကြတယ်၊ နောက်ဆုံး ပြိုင်ပွဲဝင် ၁ ဦးက အဲဒီ(comment) တွေရဲ့ထိုးနှက်မှုတွေကြောင့် အနည်းနဲ့အများ စိတ်ပင်ပန်းခဲ့ရတာပေါ့၊ နောက်တော့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေဖြစ်၊ စိတ်ကျမှု( Depression ) တွေဝင်ပြီး နေမကောင်းဖြစ် ဆေးရုံရောက်သွားတဲ့ အထိကို ဖြစ်သွားခဲ့ရတယ်။

            ဒါနဲ့ဆက်စပ်ပြီး စဉ်းစားမိတာပါ၊ ငယ်ငယ်ထဲကသင်ခဲ့ရတဲ့ တရားစာလေးအမှတ်ရမိလို့ပါ၊   ဝစီဒုစရိုက် (၄)ပါးထဲက သမ္ဖပ္ပလာပဝါစာ တရားစာလေးကို သတိထားမိပါတယ်။ သူများလည်းအကျိုးမရှိ ကိုယ်လည်းအကျိုးမရှိတဲ့စကားကို သမ္ဖပ္ပလာပစကား(ပိန်ဖျင်းသောစကား)လို့ အခြေခံလောက်တော့ သိထားပါတယ်။ ပိန်းဖျင်းသောစကားကို(စပါးပိန် စပါးဖျင်းအလား အနှစ်လည်း မဖက်၊ အနက် လည်း မပါ ) ဆိုပြီး ဥပမာအနေဖြင့် စာမှာပြထားပါတယ်။

              အင်္ဂါ (၂) ချက်နဲ့ပြည့်စုံရင် သမ္ဖပ္ပလာပ မြောက်တယ်ဆိုပြီး စာတွေမှာရေးထားပါတယ်၊  နံပါတ်(၁)  အကျိုးမဲ့ အနက်မဲ့ အဖြစ်မှန် မဟုတ်သော စကားများကို ပြောဖို့စိတ်ကူးကြံရွယ်ခြင်း ၊     နံပါတ်(၂) ထိုသို့ သဘောရှိသောစကားကို ပြောဆိုခြင်းလို့ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ “သလ္လေခသုတ်တရားတော်” မှာ မိန့်ပြထားပါတယ်။ ထိုတရားတော်ထဲမှာပဲ ဆရာတော်ဘုရားကြီးက သမ္ဖပ္ပလာပ ဆိုတာ “တကယ်မဟုတ်တဲ့ အကြောင်းအရာတွေကို ဟုတ်သလိုလို လုပ်ပြီးပြောတဲ့  ဒဏ္ဍာရီ စကား” လို့လည်း မိန့်ဆိုထားပါတယ်။  ပင်ကိုကလည်း မဟုတ်မမှန်သော အကြောင်းအရာ တစ်ခုကို အကျိုးစီးပွား ပျက်ရုံပြောမှ သမ္ဖပ္ပလာပဖြစ်၏ ။  ပင်ကိုက မဟုတ်မမှန်သော်လည်း အကျိုးရှိ အောင် ဥပမာသဘော မျိုးဖြင့် ကြံဆောင်ရေးသား ပြောဆိုမူ တို့သည် သမ္ဖပ္ပလာပ မဖြစ်ဟု သိရပါတယ်။

           လူအများစုက  ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ်၊ မိသားစုထဲ မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် စုမိလို့ စကား ပြောကြရင် ဟိုမင်းသားက ဘယ်လို၊  ဟိုအဆိုတော်က ဘယ်လို၊ ဟိုတခါ အများကြီးလှူတဲ့ သူဌေး တစ်ယောက်လေ၊ စသည်ဖြင့် အမျိုးမျိုး မရိုးနိုင်ပဲ ကိုယ်အတွက်လည်းဘာမှ မဖြစ်လာ၊ ပြောနေတဲ့ တစ်ဘက်လူအတွက်လည်း အကျိုးမရှိ၊ ဒါတွေကိုပဲ အချိုန်တွေ ပေးပြီးပြောနေကြတာ၊  တခါတခါ အချိန်တွေ ကုန်မှန်းမသိ ကုန်နေကြတာပါ။ အရပ်စကားနဲ့ ပြောရရင် “အရည်မရ အဖတ်မရ” ပါပဲ။

            ရပ်ကွက်ထဲက အကြောင်း၊ ရုပ်ရှင်ထဲကအကြောင်း ဟိုလူ၊သည်လူ  အကြောင်းတွေကို ရည်ရွယ်ချက် ဦးတည်ချက်တွေ မရှိဘဲနဲ့ ဘာရယ်မဟုတ်ပါဘူး အလ္လာပ သလ္လာပ အပျင်းပြေပြောတာပါ ဆိုပြီး တချို့က လုပ်ကြပါသေးတယ်။ အများအားဖြင့် ဒါတွေဟာ သမ္ဖပ္ပလာပစကား တွေပဲများပါတယ်။ ဖတ်ဖူးခဲ့တဲ့  ကမ္ဘာ့သာသနာပြု ဆရာတော်ဦးသေဋ္ဌိလ ပြောတာလေး တစ်ခုကို သွားသတိရမိတယ်၊     “မြန်မာလူမျိုးတွေ သမ္ဖပ္ပလာပ အပြောနဲတဲ့လဟာ ဖေဖော်ဝါရီလတဲ့ ၊ (၂၈)ရက်ပဲရှိတော့ ကျန်တဲ့လတွေ ထက်စာရင် အဲဒီလမှာ(၂) ရက်လောက်တော့ သမ္ဖပ္ပလာပ စကားတွေမပြောဖြစ်ကြဘူးတဲ့ ” ။ အရမ်းကို ထိမိတဲ့စကားလေးပါ။

       အခုခေတ်ကြီးမှာ ဖေစ့်ဘွတ်သုံးတဲ့သူ ရာခိုင်နူန်းတော်တော်များများက သမ္ဖပ္ပလာပ စကားတွေ ဖြစ်မှန်းမသိ၊ ပြောမှန်းမသိကို ပြောနေကြတာပါ။ လူတစ်ယောက်က ပိုစ့်(post) တစ်ခုတင်တယ်၊ Like တွေ comment တွေပေးကြတယ်၊ ကိုယ်ရေးလိုက်တဲ့ comment ဟာ ကိုယ့်အတွက်ဘာမှမဟုတ်ပေမယ့်၊ တဖက်လူအတွက် အကုသိုလ်ဖြစ်စရာ အာရုံတွေ ရသွားတက်ပါတယ်၊ တစ်ချို့ဆို သူများတင်တဲ့(post)ကို ဖတ်ပြီး၊ ခနဲ့သလို သရော်သလို ပုံစံမျိုးနဲ့ မိမိတို့ကိုယ်ပိုင် (account) မှာ ပြန်တင်ကြတယ်၊ သူကသာ မကျေမနပ် တင်လိုက်တာပါ၊ တစ်ဖက်လူကတော့ သိတောင်မသိရှာပါဘူး၊ အဲဒီအချိန်မှာပဲ တဖက်လူက ဘုရားရှိခိုးပြီး မေတ္တာပို့နေတဲ့အချိန် “ကမ္ဘာသူ ကမ္ဘာသားအားလုံး ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ အစစ အရာရာ အဆင်ပြေကြပါစေ” ဆိုပြီးမေတ္တာပို့နေရင် မေတ္တာပို့တဲ့အထဲမှာ ကိုယ်လည်း ပါသွားပါပြီ။ ကိုယ်က မကောင်းတဲ့စိတ်တွေဖြစ်နေတဲ့အချိန်မှာ တဖက်သူကတော့ ကိုယ်အပါအဝင် ခုနှစ်ရက် သားသမီးတွေကို  မေတ္တာပို့နေတဲ့အချိန်ဆို စဉ်းစားစရာပါပဲ။ တကယ်တော့ မေတ္တာပို့နေသူက စိတ်အေးချမ်းပြီး၊  မကျေနပ်တဲ့ ပို့စ်(post) တင်နေသူကတော့ စိတ်ပူလောင်နေရတာပါ။

             တစ်ချို့ “Fake account”  လို့ခေါ်တဲ့ အကောင့်ဒ် အတုတွေနဲ့ ဘာသာရေးမိုင်းတိုက်တဲ့ ပိုစ့်တွေတင်ကြတယ်၊ အောက်မှာ ညစ်ညစ်ညမ်းညမ်း  comment တွေရေးကြတယ်၊  ဥပမာ- Fake account တစ်ခုနဲ့ ရဟန်းတစ်ပါးအကြောင်းကို မကောင်းတဲ့ ရူထောင့်ဘက်ကနေ ရေးလိုက်တယ်၊ တင်လိုက်တဲ့ အကြောင်းအရာကို သေချာမသိတဲ့သူတွေက အောက်ကနေ ညစ်ညစ်ညမ်းညမ်း comment တွေရေးကြတယ်၊ အဲလိုရေးတဲ့သူတွေအတွက်တော့ အကုသိုလ်တွေ ဖြစ်နေတာပေါ့၊ ဒါနဲ့တင် မပြီးသေးဘူး၊ အဲဒီ comment တွေကို လိုက်ဖတ်မိတဲ့ သူတွေကလည်း ကိုယ်တိုင်တော့ဆဲတာမဟုတ်ပဲ စိတ်ထဲကနေ ညစ်ညစ်ညမ်းညမ်း စကားလုံးတွေကိုဖတ်မိလိုက်တော့  ရေးတဲ့သူတွေကို ဒေါသတွေ ဖြစ်သွား၊ ဖေစ်ဘွတ် ပေါ်ရေးပြီးတင်တဲ့သူတွေကတော့ ဘာရည်ရွယ်ချက်နဲ့တင်လိုက်မှန်းမသိပါဘူး၊ ဆက်စပ်တဲ့သူတွေကတော့ အကုသိုလ်ဖြစ်စရာ အာရုံတွေကို ကြုံသွားကြတာပေါ့။

               စကားလုံးချိုချိုလေးတွေကို တင်တဲ့သူတွေကြတော့ ရေးတဲ့သူရော၊ ဖတ်တဲ့သူရော အကုသိုလ် ဖြစ်ဖို့က မရှိသလောက်ပါပဲ၊ စကားလုံးချိုချိုလေးတွေမှ မဟုတ်ပါဘူး၊ ကိုယ်တင်လိုက်တဲ့ စာတွေက ကိုယ်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးမရှိဘူးဆိုရင်တော့ စဉ်းစားပြီးတင်သင့် ပါတယ်။

            မြတ်စွားဘုရားဟောထားတဲ့ ရာဟုလောဝါဒသုတ္တန် ကို ဆရာတော်ဘုရားတွေ တော်တော်များ များဟောထား၊ ရေးထားတာတွေ နာဖူး ဖတ်ဖူးထားတာလေးကို နားလည်သလောက်ပြောပြချင်ပါတယ်။      
                          
မြတ်စွာဘုရားက “ ချစ်သားရာဟုလာ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင်   မလုပ်ခင်အရင်စဉ်းစား ပါတဲ့၊ ကိုယ်လုပ်မယ့်အလုပ်က ကိုယ့်အတွက် ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊  ထိခိုက် နိုင်မယ်ဆို မလုပ်ပါနဲ့တဲ့။ အကယ်၍ လုပ်နေဆဲဆိုရင်လည်း စဉ်းစားပါတဲ့၊ ကိုယ်လုပ်နေဆဲအလုပ်က ကိုယ်အတွက် ထိခိုက်နိုင်မလား၊ သူတစ်ပါးကိုထိခိုက်နိုင်မလား၊ ထိခိုက်နိုင်မယ်ဆို မလုပ်ပါနဲ့တဲ့။ အတွေးတစ်ခုကို တွေးတော့မယ်ဆိုရင်လည်း မတွေးခင် အရင်စဉ်းစားပါတဲ့၊ ကိုယ်တွေးမယ့်အရာက ကိုယ့်အတွက် ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား ထိခိုက်မယ်ဆို မတွေးပါနဲ့တဲ့” ။

          အဲဒီတရားလေးကို အမှီပြုပြီးး ဆိုရှယ်မီဒီယာ လို့အများသိထားတဲ့ ဖေစ်ဘွတ်(Facebook)သုံးပြီး စာတွေတင်တော့မယ်ဆိုရင်လည်း မတင်ခင် အရင်စဉ်းစားသင့်ပါတယ်၊ ကိုယ်တင်လိုက်မယ့် အကြောင်းအရာက ကိုယ်အတွက်ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား ၊ ထိခိုက်နိုင်မယ်ဆို မတင်တာက ပိုကောင်းပါတယ်။ အဲ့လိုပါပဲ သူများတင်တဲ့ Post အောက်မှာ comment ရေးတော့မယ်ဆိုရင် လည်း မရေးခင် အရင်စဉ်းစားသင့်ပါတယ်၊ ငါရေးလိုက်မယ့် comment က ငါ့အတွက်ထိခိုက်သွားမလား၊ သူတစ်ပါးအတွက် ထိခိုက်သွားမလား၊ ထိခိုက်နိုင်မယ်ဆိုရင် မရေးလိုက်တာက ပိုကောင်းသွားမှာပါ။ ပုထုဇဉ် အများစုကတော့ ချိုသာတဲ့စကား ချိုသာတဲ့ အသုံးအနူန်းလေးတွေကိုသုံးရင်  သဘောကျ နှစ်ခြိုက် တာ များပါတယ်။  စကားလုံးချိုချိုလေးတွေနဲ့ ဖေစ်ဘွတ်(Facebook) သုံးလည်း ရနေတာပါပဲ၊ ဖေစ်ဘွတ် သုံးရင်း ကုသိုလ်မဖြစ်ချင်နေပါ၊ အကုသိုလ်တော့ မဖြစ်တာပိုကောင်းပါတယ်။

          တစ်ရက်လောက် “စကားလုံးချိုချိုလေးတွေရမယ်နော်” ဆိုပြီး ဖေစ့်ဘွတ်(Facebook)ပေါ်မှာ ချိုသာတဲ့စကားလုံးတွေကို အရင်းတည်ပြီး ကုသိုလ်ဖြစ်စေမယ့် အကြောင်းအရာလေး တင်ရင်း….………….

              အောင်သိန်း(ရေကျော်)


   News Watch (စောင့်ကြည့်ဂျာနယ်)
    ၂၉.၉.၂၀၁၈

No comments: