Wednesday, January 2, 2019
HR တွေက ဘယ်သူ့ဘက်ကလဲ?
---------------------------------------
HR Professional တွေအနေနဲ့ လုပ်ငန်းတွေမှာ ရပ်တည်နေရတဲ့ အခန်းကဏ္ဍ (၃) ခုရှိတဲ့အကြောင်း Michigan University က ပါမောက္ခဖြစ်သူ Dr. Dave Ulrich က သူရေးတဲ့စာအုပ် Human Resource Champions မှဖေါ်ပြခဲ့ပါတယ်။
HR Professional တွေရပ်တည်နေရမယ့် အခန်းကဏ္ဍ (၃) ခုကိုကောင်းကောင်း နားလည်သဘောပေါက်တဲ့ HR Professional တွေဟာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု နဲ့ဆိုင်တဲ့ လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင် တွေကိုရောက်ရှိအောင်မြင်ဖို့၊ ၀န်ထမ်းတွေမှာရှိတဲ့ အရည်အချင်း၊ အရည်အသွေးတွေကိုအကောင်းဆုံးအသုံးချဖို့၊ ၀န်ထမ်းတွေရဲ့ ကျွမ်းကျင်မှု၊ ပါရမီထူးတွေကိုစီမံခန့်ခွဲနိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိလာအောင် စွမ်းဆောင်ပေးနိုင်ဖို့လုပ်ဆောင်ရာမှာ ဦးစီးဦးဆောင်လုပ်နေသူတွေပဲ ဖြစ်ပါတယ်။
လုပ်ငန်းခွင်တွေမှာ HR Professional တွေအနေနဲ့ ရပ်တည်ရမယ့် အခန်းကဏ္ဍ (၃) ခုကတော့
• Strategic Partner လို့ခေါ်တဲ့ လုပ်ငန်းရှင်ရဲ့လက်တွဲဖော်
• Employee Advocate လို့ဆိုတဲ့ ၀န်ထမ်းတွေရဲ့ရှေ့နေ နဲ့
• Change Champion ဖြစ်တဲ့ ပြောင်းလဲမှု ချန်ပီယံ တို့ပဲဖြစ်ပါတယ်။
အခန်းကဏ္ဍတစ်ခုချင်းဟာ HR နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့နေရာမှာ အရေးကြီးပါတယ်။ HR Professional တွေရပ်တည်ရမယ့် အခန်းကဏ္ဍ (၃) ခုဟာ HR Professional တွေအတွက် သုံးချောင်းထောက် ထိုင်ခုံလေးတွေနဲ့ တူပါတယ်။ သုံးချောင်းထောက် ထိုင်ခုံလေးတွေဟာ ခြေတစ်ခုခု ကျိုးသွားရင် ထိုင်လို့ အဆင်မပြေတော့သလို HR Professional တွေအနေနဲ့လည်း ရပ်တည်ရမယ့် အခန်းကဏ္ဍ တစ်ခုခု ကျိုးပဲ့သွားရင် လုပ်ငန်းရှင်နဲ့ ၀န်ထမ်းတွေ အကြားမှာ ရေရှည်ရပ်တည်နိုင်ဖို့ မလွယ်တော့ပါဘူး။ အခန်းကဏ္ဍတစ်ခုချင်းက HR တွေအပေါ်ဘယ်လို သက်ရောက်မှုရှိနေတာလဲကိုစဉ်းစားကြည့်ကြပါမယ်။
1. Strategic Partner (လုပ်ငန်းရှင်ရဲ့လက်တွဲဖော်)
ဒီဘက်ခေတ် စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရတဲ့ HR Professional တွေအနေနဲ့ အရေးကြီးတာက မိမိတတ်သိ၊ နားလည်း၊ ကျွမ်းကျင်ထားတဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ လုပ်ငန်းအကျိုးစီးပွားတိုးတက် အောင်မြင်အောင် ပံ့ပိုးပေးနိုင်ဖို့အရေး ကြီးပါတယ်။ ဒီလိုအခြေအနေတွေမှာ HR Professional တွေအနေနဲ့ လုပ်ငန်းရှင်ရဲ့ နေရာကနေ မိမိတို့ကိုမိမိတို့ အစားထိုး စဉ်းစားတတ်ဖို့လိုအပ်လာပါပြီ။ လုပ်ငန်းအနေနဲ့ မျှော်မှန်းထားတဲ့ ရေတိုရေရှည် ရည်မှန်းချက်၊ ပန်းတိုင်တွေကို ပေါက်ရောက်အောင်မြင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကိုထည့်သွင်းစဉ်းစားရတော့မှာပါ။
HR ဌာနကမျှော်မှန်း ချမှတ်ထားတဲ့ ရေတိုရေရှည် ရည်မှန်းချက်တွေဟာလည်း လုပ်ငန်းကြီးတစ်ခုလုံး အတွက်ချမှတ်ထားတဲ့ လုပ်ငန်းရည်မှန်းချက်ကို အထောက်အပံ့ဖြစ်နေဖို့ လိုအပ်ပါတယ်။ တခါတလေဖြစ်တတ်တာက မိမိတို့လုပ်ငန်းက ဈေးကွက် အတွင်းမှာရှိတဲ့ လုပ်ငန်းတွေနဲ့ မတူထူးခြားတဲ့ ပုံစံ၊ မဟာဗျူဟာတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် ရေတို၊ ရေရှည် ရည်မှန်းချက်တွေ ချမှတ်ထားတယ်။ ဒီလို အများနဲ့ မတူ ထူးခြားတဲ့ ပုံစံ၊ မဟာဗျူဟာတွေနဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အရယူဖို့အတွက် အရယူပေးနိုင်တဲ့ အရည်အသွေးပြည့် ၀န်ထမ်းတွေ လိုအပ်မှာဖြစ်ပါတယ်။ ဒီအချိန်မှာ HR ဌာနက အရည်အချင်းပြည့်ဝတဲ့ ၀န်ထမ်းတွေကို ရာထူး၊ လစာ၊ ခံစားခွင့်ကောင်းကောင်း မပေးဘဲ နည်းနည်းနဲ့ ကြဲကြဲဝိုင်းချင်တဲ့ Cost Leadership Strategy နဲ့ သွားဖို့ HR ဌာနရဲ့ ရည်မှန်းချက်ပန်းတိုင် တွေကိုချမှတ်မယ်ဆိုရင် လုပ်ငန်းသွားချင်တဲ့ ပန်းတန်ကိုရောက်ဖို့အတွက် နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။ ဒါကြောင့်မို့ HR ဌာနရဲ့ရည်မှန်းချက်ပန်းတိုင်တွေ၊ လုပ်ဆောင်ချက်တွေဟာ လုပ်ငန်းကြီး တစ်ခုလုံးရဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက်အထောက်အကူပြုနေဖို့ လိုအပ်သလို လုပ်ငန်းခွင်မှာရှိတဲ့ ၀န်ထမ်းတွေအားလုံးကို လူမှန်နေရာမှန် စီမံခန့်ခွဲနိုင်ဖို့နဲ့ ၀န်ထမ်းတွေရဲ့ ကြိုးစားအားထုတ်ပံ့ပိုးမှုတွေ ရရှိလာအောင် လုပ်ယူဖို့လိုအပ်ပါတယ်။
HR Professional တွေအနေနဲ့ လုပ်ငန်းနဲ့ တသားတဲ့ ကျပြီးစနစ်တကျစီမံခန့်ခွဲနိုင်တဲ့ စနစ်တွေကိုအကောင်အထည်ဖေါ်တဲ့ အခြေအနေမှာ ၀န်ထမ်းတွေနဲ့ HR Professional တွေဟာ လုပ်ငန်းကြီးရဲ့ အောင်မြင်မှုအတွက် အရေးကြီးတဲ့ ပံ့ပိုးပေးသူတွေဖြစ်လာမှာဖြစ်ပါတယ်။ HR Professional တွေအနေနဲ့ လုပ်ငန်းရှင်က အားကိုးလေးစားပြီး အကြံဥာဏ် တောင်းယူရတဲ့ လုပ်ငန်းရှင်ရဲ့ လက်တွဲဖေါ်တွေ ဖြစ်ဖို့အတွက် အဓိက လိုအပ်တာကတော့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေးသလို တွေးတတ်ဖို့၊ HR ဌာနကလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေဟာ လုပ်ငန်းအတွက် ကောင်းကျိုး၊ ဆိုးကျိုးဘယ်လောက်ရှိလဲသိရှိနားလည်ဆင်ခြင်တတ်ဖို့၊ လုပ်ငန်းရဲ့ ၀င်ငွေလည်ပတ်မှုသဘောတရားအချို့ကိုနားလည်တတ်ဖို့ နဲ့ မကုန်သင့်တဲ့ ၀န်ထမ်းရေးရာကုန်ကျစရိတ်တွေမကုန်ကျဖို့အတွက် စီမံခန့်ခွဲ တတ်ဖို့တွေပဲဖြစ်ပါတယ်။ ဒီလိုစီမံခန့်ခွဲတတ်ဖို့ဆိုတဲ့နေရာမှာ လက်တွေ့ဆန် ဖို့လိုအပ်ပါတယ်။ လုပ်ငန်းရှင်တွေဟာ အများအားဖြင့် ဒီလုပ်ဆောင်ချက် လုပ်လိုက်ရင် သူတို့ဘာတွေ ပေးလိုက်ရမှာလဲ၊ အကျိုးကျေးဇူးအနေနဲ့ ဘာတွေ ပြန်ရမှာလည်းဆိုတဲ့ မေးခွန်းမျိုးကိုပဲ မေးတတ်ကြလို့ပါ။ ဒီမေးခွန်းတွေအတွက် ကောင်းမွန်တဲ့ အဖြေတွေပေးနိုင်ပြီဆိုရင်တော့ စာဖတ်သူဟာ လုပ်ငန်းရှင်က အားကိုးလေစား အကြံအဥာဏ်တောင်းယူရတဲ့ လုပ်ငန်းရှင်ရဲ့ လက်တွဲဖေါ် ဖြစ်လာပါလိမ့်မယ်။
2. Employee Advocate (၀န်ထမ်းတွေရဲ့ ရှေ့နေ)
Advocate ဆိုတဲ့စကားလုံးက ဥပဒေဘာသာရပ်က စကားလုံးပါ။ ရှေ့နေပါ။ မြန်မာစကားတကယ်ကောင်းပါတယ်။ ရှေ့နေဆိုတဲ့ စကားလုံးမှာ ရှေ့ကနေရ မယ်လို့ပြောထားတာဖြစ်ပါတယ်။ ဒီလိုပါပဲ ၀န်ထမ်းရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပြီဆိုရင်လိုအပ်ပါက ၀န်ထမ်းတွေရဲ့ ရှေ့နေအဖြစ် ရပ်တည်ပေးရမယ့်အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။ စာရေးသူ လက်လှမ်းမီသလောက် HR အများစုဟာ ၀န်ထမ်းရေးရာကိစ္စရပ် တွေနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်လာပြီဆိုရင် ၀န်ထမ်းတွေကိုပဲ အပြစ်ဖို့တတ်ကြတာများတယ်။ စာရေးသူရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင် လုပ်ငန်းခွင်လည်းမထိခိုက်၊ လုပ်ငန်းရှင်ရော ၀န်ထမ်းရောအတွက်ပါ မထိခိုက်မယ့် အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းတွေကို  တတ်နိုင်သမျှရှာဖွေ စဉ်းစား အကြံပေးဖို့လိုအပ်တယ်လို့ ယူဆမိပါတယ်။
3. Change Champion (ပြောင်းလဲမှု ချန်ပီယံ)
လုပ်ငန်းခွင်ဆိုတာ ပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်တိုင်းမှာ ပြောင်းလဲမှုတွေကို အကောင်အထည်ဖေါ်ရပါတယ်။ ဒီဘက်ခေတ်မှာ အရင်ပုံစံအဟောင်းကြီး တွေနဲ့ပဲ လုပ်ငန်းရှင်သန်ဖို့မဖြစ်နိုင်တော့ပါဘူး။ ပိုမိုတိုးတက်ကောင်းမွန်မှုတွေ ရလာအောင် ပြုပြင်ပြောင်းသင့်တာတွေကို ပြုပြင်ပြောင်းလဲရပါတယ်။ ဒီလိုပြောင်းလဲမှုတွေလုပ်ဖို့လိုအပ်လာတဲ့အခါမှာ HR Professional တွေအနေနဲ့ ပြောင်းလဲမှုကို ကမကထပြုဆောင်ရွက် အကောင်အထည် ဖေါ်ဖို့လိုအပ်ပါတယ်။ ပြောင်းလဲမှုတစ်ခုလုပ်တိုင်းမှာ အပြောင်းအလဲကို လက်ခံတဲ့သူတွေ ရှိသလို အပြောင်းအလဲကို ခုခံမယ့်သူတွေရှိလာမှာဖြစ်ပါတယ်။ လုပ်ငန်းပိုမို တွင်ကျယ်ဖို့ ပြောင်းလဲမှုတွေလုပ်တဲ့နေရာမှာ ၀န်ထမ်းတွေရဲ့ စိတ်မကျေမနပ်မှုတွေ အပြောင်းအလဲကို ခုခံမယ့်အနေအထားတွေကို အနည်းဆုံးလုပ်နိုင်တဲ့ အသင့်တော်ဆုံး နည်းလမ်းမျိုးကို စဉ်းစားရွေးချယ် တာဟာ HR Professional တွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုဖြစ်ပါတယ်။
 တချို့ကိစ္စတွေဟာ HR တွေကိုယ်တိုင်မပြောင်းလဲလို ကြတဲ့ အကြောင်းအရာတွေကို လုပ်ငန်းရေရှည် ရပ်တည်ဖို့အတွက် ပြောင်းလဲရတာ တွေရှိတတ်ပါတယ်။ အပြောင်းအလဲလုပ်ဖို့လိုအပ်လာလို့ ပြောင်းလဲတဲ့အခါမှာ ၀န်ထမ်းတွေ အများစုရဲ့အမြင်က HR တွေလုပ်လို့၊ HR တွေကြောင့်လို့ မြင်တတ် ကြပါတယ်။ တကယ့်ဖြစ်ရပ်က HR တွေနဲ့ တိုက်ရိုက်ဆက်သွယ်မှု မရှိခဲ့ရင်တောင် HR တွေကြောင့်လို့ ၀န်ထမ်းတွေပြောသံကြားရတာတွေဟာ တကယ်တော့ အဲဒီဝန်ထမ်းတွေက HR တွေကိုသူတို့ရဲ့ မသိစိတ်မှာ အားကိုးနေကြလို့ ဖြစ်နိုင်ပါတယ်။ ဥပမာ၊ လုပ်ငန်းအခြေအနေကြောင့် ၀န်ထမ်းတွေလျှော့ဖို့ လိုအပ်လာတဲ့အချိန်မှာ ထိခိုက်မှုအနည်းဆုံးဖြစ်မယ့် နည်းလမ်းတွေသုံးပြီး ၀န်ထမ်းတွေကိုလျှော့ရပါတယ်။ အဲလိုအခြေအနေမျိုးမှာဆို ၀န်ထမ်းတွေ ဘယ်လိုပဲပြောနေပါစေ။ HR တွေအနေနဲ့ သူတို့အတွက် ဘယ်လောက် အရှေ့ကနေရပ်တည်ပေးနိုင်လောက်လဲ၊ Employee Advocate လုပ်ပေးနိုင် လောက်မလဲဆိုတာကို မျှော်လင့်စောင့်စားနေတတ်ကြပါတယ်။ တကယ်တော့ အပြောင်းအလဲတစ်ခုကို အဆင်ပြေပြေ ပြောင်းလဲနိုင်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ ဒီနေရာမှာအရေးကြီးတာက လုပ်ငန်းရှင်ရဲ့လက်တွဲဖော် တဖြစ်လဲ ၀န်ထမ်းတွေရဲ့ ရှေ့နေဖြစ်ရမယ့် HR တွေရဲ့ ပြောင်းလဲနိုင်မှုစွမ်းရည်တွေပဲ ဖြစ်ပါတယ်။
အထက်မှာဖေါ်ပြခဲ့သလို HR တွေဟာ လုပ်ငန်းခွင်တွေမှာ အခန်းကဏ္ဍ (၃) ခုနဲ့ ရပ်တည်နေရပါတယ်။ အများအားဖြင့်ကြားရတဲ့ မေးခွန်းတစ်ခုကတော့ HR ဆိုတာ ၀န်ထမ်းဘက်ကလား၊ လုပ်ငန်းဘက်ကလား ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေအတွက် အဖြေကတော့ HR Professional တွေရပ်တည်ရမယ့် အခန်းကဏ္ဍ (၃) ခုအပေါ်မှာပဲရပ်တည်သွားမှာပါ ဆိုတာပဲ ဖြစ်ဖို့ လိုအပ်ပါတယ်။ အဖြေနဲ့အတူ လိုက်နာကျင့်သုံးဖို့အထူးလိုအပ်ပါတယ်။  တကယ်တော့ HR တွေဟာ ၀န်ထမ်းဘက်ကလူ မဟုတ်သလို လုပ်ငန်းဘက်ကလူ မဟုတ်ရပါဘူး။ တစ်ဖက်ဖက်ကို ပါသွားရင် HR တွေကျဆုံးနိုင်ပါတယ်။ အကြောင်းကတော့ သုံးချောင်းထောက် ထိုင်ခုံဆိုတာ ခြေတစ်ချောင်းကြိုးရင် ထိုင်လို့မရလို့ပဲဖြစ်ပါတော့တယ်။
လေးစားစွာဖြင့်
ပိုင်စိုး (Management)
Ref; The New Roles of the Human Resources Professional By Susan M. Heathfield
No comments: