Saturday, August 11, 2018

"သွေးလေးဖက်နာ (Rheumatoid Arthritis)"

"သွေးလေးဖက်နာ (Rheumatoid Arthritis) အကြောင်းသိကောင်းစရာ"


************************************************

🔴 MWD: ဆရာရှင့် အခုနောက်ပိုင်းမှာ မြဝတီကျန်းမာသုတပရိသတ်တွေထဲကနေ သွေးလေးဖက်နာအကြောင်းမေးမြန်းတင်ဆက်ပေးပါလို့ စာရေးတောင်းဆိုတာတွေ များလာပါတယ်ဆရာ.. ဒါကြောင့် ဒီတစ်ပတ် မှာတော့ သွေးလေးဖက်နာအကြောင်းကို မေးမြန်းတင်ဆက်ချင်ပါတယ်.. ပထမဆုံးအနေနဲ့ သွေးလေးဖက်နာဆိုတာ ဘယ်လိုရောဂါမျိုးလဲဆိုတာ အရင်ဆုံးရှင်းပြပေးပါ..

Dr. KML: ကျွန်တော်တို့ မြန်မာတွေကတော့ ခြေဆစ်လက်ဆစ်တွေအားလုံး ရောင်တဲ့ ရောဂါကိုလေးဖက်နာရောဂါလို့ခေါ်လေ့ရှိပါတယ်.. လက်နှစ်ဖက်၊ ခြေနှစ်ချောင်းစလုံးမှာဖြစ်လို့ လေးဖက်နာလို့ခေါ်ခြင်းဖြစ်ပါတယ်.. တစ်ချိန်တည်းတစ်ပြိုင်တည်းတော့ ဖြစ်ချင်မှဖြစ်မှာပေါ့.. အချို့လည်း လက်ဆစ်ကလေးတွေ နာလိုက်ပျောက်လိုက်၊ နောက်မှဒူးဆစ်တို့၊ ခြေချင်းဝတ်တို့ ရောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်..ဘယ်လိုပဲရောင်ရောင် လက်ရော၊ ခြေရောရောင်ရင်တော့ လေးဖက်စလုံးမှာနာလို့ လေးဖက်နာလို့ ခေါ်ရတာပါ..အဲ့ဒီလေးဖက်နာမှာမှ ဖြစ်ရတဲ့အကြောင်းရင်းနဲ့ ရောဂါလက္ခဏာတွေပေါ်မူတည်ပြီး အမျိုးအစားတွေ ထပ်ခွဲထားပါတယ်.. ဥပမာ လည်ပင်းရောင်စေတဲ့ ဘက်တီးရီးယား (Streptococcus) ကြောင့် ဖြစ်ရင် ပိုးလေးဖက်နာ (Rheumatic arthritis)၊ အရေပြားမှာဖြစ်ရင် အရေပြားလေးဖက်နာ (SLE) စသည်ဖြင့်ခေါ်ကြပါတယ်.. အခုဆွေးနွေးမဲ့ သွေးလေးဖက်နာကိုတော့ ဆေးပညာအခေါ်အဝေါ်အရ Rheumatoid arthritis လို့ခေါ်ပါတယ်.. သူကတော့ အော်တိုအင်မြူးရောဂါ (Autoimmune disorder) တစ်မျိုးဖြစ်ပြီး နာတာရှည်ဖြစ်လေ့ရှိပါတယ် (Long-lasting).. အဓိကအနေနဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ခုခံအားစနစ်တွေချို့ယွင်းသွားလို့ ဖြစ်ရတဲ့ရောဂါလို့ပြောနိုင်ပါတယ်.. ဒီရောဂါကိုစတင်ဖော်ထုတ်ခဲ့သူကတော့ ပြင်သစ်လူမျိုးဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာအော်ဂက်စတင်ဂျက်ကော့ (Dr.Augustin Jacob) ဖြစ်ပြီး ၁၈၀ဝ ပြည့်နှစ် ကတည်းက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ စတင်ဖေါ်ထုတ်ခဲ့တာဖြစ်ပါတယ်..

🔴 MWD: ဒီရောဂါက ဘယ်လိုမျိုးလူတွေမှာ ဖြစ်လေ့ရှိပါသလဲဆရာ..

Dr. KML: သွေးလေးဖက်နာဟာ အဆစ်အမျက်ရောင်ရောဂါတွေထဲမှာ အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်.. နိုင်ငံနဲ့လူမျိုးအလိုက် ဖြစ်ပွားမှုနှုန်း အနည်းအများတော့ရှိပါတယ်.. အမျိုးသားနဲ့အမျိုးသမီးအုပ်စုနှိုင်းယှဉ်ရင် အမျိုးသမီး (၃) ဦးဖြစ်ရင် အမျိုးသားက (၁) ယောက်ပဲဖြစ်တော့ အမျိုးသမီးတွေမှာ သိသိသာသာအဖြစ်များတဲ့ ရောဂါတစ်ခုလို့ဆိုနိုင်ပါတယ်..ရောဂါဖြစ်ပွားမှုနှုန်းဟာလည်းနှစ်စဉ်တိုးတက် များပြားလာနေတာ တွေ့ရပါတယ်..ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ခန့်မှန်းချက်အရ ၁၉၉၀ ပြည့်နှစ်မှာ ဒီရောဂါနဲ့သေဆုံးသူတွေဟာ (၂၈၈၀ဝ) လောက်သာရှိရာကနေ ၂၀ဝ၃ ခုနှစ်မှာ (၃၈၀ဝ၀) အထိတိုးတက်လာတယ်လို့ဆိုပါတယ်.. အချို့အဖြစ်များတဲ့ ဒေသတွေမှာ လူဦးရေရဲ့ ၁ % အထိပင် ဖြစ်ပွားနေတယ်လို့ဆိုပါတယ်..

🔴 MWD: ဒီသွေးလေးဖက်နာရောဂါဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာလည်း ရှင်းပြပေးပါဆရာ..

Dr. KML: ဒီရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းတိတိကျကျ မပြောနိုင်သေးပေမဲ့ ရှာဖွေလေ့လာမှုတွေအရ မျိုးဗီဇ (Genetic factor) နဲ့ ပတ်ဝန်းကျင် (Environmental factor) နှစ်ခုပေါင်းဆုံပြီးဖြစ်ရတာလို့ ပညာရှင်များက ယူဆထားကြပါတယ်..

(က) မျိုးဗီဇကြောင့်ဖြစ်ရခြင်း
သွေးလေးဖက်နာဟာ မျိုးဗီဇနဲ့ပတ်သက်မှုရှိကြောင်း တွေ့ရပါတယ်.. ရောဂါဖြစ်သူရဲ့မိဘ၊ ညီအစ်ကိုမောင်နှမနဲ့ ဆွေမျိုးရင်းချာတွေမှာပါ ဖြစ်ပွားလေ့ရှိကြောင်း တွေ့ရပါတယ်.. အမွှာညီအစ်ကို၊ ညီအစ်မ၊ မောင်နှမတွေမှာ ဆိုရင်လည်း တစ်ပုံစံတည်းတူတဲ့ (Monozygotic twins) သူတွေမှာ ဖြစ်ပွားတဲ့နှုန်းဟာ ၁၅ % အထိရှိတတ်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ (Dizygotic twins) တွေမှာဆိုရင် ၃ % လောက်ပဲတွေ့ရပါတယ်.. ရောဂါဖြစ်နေသူရဲ့ မျိုးဗီဇကိုလေ့လာတဲ့အခါ ခုခံအားစနစ် (Immune system) နဲ့ ပတ်သက်နေတဲ့ မျိုးဗီဇတစ်ချို့မှာချို့ယွင်းမှုတွေဖြစ်ပေါ်နေလေ့ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်..

(ခ) ပတ်ဝန်းကျင်ကြောင့်ဖြစ်ရခြင်း

(၁) ရောဂါပိုးမွှားများဝင်ရောက်မှုကြောင့်ဖြစ်ရခြင်း (Infections)
အချို့သောပညာရှင်တွေကတော့ သွေးလေးဖက်နာဟာ ရောဂါပိုးတစ်မျိုးမျိုး ဝင်ရောက်ရာက မျိုးဗီဇအခြေခံရှိသူ (Risk gene) တွေမှာ ဖြစ်ပွားလေ့ ရှိတယ်လို့ဆိုပါတယ်.. ရောဂါပိုးဆိုရာမှာ ဘယ်ပိုးရယ်လို့ အတိအကျ မပြောနိုင်သေးပေမဲ့ အူထဲမှာရှိတဲ့ဗိုင်းရပ်စ်ပိုးတစ်ချို့ (ဥပမာ Epstein-Barr virus, Cytomegalovirus) ကြောင့် ဖြစ်နိုင်တယ်လို့ သံသယရှိနေကြပါတယ်..

(၂) ဆေးလိပ်သောက်ခြင်း (Smoking)
ဆေးလိပ်သောက်တဲ့အတွက် အရင်ကတည်းက မျိုးဗီဇဓာတ်ခံရှိသူတွေမှာ သွေးလေးဖက်နာဖြစ်လေ့ရှိကြောင်းတွေ့ရပါတယ်.. ပြီးတော့ သွေးလေးဖက်နာရှိသူတွေ ဆေးလိပ်သောက်ရင် ရောဂါပိုမိုပြင်းထန်ပြီး နောက်ဆက်တွဲဝေဒနာတွေ ပိုမိုခံစားရလေ့ရှိပါတယ်.. ဆေးတွေပေးတဲ့အခါမှာလည်း ထိရောက်မှုလျော့နည်းတတ်ပါတယ်.. အနောက်နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေမှာ ဆေးလိပ်သောက်တဲ့အုပ်စုနဲ့ ဆေးလိပ်မသောက်တဲ့အုပ်စု နှိုင်းယှဉ်ရာမှာ ဆေးလိပ်သောက်သူတွေမှာ ပိုဖြစ်တာတွေ တွေ့ရပါတယ်..မြန်မာနိုင်ငံမှာတော့ အဲ့ဒီလိုမျိုးမတွေ့ရပါဘူး.

(၃) ဟိုမုန်းများကြောင့်ဖြစ်ရခြင်း (Hormonal factor)
အမျိုးသားနဲ့အမျိုးသမီးနှိုင်းယှဉ်ရင် ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှာပဲကြည့်ကြည့် အမျိုးသမီးတွေဟာ သိသိသာပိုများတာတွေ့ရပါတယ် (၃း ၁ ရှိပါတယ်).. ဒါကြောင့် အမျိုးသမီးဟိုမုန်းတွေဟာ ရောဂါဖြစ်ပွားဖို့ကို လှုံ့ဆော်ပေးတယ်လို့ ယူဆကြပါတယ်.. အမျိုးသမီးတွေမှာတောင်မှ ကလေးမွေးပြီးစအချိန်နဲ့ နို့တိုက်နေတဲ့အချိန်တွေမှာ ပိုပြီးရောဂါဆိုးလေ့ရှိတော့ အမျိုးသမီးဟိုမုန်းတွေပေါ်မှာလည်းသံသယရှိနေပါတယ်..

(၄) အူတွင်းရှိအကျိုးပြုအဏုဇီဝများ ချို့ယွင်းမှုကြောင့်ဖြစ်ရခြင်း (Change in intestinal microflora)
လူရဲ့အူထဲမှာ အကျိုးပြုအဏုဇီဝပိုးလေးတွေရှိပါတယ်.. အဲ့ဒီပိုးလေးတွေကထုတ်လုပ်ပေးတဲ့ ဓာတ်ပစ္စည်းတွေ (Metabiotics) ဟာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ထိန်းညှိပေးရာမှာ များစွာအရေးပါပါတယ်.. အဲ့ဒီအဏုဇီဝပိုးအရေအတွက်တွေ လျော့နည်းသွားလို့ပဲဖြစ်ဖြစ်၊ မျိုးဗီဇပုံသဏ္ဍန်ပြောင်းလဲသွားလို့ပဲဖြစ်ဖြစ် ခုခံအားစနစ်ကိုထိန်းချုပ်မှု လျော့နည်းသွားစေပါတယ်.. အဲ့ဒီအခါမှာ အော်တိုအင်မြူးရောဂါ (Autoimmune disease) လို့ခေါ်တဲ့ ခုခံအားချို့ယွင်းတဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်..
ဒါကြောင့် ခုနကတင်ပြခဲ့တဲ့ ပတ်ဝန်းကျင်ကြောင့်ဖြစ်နိုင်တဲ့ အကြောင်းအရာတွေဟာ နဂိုကတည်းက မျိုးဗီဇအခံရှိခဲ့ရင် သွေးလေးဖက်နာဖြစ်လာနိုင်ပါတယ်..

🔴 MWD: သွေးလေးဖက်နာဖြစ်ရင် ဘယ်လိုမျိုးရောဂါလက္ခဏာတွေ ခံစားရပါသလဲဆရာ..

Dr. KML: ရောဂါလက္ခဏာတွေမှာ အဓိကအပိုင်း (၂) ပိုင်းပါဝင်ပါတယ်.. ပထမပိုင်းအနေနဲ့ အရိုးအဆစ်တွေ ရောင်ရမ်းတဲ့လက္ခဏာဖြစ်ပြီး နောက်တစ်ပိုင်းအနေနဲ့ ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိခိုက်ပျက်စီးစေတဲ့အပိုင်းပဲ ဖြစ်ပါတယ်.. ဒါ့ကြောင့် သွေးလေးဖက်နာဖြစ်ရင် အရိုးအဆစ်ရောင်ရုံပဲဆိုပြီး ပေါ့ပေါ့ဆဆမနေသင့်ကြောင်း အဓိကပြောချင်ပါတယ်..

(က) အရိုးအဆစ်များရောင်ရမ်းခြင်း လက္ခဏာများ (Articular manifestations)
စဖြစ်လေ့ရှိတဲ့အသက်အရွယ်အနေနဲ့ လူလတ်ပိုင်းအရွယ် အသက် ၃၀- ၄၀ လောက်မှာ စဖြစ်လေ့ရှိပါတယ်.. များသောအားဖြင့် လက်ဆစ်လေးတွေ၊ လက်ကောက်ဝတ်အဆစ်လေးတွေ စတင်ရောင်လေ့ရှိပြီး နှစ်ဖက်စလုံးမှာ တပြိုင်တည်းဖြစ်လေ့ရှိပါတယ်.. တချို့ပိုဆိုးတဲ့သူတွေကျတော့ ခြေထောက်မှာရှိတဲ့ ခြေချောင်းအဆစ်လေးတွေ၊ ခြေချင်းဝတ်အဆစ်တွေပါ ဖြစ်နိုင်ပါတယ်.. မနက်ပိုင်းအိပ်ယာအထမှာ ပိုဖြစ်လေ့ရှိပါတယ်.. နားပြီးရင်ပိုဆိုးတတ်လို့ တစ်ညလုံးနားပြီး မနက်အိပ်ယာအထမှာပိုဆိုးရခြင်း ဖြစ်ပါတယ်.. စကာစမှာ နည်းနည်းပဲယောင်တာ တင်းတာလောက်ပဲဖြစ်ပြီး တဖြည်းဖြည်းနဲ့ သက်သာသွားလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ပိုပိုဆိုးလာလေ့ရှိပါတယ်.. အရိုးနဲ့ကပ်နေတဲ့ကြွက်သားတွေပါ တောင့်တင်းတာလည်းတွေ့ရတတ်ပါတယ်.. ရောင်နေတဲ့အဆစ်တွေကို လက်နဲ့ဖိကြည့်ရင်နာပါတယ်.. လှုပ်ရှားခိုင်းရင်၊ ကွေးခိုင်းဆန့်ခိုင်းရင်လည်းနာပါတယ်..တဖြည်းဖြည်းနဲ့ ဖြစ်လိုက်ပျောက်လိုက်ဖြစ်တော့ ကြာရင်အရိုးအဆစ်တွေပျက်စီးပြီး ကွေးကောက်ကုန်ပါတယ် (Deformity)..

(ခ) တခြားခန္ဓာကိုယ်အစိတ်အပိုင်းများ၌ရောင်ရမ်းပျက်စီးသည့်လက္ခဏာများ (Extra-articular manifestation)
(၁) တစ်ကိုယ်လုံးအတိုင်းအတာအရကြည့်ရင် မစားချင်မသောက်ချင် ဖြစ်လာတတ်ပါတယ် (Anorexia).. ပင်ပန်းလွယ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်ကျဆင်းခြင်းတို့ တွေ့ရတတ်ပါတယ်.. ကြွက်သားတွေ အကုန်ပျော့ပြီး သိမ်လာတတ်ပါတယ်.. အရိုးတွေပွလာ၊ ပျက်စီးလာတတ်ပါတယ် (Osteoporosis)..

(၂) အရေပြားပေါ်မှာ အကျိတ်အဖုလေးတွေ ပေါ်လာတတ်ပါတယ် (Rheumatoid nodules) အထူးသဖြင့် လက်မှာဆိုရင် ဖိမိတတ်တဲ့နေရာ (Rheumatoid modules) တွေမှာ ပိုဖြစ်လေ့ရှိပါတယ်.. အဲ့ဒီအဖုတွေဟာ ဖိမိ၊ ခိုက်မိတာဖြစ်ရင် အနာဖြစ်ပြီးပိုးဝင်ကာ ပြည်တည်နာတွေ အဖြစ်ကို ပြောင်းသွားတတ်လို့ မထိခိုက်မိအောင်ဂရုပြုရပါတယ်..

(၃) တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောလေးတွေရောင်ရမ်းတတ်ပါတယ် (Vasculitis).. အထူးသဖြင့် လက်ထိပ်ခြေထိပ်ကလေးတွေကိုသွားတဲ့ သွေးကြောလေးတွေရောင်ခဲ့ရင် သွေးကြောကသေးတော့ ပိတ်သွားတတ်ပါတယ်.. အဲ့ဒီအခါလက်ထိပ်ခြေထိပ်ကလေးတွေကို သွေးမလျှောက်တော့တဲ့အတွက် ပုပ်သွားတတ်ပါတယ် (Nail-fold infarcts).. ပိုဆိုးရင်အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေ ပိတ်သွားလို့ အကွက်လိုက်၊ အကွက်လိုက် အရေပြားပျက်စီးပြီး အနာဖြစ်နိုင်ပါတယ် (Skin necrosis and ulceration)..

(၄) မျက်စိနဲ့ပတ်သတ်ပြီးတော့လည်း ဖြစ်လေ့ရှိပါတယ်.. မျက်ခမ်းရောင်ခြင်း (Keratoconjunctivitis sicca)၊ မျက်ကြည်လွှာရောင်ခြင်း (Scleritis) တွေ ဖြစ်တတ်ပါတယ်.. မျက်ကြည်လွှာတဖြည်းဖြည်းပါးလာတတ်ပါတယ် (Scleromalacia) မျက်စိကြည့်လို့မကောင်းတာ၊ မျက်စိကျိမ်းတာ၊ မျက်ရည်မထွက်ဘဲ ခြောက်သွားတာတွေဖြစ်တတ်ပါတယ်..

(၅) နှလုံးနဲ့ပတ်သက်လို့ဖြစ်ရင် ပိုအရေးကြီးပါတယ်.. နှလုံးအမြှေးပါးရောင်တာ (Pericarditis) နှလုံးအမြှေးနှစ်ခုကြားမှာ အရည်တွေစုလာတာ (Pericardial effusion) တွေဖြစ်တတ်ပါတယ်..အဲ့ဒီလိုဖြစ်ရင်လူနာဟာ အလကားနေရင်း နှလုံးခုန်နှုန်းတွေမြန်လာပြီး မောလာပါတယ်..အထူးသဖြင့် အရင်ကတည်းအဆီလည်းများမယ်၊ ဝလည်းဝမယ်၊ ဆေးလိပ်လည်းသောက်မယ်ဆိုရင် အသက်အန္တရာယ်ရှိပါတယ်.. ကုသတဲ့ဆေးထဲမှာ စတီးရွိုက်ဆေးတွေ သောက်နေတဲ့သူဆို ပိုဆိုးတတ်လို့ ဆရာဝန်နဲ့ သေသေချာချာပြဖို့လိုပါတယ်..

(၆) အဆုတ်နဲ့ပတ်သက်ရင် အဆုတ်အမြှေးပါးရောင်တာ၊ မောတာ၊ အသက်ရှူမကောင်းတာ ဖြစ်တတ်ပါတယ်.. အဆုတ်ထဲမှာလည်း Rheumatoid nodule လို့ ခေါ်တဲ့ အလုံးတွေ ထွက်တတ်ပါတယ်.. ဓာတ်မှန်ရိုက်ရင် ကင်ဆာနဲ့မှားနိုင်ပါတယ်..

(၇) အာရုံကြောစနစ်ကိုလည်း ထိခိုက်စေပါတယ်.. လက်ဆစ်တွေ ရောင်လာတဲ့အတွက် လက်ဖဝါးနဲ့ လက်ထိပ်တွေကိုသွားတဲ့ အာရုံကြောကို ညပ်စေပြီး လက်တွေကျဉ်တာ၊ ထုံတာ၊ ပစ္စည်းတွေကိုင်မရတာ ဖြစ်တတ်ပါတယ်.. Carpal tunnel syndrome လို့ခေါ်ပါတယ်.. အလားတူပဲ ခြေထောက်မှာရှိတဲ့ အကြောညပ်ပြီး ခြေထောက်တစ်ခုလုံး ထုံတာ၊ ကျဉ်တာ၊ နာတာဖြစ်ရင် Tarsal tunnel syndrome လို့ ခေါ်ပါတယ်.. ဒါတွေကတော့ အရိုးရောင်လာလို့ အကြောတွေညပ်သွားတာ ဖြစ်ပါတယ် (Entrapment neuropathy).. အလားတူပဲ လည်ပင်းရိုးမှာ အကြောညပ်တာ၊ ခါးကြောညပ်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်..

🔴 MWD: သွေးလေးဖက်နာဖြစ်ရင် သွေးဖောက်စစ်ဆေးတာတို့၊ ဓာတ်မှန်ရိုက်တာတို့တွေ လုပ်ဖို့လိုပါသလားဆရာ..

Dr. KML: လိုပါတယ်.. အနည်းဆုံးတော့ သွေးစစ်တာ၊ ဓာတ်မှန်ရိုက်တာတွေ လုပ်ရလေ့ရှိပါတယ်..လူနာရဲ့အခြေအနေနဲ့ ခန္ဓာကိုယ်ထိခိုက်မှု အနေအထားပေါ်မူတည်ပြီး လုပ်ရတဲ့ Test တွေလည်း အနည်းအများ ကွာခြားပါတယ်.. အခြေခံစမ်းသပ်မှုတွေနဲ့ လုပ်လေ့ရှိတာကတော့

(က) RA test - သွေးလေးဖက်နာရှိသူရဲ့ ၇၀% လောက်မှာ Rheumatoid factor လို့ခေါ်တဲ့ Antibody (+) ဖြစ်လေ့ရှိပါတယ်.. ကျန်ရောဂါရှိသူ ၃၀%မှာတော့ (-) ပြတတ်ပါတယ်.. ဒါကို Sero-negative RA လို့ ခေါ်ပါတယ်..တစ်ခါတစ်လေ RA (+) ဖြစ်တိုင်းလည်း သွေးလေးဖက်နာလို့ တစ်ထစ်ချပြောလို့မရပါဘူး.. ဘာဖြစ်လို့လဲဆိုတော့ အချို့ရောဂါမရှိသူတွေထဲမှာလည်း ၁၀% က (+) ဖြစ်တတ်လို့ဖြစ်ပါတယ်..

(ခ) ESR နဲ့ CRP - က သာမန်အားဖြင့် တက်လေ့ရှိပါတယ်.. ဒါကတော့ ရောင်ရမ်းမှုအခြေအနေကို သိနိုင်ပါတယ်.. ESR များလေလေ သို့မဟုတ် CRP များလေလေ ရောင်ရမ်းပျက်စီးမှုများလေလေလို့ ယူဆနိုင်ပါတယ်..

(ဂ) ACPA (Anti-citrullinated peptide antibodies) - ဒီ test ကတော့ ပိုပြီးတိကျပါတယ်.. သွေးလေးဖက်နာဖြစ်နေသူတွေရဲ့ ၇၀%မှာ (+) ပြပါတယ်.. သူ (+) ပြရင်တော့ သွေးလေးဖက်နာ ဖြစ်နေပြီလို့ ပြောနိုင်ပါတယ်.. တချို့ရောဂါလက္ခဏာမပြသေးပေမယ့် ACPA (+) ဖြစ်နေပြီဆိုရင် မကြာခင်ရောဂါလက္ခဏာပြတော့မယ်ဆိုတာ ကြိုသိနိုင်ပါတယ်..

(ဃ) Plan X ray - ရောင်နေတဲ့အဆစ်တွေကို ဓာတ်မှန်ရိုက်ကြည့်နိုင်ပါတယ်.. အရိုးအဆစ် ပျက်စီးမှုကို သေသေချာချာသိနိုင်ပါတယ်.. လိုအပ်ရင် လည်ပင်းရိုး၊ ခါးရိုးတွေပါ ရိုက်ရလေ့ ရှိပါတယ်.. သွေးလေးဖက်နာကြောင့် ကျောရိုးထိခိုက်ပျက်စီးပြီး အလယ်မှာရှိတဲ့ Spinal cord ကို ဖိမိတဲ့လက္ခဏာတွေပေါ်နေရင်တော့ MRI လုပ်ကြည့်ရင် ပိုပြီးသိသာပါတယ်..

🔴 MWD: သွေးလေးဖက်နာကို ဘယ်လိုမျိုးကုသရတယ်ဆိုတာလည်း ရှင်းပြပေးပါဆရာ..

Dr. KML: ဒီရောဂါဟာ ဘာ့ကြောင့်ဖြစ်မှန်း သေသေချာချာမသိသေးတဲ့အတွက် ကုသရာမှာလည်း တိကျ ပြတ်သားတဲ့ ကုသမှုပေးပြီး ပျောက်အောင်လုပ်ဖို့ မလွယ်သေးပါဘူး.. ဒါကြောင့် လူနာကို ကုသမှုရဲ့ အဓိကရည်ရွယ်ချက်အနေနဲ့ လုပ်ပေးနိုင်တာကတော့ သူ့ရဲ့ ခံစားနေရတဲ့ရောဂါလက္ခဏာတွေ သက်သာစေဖို့ ဥပမာ အဆစ်အမြစ်တွေရောင်နေ၊ ကိုက်ခဲ နေရင်၊ အရောင်ကျအောင်လုပ်ပေးဖို့၊ အကိုက်သက်သာအောင်လုပ်ပေးဖို့်၊ ရောဂါကြွမလာအောင် ထိန်းထားပေးဖို့ (Flare-ups) ၊ ရောဂါသက်သာနေရာကနေ ပြန်မဖြစ်အောင် လုပ်ထားပေးဖို့်၊ လူနာရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးဟာ သာမန်လူတစ်ယောက်လို ပုံမှန်လှုပ်ရှားသွားလာနိုင်ဖို့ စသဖြင့် ရည်ရွယ်ပြီး ကုသပေးရပါတယ်..ဒီလိုကုသရာမှာ အဓိကအစိတ်အပိုင်း (၃) ခုပါဝင်ပါတယ်..
(၁) အနောက်တိုင်းဆေးဝါးများဖြင့် ကုသခြင်း (Drug treatment)
(၂) အစားအသောက်နဲ့ နေထိုင်မှုပုံသဏ္ဍန်ကို မှန်ကန်အောင်ပြုပြင်ပေးခြင်း (Life-style modification)
(၃) သဘာဝဆေးဝါးများနဲ့ ကုသခြင်း (Natural medicine) တို့ဖြစ်ပါတယ်.. လူနာရဲ့အခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ဆေးဝါးနဲ့ နေပုံထိုင်ပုံကို ညွှန်ကြားပေးရပါတယ်..

🔴 MWD: အနောက်တိုင်းဆေးတွေနဲ့ကုသတဲ့အခါမှာ ဘယ်လိုမျိုးဆေးတွေ အသုံးပြုရပါသလဲဆရာ.. အဲ့ဒီဆေးတွေနဲ့ ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်လေးတွေလည်းသိပါရစေ..

Dr. KML: အဓိကအသုံးပြုတဲ့ဆေးတွေကတော့
(က) Disease-modifying anti-rheumatic drugs (DMARDs) ဥပမာ - Methotrexate - Hydroxychloroquine - Leflunomide - Sulfasalazine (SSZ)
(ခ) Corticosteroids - Prednisolone - Methylprednisolone
(ဂ) Biological therapies (ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အဓိကသုံး) - Anti-TNF-a(eg. Etanercept) - Anti-b-cell therapy (eg. Rituximab) - Inhibitor of T-cell activation (eg. Abatacept) - Anti-IL6 (eg. Tocilizumab) - Anti-IL7 (eg. Anakinra) စတဲ့ဆေးတွေဖြစ်ပါတယ်.. အဲ့ဒီဆေးတွေဟာ ဘေးထွက်ဆိုးကျိုးရှိတဲ့အတွက် မိမိသဘောအတိုင်း လုံးဝ မသုံးရပါဘူး.. ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းတိတိကျကျ လိုက်နာသောက်သုံးရပါမယ်..

🔴 MWD: သွေးလေးဖက်နာရှိသူအနေနဲ့ ဘယ်လိုမျိုးနေထိုင်စားသောက်ရမယ်ဆိုတာလည်းသိပါရစေ..

Dr. KML: ဒါကတော့ လူနာတိုင်းအတွက် အလွန်အရေးကြီးပါတယ်.. အနေအထိုင်၊ အစားအသောက်ကို မှန်ကန်အောင် ပြုမူနေထိုင်စားသောက်ရင် ရောဂါသက်သာပျောက်ကင်းဖို့ အများကြီးအထောက်အကူပြုပါတယ်..

(က) ဆေးလိပ်သောက်ရင် ဆေးလိပ်ပြတ်ရပါမယ်.. ဆေးလိပ်ဟာ ရောဂါကို ပိုဆိုးစေတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ၊ ခြေလက်များကို သွေးမလျှောက်လို့ ပုပ်သွားတာတွေကိုဖြစ်စေဖို့ အားပေးပါတယ်..

(ခ) အဆစ်အမြစ်တွေရောင်နေတဲ့အချိန်မှာ ရောင်နေတဲ့အဆစ်တွေကို အနားပေးရပါမယ်.. ဥပမာ လက်ဆစ်တွေရောင်နေတဲ့အချိန်မှာ ပစ္စည်းတွေကို လက်နဲ့မတာမျိုး၊ လက်ကိုများစွာ အသုံးပြုတာမျိုးတွေ ရှောင်ရပါမယ်.. လိုအပ်ရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေသုံးပြီး သက်သာအောင်ကုသရပါမယ်.. တစ်ကိုယ်လုံးမှာရှိတဲ့ အဆစ်တွေရောင်ရင်တော့ အိပ်ယာပေါ်မှာ အနားယူဖို့လိုပါလိမ့်မယ်..

(ဂ) နားတာနဲ့ တစ်ဆက်တည်းလုပ်ရမှာက လေ့ကျင့်ခန်းဖြစ်ပါတယ်.. နားလို့သက်သာလာပြီဆိုတာနဲ့ ခုနကနားထားတဲ့အဆစ်တွေကို လေ့ကျင့်ခန်းတဖြည်းဖြည်းချင်း လုပ်ပေးရပါမယ်.. ဒါမှမဟုတ်ရင် အဆစ်တွေဟာခိုင်သွားပြီး နောက်ပိုင်းမှာ လှုပ်ရှားလို့မရဖြစ်တတ်ပါတယ်.. ဒါ့ကြောင့် လိုအပ်ရင် နားလည်တတ်ကျွမ်းတဲ့ပညာရှင် (Physiotherapist) နဲ့ တိုင်ပင်ပြီး ပြုလုပ်ရပါမယ်..

(ဃ) အစားအစာအနေနဲ့ အာဟာရပြည့်ဝအောင် စားရပါမယ်..

(၁) အထုးသဖြင့် အရိုးအဆစ်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ ပါဝင်တဲ့အစားအစာတွေ စားပေးဖို့လိုပါတယ်.. ဥပမာအားဖြင့် နွားနို့၊ ကြက်ဥ၊ ဟင်းရွက်စိမ်းတွေ စားပေးရပါမယ်..
(၂) အရောင်ကျစေတဲ့ အစားအစာတွေကို ပိုစားပေးရပါမယ်.. ဥပမာ နာနတ်သီး၊ ဘယ်ရီသီး၊ နနွင်း၊ လက်ဖက်စိမ်း
(၃) အိုမီဂါ-၃ ကြွယ်ဝတဲ့အစားအစာတွေ ပိုစားရပါမယ်.. ဥပမာ အဆီပါတဲ့ငါးမှာ၊ အခွံမာတဲ့သစ်စေ့တွေ ဖြစ်ပါတယ်..
(၄) ပရိုဘိုင်အိုတစ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ဒိန်ချဉ်လိုမျိုးတွေ မကြာခဏ စားပေးသင့်ပါတယ်..
(၅) ရှောင်သင့်တဲ့အစားအစာတွေကတော့ ဆီကြော်မုန့်တွေ၊ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့အစားအစာတွေ၊ ကြာရှည်ခံအောင်ပြုပြင်ထားတဲ့အစားအစာတွေ၊ အချိုမှုန့် စတာတွေကို ရှောင်ရပါမယ်..

🔴 MWD: သဘာဝဆေးတွေအနေနဲ့ကရော ဘယ်လိုမျိုးဆေးဝါးမျိုးတွေ အသုံးပြုရပါသလဲဆရာ..

Dr.KML: အဓိကအသုံးပြုတဲ့ဆေးဝါးတွေကတော့

(၁) ပရိုဘိုင်အိုတစ်ပါသောဆေးဝါးများ (Probiotics) အူမှာရှိတဲ့ အကျိုးပြုအဏုဇီဝတွေကို ဖြည့်ဆည်းပေးခြင်းဖြင့် အဲ့ဒီအကျိုးပြု ဘက်တီးရီးယားကနေ ထုတ်ပေးတဲ့ Metabiotics တွေကြောင့် ရောဂါသက်သာစေပါတယ်..

(၂) အိုမီဂါ-၃ (Omega-3) အိုမီဂါ-၃ဆိုရင် DHA နဲ့ EPA အဓိကနှစ်မျိုးပါဝင်ပါတယ်.. သူတို့ဟာ ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းစေတဲ့ ဓာတ်ပစ္စည်းဖြစ်တဲ့ Arachidonic acid (AA) ကို ဟန့်တားပိတ်ပင်ပေးတော့ နေ့စဉ်ပုံမှန်သောက်ရင် ရောင်ရမ်းမှုတွေကို လျော့ပါးစေပါတယ်..

(၃) ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ သွေးလေးဖက်နာဟာ အရိုးအဆစ်တွေကို ပျက်စီးစေပါတယ်.. ဒါ့ကြောင့် အရိုးအဆစ်တွေကို ပြန်လည်အားဖြည့်ပေးတဲ့အနေနဲ့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ ပါဝင်တဲ့ဆေးတွေကို နေ့စဉ်မှီဝဲဖို့ လိုပါတယ်..

(၄) ကာကူမင် (Curcumin) အရောင်ကျစေတဲ့သတ္တိရှိတဲ့အပြင် ရောဂါကိုပါ သက်သာစေပါတယ်.. နနွင်းထဲမှာပါတဲ့ ဆေးဖက်ဝင် ဓာတ်ပစ္စည်းဖြစ်ပါတယ်..

(၅) ဘရိုမယ်လင်း (Bromelain) နာနတ်သီးထဲမှာ အရောင်ကျစေပြီး အကိုက်အခဲသက်သာစေတဲ့ အာနိသင်ရှိပါတယ်..

(၆) ဆင်တုံးမနွယ် (Tinospora cordifolia) အရောင်ကျစေပြီး အကိုက်အခဲသက်သာစေလို့ မြန်မာ့တိုင်းရင်းဆေးလက်စွဲ ဖြစ်ပါတယ်..

(၇) ဆယ်လစ်ဆင် (Salixin) အရောင်ကျစေပြီး အကိုက်အခဲသက်သာစေပါတယ်.. မိုးမခပင်ကနေရရှိပါတယ်..

(၈) လက်ဖက်စိမ်း (EGCG) သွေးကြောတွေမပိတ်စေဖို့ အထောက်အကူပြုပါတယ်.. လက်ဖက်စိမ်းမှာပါဝင်တဲ့ EGCG ဆိုတဲ့ ဖလေဗိုနွိုက်ဟာ RA လက္ခဏာတွေကို သက်သာစေပါတယ်.. အထူးသဖြင့် ဝတဲ့သူတွေ၊ အဆီများတဲ့လူတွေမှာ တွဲသောက်သင့်ပါတယ်..

(၉) အင်တီအောက်စီဒင့် (Antioxidant) အင်တီအောက်စီဒင့်များ ကြွယ်ဝသောအစားအစာများကို စားသုံးပေးခြင်းဖြင့် RA လက္ခဏာတွေကို သက်သာစေဖို့ အထောက်အကူပြုပါတယ်..

🔴 MWD: အခုလို ပြည့်ပြည့်စုံစုံရှင်းပြပေးတဲ့အတွက် ဆရာ့ကိုမြဝတီရုပ်မြင်သံကြားက ကျေးဇူးတင်ပါတယ်ဆရာ..ဆရာ့အနေနဲ့ ကျန်းမာသုတပရိသတ်ကြီးကို ဘာများမှာချင်ပါသေးလဲဆရာ..

Dr. KML: သွေးလေးဖက်နာဖြစ်ပွားမှုနှုန်းက ဆရာတို့မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ တဖြည်းဖြည်းမြင့်တက်လာနေတာကို တွေ့ရပါတယ်.. ဒါဟာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့လည်း ပတ်သက်နေပါတယ်.. သဘာဝပတ်ဝန်းကျင်ပျက်စီးလေလေ အခုလို အော်တိုအင်မြူးရောဂါတွေအပါအဝင် အခြားရောဂါတွေပါပိုဖြစ်နိုင်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အလုပ်တွေကို လူတိုင်းပါဝင်ဆောင်ရွက်ကြဖို့တိုက်တွန်းလိုပါတယ်.. နောက် ဒုတိယအနေနဲ့ ဒီရောဂါဖြစ်ရင် စပ်ဆေးတွေ၊ ဆေးမြီးတိုတွေနဲ့တင် သောက်ပြီးမနေဘဲ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်တွေ၊ တိုင်းရင်းဆေးသမားတော်တွေနဲ့ ပြသတိုင်ပင်ပြီး ထိထိရောက်ရောက်ကုသစေချင်ပါတယ်..


[ဒေါက်တာ ခင်မောင်လွင် _ FAME Pharmaceuticals]

# MWD Health Talk Programme

No comments: