Wednesday, August 8, 2018

အကုသိုလ်လေးတွေက မချိုပါဘူး



                                                    ရဝေနွယ် (အင်းမ)

        ကဿပဘုရားရှင်လက်ထက်တော်က ရဟန်းတစ်ပါးရှိခဲ့ဖူးပါတယ်။ ရဟန်းတော်က ကိုယ်အမူအရာကို အတော်လေးစောင့်စည်းပြီး နှုတ်အမူအရာကျတော့ မစောင့်စည်းတော့ပါဘူး။ အထူးသဖြင့် နှုတ်အမူအရာ သိပ်ကြမ်းတမ်းပါတယ်။ ရဟန်းတော်ချင်း စကားပြောတဲ့အခါ အမြဲတမ်းကြမ်းကြမ်းတမ်းတမ်းပဲပြောတတ်သလို မကြာခဏလည်း ရဟန်းတော်တွေကို ဆဲရေးကြိမ်းမောင်းတတ်ပါတယ်။ အဲဒီနှုတ်ကြမ်းတဲ့ အကုသိုလ်ကံတွေကြောင့်ပဲ သေလွန်တဲ့အခါ ငရဲကိုကျသွားရပါတယ်။

         ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူတဲ့အခါကျတော့ ရာဇဂြိုဟ်ပြည်အနီး ဂိဇ္ဈကုဋ်တောင်ခြေရင်းမှာ ရဟန်း ဖြစ်စဉ်က နှုတ်ကြမ်းခဲ့တဲ့ အကုသိုလ်ကံကြွင်းကြောင့် နှုတ်သီးက ဝက်နှုတ်သီးနဲ့တူတဲ့ပြိတ္တာဖြစ်ရပါတယ်။ ကိုယ်အမူ အရာစောင့်ထိန်းခဲ့တဲ့ကုသိုလ်ကြောင့် ခန္ဓာကိုယ်ကတော့ ရွှေအဆင်းလိုဝင်းဝါနေပါတယ်။ ပြိတ္တာက ကောင်းကျိုးဆိုးကျိုးနှစ်ခုကို ရနေတာပါ။

       အရှင်နာရဒမထေရ် ဆွမ်းခံကြွတဲ့အခါ မျက်နှာကဝက်နှုတ်သီး ခန္ဓာကိုယ်က ရွှေအဆင်းလို ဝါဝင်းနေတဲ့ ထူးခြားတဲ့ပြိတ္တာကိုတွေ့ရတော့ “အို… အသင်ပြိတ္တာရယ် သင့်အကျိုးပေးကလည်း ထူးဆန်းလိုက်တာ၊ မျက်နှာ နှုတ်သီးကျတော့ ကြောက်လန့်စရာ ဆိုးဝါးနေပြီး ခန္ဓာကိုယ်ကျတော့ လှပနေတယ်။ ဘာဖြစ်လို့ အဲဒီလိုဖြစ်နေရ တာလဲ” လို့ မေးပါတယ်။

       ဒီတော့ ပြိတ္တာက အတိတ်ဘဝက ပြုခဲ့တဲ့ကောင်းမှု မကောင်းမှုအကျိုးဆက်တွေကို ပြန်ပြောပြပါတယ်။ ပြောပြပြီးတော့ “အရှင်ဘုရားရယ်… တစ်ခုလောက် လူအများကို ပြောပြပေးပါဘုရား၊ နှုတ်ကြမ်းတဲ့စကားကို ဘယ်တော့မှ မပြောမိပါစေနဲ့လို့၊ ပြောမိရင် တပည့်တော်လို လွန်စွာဆိုးရွာလှတဲ့ ဝက်နှုတ်သီးနဲ့တူတဲ့ မျက်နှာကို ရပါလိမ့်မယ်ဘုရား။ ဒီစကားကိုတော့ တပည့်တော်လိုမဖြစ်ရလေအောင် လူအများကို ပြန်ပြောပေးပါဘုရား” လို့ တဆင့်စကားမှာကြားလိုက်ပါတယ်။

        ဒီဖြစ်စဉ်ကို အရှင်နာရဒမထေရ်က မြတ်စွာဘုရားကိုပြန်လျှောက်ပြတော့ မြတ်စွာဘုရားရှင်က နှုတ်ကြမ်းတဲ့ အပြစ်နဲ့ နှုတ်ချိုတဲ့အကျိုးအာနိသင်တွေကို တရားတစ်ပုဒ်အနေနဲ့ ဟောပြပေးပါတယ်။ တရားအဆုံးမှာ တရားနာ ပရိသတ်အားလုံး ကောင်းကျိုးချမ်းသာတွေ ဖြစ်သွားခဲ့ရပါတယ်။
(ပေတဝတ္ထုအဋ္ဌကထာ၊ နှာ ၉)

        စာထဲမှာတော့ ပြိတ္တာတရားရသွားတယ်၊ ကျွတ်လွတ်သွားတယ်ဆိုတာတော့ မပါပါဘူး။ ဒါပေမယ့် ပြိတ္တာက သူ့လိုမဖြစ်ရလေအောင် လူအများကို မေတ္တာစကား အရှင်နာရဒမထေရ်ကို တဆင့်မှာကြားလိုက်တာလေးကတော့ ထိထိခိုက်ခိုက် လွမ်းဖို့ကောင်းလွန်းလှပါတယ်။ မေတ္တာ-နောင်တ အပြည့်ပါတဲ့ ကုသိုလ်သတင်းစကားလေးပါပဲ။ ကိုယ်မှားခဲ့သလို သူများတွေမမှားရလေအောင် နှုတ်ထွက်စကားပြောနိုင်တာလေးက သူတော်ကောင်းစိတ်ရှိတဲ့သူ တစ်ယောက်ရဲ့ အပြောအဆိုလေးပါပဲ။

         တကယ်တော့ နှုတ်ကြမ်းတာလည်း အကုသိုလ်တစ်ခုပါပဲ။ နှုတ်ကြမ်းရင် ဘယ်သူမှ မခင်ချင်ကြပါဘူး။ ပြီးတော့ နှုတ်ကြမ်းတဲ့သူအနားဆို ဘယ်သူမှမနေချင်ကြပါဘူး၊ စိတ်မအေးချမ်းလို့ပါ။ နှုတ်ကြမ်းတဲ့စကားတစ်ခွန်း ကြောင့် အချစ်ဆုံးမိတ်ဆွေကနေ အမုန်းဆုံးလူလည်း ဖြစ်သွားတတ်ပါတယ်။ တစ်သက်လုံးနာနာကြည်းကြည်းလည်း ဖြစ်သွားတတ်ပါတယ်။

         ငါးရာ့ငါးဆယ် သုဇာတဇာတ်မှာ ဘုရင့်မယ်တော်က နှုတ်သိပ်ကြမ်းတမ်းပါတယ်။ အမြဲတမ်း ဆဲဆိုကြိမ်းမောင်း နေပါတယ်။ ဒီတော့ နန်းတွင်းသူနန်းတွင်းသားတွေက မယ်တော်ကိုမချစ်ကြပါဘူး။ မလွှဲသာလို့သာ ဘုရင့်မျက်နှာနဲ့ ဆက်ဆံနေကြတာပါ၊ ဒါကိုသားတော်ဘုရင်ကသိပါတယ်။ ဒါကြောင့် သားတော်ဘုရင်က “ဒီအတိုင်း ပြောရင်လက်ခံ မှာမဟုတ်ဘူး၊ တစ်ခုခုသာဓကပြပြီး ပြောမှပဲ”ဆိုပြီး စိတ်ထဲကတွေးထားလိုက်ပါတယ်။

       တစ်နေ့ မင်းညီမင်းသားမောင်းမမိဿံတွေနဲ့ ဥယျာဉ်တော်ကိုသွားတဲ့အခါ လမ်းမှာ တစ်တီတူးငှက်တစ်ကောင် က အသံဆိုးဆိုးဝါးဝါးနဲ့ အော်နေပါတယ်။ ဒီတော့ ပါလာတဲ့လူအားလုံးက နားပိတ်ပြီး “မအော်နဲ့ မအော်နဲ့၊ စိတ်ညစ်စရာကြီး” လို့ အော်ပြောကြပါတယ်။ မျက်နှာတွေလည်း ရှုံ့မဲ့ကုန်ကြပါတယ်။ ဥယျာဉ်ထဲ ဆက်သွားရင်း အင်ကြင်းပင်နားရောက်တော့ ဥသြငှက်ကလေးတစ်ကောင်းက အသံချိုချိုကလေးနဲ့ အော်မြည်နေပါတယ်။ ဒီတော့ ပါလာတဲ့ပရိသတ်အားလုံးက မျက်နှာလေးတွေရွှင်ပြုံးပြီး “အို… အသံလေးက သာယာလိုက်တာ၊ ကြားရတာ စိတ်ချမ်းသာလိုက်တာ၊ ဆက်အော် ပါဦး” လို့ ပြောကြပါသတဲ့။
အဲဒီအခါကျမှ သားတော်ဘုရင်က “မယ်တော် တစ်တီတူးသံကို ဘယ်သူမှမကြိုက်ဘူး။ ဒီလိုပါပဲ ကြမ်းတမ်းတဲ့ စကားပြောရင်လည်း တစ်တီတူးသံကြားရသလို ဘယ်သူမှမကြိုက်ကြပါဘူး”လို့ ဟောပြပေးပါတယ်။ သားတော်ဘုရင် ရဲ့ စကားကြားပြီး မယ်တော်လည်း နှုတ်ကြမ်းတမ်းတဲ့စကားတွေ ဘယ်တော့မှမပြောတော့ပါဘူးတဲ့။

       တစ်ခါတလေ ကိုယ်ပြောချင်တဲ့စကားကို ဒီအတိုင်းပြောတာထက်စာရင် သာဓကပြပြီးပြောတာလေးက ကိုယ့်စကားပိုနားထောင်ပါတယ်။ တကယ်တော့ သားတော်ဘုရင်က မယ်တော်ကို တရားသဘောနဲ့ကျေးဇူးဆပ် လိုက်တာပါ။ ဒီနေရာမှာ တရားသဘောနဲ့ဆိုဆုံးမတဲ့အခါ လက်ခံနိုင်သူရယ် လက်မခံနိုင်သူရယ် နှစ်မျိုးရှိပါတယ်။ ဒါက နားထောင်သူရဲ့ပါရမီဓာတ်ခံနဲ့လည်းဆိုင်ပါတယ်။ ပါရမီဓာတ်ခံပါခဲ့တဲ့သူကတော့ ပြောလိုက်တာနဲ့ ချက်ချင်းလက်ခံ ပါတယ်။ ပါရမီဓာတ်ခံအားနည်းခဲ့တဲ့သူကျတော့ ဆိုဆုံးမလာတဲ့စကားကို လက်ခံချင်မှလက်ခံတာပါ။ ဆိုဆုံးမလွယ်ဖို့ အတွက် လူတစ်ယောက်ရဲ့ ပါရမီဓာတ်ခံကလည်း သိပ်အရေးကြီးပါတယ်။

         သေချာစဉ်းစားကြည့်ရင် နှုတ်ကြမ်းကြမ်းတမ်းတမ်းပြောတဲ့သူလည်း စိတ်ဆင်းရဲရသလို ကြားရတဲ့သူလည်း စိတ်ဆင်းရဲရတာပါ။ ဒါက လက်တွေ့အကျိုးပါ။ သံသရာမှာလည်း ခန္ဓာကိုယ်အချိုးအဆစ် ပြေပြစ်ပြီး ရုပ်ရည်တော့ လှပါရဲ့ နှုတ်ကြမ်းခဲ့လို့ နှုတ်ခမ်းကကြည့်မကောင်းလောက်အောင် ဆိုးဆိုးဝါးဝါးဖြစ်နေပြန်ရင်လည်း နေ့တိုင်းစိတ် ဆင်းရဲနေရပါလိမ့်မယ်။ ဒါမျိုးတွေက လောကမှာ ရှိလည်းရှိနေကြတာပါပဲ။

          တကယ်လို့ ကိုယ်ကနှုတ်ကြမ်းတဲ့သူတစ်ယောက် ဖြစ်နေတယ်ဆိုရင်လည်း ကိုယ်ကိုယ်တိုင် နှုတ်ကြမ်းတာ ကိုသိပြီး ကိုယ်တိုင်ကလည်း နှုတ်ကြမ်းတာကိုပယ်ချင်တယ်ဆိုရင် ဘုရားမှာ ရေချမ်းကပ် ပန်းကပ်ပြီး “မြတ်စွာဘုရား ဘုရားတပည့်တော် ဒီနေ့ နှုတ်ကြမ်းတဲ့စကားကို မပြောမိအောင်နေပါ့မယ်ဘုရား၊ ချိုသာတဲ့စကားတွေပဲ ပြောပါ့မယ် ဘုရား”လို့ ဘုရားရှေ့မှာ တစ်နေ့တာချင်း ဆောက်တည်သွားရင်လည်းရပါတယ်။ မြတ်စွာဘုရားဆီမှာဆောက်တည် ထားတော့ မြတ်စွာဘုရားရှင်ကို ရိုသေအားနာပြီး ပိုစောင့်ထိန်းဖြစ်သွားပါတယ်။ တကယ်လို့ အမှတ်တမဲ့ပြောလိုက် မိရင်လည်း “ငါ နောက်မပြောတော့ဘူး၊ ငါ နောက်မပြောတော့ဘူး”လို့ သုံးလေးကြိမ်လောက် အသံထွက်ဆင်ခြင် လိုက်ဖို့ပါပဲ။ ချက်ချင်းကြီးရဖို့ကတော့မလွယ်ပါဘူး။ ဒီလိုပါပဲ လေ့ကျင့်ပြီးပြင်သွားရမှာပါပဲ။ အဲဒီလိုမှမပယ်ရင် နှုတ်ကြမ်းကြမ်းတမ်းတမ်းပြောတတ်တာဟာ နောင်သံသရာ ထိပါသွားတတ်ပါတယ်။ ပါရုံတင်မကဘဲ နှုတ်ကြမ်းတဲ့ အကုသိုလ်ရဲ့ ဆိုးကျိုးကိုလည်း ခံစားရတော့မှာပါ။

         နှုတ်ကြမ်းတာက အတိတ်အတိတ်ဘဝတွေက အထုံပါခဲ့လို့နှုတ်ကြမ်းတာရယ်၊ တစ်ခါတလေ အလုပ်များလို့ စိတ်ပင်ပန်းမှုကြောင့် နှုတ်ကြမ်းတာရယ် (၂) မျိုးရှိပါတယ်။ အတိတ်အတိတ်ကပါခဲ့တာကတော့ အတော်ဖျောက်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့်လည်း မြတ်စွာဘုရားအားကိုးနဲ့ပဲ ဖျောက်ရတော့မှာပါပဲ။ တစ်ခါတလေ အလုပ်များလို့ စိတ်ပင်ပန်းမှုကြောင့်ဖြစ်တာကတော့ သေချာသတိထား စောင့်ထိန်းရင်ရနိုင်ပါတယ်။ အရာအားလုံး အဆင်ပြေနေရင် တော့ ဒေါသဖြစ်စရာ နှုတ်ကြမ်းစရာမလိုတော့ပါဘူး။

        တစ်ခါတလေကျတော့လည်း အလုပ်တအားများတဲ့သူတွေမှာ စိတ်ပန်းရုပ်ပန်းဖြစ်ပြီး နှုတ်ထွက်ကြမ်းသွား တာတွေလည်းရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ကအလုပ်များသူတစ်ယောက်ဆိုရင်လည်း ကိုယ့်ကိုယ်ကို သတိထား ယူရပါမယ်။ နှုတ်ကထွက်သွားရင် မှတ်တမ်းကဝင်သွားတော့တာပါ။ လုပ်ခဲ့သမျှအကောင်းတွေ ကြမ်းတမ်းတဲ့စကား တစ်ခွန်းကြောင့် အလကားဖြစ်သွားနိုင်ပါတယ်။ ဒါတွေကတော့ ကိုယ်ပြုလို့ကိုယ်ခံရတာပါ။

        ဒါပေမယ့် အကုသိုလ်ရဲ့ သဘောက ကိုယ်တိုင်မပြုပေမယ့် သူများကိုခိုင်းရင်ပဲဖြစ်ဖြစ်၊ အကုသိုလ်ရဲ့ဂုဏ်ကို ပြောပြတာပဲဖြစ်ဖြစ်၊ သူတစ်ပါး အကုသိုလ်လုပ်တာကို စိတ်ထဲကဝမ်းသာနေရင်ပဲဖြစ်ဖြစ် ထပ်တူအကုသိုလ်ဖြစ်ရတော့တာပါ။
ဒါနဲ့ပတ်သက်ပြီး မြတ်စွာဘုရားရှင်က အင်္ဂုတ္တိုရ်ပါဠိတော်မှာ ဒုစရိုက် (၁၀) ပါးကို အကျယ် (၄၀) ပွားပုံကို ဟောပြပေးထားပါတယ်။

       ဒုစရိုက် (၁၀) ပါးဆိုတာက - ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသ ဝါစာ၊ သမ္ဖပ္ပလာပ၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ ပါ။

      ဒုစရိုက် (၁၀) ပါး အကျယ် (၄၀) ပွားပုံကတော့ ကျေးဇူးတော်ရှင် သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီးရဲ့ လင်္ကာ လေးနဲ့မှတ်လိုက်တာက ပိုရှင်းပြီး ပိုလွယ်ကူပါတယ်။

"ဒုစရိုက်ဆယ်ပါး၊ အရင်းထား၍၊
ကိုယ်တိုင်ပြုငြား၊ သူများပြုစေ၊
ဂုဏ်တွေပြောပြ၊ ဝမ်းမြောက်က၊
ဒုစရိုက် လေးဆယ်ဖြစ်သတည်း။”

        ဒုစရိုက် (၁၀) ပါးကို အရင်းထားပြီး ၁။ ကိုယ်တိုင်ပြုတာရယ်၊ ၂။ သူတစ်ပါးကိုပြုခိုင်းတာရယ်၊ ၃။ အကုသိုလ်ရဲ့ ဂုဏ်ကို ပြောပြတာရယ်၊ ၄။ သူများပြုတဲ့အကုသိုလ်ကို ဝမ်းမြောက်တာရယ်၊ ဒီ (၄) မျိုးနဲ့ ပွားလိုက်ရင် ဒုစရိုက်အကျယ် (၄၀) ဖြစ်သွားပါတယ်။

        ဥပမာ - ပါဏာတိပါတဆိုရင် ကိုယ်တိုင်သတ်တာရယ်၊ သူတစ်ပါးကိုသတ်ခိုင်းတာရယ်၊ သတ်ခြင်းရဲ့ဂုဏ်ကို ပြောပြတာရယ်။ “မင်းသတ်လိုက်ရင်တော့ မင်းလည်းအလုပ်လုပ်စရာမလိုတော့ဘူး၊ မင်းမိသားစုအတွက်လည်း အဆင်ပြေမယ်” စသည်ဖြင့် သတ်ခြင်းရဲ့ဂုဏ်ကိုပြောပြတာပါ။ သူများသတ်တာကို ဝမ်းမြောက်တာရယ် (၄) မျိုးပါ။ နောက် - အဒိန္နာဒါနဆိုရင်လည်း ကိုယ်တိုင်ခိုးတာရယ်၊ သူများကိုခိုးခိုင်းတာရယ်၊ ခိုးခြင်းရဲ့ဂုဏ်ကိုပြောပြတာရယ်၊ သူများခိုးတာကို ဝမ်းမြောက်တာရယ် (၄) မျိုးပါ။ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ စသည်တွေကိုလည်း ဒီ (၄) မျိုးနဲ့ ဆက်ပွားသွားရင် အကျယ် (၄၀) ဖြစ်သွားတာပါ။

           ထင်ရှားတဲ့သာဓကကတော့ ဝိပါက်တော် (၁၂) ပါးမှာ မြတ်စွာဘုရားရှင်ဟာ မကြာခဏ ခေါင်းကိုက်ကိုက် နေပါတယ်။ ဘာဖြစ်လို့ ခေါင်းကိုက်ရတာလဲဆိုတော့ ဘဝတစ်ခုမှာ ဘုရားလောင်းဟာ တံငါရွာမှာသွားဖြစ်ပါတယ်။ တံငါရွာမှာ သူများတွေ ငါးခေါင်းထုနေတာကိုကြည့်ပြီး ဘုရားလောင်းက ဝမ်းသာနေပါတယ်။ ကိုယ်တိုင်တော့ ဝင်မထုခဲ့ပါဘူး။

        သူများငါးခေါင်းထုတာကို ဝမ်းသာခဲ့တဲ့ အကုသိုလ်ကံကြောင့် မြတ်စွာဘုရားဖြစ်လာတဲ့အခါ မကြာမကြာ ခေါင်းကိုက်တဲ့ဝေဒနာကို ခံစားရတာပါ။ အဲဒီမှာ ဘုရားအလောင်းဟာ ငါးခေါင်းကို ကိုယ်တိုင်ထုခဲ့တာတော့မဟုတ်ပါ ဘူး။ သူများထုတာကို ဝမ်းသာခဲ့တာပါ။ ဒါတွေက အထူးသတိထားစရာပါပဲ။ သူများပြုတာကိုဝမ်းသာလို့ ကိုယ်ပါ အကုသိုလ်ဖြစ်ရတာဆိုတော့ မစားရဘဲ အကုသိုလ်ဖြစ်သွားရတာပါ။ အကုသိုလ်ဖြစ်တာ မတန်ဘူးလို့ ပြောဖို့ကျတော့ လည်း မပြောကောင်းပြန်ပါဘူး။ နေရင်းထိုင်ရင်း မစားရမသောက်ရ အကုသိုလ်ဖြစ်သွားရတာပါ။ တချို့ပြောသလို “အကုသိုလ်ဖြစ်ရတာ မတန်လိုက်တာ မတန်လိုက်တာ” လို့ ပြောရမလိုဖြစ်နေပါပြီ။ ကိုယ့်ဝန်းကျင် ကိုယ့်နယ်ပယ် မှာလည်း ဒါမျိုးလေးတွေက တွေ့တွေ့နေရမှာပါ။ အကုသိုလ်ရဲ့သဘောလေးတွေကို ကြိုသိထားရတော့ သတိထား ရှောင်လို့ရတာကတော့ အမြတ်ပါပဲ။

        တချို့ကျတော့ ဒီဘဝမှာ ကြီးမားတဲ့အကုသိုလ်ကံကြီးတွေတော့ မလုပ်ရှာပါဘူး၊ ဒါပေမယ့် လက်ရှိဘဝမှာ တော့ ဆန်းကျယ်တဲ့အကုသိုလ် အကျိုးပေးကံတွေကို ခံစားနေရပါတယ်။ ဒီဘဝမှာ ဘယ်လောက်ပဲကောင်းအောင် နေနေ မျှော်လင့်မထားတဲ့ ကံကြမ္မာဆိုးကြီးတွေလည်း ဝင်လာတတ်ပါတယ်။ ဒါတွေကျတော့ ဒီဘဝအကုသိုလ်မပြု ပေမယ့် အတိတ်အတိတ်ဘဝတွေက အကုသိုလ်ကံကြွေးတွေကြောင့် ခံစားနေရတာပါ။ ကိုယ်က ဒီသဘောသဘာဝ ကိုသိပြီး ကုသိုလ်များများပြုဖို့ပဲ ရှိပါတော့တယ်။

         တကယ်လို့ အတိတ်အတိတ်ဘဝတွေက ပြုခဲ့တဲ့အကုသိုလ်တွေလည်းရှိဦးမယ်၊ ဒီဘဝမှာလည်း သူတစ်ပါးကို စိတ်ဆင်းရဲစေတဲ့ အကုသိုလ်တွေထပ်လုပ်ဦးမယ်ဆိုရင် မသက်သာလှပါဘူး။ အထူးသဖြင့် သူတစ်ပါးဒုက္ခ ရောက်စေတဲ့၊ သူတစ်ပါးစိတ်ဆင်းရဲစေတဲ့ အကုသိုလ်တွေမပြုမိဖို့ပါဘဲ။ တစ်ဘက်သားကို စိတ်ပဲဖြစ်ဖြစ် ရုပ်ပဲဖြစ်ဖြစ် ထိခိုက်သွားရင် သက်ရောက်မှုက ကိုယ့်ဆီပြန်လာတော့မှာပါ။ ကိုယ့်ရှိတာလေးနဲ့ အေးအေးချမ်းချမ်းနေသွားတာ လေးကတော့ အကောင်းဆုံးပါပဲ။ ထမင်းလည်း ငတ်မယ်မထင်ပါဘူး။

         ဘဝတွေကတော့ ဒီလိုပါပဲလေ၊ ကိုယ့်ဟာကိုယ်တွေးခေါ်ဆင်ခြင်သုံးသပ်ပြီး နေကြရမှာပါပဲ။ တကယ်လို့ ကိုယ့် ဉာဏ်နဲ့ မသက်ဝင်နိုင်ဘူးဖြစ်နေရင်လည်း ကိုယ့်ထက်သာတဲ့ ရဟန်း လူ မိတ်ဆွေတွေဆီက ဆင်ခြင်သုံးသပ်မှု ကိုယူပြီး ဘဝကိုဖြတ်သန်းသွားရမှာပါပဲ။

         ဘာပဲပြောပြောလေ၊ အကုသိုလ်လေးတွေက မချိုပါဘူး။ နှုတ်ကြမ်းတာမကောင်းဘူးဆိုတာကိုသိပြီး ဒီဘဝမှာ ရတဲ့နည်းနဲ့ပယ်လိုက်နိုင်ဖို့ပါပဲလေ။
                                                ရဝေနွယ် (အင်းမ)

News Watch စောင့်ကြည့်သတင်းဂျာနယ်
၃၀-၆-၂၀၁၈။

No comments: