Sunday, August 19, 2018

ကြွက်သားဘာ့ကြောင့် မတက်နိုင်ဖြစ်နေရသလဲ ???




Fight Club ရုပ်ရှင်ကို ကြည့်ဖူးသူတွေရှိမယ်ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာ Tyler Durden ပြောတဲ့ စကားတစ်ခုမှတ်မိသေးပါရဲ့လား။

"The First rule of Fight Club is "You do not talk about Fight club".
"The Second rule of Fight Club is "You do not talk about Fight club".
"The Third rule of Fight Club is "You do not talk about Fight club".

ပထမလိုက်နာရမယ့် အချက်က ဒီ Fight Club အကြောင်း မပြောနဲ့။ ဒုတိယ လိုက်နာရမယ့် အချက်ကလဲ ဒီ အကြောင်းမပြောနဲ့။ တတိယအချက်ကလဲပဲ ဒီ အကြောင်းမပြောနဲ့။ ဆိုလိုချင်တာက လိုက်နာရမယ့် ဒီအချက်ကို မလိုက်နာလို့ မရဘူး၊ ဒီအချက်က အရေးအကြီးဆုံးဆိုတဲ့ သဘော။

သင်လဲ အလေးမတာပဲဖြစ်ဖြစ်၊ အလေးလွတ်ပဲ ဖြစ်ဖြစ် ကြွက်သားထွက်လာအောင် ဆော့ဖို့ ကြိုးစားနေပေမယ့် ကြွက်သားမထွက်နိုင်၊ ဒါမှမဟုတ် အထွက်နှေးလွန်းသူထဲမှာ ပါပါသလား။ လတွေချီခဲ့ပေမယ့် ဘာမှလဲ ထူးမလာ၊ ရလဒ်က ရင်းသလောက်ပြန်မရတဲ့ အခါမျိုးမှာ တန့်နေသလိုမျိုး ဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်ကို သုံးသပ်စရာတွေ ပေးပါလိမ့်မယ်။

အကယ်လို့ သင်ဟာ ဒီလိုလူမျိုးတစ်ယောက်ထဲမှာ ပါခဲ့ရင် ကြွက်သားဘာ့ကြောင့် အထွက်နှေးရသလဲကို သိချင်မှာမဆန်း။ ကြွက်သားထွက်တာ ဘာ့ကြောင့်နှေးရသလဲကို ဖြေရှင်းဖို့အတွက် " ဘာတွေလုပ်မှ ကြွက်သားတက်နိုင်မလဲ" ဆိုတဲ့ မေးခွန်းအဖြေကိုသိဖို့လိုပါတယ်။

အောက်မှာ ပြောပြမယ့် အချက်တွေဟာ ကြွက်သားထွက်လာဖို့ သင့်ဘက်ကလိုက်နာရမယ့် အခြေခံအချက်တွေပါပဲ။ Fight Club ရုပ်ရှင်ထဲက စကားအတိုင်းပြောရမယ်ဆိုရင် ဒီနည်းလမ်းတွေဟာ မလိုက်နာလို့ မရတဲ့ အရေးကြီးဆုံး အချက်တွေပေါ့။

--------------

၁။ အလေးမတာ ပြင်းထန်မှု မလုံလောက်ခြင်း

ဒါဟာ ဖြစ်နိုင်ခြေ အရှိဆုံးထဲက ပထမအချက်ပါ။

"ပြင်းထန်မှု မလုံလောက်ဘူး မပြောပါနဲ့ဗျာ။ Gym သွားတိုင်း ဒီလောက် မ နေတာပဲဟာ။ "

ဒီလိုထင်နေမယ့် လူတွေများမှာမလို့ ပြင်းထန်မှုလုံလောက် မလုံလောက်ကို ဘယ်လိုသိနိုင်မလဲ၊ တိုင်းတာမလဲဆိုတာ မေးခွန်းတစ်ခုဖြစ်လာပြန်ပါရော။

ပြင်းထန်မှုဆိုတာက အတိအကျပြောလို့ ရတဲ့ အရာမဟုတ်ပါဘူး။ ဒါပေမယ့် အောက်က မေးခွန်းလေးတစ်ခုနဲ့ ဖြေကြည့်လို့တော့ ရပါတယ်။

" ကိုယ်လုပ်နိုင်တဲ့ အလေးတုံးပမာဏဟာ တိုးတက်မှု ဘယ်လောက်ရှိလဲ"

ဒီအချက်ဟာ အရေးပါပါတယ်။ ဥပမာ စလုပ်ခါစက လက်လေ့ကျင့်ခန်း (ဥပမာပါ၊ ရင်ဘတ်ဆိုလဲ ရင်ဘတ်၊ တင်ဆိုလဲ တင်ပါး)မှာ 10kg အလေးတုံးနဲ့ ၈ကြိမ်လုပ်နိုင်တယ်ဆိုပါစို့။ ၂လအကြာမှာ 10kg ကနေ 20kg အထိတိုးပြီး မလာနိုင်ပြီ။၃လအကြာမှာ 20kg ကနေ 25kg တိုးပြီး လုပ်နိုင်လာပါလေရော။

ဒါပေမယ့် အလေးပမာဏတစ်ခု ရောက်သွားတဲ့ အချိန်မှာ တိုးတက်မှု တစ်သွားလေ့ရှိပါတယ်။ ပထမလမှာ ဆထက်တိုးပြီး လုပ်နိုင်တိုးတက်လာနိုင်ပေမယ့် ၃လအကြာ၊ ၄လအကြာမှာ ထပ်ပြီး အလေးမတိုးနိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ 25kg နဲ့လုပ်လိုက်၊ ပြန်သွားလိုက်။ နောက်တစ်ခေါက်လာလိုက်၊ 25kg နဲ့လုပ်ပြီး ပြန်သွားလိုက် ဖြစ်သွားတတ်တာပါပဲ။

တူညီတဲ့ အရာတွေ နေ့စဉ်လုပ်နေပြီး မတူညီတဲ့ ရလဒ်ကို မျှော်လင့်လို့မရပါဘူး။ သင်ဟာ နေ့စဉ် 25kg ပဲ လုပ်နိုင်တဲ့ ကြွက်သားရှိနေသရွေ့ 25kg တန် ကြွက်သားမှာပဲ တစ်နေမှာပါပဲ။ မိန်းကလေးများဆိုလဲ တူတူပါပဲ။ နေ့စဉ် ဆင်တူ တင်ပါးလေ့ကျင့်ခန်း၊ လက်လေ့ကျင့်ခန်း၊ ရင်ဘတ်လေ့ကျင့်ခန်းတွေ လုပ်နေရင် ကွဲပြားတဲ့ ရလဒ်ကို မျှော်မှန်းလို့မရပါဘူး။ အလေးမတိုးရင် ကြွက်သားလဲ ထပ်တိုးလာစရာ အကြောင်းမရှိပါ။ အခြေခံ Guideline ပေးရမယ်ဆိုရင် ၂ပတ်မှာ တစ်ခါ အလေးတိုးနိုင်အောင် ကြိုးစားပါ။ ကြွက်သားအသေးဆိုရင် 2.5 Kg (ဥပမာ လွန်ခဲ့တဲ့ ၂ပတ်က 10kg ၁၀ ကြိမ် နိုင်တယ်ဆိုရင် အခု 12.5 kg ကိုသုံး) ပိုတိုး၊ ကြွက်သားအကြီး(တင်ပါး၊ ခြေထောက်) ဆိုရင် 5kg လောက်တိုးနိုင်အောင်လုပ်ပါ။ ၂ပတ်မှာ တစ်ခါအနည်းဆုံးတိုးဖို့ဆိုပေမယ့် ၁ပတ်မှာ တစ်ခါတိုးနိုင်တယ်ဆိုရင် အကောင်းဆုံးပေါ့။ တိုးတိုးခြင်းမှာ ၁၀ကြိမ်မရလဲ ၅ကြိမ်လောက်တော့ ရနိုင်ပါလိမ့်မယ်။

သင်ရော အပတ်စဉ်၊ ဒါမှမဟုတ် ၂ပတ်တစ်ခါ အလေးပမာဏ တိုးနိုင်ပါရဲ့လား။ တိုးနိုင်အောင် ကြိုးစားပါ။ ၂ပတ်မရလဲ ၃ပတ်မှ တစ်ခါတိုး၊ လိုရင်းက အမြဲတိုးတက်နေမှသာ ကြွက်သားအသစ်လဲ တက်လာပါလိမ့်မည်။

--------------

၂။ Protein မလုံလောက်ခြင်း

နောက်ထပ် အရေးကြီးတဲ့ နံပတ် ၁အချက်က (နံပတ်၂ မဟုတ်ဘူးနော်၊ နံပတ် ၁လို့ပဲရေးထားတယ်) တစ်နေ့တာလိုအပ်တဲ့ Protein ပမာဏ မစားတာပါပဲ။ သင်ဟာ အပေါ်ကပြောသလို လုပ်နိုင်ဖို့ဆိုတာ ကြွက်သားအသစ်တွေ ဖြစ်လာလေ၊ တိုးပြီး လုပ်နိုင်လာလေ ဖြစ်မှ မဟုတ်လား။ ဒီလို ကြွက်သားအသစ်တွေ ဖြစ်လာဖို့က Protein လုံလောက်ဖို့လိုပါတယ်။ ပြောရရင် မရှိမဖြစ်ကို လိုပါတယ်ဆိုရပါမယ်။

ဘယ် အလေးမသူတွေရဲ့ Diet မှာ မဆို High Protein intake ဆိုတာ အမြဲ ကြားနေရမှာပါပဲ။

Protein အရေးကြီးတယ်ဆို တစ်နေ့ပမာဏ ဘယ်လောက်လိုသလဲ ???

သာမန်လေ့ကျင့်ခန်းမလုပ်သူများအတွက်ဆို 50grams ဟာ ရသင့်တဲ့ ပမာဏဖြစ်ပြီး ကြွက်သားလေ့ကျင့်ခန်းဆော့သူတွေအတွက် ကြီးထွားချင်ရင်၊ ဒါမှမဟုတ် အဆီပြန်ချတဲ့အခါ ကြွက်သားထိန်းထားချင်ရင် ကိုယ်ရှိသင့်တဲ့အလေးချိန် ပေါင်နဲ့ ဆတူဖြစ်ဖြစ်၊ အနည်းဆုံး ၈၀ ရာခိုင်နှုန်းဖြစ်ဖြစ် ရဖို့လိုပါတယ်။

ဒီနေရာမှာ တစ်ချို့လူတွေက ဝနေလို့ ပေါင် ၁၄၀ ဖြစ်နေတယ်ဆိုပါစို့။ ဒါပေမယ့် သူသာကျစ်လျစ်ရင် ရှိနေမှာက ပေါင် ၁၀၀။ ဒီတော့ အခုဖြစ်နေတဲ့ ပေါင် ၁၄၀ ကိုယူပြီး စားရမှာမဟုတ်ပါဘူး။ ရှိသင့်တဲ့ ကိုယ်အလေးချိန် ပေါင် ၁၀၀နဲ့ တွက်ရမှာပါ။

၈၀ ရာခိုင်နှုန်းဆို ပေါင် 100 x 0.8(၈၀ရာနှုန်းမလို့ 0.😎 = 80 grams

80 grams နဲ့ 100 grams ကြား Protein ရဖို့လိုပါတယ်။ ဒီပမာဏ Protein ကို ဘယ်တွေက ရနိုင်သလဲဆိုတော့

၁။ အသား၊ ငါး သဘာဝအစားအစာ
၂။ Protein supplement + အသား၊ ငါး သဘာဝအစားအစာ
၃။ Protein supplement

ဒီ ရနိုင်တဲ့ ၃နည်းစလုံး၊ ဖြစ်နိုင်တဲ့ နည်းတွေမို့ ရေးချပေးထားပေမယ့် အကောင်းဆုံး ရွေးချယ်မှုကတော့ နံပတ်၂ပဲ ဖြစ်ပါတယ်။ နံပတ်၂ကို ရွေးမယ်ဆိုရင်လဲ တတ်နိုင်သလောက် အသား၊ ငါး သဘာဝအစားအစာကနေ Protein ပမာဏကိုယူပြီး လိုအပ်တဲ့ အနည်းငယ်ကိုသာ Supplement က ယူတာအကောင်းဆုံးပေါ။

ဒါပေမယ့် ဘယ်လို ဘယ်နည်းနဲ့ပဲ ရရ သင်ဟာ သင့် ခန္ဓာကိုယ်အလေးချိန်ပေါင်နဲ့ ဆတူ၊ ဒါမှမဟုတ် အနည်းဆုံး (အနည်းဆုံး) ၈၀ရာခိုင်နှုန်း Protein grams ရဖို့ လိုအပ်တာမို့ မေးခွန်းလေးမေးလိုက်ရအောင်။

သင်အခု တစ်နေ့တာလိုအပ်တဲ့ Protein ပမာဏကို ရရှိနေပြီလား။

--------------

၃။ ကြွက်သားတစ်မျိုးကို နားချိန်လုံလောက်စွာပေးခြင်း

အပေါ်က အချက်၂ခုဖြစ်တဲ့ ပိုပိုပြီး လေးတာမပြီ၊ Protein လုံလောက်အောင် စားပြီ။ ဒီ၂ချက်အပြီးမှာ အခုပြောမယ့် နားချိန်လုံလောက်စွာပေးဖို့လိုတဲ့ အချက်ကို လိုက်နာဖို့လဲလိုသေးတာပေါ့။

ပြတ်တောက်ပြီ၊ အစာအာဟာရပေးပြီး ပြန်လည်မွမ်းမံတော့မယ်။ ဒါဆို ခန္ဓာကိုယ်ကို ပြန်လည်မွမ်းမံဖို့ အချိန်ပေးရပါတော့မယ်။ မွမ်းမံချိန်မပေးပဲနဲ့တော့ ကြွက်သားအသစ်တွေ ဘယ်တိုးလာနိုင်မလဲနော့်။ ဒီလောက်ရိုးရှင်းပါတယ်။

အလေးမပြီး ကြွက်သားတွေ ပြတ်တောက်တာကို Catabolism လို့ခေါ်ပြီး ဒီလို ပြန်လည်ပြင်ဆင်မွမ်းမံချိန်ကိုတော့ Anabolism လို့ခေါ်ပါတယ်။

အလေးမလို့ဖြစ်ဖြစ်၊ ပြေးတဲ့ အခါဖြစ်ဖြစ် ကြွက်သားပြတ်တောက်မယ်၊ ဒါမှမဟုတ် စွမ်းအင် ကုန်သွားမယ့် (Catabolism ဖြစ်ပြီး) အခါတွေမှာ ခန္ဓာကိုယ်က ပြန်လည်တည်ဆောက်ဖို့ (Anabolism) ဖြစ်မယ်။ အဲဒီအချိန်မှာ အလေးမပြီး ခန္ဓာကိုယ်ကြီးချင်သူတွေက လိုအပ်တဲ့ အစာ (protein၊ Carbohydrates) စတာတွေ စားလိုက်ရင် ပိုမိုကြီး ထွားလာမှာပါ။

ဒါ့ကြောင့်လဲ ကြွက်သားကြီးထွားတယ်ဆိုတာ အလေးမတဲ့ချိန်မှာ (Catabolism)မဟုတ်ပဲ နားချိန်မှာ(Anabolism)ဖြစ်လို့ နားရက်ယူရတယ်လို့ ပြောတာပါ။

Anabolism ဖြစ်တဲ့ အများဆုံး အချိန်တွေက
-အလေးမနေချိန်
-အလေးမပြီး ၂နာရီ
-အလေးမပြီး ၂ရက်ကြာ (ကြွက်သားတစ်ခု ဆော့ပြီးရင် ဆော့ထားတဲ့ ကြွက်သားကို ၂ရက်နားသင့်တယ်ဆိုတာ ဒါ့ကြောင့်ပါ)
-အိပ်စက်ချိန် စတာတွေပါပဲ။

ဒါ့ကြောင့်မို့ Protein များတဲ့ အစာဖြစ်ဖြစ်၊ အရေဖြစ်ဖြစ်ကို အလေးမနေချိန်၊ အလေးမပြီး ၂နာရီမှာ ဂရုပြုစားကြသလို ကြွက်သားအသစ်တက်ဖို့လဲ နေ့စဉ် စားနေကြတာပါ။

သင်ရော ကြွက်သားတစ်ခုအတွက်လုံလောက်တဲ့ အနားပေးမှု၊ လုံလောက်တဲ့ အိပ်စက်ချိန် (၇နာရီကနေ ၈နာရီ) ရရှိနေရဲ့လား။

--------------

အခုရေးပြသွားတဲ့ အချက်သုံးချက်ဟာ တစ်ခုမှ မလိုက်နာလို့ မရပါဘူး။

၁။ အလေးမတာ ပြင်းထန်မှု မလုံလောက်ခြင်း
၂။ Protein မလုံလောက်ခြင်း
၃။ ကြွက်သားတစ်မျိုးကို နားချိန်လုံလောက်စွာပေးခြင်း

ဒီအချက်သုံးမျိုးကို လုပ်နေလား၊ မလုပ်နေလား ဆန်းစစ်ပါ။ ဒီအချက်သုံးမျိုးထဲက တစ်မျိုးမျိုးကို မလုပ်နိုင်ရင် လုပ်နိုင်ဖို့ ကြိုးစားပါ။ ဒီသုံးမျိုးထဲက တစ်ခုခုကို မလုပ်နိုင်ပဲ ကြွက်သားတက်အောင် ဘယ်လိုလုပ်နိုင်မလဲ လိုက်ရှာရင် သင်သာ အချိန်ကုန် လူပင်ပန်းဖြစ်ပါလိမ့်မယ်။

အလေးမတာ ပြင်းထန်ပြီး Protein မလုံလောက်ရင်လဲ နှောင့်နှေးတက်သလို Protein လုံလောက်ပြီး အလေးမတာ တိုးတက်မှုမရှိရင်လဲ နှောင့်နှေးမှာပါပဲ။ ခြေထောက် ၃ချောင်းနဲ့ ထိုင်ခုံတစ်ခုလို့ ခြေတစ်ချောင်းပြုတ်သွားတာနဲ့ ပြိုလဲသွားသလိုပေါ့။ ဒီ၃ချက်ထဲက ၁ချက်မလိုက်နာတာနဲ့အမျှ ရလဒ်ပိုင်းမှာ သက်ရောက်သွားမှာပါလို့ ပြောရင်း အဆုံးသတ်လိုက်တယ်။



အားလုံးပဲ အမြန်ဆုံး ကိုယ်လိုချင်တဲ့ ရလဒ်ကို ရနိုင်ပါစေလို့ ပြောရင်းကြိုက်နှစ်သက်ပါက ပြန်လည်ဝေမျှနိုင်ပါကြောင်း။

 Golden_Dreams ❤️

****ဒီနေရာမှာ တန့်နေတာက လုပ်နေကြတွေပဲ လုပ်နေလို့ ဖြစ်ပါလိမ့်မယ်။

တစ်ဆင့်ထပ်တွန်းဖို့အတွက်
၁-အစာစားဖို့ ပိုလိုနေပြီလား
၂-လေ့ကျင့်ခန်း ပုံစံအသစ်တွေလုပ်ဖို့ လိုပြီလား
၃-အပေါ်ပိုင်း တစ်ပတ်တစ်ရက်ဆော့တာကနေ ၂ ရက်ဆော့ဖို့လိုပြီလား
၎-အကြိမ်ပမာဏပိုတိုးရမလား

စသဖြင့် ပြောင်းလုပ်ကြည့်ပါ။ လှုံ့ဆော်မှုအသစ်ရရင် ခန္ဓာကိုယ်က တုန့်ပြန်မှု အသစ်ပေးပါလိမ့်မယ် 😊

No comments: