Tuesday, August 7, 2018

"ပါကင်ဆန်ရောဂါ" (Parkinsonism Syndrome )

................"ပါကင်ဆန်ရောဂါ".................


✔️ MWD: မင်္ဂလာပါဆရာ.. အခုနောက်ပိုင်းအသက်အရွယ်ကြီးတဲ့သူတွေမှာ အဖြစ်များလာတဲ့ပါကင်ဆန် ရောဂါအကြောင်းကို ဆွေးနွေးချင်ပါတယ်ဆရာ.. ပထမဆုံးအနေနဲ့ ပါကင်ဆန်ရောဂါဆိုတာ ဘယ်လိုမျိုးရောဂါလဲဆိုတာ ရှင်းပြပေးပါ..

Dr. KML: .. လက်တွေခြေတွေ တုန်လာမယ် (Tremor)၊ ခြေတွေလက်တွေ တောင့်တင်းလာမယ်၊ ကွေးလို့ဆန့်လို့ ပျော့ပျော့ပျောင်းပျောင်းမရှိတော့ဘူး (Rigidity)၊ အသက်ကြီးလာတဲ့သူတွေမှာ သွားတာလာတာနှေးကွေးလာမယ် (Bradykinesia) ဆိုရင် ဒါကို ပါကင်ဆန်လက္ခဏာစု (Parkinsonism) သို့မဟုတ် Parkinsonism syndrome လို့ ခေါ်ပါတယ်..အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းများစွာတွေထဲမှာမှ ပါကင်ဆန်ရောဂါကတော့ အများဆုံးဖြစ်ပါတယ်.. ၈၀ ရာခိုင်နှုန်း ရှိပါတယ်..ဆိုလိုတာက ကျန်တဲ့ ၂၀ ရာခိုင်နှုန်းက ပါကင်ဆန်ရောဂါမဟုတ်တဲ့ အခြားရောဂါတချို့ကလဲ ပါကင်ဆန်လက္ခဏာတွေ ပေးတတ်ပါတယ်..ပါကင်ဆန်ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ မျိုးဗီဇ (Genetic) နဲ့ ပတ်ဝန်းကျင် (Environment) တို့ကြောင့် ဖြစ်ပါတယ်.. ပါကင်ဆန်ဖြစ်တဲ့သူတွေမှာ မျိုးဗီဇချို့ယွင်းမှုတွေ ရှိတတ်ပြီး ဆွေမျိုးရင်းခြာတွေမှာ ဖြစ်တဲ့သူရှိရင် တခြားလူမှာထက်ပိုဖြစ်တတ်ပါတယ်..ပတ်ဝန်းကျင်ဆိုတာကတော့ အဆိပ်အတောက်တွေသင့်လို့ ဖြစ်ရတာပါ.. အထူးသဖြင့် MPTP (Methyl- phenyl-tetrahydro-pyridine) ကြောင့် ဖြစ်ရတယ်လို့ဆိုပါတယ်..အခြားအဆိပ်အတောက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်.. အဲ့ဒီလိုမျိုးဗီဇရှိပြီး အဆိပ်သင့်တဲ့သူတွေရဲ့ ဦးနှောက်မှာရှိတဲ့ ဒိုပါမင်းထုတ်ပေးတဲ့ဆဲလ်လေးတွေ (Dopaminergic neurons) ကို ပျက်စီးစေပါတယ်.. အဲ့ဒီဆဲလ်လေးတွေဟာ ဦးနှောက်ရဲ့ Substantia nigra ဆိုတဲ့နေရာမှာရှိပါတယ်.. အဲ့ဒီဆဲလ်လေးတွေပျက်စီးသွားလို့ ဒိုပါမင်းဟိုမုန်းမထွက်တော့တဲ့ရောဂါကို ခေါ်တာဖြစ်ပါတယ်..ဒီရောဂါကို ၁၈၁၇ ခုနှစ်မှာ အင်္ဂလိပ်လူမျိုးဆရာဝန်တစ်ဦးဖြစ်တဲ့ James Parkinson (၁၇၅၅-၁၈၂၄) က စတင်တွေ့ရှိဖော်ထုတ်ခဲ့တဲ့အတွက် သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ Parkinson’s disease လို့ ခေါ်ခဲ့တာဖြစ်ပါတယ်..

✔️ MWD: ခုနကဆရာပြောသွားတဲ့အထဲမှာပါတဲ့ ဒိုပါမင်း (Dopamine) ဆိုတဲ့ ဟိုမုန်းအကြောင်းလဲ နည်းနည်းရှင်းပြပေးပါဆရာ..

Dr. KML: ဆရာတို့ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက် ဟိုမုန်းစနစ်တွေမှန်ကန်ကောင်းမွန်မျှတနေဖို့လိုပါတယ်.. အဲ့ဒီအထဲမှာ တစ်ခုအပါအဝင်ကတော့ ဒိုပါမင်းဟိုမုန်းပဲဖြစ်ပါတယ်.. သူဟာ Catecholamine နဲ့ Phenylalanine အုပ်စုဝင် Neurotransmitter တစ်မျိုးဖြစ်ပါတယ်.. Neurotransmitter ဆိုတာကတော့ အာရုံကြောဆဲလ် (Nerve cell) တစ်ခုနဲ့တစ်ခုကြား ဆက်သွယ် ပေးတဲ့ သတင်းအချက်အလက်တွေ သယ်ယူပို့ဆောင်ပေးတဲ့ မော်လီကျူးလေးတွေဖြစ်ပါတယ်..သူတို့ကို ဦးနှောက်ရဲ့အစိတ်အပိုင်း တစ်နေရာဖြစ်တဲ့ Midbrain ရဲ့ Substantia nigra ကနေ နေ့စဉ် ထုတ်လုပ်ပေးလျက်ရှိပါတယ်.. သူရဲ့ မော်လီကျူးဖော်မြူလာကတော့ C8H11NO2 ဖြစ်ပါတယ်.. ဒိုပါမင်းဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဟိုမုန်းဖြစ်ပြီး အဓိကတာဝန် (၂) ခု ထမ်းဆောင် ပါတယ်.. ပထမတာဝန်ကတော့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာတာဝန်တွေဖြစ်ပြီး ဒုတိယအနေနဲ့ ဦးနှောက်နဲ့ အာရုံကြောရဲ့ပြင်ပတာဝန်တွေဆိုပြီး နှစ်မျိုးရှိပါတယ်..
ပထမတာဝန်ဖြစ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ တာဝန်တွေကိုကြည့်ရင် Mood၊ Movement နဲ့ Sexually တွေမှာ အရေးပါတဲ့အလုပ်တွေကို ထိန်းချုပ်ထားပါတယ်.. အဲ့ဒီဟိုမုန်းချို့တဲ့ရင်..
 • Mood အနေနဲ့ ခံစားမှုအခြေအနေ၊ တွေးတာတောတာတွေ ကျဆင်းလာပါလိမ့်မယ်..ADHD လို့ခေါ်တဲ့ အော်တစ်စင်ရောဂါဟာလည်း ဒိုပါမင်းလျော့နည်းမှုနဲ့ ပတ်သက်မှုရှိနေပါတယ်..
• Movement အနေနဲ့ ထိုင်တာထတာတွေ၊ လှုပ်ရှားသွားလာမှုတွေနှေးကွေးလာပါမယ်.. ခြေတွေလက်တွေတုန်လာပါတယ်.. အလကားနေရင်း ခြေတွေလှုပ်နေတာတွေ (Restless legs syndrome) တွေ့ရပါတယ်..
• Sexually အနေနဲ့ လိင်စိတ်ချို့တဲ့လာတာ၊ ပန်းသေပန်းညှိုးဖြစ်တာတွေ ဖြစ်လာပါတယ်..
ဒုတိယတာဝန်ဖြစ်တဲ့ ဦးနှောက်နဲ့အာရုံကြောပြင်ပတာဝန်တွေ ချို့တဲ့လာပြီး  • နှလုံးခုန်နှုန်းနည်းတာ၊ သွေးပေါင်ချိန်ကျဆင်းတာ၊ နှလုံးအလုပ်ကောင်းကောင်းမလုပ်တာ (Heart failure) တွေ ဖြစ်တတ်ပါတယ်..
• ကျောက်ကပ်အားနည်းတာ (Renal failure) တွေဖြစ်တတ်ပါတယ်..

✔️ MWD: ဒီရောဂါဟာ အသက်ကြီးပိုင်းလူတွေမှာ အဖြစ်များတယ်ဆိုတော့ လူငယ်တွေမှာရော ဖြစ်နိုင်ပါ သလားဆရာ..

Dr. KML: သာမန်အားဖြင့်တော့ ပါကင်ဆန်ရောဂါဟာ အသက် ၆၀ ကျော်မှ ဖြစ်လေ့ရှိပါတယ်..အသက်ကြီး လာလေလေဖြစ်ဖို့ ရာနှုန်းပိုများလေလေဖြစ်ပါတယ်..အသက် ၈၀ ကျော်တဲ့သူ တစ်သိန်းမှာ ၃၀ဝ ကနေ ၅၀ဝ အထိ ဖြစ်နေတာတွေ့ရပါတယ်.. လူငယ်တွေမှာမဖြစ်ဘူးလားဆိုရင်တော့ ဖြစ်တော့ဖြစ်ပါတယ်..နည်းပါတယ်..ပါကင်ဆန်လူနာ ၁၀ဝ မှာ အသက် ၄၀ အောက် လူငယ်လူရွယ်တွေအနေနဲ့ ၅ ရာခိုင်နှုန်းလောက်တော့ ဖြစ်လေ့ရှိ ပါတယ်..အထူးသဖြင့် ဦးနှောက်ကိုထိခိုက်စေတဲ့ ဆေးတွေသောက်ရတဲ့သူတွေ (ဥပမာ- အတက်ရောဂါ၊ စိတ်ရောဂါ) မူးယစ်ဆေးဝါးသုံးစွဲလိုက် ဖြတ်လိုက်လုပ်တဲ့သူတွေမှာသာ အဓိကတွေ့ရလေ့ရှိပါတယ်..MPTP ကတော့ မူးရစ်ဆေးဝါးတွေ ထုတ်လုပ်တဲ့အခါမှာ Contaminant အနေနဲ့ ပါဝင်လာတတ်ပါတယ်.. နောက်ပြီး ပိုးသတ်ဆေး ပေါင်းသတ်ဆေးတွေထဲမှာလည်း ပါပါတယ်..အဲ့ဒီကနေတစ်ဆင့် ရေတွေ မြေတွေထဲရောက်ပြီး ပါလာတတ်ပါတယ်..

 ✔️ MWD: ပါကင်ဆန်ဖြစ်စေနိုင်တဲ့ဆေးဝါးတွေကရော ဘယ်လိုမျိုးဆေးဝါးတွေလဲဆိုတာ သိပါရစေဆရာ..

Dr. KML: ဆေးဝါးတွေအနေနဲ့ ဦးနှောက်နဲ့အာရုံကြောတွေထဲဝင်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ဆေးဝါးတွေကို ရေရှည်စွဲသောက်တဲ့အခါမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဒိုပါမင်းထုတ်ပေးတဲ့ဆဲလ်လေးတွေ ပျက်စီးသွားရခြင်းဖြစ်ပါတယ်.. အဓိကအနေနဲ့ ဖြစ်လေ့ရှိတဲ့ဆေးတွေကတော့..
• Antipsychotic drugs - စိတ်ရောဂါအတွက်အသုံးပြုတဲ့ဆေးဝါးတွေ
• Metoclopramide - အအန်ပျောက်ဆေး၊ အမူးပြေဆေးအနေနဲ့အသုံးပြုလေ့ရှိတဲ့ဆေး
• Prochlorperazine - အအန်ပျောက်ဆေး၊ အမူးပြေဆေး
• Tetrabenazine • Sodium valproate - အတက်ရောဂါမှာအသုံးဝင်တဲ့ဆေး
• Lithium - မူးယစ်ဆေးဝါးဖြတ်ဆေး
• Manganese - အားဆေးတွေမှာပါလေ့ရှိပါတယ်..

✔️ MWD: လူတစ်ယောက်မှာပါကင်ဆန်ရောဂါဖြစ်နေမှန်း ဘယ်လိုသိနိုင်ပါသလဲဆရာ..

Dr. KML: ပါကင်ဆန်ရောဂါလို့ပြောဖို့အတွက်ကတော့ Motor symptom လို့ခေါ်တဲ့ ကြွက်သားနဲ့ပတ်သက်တဲ့ လက္ခဏာ (၃) ခုကတော့ အဓိကဖြစ်ပါတယ်..
• ခြေလက်တုန်တာ (Tremor)
• ကြွက်သားတွေတောင့်တင်းတာ (Rigidity)
• လှုပ်ရှားမှုနှေးကွေးလာတာ (Bradykinesia)
အဲ့ဒီလက္ခဏာ ၃ ခုတွေ့နေပြီဆိုရင်တော့ ပါကင်ဆန်ရောဂါသေချာပြီလို့ပြောနိုင်ပါတယ်.. အဲ့ဒီ မရောက်ခင် အစပျိုးရောဂါဖြစ်ခါစမှာ ဖြစ်လေ့ရှိတဲ့လက္ခဏာတွေကတော့ -
• နှာခေါင်းအနံ့သိပ်မရတော့တာ
• ဝမ်းချုပ်လာတာ
• ညဘက်ကောင်းကောင်းအိပ်မပျော်တာတွေဖြစ်တတ်ပါတယ်..


(၁) လက်တွေခြေတွေတုန်လာပါတယ် (Tremor) .. စတုန်စမှာတော့ လက်ဖျားလေးတွေတုန်ပါတယ်..တစ်ဖက်ထဲစပြီးဖြစ်ပါတယ်.. ပြိုင်တူဖြစ်လေ့မရှိပါ.. နားနေတဲ့အချိန်မှာသာတွေ့ရလေ့ရှိပါတယ် (Typically a unilateral rest tremor) ..ပြီးရင် ခြေလက်တွေတုန်လာပြီး မေးစေ့တွေ တုန်လာပါတယ်..

(၂) ကြွက်သားတွေတောင့်တင်းလာတာ (Rigidity) နဲ့ ပတ်သတ်ပြီးတော့ ခြေတွေလက်တွေ တောင့်လာပါတယ်..ကွေးထားတဲ့ပုံစံမှားနေတာများပြီး ပြန်ဆန့်ဖို့ခက်ပါတယ်..

(၃) ကြွက်သားတွေနှေးကွေးလာတာ (Bradykinesia) နဲ့ ပတ်သတ်ပြီးတော့လည်း တစ်ဆင့်ချင်း ပိုပိုဆိုးလာတာဖြစ်ပါတယ်.. စခါစမှာဆိုရင် • အင်္ကျီကြယ်သီးဖြုတ်တာ၊ တပ်တာနှေးလာပါတယ်.. • ရှုးဖိနပ်စီးနေကျသူဆိုရင် ကြိုးတပ်တာနှေးလာပါတယ်.. • စာရေးနေကျသူဆိုရင် နှေးလာပြီးစာလုံးတွေသေးလာပါတယ်.. • ပိုဆိုးလာရင် စကားသံတိုးလာပါမယ်..စကားပြောနှေးလာပြီး အသံမကွဲပြားတော့ပဲဖြစ်လာပါမယ်.. • အိပ်ယာထဲမှာဟိုဖက်ဒီဖက်လှည့်လို့ခက်လာပါတယ်.. အဲ့ဒီအချက် (၃) ချက်အပြင် မှတ်ဥာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေလည်း ဖြစ်လာတတ်ပါတယ်..သတိမေ့လာတာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ပူပင်သောကဖြစ်တာ၊ စိတ်ဓာတ်ကျဆင်းတာ၊ စိတ်တိုတာတွေ ဖြစ်ပါတယ်..ပန်းသေပန်ညှိုးဖြစ်တာတွေဖြစ်လာပါတယ်..ဒါ့ကြောင့် ဘဝအရည်အသွေးကို အများကြီးထိခိုက်စေတဲ့ ရောဂါဆိုးကြီးတစ်ခုလို့ပြောချင်ပါတယ်..

✔️ MWD: ပါကင်ဆန်ရောဂါဖြစ်ရင် ဘယ်လိုများကုသရပါသလဲဆရာ..ဒီရောဂါဖြစ်ပြီရင် ကုသလို့မရဘူးလို့လဲ ကြားဘူးပါတယ်.. အဲ့ဒါရောဟုတ်ပါသလားဆရာ..

Dr. KML: ဒီရောဂါဟာ ဖြစ်ပြီးရင်ပျောက်အောင်ကုသလို့ မရဘူးဆိုတာမှန်ပါတယ်..ဒါပေမဲ့ မကုဘဲပစ်ထားရင် ပိုဆိုးပြီး သက်တမ်းစေ့နေရမှာမဟုတ်ပါဘူး..ဒါ့ကြောင့် လူနာကိုသက်သာအောင်၊ ပုံမှန်လူလိုနေထိုင် သွားနိုင်အောင်လုပ်ပေးဖို့ အရေးကြီးပါတယ်.. အဓိကအရေးကြီးတာတော့ ဘဝအရည်အသွေး (Quality of Life) ကျမသွားအောင် ထိန်းသိမ်းထားနိုင်ဖို့ ကုသမှုတွေ မဖြစ်မနေလိုအပ်ပါတယ်..အဲ့ဒီလိုကုသရာမှာ အဓိကအစိတ်အပိုင်းသုံးခု ပါဝင်ပါတယ်..
(၁)အနောက်တိုင်းဆေးဝါးများဖြင့်ကုသခြင်း
(၂)သဘာဝဆေးဝါးများဖြင့်ကုသခြင်း
(၃)အနေအထိုင်အစားအသောက်မှန်ကန်အောင်ထိန်းသိမ်းခြင်းတို့ဖြစ်ပါတယ်..

✔️ MWD: အနောက်တိုင်းဆေးတွေအနေနဲ့ ဘယ်လိုမျိုးဆေးတွေသုံးရပါသလဲဆရာ..အဲ့ဒီဆေးတွေသုံးရင် ဘယ်လိုမျိုးသုံးရမယ်ဆိုတာလဲသိပါရစေ..

Dr. KML: အဓိကအသုံးပြုတဲ့ဆေးတွေအနေနဲ့ (၆) မျိုး ရှိပါတယ်..
(၁) Levodopa
(၂) Dopamine agonist
(၃) Anticholinergic agents
(၄) Monoamine oxidase Inhibitors (MAOI)-B
(၅) Catechol-O-Methyltransferase (COMT)
(၆) Amantadine

အဲ့ဒီ့အထဲမှာ Levodopa ကတော့ အသုံးအများဆုံးဖြစ်ပါတယ်.. အတိုကောက် L-dopa လို့လည်း ခေါ်ပါတယ်.. ပါကင်ဆန်ရောဂါဖြစ်ပြီဆိုရင် သူ့ကိုပထမဦးစားပေးအသုံးပြုတဲ့ဆေး (First line drug) ဖြစ်တော့ သူနဲ့ပတ်သတ်ပြီးအနည်းငယ်ရှင်းပြချင်ပါတယ်..L-dopa ဟာ ဒိုပါမင်းရဲ့ကနဦး (Precursor) ပုံစံဖြစ်ပြီး ခန္ဓာကိုယ်ထဲရောက်ရင် Decarboxylase အင်ဇိုင်းရဲ့လုပ်ဆောင်မှုကြောင့် ဒိုပါမင်းအဖြစ်ကိုပြောင်းလဲသွားပါတယ်.. ဒီနေရာမှာ အရေးကြီးတဲ့အချက်တစ်ခုကို ပြောပြချင်ပါတယ်..L-dopa ဆေးကို ပါးစပ်ကနေသောက်လိုက်ရင် ၉၀ ရာခိုင်နှုန်းဟာ အစာအိမ်နဲ့အူလမ်းကြောင်းနဲ့ သွေးကြောတွေထဲမှာ ဒီကာဘော့စလေ့အင်ဇိုင်းကြောင့် ဒိုပါမင်းအဖြစ်ပြောင်းသွားပါတယ်..အဲ့ဒီပြောင်းသွားတဲ့ဒိုပါမင်း တွေဟာ သူတကယ်အလုပ်လုပ်ရမယ့် ဦးနှောက်ထဲကို ဝင်လို့မရတော့ပါဘူး (Blood-brain barrier ကို မဖြတ်နိုင်ပါဘူး).. ကျန်တဲ့ ၁၀ရာခိုင်နှုန်းသာ ဦးနှောက်ထဲကိုရောက်ပြီး ဦးနှောက်ထဲမှာ ဒိုပါမင်းအဖြစ် ပြောင်းလဲလုပ်ဆောင်ပါတယ်..ဒါ့ကြောင့် ဦးနှောက်ထဲမှာ ၁၀ဝ မီလီဂရမ်ရောက်ဖို့ သူရဲ့၁၀ဆ ၁၀ဝ၀ မီလီဂရမ် သောက်ရမယ့်သဘောဖြစ်နေပါတယ်.. ဒီတော့ပညာရှင်တွေက ဦးနှောက်ထဲကိုမဝင်ရောက်နိုင်တဲ့ (Dopa-Decarboxylase inhibitor (DDI) ကို တီထွင်ပြီး တွဲပေးလိုက်ပါတယ်..အဲ့ဒီအခါမှာ သောက်လိုက်တဲ့ L-dopa တွေဟာ ဦးနှောက်ထဲမရောက်ခင် အဖျက်ဆီးမခံရဘဲ ဦးနှောက်ထဲကို ပြည့်ပြည့်ဝ၀ရောက်ရှိသွားပါတယ်.. ဒါ့ကြောင့် L-dopa နဲ့ DDI အတွဲကိုအမြဲရွေးပေးရပါတယ်..အဓိကအရေးကြီးတာက ဒီဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်ပါတယ်..လိုအပ်တဲ့ဆေးပမာဏထက်ပိုသွားရင် ပျို့ချင်တာ၊ အန်ချင်တာတွေဖြစ်လာတတ်ပါတယ်.. လှဲနေရာကထိုင်လိုက်ရင်ပဲဖြစ်ဖြစ်၊ ထိုင်နေရာကရုတ်တရက် ထလိုက်လို့ပဲဖြစ်ဖြစ် သွေးပေါင်းချိန်ရုတ်တရက်ကျသွားတဲ့အတွက် မိုက်ကနဲ့ဖြစ်သွားလေ့ရှိပါတယ်.. ဒါကို Postural Hypotension လို့ခေါ်ပါတယ်..အဲ့ဒီဆေးတွေက ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့သာ သောက်ရတာဖြစ်ပြီး မိမိသဘောအတိုင်း ဆေးအတိုးအလျှော့ကအစ မသောက်မိဖို့ အရေးကြီးပါတယ်..

✔️ MWD: သဘာဝဆေးဝါတွေအနေနဲ့ရော ဘယ်လိုမျိုးဆေးတွေအသုံးပြုနိုင်ပါသလဲဆရာ..

Dr. KML: သဘာဝဆေးဝါးတွေအနေနဲ့ ပါကင်ဆန်ရောဂါကာကွယ်ကုသရာမှာ များစွာအထောက်အကူ ပြုပါတယ်..အများဆုံးအသုံးပြုတာကတော့ -
(၁) ခွေးလှေးယားစေ့ (Mucuna pruriens) ခွေးလှေးယားစေ့ထဲမှာ L-dopa တွေ ကြွယ်ဝစွာပါဝင်နေပါတယ်..အိန္ဒိယနိုင်ငံမှာကျော်ကြားတဲ့ အာယုဗေဒဆေးပညာမှာ ယနေ့အထိ တွင်ကျယ်စွာအသုံးပြုလျက်ရှိပါတယ်..L-dopa သောက်နေတဲ့သူဆိုရင်တော့ ဆေးပမာဏကိုချိန်ဆဖို့လိုပါတယ်..နှစ်မျိုးစလုံးကအတူတူပဲဖြစ်တော့ ဆေးပမာဏများသွားနိုင်လို့ ဂရုပြုရပါမယ်.. သူ့ချဉ်းပဲသောက်ပြီး L-dopa မသောက်ရင်တော့ ပြဿနာမရှိပါ..

(၂) ဂင်ဂိုရွက် (Ginkgo biloba) သူကတော့ ဦးနှောက်နဲ့အာရုံကြောတွေထဲမှာ သွေးလှည့်ပတ်မှုကောင်းအောင်လုပ်ပေးတဲ့အတွက်ရယ်၊ အင်တီအောက်ဆီဒင့်အာနိသင်ပေးတဲ့အတွက် ပါကင်ဆန်ရောဂါတွေမှာပေးရင် အကျိုးရှိပါတယ်..အထူးသဖြင့် အသက်အရွယ်ကြီးသူတွေအနေနဲ့ ပါကင်ဆန်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အသုံးပြုသင့်ပါတယ်..

(၃) လက်ဖက်စိမ်း (Green tea) လက်ဖက်စိမ်းကို ရေနွေးကြမ်းအဖြစ် သောက်သုံးမှုအလေ့အထရှိသော လူ့အဖွဲ့အစည်းများတွင် ပါကင်ဆန်ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျလျက်ရှိကြောင်း (Epidemiological studies) လေ့လာတွေ့ရှိခဲ့ရပါသည်..လက်ဖက်စိမ်းတွင် ပေါ်လီဖီနော (Polyphenol) ဓာတ်ပစ္စည်းများ ပါဝင်နေပြီး ယင်းတို့ကြောင့် ဒိုပါမင်း ထုတ်ပေးသည့်ဆဲလ်များ မပျက်စီးအောင်ကာကွယ်ပေးကြောင်း သိရပါသည်။ ထို့ကြောင့် ဦးနှောက်ဆဲလ်များ ပျက်စီးစေသည့်သံဓာတ်အပါအဝင် အခြားသော အဆိပ်အတောက်များကိုလည်း လျော့နည်းအောင်လုပ်ဆောင်ပေးပါတယ်..

(၄) ဗီတာမင်ဖြည့်စွက်ဆေးဝါးတွေသုံးနိုင်ပါတယ် . .
• ဗီတာမင်ဒီ - ပါကင်ဆန်ရောဂါဖြစ်နေတဲ့သူတွေရဲ့သွေးထဲမှာ ဗီတာမင်ဒီလျော့နည်းနေလေ့ ရှိပါတယ်.. ဗီတာမင်ဒီလျော့နည်းနေရင် ဗီတာမင်ဖြည့်စွက်ဆေးဝါးတွေပေးသင့်ပါတယ်.. Vit D3- 2000-4000 IU/day ပေးနိုင်ပါတယ်..ဗီတာမင်ဒီဟာ ဦးနှောက်နဲ့အာရုံကြောတွေပုံမှန်လုပ်ဆောင်ဖို့ ကြွက်သားတွေပုံမှန်လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်..
• ဗီတာမင်ဘီ-၆ နဲ့ ဘီ-၁၂ တွေလည်းလိုအပ်ပါတယ်..သူတို့ကတော့ သွေးထဲမှာရောင်ရမ်းစေတဲ့ Homocysteine ကိုလျော့ကျစေလို့ဖြစ်ပါတယ်.. <10 nbsp="" p="">• ငါးကြီးဆီ (Fish oil) နေ့စဉ် ၁၀ဝ၀-၃၀ဝ၀ မီလီဂရမ် အထိစားသင့်ပါတယ်..
• Coenzyme Q10 - ကြွက်သားတွေပုံမှန်လှုပ်ရှားဖို့လိုပါတယ်.. နှလုံးသွေးကြောနဲ့ နှလုံးကြွက်သား တွေအတွက်လည်းလိုပါတယ်..ရှောင်သင့်တဲ့သတ္တုဓာတ်တွေကတော့ သံဓာတ် (Iron) နဲ့မဂ္ဂနီးစ် (Manganese) တွေဖြစ်ပါတယ်.. သူတို့ ၂ ခုကတော့ ပါကင်ဆန်ရောဂါကိုပိုဆိုးစေပါတယ်..

✔️ MWD: ပါကင်ဆန်ရောဂါဖြစ်နေသူတွေအနေနဲ့ ဘယ်လိုမျိုးနေထိုင်စားသောက်သင့်တယ်ဆိုတာ ဆောင်ရန်/ ရှောင်ရန်လေးတွေရှိရင်လည်းပြောပြပေးပါဆရာ..

Dr. KML: ဒါကတော့ ဘယ်ရောဂါမဆို ဆောင်ရန်/ရှောင်ရန်ဆိုတာအမြဲရှိပါတယ်.. ဒါတွေကို လိုက်နာမယ်ဆိုရင် ရောဂါကုသပျောက်ကင်းရေးအတွက် အများကြီးအထောက်အကူပြုတာပေါ့..

(က) ရှောင်ရန်များ
• တိရစ္ဆာန်ကနေရတဲ့ အဆီတွေပါဝင်တဲ့ အစားအစာတွေရှောင်သင့်ပါတယ်..ဥပမာ-ဝက်သားစားရင် ဖြတ်သင့်ပါတယ်..
• ဝမ်းချုပ်တတ်တဲ့အစားအစာတွေဖြစ်တဲ့ ကောက်ညှင်းတို့၊ မြေကြီးထဲကစေးထန်းတဲ့ဥတွေ ရှောင်ရပါမယ်..
• အိပ်ရေးပျက်တာတွေရှောင်ရပါမယ်..အချိန်မှန်မှန်အိပ်ဖို့အရေးကြီးပါတယ်..
• ဆီကြော်တွေ၊ Deep freed food တွေရှောင်ရပါမယ်..
• ဒန်အိုးနဲ့ချက်တာတွေ အတတ်နိုင်ဆုံးရှောင်ပါ..
• မကောင်းတဲ့အခိုးအငွေ့တွေမရှူမိအောင်ဂရုပြုပါ - ဥပမာ ဆေးလိပ်ငွေ့၊ ကတ္တရာငွေ့၊ ခြင်ဆေးခွေ

(ခ) လုပ်သင့်တာ (ဆောင်ရန်) တွေကတော့
• ဟင်းသီးဟင်းရွက်တွေများများစားပါ၊ အထူးသဖြင့် အမျှင်ဓာတ်ပါဝင်တဲ့အစားအစာတွေပိုစားပါ..
• သစ်သီးမျိုးစုံစားပါ၊ အမျှင်ဓာတ်ပါတဲ့နာနတ်သီး၊ လိမ္မော်သီတွေပိုစားပါ၊ ဝမ်းမှန်ဖို့ဖြစ်ပါတယ်..
• ပဲမျိုးစုံ ပိုစားပါ (Legume) ..
• အခွံမာတဲ့အစေ့အဆံတွေ (Nuts) တွေပိုစားပါ..
• ဟင်းခတ်အမွှေးအကြိုင်တွေ (Spices) ဖြစ်တဲ့ နနွင်း၊ သစ်ဂျပိုး၊ လေးညှင်းစတာတွေက အကျိုးရှိစေပါတယ်..
• ကြက်သွန်ဖြူ၊ ကြက်သွန်နီစားနိုင်ပါတယ်..
• ကြက်ဥ၊ ဘဲဥစားနိုင်ပါတယ်..
• ကော်ဖီ၊ ချောကလက်အကျိုးရှိပါတယ်..
• အိပ်ရေးဝ၀အိပ်ပါ..
• ပုံမှန်လမ်းလျှောက်ပါ၊ လေ့ကျင့်ခန်းလုပ်လို့ရတာလုပ်ပါ..
• လေကောင်းလေသန့်ရှူပါ..
• အော်ဂဲနစ်အစားအစာတွေအဓိကစားပါ..
• အဆီပါတဲ့ ငါး စားပါ..
• ရေနွေးကြမ်းသောက်ပါ..

✔️ MWD: အခုဆိုရင် ပါကင်ဆန်ရောဂါနဲ့ပတ်သက်လို့ တော်တော်လေးပြည့်ပြည့်စုံစုံသိရပါပြီဆရာ..ဆရာအနေနဲ့ မြဝတီရုပ်မြင်သံကြားပရိသတ်ကြီးကို ဘာများပြောချင်ပါသေးလဲဆရာ..

Dr. KML: ပါကင်ဆန်ရောဂါဆိုတာ အသက်ကြီးလာရင် လူတိုင်းဖြစ်နိုင်တဲ့အလားအလာရှိတာကြောင့် အသက် ၄၀ ကျော်လာပြီဆိုရင် ဒီရောဂါဆိုးကြီးမဖြစ်ရလေအောင် နေထိုင်စားသောက်ကြပါလို့ အကြံပြုလိုပါတယ်.. ဖြည့်စွက်ဆေးဝါးအနေနဲ့မှီဝဲလိုတယ်ဆိုရင် ငါးကြီးဆီ (အိုမီဂါ-၃)၊ ဂင်ဂိုရွက် နဲ့ အင်တီအောက်ဆီဒင့်ဆေးဝါးတွေ မှီဝဲသင့်ပါကြောင်း အကြံပြုအပ်ပါတယ်..

ဒေါက်တာ ခင်မောင်လွင် (Fame Pharmaceuticals) 

# MWD Health Talk Programme

No comments: