Tuesday, August 21, 2018

ဒေါ်လာဈေးတက်ရတဲ့အကြောင်းနဲ့ငွေကြေးဖောင်းပွမှု



--------------------------------------------
မြန်မာငွေဈေးတန်ဖိုးကျနေတာဟာ အတော်ဆိုးနေတဲ့အဆင့်ဆိုတာအားလုံးအသိပါ။ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ (၁၅၀၀) ကျော်အထိရောက်လာခဲ့ပြီဖြစ်လို့ မြန်မာနိုင်ငံဟာ ငွေကြေး ဖောင်းပွမှုကို အကြီးအကျယ်ခံနေရပါပြီ။ ငွေကြေးဖောင်းပွမှုရှိတာ ကောင်းလား? မကောင်းလား? ဆိုတာက တသမတ်တည်းပြောလို့မရပါဘူး။

ငွေကြေးဖောင်းပွမှုနှုန်းအပေါ်မူတည်နေပါတယ်။ ဘယ်အရှိန်နဲ့ ဖြစ်နေတာလဲ။ နှေးနှေးလား?မြန်မြန်လား? ဒီမေးခွန်းအပေါ်မှာ မူတည်ပါသေးတယ်။

ဒီပြသနာတွေကိုဖြေရှင်းဖို့နိုင်ဖို့ဟာဘောဂဗေဒပညာရပ် (Economics) သာလျင်တတ်စွမ်းနိုင်မှာဖြစ်တယ်လို့ ယူဆမိပါတယ်။ ပြောရရင်တော့ နိုင်ငံရေး ဘောဂဗေဒပညာ Political Economy နဲ့ပိုအဆင်ပြေမယ် ထင်ပါတယ်။

ငွေကြေးဖောင်းပွမှုဘာကြောင့် ဖြစ်တာလဲက စစဉ်းစားရင် သီအိုရီတွေအရဆိုရင်တော့ ကုန်ကျစရိတ်ရဲ့တွန်းအားကြောင့် ငွေကြေးဖောင်းပွတဲ့ Cost Push Inflation နဲ့ ဝယ်လိုအားပိုလျှံမှုကြောင့် ငွေကြေးဖောင်းပွတဲ့ Demand Pull Inflation ဆိုပြီး ငွေကြေးဖောင်းပွရတဲ့ အဓိက အကြောင်းအရင်း ၂ ခုရှိပါတယ်။

စရိတ်တွန်းအားကြောင့်ဖြစ်တဲ့ ငွေကြေး ဖောင်းပွမှုကတော့ စီးပွားရေးလုပ်ငန်း တွေအနေနဲ့ လုပ်ငန်းလုပ်တဲ့အခါမှာ ကုန်ကျစရိတ်ပိုတက်လာတဲ့အတွက် လုပ်ငန်းအမြတ်ကာမိအောင် ရောင်းဈေးတင်ရတဲ့သဘောတွေရှိပါတယ်။

အဲလိုရောင်းဈေးတင်တော့ စားသုံးသူ ပြည်သူတွေအနေနဲ့ ဝင်ငွေတိုးတက် ပြောင်းလဲလာမှုမရှိဘဲ ဝယ်ယူစားသုံးရတဲ့ ဝယ်ယူမှုတွေကသာဈေးနှုန်းတက်လာတဲ့ အတွက် အဆင်မပြေမှုတွေဖြစ်လာတဲ့ သဘောပါပဲ။

ဒီလိုဝယ်ယူစားသုံးတဲ့နေရာမှာ ပြည်တွင်းက ထုတ်ကုန်နဲ့ဝယ်ဆောင်မှုတွေကို ဝယ်ယူစားသုံးတာနဲ့ ပြည်ပကတင်သွင်း လာတဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုကို ဝယ်ယူစားသုံးတာနဲ့ ဒီ ၂ ခုရဲ့ နှိုင်းယှဉ် တန်ဖိုးကို စားသုံးသူတွေဘက်ကကြည့် လာတတ်ပါတယ်။ မှန်ပါတယ်။ ကုန်စည်ချင်း တူမယ်။ ဈေးနှုန်းချင်းတူမယ်ဆိုရင် အရည်အသွေးမြင့်တာနဲ့ ပိုကောင်းတာကို စားသုံးသူတွေကရွေးချယ်မှာပဲ။ လက်ရှိမြန်မာပြည်အခြေအနေအရ ပစ္စည်းချင်းတူ ဈေးနှုန်းချင်းတူရင် အရည်အသွေးကောင်းတာက နိုင်ငံခြားကပဲ တင်သွင်းနေရတဲ့သဘောရှိပါတယ်။

တခါတလေ နိုင်ငံခြားကတင်သွင်းတဲ့ ကုန်ပစ္စည်းလောက် မကောင်းပေမဲ့ နိုင်ငံခြားကဈေးထက်ပိုပေးရတဲ့ ထုတ်ကုန်တွေရှိနေတော့ သွင်းကုန်ကိုပဲ အားကိုးကျတော့တာများသွားတယ်။ အဲလိုအားကိုးဖန်များလာတော့ ပြည်တွင်းလုပ်ငန်းရှင်တွေက ဆက်မထုတ်လုပ်ချင်တော့ပြီ။ အဲလို မြန်မာလုပ်ငန်းရှင်တွေ ဆက်မထုတ်နိုင်လို့ သွင်းကုန်ကိုပဲအဓိကအားထားသုံးစွဲလာတဲ့ အခါမှာ သွင်းကုန်ဈေးနှုန်းတက်မှု ပြသနာကို ပြည်သူတွေခံစားလာရပါမယ်။ အဲအချိန်ဟာလည်း ငွေကြေးဖောင်းပွမှု ဖြစ်တာပါပဲ။ ဒါကိုတော့ Import Induced Inflation လို့ ဘောဂဗေဒ ပညာရှင်တွေ သုံးကြပါတယ်။

နောက်တချက်ရှိတာက သွင်းကုန်တင်သွင်း တဲ့အခါမှာ နိုင်ငံခြားကို မြန်မာငွေကြေးနဲ့ မဟုတ်ဘဲ။ နိုင်ငံတကာငွေကြေး ဖြစ်တဲ့ ဒေါ်လာငွေကြေး နဲ့ပေးချေရပါတယ်။

အဝယ်လိုက်လာတာနဲ့အမျှ သွင်းကုန်ဈေးနှုန်းတက်တာတွေ ဒေါ်လာဈေးတက်တာတွေဟာ မြန်မာ နိုင်ငံအတွက် ငွေကြေးဖောင်းပွမှုကို အားဖြည့်သွားသလိုဖြစ်နေပါတယ်။

ဒါကြောင့်လည်း ဒေါ်လာဈေး လိုတာထက်ပိုတက်တာဟာ မြန်မာပြည်သူတွေအတွက် အထိနာစေပါတယ်။ နောက်တ်ခုက သွင်းကုန်များပြီး ပို့ကုန်နည်းနေတဲ့အတွက် Trade Deficits ဖြစ်နေတော့ နိုင်ငံ GDP ကိုထိခိုက်စေပါတယ်။

နောက်ထပ်ငွေကြေးဖောင်းပွမှုကတော့ ဝယ်လိုအားပိုလျှံမှုကြောင့် ဖြစ်တဲ့ Demand Pull Inflation ပါ။

ဈေးကွက်နဲ့ဈေးနှုန်းချိတ်ဆက်မှု သဘာဝအရ ဝယ်လိုအားများရင် ဈေးတက်တဲ့သဘောက အများအားဖြင့် ရှိနေတတ်တာပါပဲ။ အဝယ်လိုက်တော့ ဈေးကတင်တာပဲ။ ဒီနေရာမှာ ဘာကြောင့် ဝယ်လိုအားပိုလျှံတာလဲ ဘာကြောင့် အဝယ်လိုက်တာ သာမာန်ထက်ပိုများတာလဲဆိုတဲ့မေးခွန်းတွေကိုအဖြေရမှာပါ။

ရာသီအလိုက် တခါတလေမှာ အဝယ်လိုက်တာကို ငွေဖောင်းပွတယ်လို့ မခေါ်နိုင်ပါဘူး။ ဥပမာ Christmas နီးလာတဲ့ အတွက် Christmas နဲ့ပါတ်သက်တဲ့ အရာအချို့ဈေးတက်မှာဖြစ်ပါတယ်။ ဒါဟာ အမြဲမဖြစ်နေတဲ့အတွက် ငွေကြေးဖောင်းပွမှု မမည်ပါဘူး။

တချို့ဈေးနှုန်းတွေဟာ အဝယ်လိုက်လို့ ခဏတက်လိုက်တယ်။ ပြီးတော့ခဏ ဈေးနည်းနည်းပြန်ကျတယ်။ မကြာခင်ဘဲ အရင်ဈေးထက်ပိုတက်တယ်ဆိုရင် ထိုးမယ့်ဆင်နောက်တလှမ်းဆုတ်တဲ့ သဘောရှိလို့ ပြည်သူတွေအခက်အခဲ ကြုံရမှာပါပဲ။ ပစ္စည်းပြတ်လပ်မှုတွေ ရှိတဲ့အခါမှာ ဝယ်လိုအားပိုလျှံမှုဖြစ်တတ်ပါတယ်။
ဒီလို ပစ္စည်းပြတ်လတ်မှုဟာ ရိုးရိုးသားသား ပြတ်လပ်မှုဆိုတော်ပါသေးတယ်။ မရိုးသားတဲ့နည်းနဲ့ ပစ္စည်းပြတ်လပ်မှု သဘောမျိုးဖြစ်အောင် သိုလှောင်ထားမှုတွေပစ္စည်းရနိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့မှုတွေ ရှိနိုင်ပါသေးတယ်။
ဒါကတော့ စီးပွားရေး လုပ်ငန်းရှင်တွေ ပေါင်းပြီးလုပ်တာတွေရှိနိုင်ပါတယ်။

ပစ္စည်းပြတ်လပ်တယ်ဆိုပြီး ဈေးတက်လာတဲ့ အခါမှာ ပြည်သူတွေဟာ Demand Pull Inflation ကိုခံရပြန်တာပါပဲ။

ငွေကြေးဖောင်းပွမှုရှိတာ ကောင်းလား? မကောင်းဘူးလား? ဆိုရင် အချို့အခြေအနေတွေမှာ ငွေကြေးဖောင်းပွမှု အနည်းငယ်ရှိတာကောင်းပါတယ်။

နိုင်ငံစီးပွားရေးထိုင်းမှိုင်းတဲ့ကာလမှာဈေးနှုန်းတွေတက်လာအောင် လုပ်ပေးလိုက်ရင် လုပ်ငန်းရှင်တွေအတွက် မက်လုံးဖြစ်စေပြီး ထုတ်လုပ်မှုတွေများများ လုပ်လာမှာဖြစ်ပါတယ်။ ထုတ်လုပ်မှုများများထုတ်လုပ်ချင်းအားဖြင့် လုပ်သားများများလိုအပ်လာနိုင်ပါတယ်။ ပြည်သူတွေ အလုပ်ရရှိလို့ အလုပ်လက်မဲ့နှုန်း လျှော့ချနိုင်ပြီး ပြည်သူတွေရဲ့ တစ်ဦးကျဝင်ငွေကို တိုးတက်လာစေနိုင်လို့
နိုင်ငံရဲ့ GDP တက်လာနိုင်ဖွယ်ရှိပါတယ်။
ဒါပေမဲ့ ဒီလိုမျိုးဟာ နိုင်ငံစီးပွားရေးထိုင်းမှိုင်း နေတဲ့ကာလမျိုးမှာ အရှိန်အနည်းငယ်နဲ့ ငွေကြေးဖောင်းပွမှုဖြစ်အောင် ဖွံ့ဖြိုးဆဲနိုင်ငံ တွေလုပ်လေ့ရှိတတ်ပါတယ်။

အနေအထားတစ်ခုရောက်ရင်တော့ အလွန်အမင်းငွေကြေးဖောင်းပွမှု Hyper-inflation မဖြစ်အောင် ပြန်ထိန်းပေးဖို့လိုအပ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံကြုံတွေ့နေရတာက Cost push inflation ရယ် Demand pull inflation ရယ် Import induced inflation ရယ်ဆိုတဲ့ ငွေကြေးဖောင်းပွမှု သုံးမျိုးနဲ့ အဓိကကြုံတွေ့နေရတယ်လို့ယူဆမိပါတယ်။

ဒီပြဿနာတွေကို အဓိက ဖြေရှင်းနိုင်မည့်သူတွေကတော့
အစိုးရနဲ့ ဘေဂဗေဒပညာရှင်တွေပဲ ဖြစ်တယ်လို့ယူဆမိပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခေါင်းဆောင်ကောင်း တွေရှိသလို ဘေဂဗေဒပညာရှင်တွေလည်း ရှိတဲ့အတွက် အမြန်ဆုံး ဖြေရှင်းပေးနိုင်ခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဦးတည်သွားမှာဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းတွက်တဲ့နေရာမှာ စားသုံးသူဈေးဆနှုန်းကိန်း Consumer Price Index (CPI) အပေါ် အခြေခံပြီးတွက်ကြပါတယ်။ ငွေကြေးဖောင်ပွမှုနှုန်းကိုသိချင်ရင် ဒုတိယ စားသုံးသူဈေးဆနှုန်းကိန်း CPI 2 ထဲကနေ ပထမ စားသုံးသူဈေးဆနှုန်းကိန်း CPI 1 ကိုနှုတ်ရမယ်လို့ သီအိုရီမှာပြောထားပါတယ်။ ဖေါ်မြူလာကို ကြည့်လိုက်ရင် နားလည်ရပိုလွယ်ပါတယ်။
Inflation = CPI 2 – CPI 1

ငွေကြေးဖောင်းပွမှုကိုတွက်မယ့် စားသုံးသူဈေးဆနှုန်းကိန်းလို့ပြောတဲ့ CPI ကရော ဘယ်ကရတာလဲဆိုရင် ဈေးနှုန်းအပြောင်းအလဲကနေ ရတာဖြစ်ပါတယ်။ သီအိုရိ သတ်မှတ်ချက်အရ ပထမ စားသုံးသူဈေးဆနှုန်းကိန်း CPI 1 ကို 100 လို့ သတ်မှတ်ပါတယ်။ CPI 2 ကိုတော့တွက်ယူမှရပါတယ်။ ပုံသေနည်းကို ကြည့်ပါ။

CPI 2 = Price 2 × 100
_________
Price 1
ဥပမာ။ ။ ဓါတ်ခဲတစ်လုံးကို ယခင် ၁၂၀၀ ကျပ်ပေးရပြီး အခု ၁၅၀၀ ကျပ် ပေးရပါက

CPI 2 = 1500 × 100
__________
1200
= 125 ရပါတယ်။

CPI 2 ကိုတွက်ချက်ပြီးရင် ငွေကြေးဖောင်းပွမှုကိုတွက်လို့ရပါပြီ
Inflation = CPI 2 – CPI 1
Inflation = 125-100
= 25 % ရပါတယ်။

ဆိုလိုချင်တာက ယခင်တဲ့ငွေကြေးဖောင်းပွမှု ၂၅ % ရှိပါတယ်။ ငွေတန်ဖိုး ၂၅ % ကျသွားတယ်လို့ သတ်မှတ်နိုင်သလို ကုန်ပစ္စည်းဈေးနှုန်း ၂၅ % တက်သွားတယ်လို့ သတ်မှတ်နိုင်ပါတယ်။ တကယ်လို့ Inflation တွက်လိုက်လို့ CPI 2 က CPI 1 ထက် နည်းနေရင် အနှုတ်လက္ခာပြနေပါလိမ့်မယ်။ ဥပမာ၊ CPI 2 က 80 ဖြစ်ပါက

Inflation = CPI 2- CPI 1
= 80 – 100
= -20 ဖြစ်နေပါတယ်။

ဒီလို အနှုတ်လက္ခာပြနေပါက ငွေကျုံ့ခြင်းဖြစ်ပေါ်ပါတယ်။ ငွေတန်ဖိုးတွေ တက်လာပြီး ကုန်ပစ္စည်းဈေးနှုန်းတွေ ကျလာတဲ့သဘောကို ပြပါတယ်။ ယေဘုယျအားဖြင့် ငွေကျုံ့ရင် ကောင်းပေမဲ့ လိုအပ်တာထက်ပိုပြီး ငွေကျုံလာရင်လည်း အဆင်မပြေနိုင်ပါ။

ကုန်ပစ္စည်းဈေးနှုန်းတွေကျလာရင် ၀ယ်လိုအား (Demand) များလာတတ်ပေမဲ့ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းပိုင်ရှင်တွေ ရောင်းလိုအား (Supply) အနေနဲ့
နည်းလာတတ်ပါတယ်။ အဲလိုတွေနည်းလာလေလေ လုပ်ငန်းပိုင်ရှင်တွေက လုပ်ငန်းမလုပ်ချင်လေလေဖြစ်ပြီးနောက်ဆုံး လုပ်ငန်းပိုင်ရှင်တွေ လုပ်ငန်းမလုပ်တော့ ၀န်ထမ်းတွေအလုပ်မရှိ။ အလုပ်လက်မဲ့တွေဖြစ်ကုန်ပြန်ရော။ အလုပ်လက်မဲ့တွေများလာရင် တိုင်းပြည်မှာရှိတဲ့ ပြည်သူတွေရဲ့ တစ်ဦးကျဝင်ငွေ ကျဆင်းလာနိုင်ပြီး နိုင်ငံရဲ့ GDP ကျဆင်းလာတဲ့အကျိုးဆက်တွေ၊ လုယက်မှုတွေ၊ သူခိုး၊ ဓါးပြတွေပိုမိုများပြားလာနိုင်ပါတယ်။ ဒါကြောင့်လည်း ငွေကျုံ့ခြင်း (Deflation) နဲ့ ငွေဖောင်းပွခြင်း (Inflation) ဟာ မရှိမကောင်း ရှိမကောင်းနဲ့ ဟန်ချက်ညီအောင် ဆောင်ရွက်ရတဲ့သဘောပဲဖြစ်တဲ့အကြောင်းတတ်သိသလောက်ရေးသားလိုက်ရပါတယ်။

Little knowledge is dangerous. ဆိုတဲ့စကားလို
နည်းနည်းပဲသိတာအန္တရယ်များပါတယ်။

အခုပြောခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး စီးပွားရေးတက္ကသိုလ်
ကျောင်းဆင်းတစ်ယောက်အနေနဲ့ နည်းနည်းသိခဲ့တာကို
ပြန်လည်တင်ပြရတာဖြစ်လို့ပညာရှင်များမှနားလည်ပေးပါဖို့
တောင်းဆိုအပ်ပါတယ်။

Looking Forward to
the future of Myanmar
----------------------

လေးစားစွာဖြင့်

ပိုင်စိုး (Management)


No comments: