Thursday, August 31, 2017

ကြိုးပြတ်နေတဲ့ လေတံခွန်


 “သားတို့ ကျောင်းနှစ်လခွဲ ပိတ်လိုက်ပြီ မေမေ”

အိမ်ပေါ်သို့ ဝုန်းခနဲ ပြေးတက်လာပြီး အော်ပြောလိုက်တဲ့ သားလေး ဝဏ္ဏအသံကြောင့် ဗုဒ္ဓေါလို့ လန့်ပြီး တ,မိအောင် မလေး တုန်လှုပ်သွားတယ်။ တစ်ဆက်တည်း …

“စိတ်ညစ်လိုက်တာနော်” လို့လည်း ညည်းတွားမိသွားတယ်။
ကျောင်းဖွင့်နေတုန်း အိမ်မှာ နားတဲ့အချိန်လေးတွေမှာ တဟဲ့ဟဲ့ တဟင်းဟင်းနဲ့ တစ်ခါတလေ တုတ်တကိုင်ကိုင်နဲ့၊ ထိန်းရသိမ်းရ ခြောက်လှန့်ရတာ မလေးမှာ ဖတ်ဖတ်ကို မောလို့။

ခြောက်တန်းကျောင်းသား၊ ဆယ့်နှစ်နှစ်ဆိုတာ အင်မတန် ဆော့တဲ့အရွယ်၊ ကြံကြံဖန်ဖန် ပေါက်တီးပေါက်ရှာလည်း အင်မတန် ဆော့တဲ့အရွယ်။ တော်ကြာ သစ်ပင်တက်လား တက်ပြန်ပြီ၊ အိမ်နားမှာ ဗွက်အိုင်တွေကလည်း ပေါတော့ ဗွက်ထဲဆင်းလား ဆင်းပြန်ပြီ။ အမှိုက်ပုံ တက်ဖွလား ဖွပြန်ပြီ။ ဗွီဒီယို အခွေငှားဆိုပြီး လျှောက်လည်လား လည်ပြန်ပြီ။

တစ်ယောက်တည်း မွေးထားလို့ သက်သာမလား အောက်မေ့မိတယ်။ အဲဒီ တစ်ယောက်က လှစ်ခနဲ ပျောက်ပျောက်သွားလို့ မလေးမှာ ဟစ်ဟစ်ခေါ်ရတာ အမော၊ ကျောင်းသွားနေတဲ့ အချိန်ကလေးပဲ နားရတာ၊ အခုလို နွေရာသီ ကျောင်းပိတ်လိုက်ပြီဆိုတော့ အဲဒီ နားခွင့်လေးတောင် ပျောက်ဆုံးသွားပြီမို့ မလေး စိတ်ညစ်လိုက်တာ။

မလေးက စိတ်ညစ်နေတုန်း ရှိသေး၊ ဝဏ္ဏက ဘယ်တုန်းက အိမ်ပေါ်က ပြန်ဆင်းသွားလည်း မသိ။ တိုင်မှာ လွယ်အိတ်ကလေးပဲ ချိတ်ရက် ကျန်နေခဲ့ပြီး လူက လမ်းမပေါ် ရောက်သွားပြီ။ မလေးမှာ ထမင်းအိုးလေး ဆူနေလို့ ငှဲ့နေတုန်းရှိသေး၊ သားတော်မောင်ရဲ့အသံကို လမ်းမက ကြားလိုက်ရတယ်။

“ဟေ့ကောင်တွေ ဖိုးခန့်၊ ခေါင်းကြီး၊ ဖိုးသား၊ မျိုးကို၊ ရွှေပြုံးမောင် အကုန်လာခဲ့၊ ဘောလုံး ကန်မယ်”
“ဟယ်”
လို့ မလေး အော်မိအောင် မျက်လုံးပြူး ထိတ်လန့်သွားတယ်။ အရေးထဲ ထမင်းအိုးကလည်း ငှဲ့လို့မပြီးသေး။ ထမင်းရည်စစ်အောင် စောင့်နေရတုန်း …
“ဟေ့ကောင် လာပြီ ဖမ်းထား … ဂိုး … ဟာ လွတ်သွားပြီ … ညံ့တာကွာ”
စတဲ့ ဘောလုံးပွဲ ကြေညာသံတွေ ကြားနေရပြီ။ ထမင်းအိုးနှပ်နေတုန်း မလေး မျှော်လင့်နေတဲ့အသံ၊ ဝုန်းဆိုပြီး ဘောလုံးနဲ့ ဝါးဝင်းထရံကို ပိတ်မှန်တဲ့အသံ စကြားရပါပြီ။ ကမန်းကတန်း အိမ်ရှေ့ထွက်လာတုန်း နောက်ထပ် ဝင်းထရံကို ဘောလုံး ပိတ်မှန်တဲ့အသံ နှစ်ချက်၊ သုံးချက် တဝုန်းဝုန်းနဲ့ ဆက်ကြားရပြီး …

“ဟဲ့ ဘယ်ကလေးတွေတုန်း၊ ငါ့ဝင်းထရံကို မမှန်စေနဲ့ဟေ့”
လို့ အသံကုန် ဟစ်အော်လိုက်တဲ့ အိမ်နီးချင်း မဆင့် အသံကိုပါ ကြားလိုက်ရတယ်။ ဘောလုံးသမားတွေလည်း တစ်ခါတည်း ကြက်ပျောက် ငှက်ပျောက်၊ ဝဏ္ဏလည်း စပ်ဖြဲဖြဲနဲ့ အိမ်ထဲ ပြေးဝင်လာတယ်။

“သားရယ် ဒီနေ့မှ ကျောင်းစပိတ်တယ်။ ဒီနေ့ပဲ ပြောစရာ ဆိုစရာ ဖြစ်လာပြီ။ မေမေက သားကို ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့ လူလိမ္မာလေး ဖြစ်စေချင်တာ၊ ကဲ အခုကို မဆင့်က အော်နေပြီ။ အပြစ်မဖြစ်အောင် နေမှပေါ့”
မလေးက စိတ်ပျက်လက်ပျက်နဲ့ ပြောပြန်တော့ သားက မျက်နှာငယ်လေးနဲ့ …
“ဟုတ်ကဲ့ မေမေ၊ ရေသွားချိုးတော့မယ်”
ဆိုပြီး ထွက်သွားတော့တယ်။ အင်း … ကျောင်းပိတ်ရက်ရဲ့ ပထမနေ့ အတွေ့အကြုံက မလွယ်ပါလားလို့ မလေး သက်ပြင်းတစ်ချက် ချလိုက်ရတယ်။

ဝဏ္ဏ ရေချိုးပြီးတော့ တီဗွီရှေ့ရောက်သွားပြီမို့ မလေး စိတ်အေးလက်အေး ဟင်းဆက်ချက် နေတယ်။ ဟင်းအိုးလေး ဆူတာနဲ့ မလေး အိမ်ရှေ့ ထွက်လာတော့ …
လား … လား တီဗွီရှေ့မှာ ကလေးတွေ ပြည့်လို့ပါလား။ မလေးတို့ ဧည့်ခန်းကြမ်းပြင် တစ်ခုလုံး အလွတ်မရှိ၊ အရွယ်စုံ ဆိုက်စုံ ကလေးတွေ ပြည့်လို့၊ ရပ်ကွက်လေးက လက်လုပ်လက်စား ရပ်ကွက်လေးမို့ အိမ်တိုင်းစေ့ တီဗွီ မရှိကြ။ ရှိကြတဲ့ အိမ်တွေကလည်း ကလေးတွေကို သည်းမခံ၊ ဝဏ္ဏနဲ့ကလည်း အရွယ်တူ သူငယ်ချင်းတွေ များတာမို့ မလေးတို့ အိမ်မှာပဲ စုနေကြတာ။

“ဟေ့ကောင် မင်းခြေထောက်ကြီးက ငါ့ဖင်ကို ထိုးတယ်ကွ”
“မတော်လို့ပါကွာ”
နောက်က ကလေးက ဆင်းထားတဲ့ ခြေထောက်ကို ရုပ်ပေးလိုက်တော့ ရှေ့က ကလေးက မကျေမနပ်နဲ့ ပြန်လှည့်သွားတယ်။
ကျော့ကေဇင်တို့၊ ဇင်မင်းဦးတို့လို ဘာမှ မသိတတ်တဲ့ နှစ်နှစ်၊ သုံးနှစ် ကလေးတွေကလည်း ရှေ့ဆုံးမှာ တမော့မော့၊ တစ်ခါတလေ မုန့်ပါလာတဲ့ ကလေးဆိုရင် နေကြာစေ့လှော်ခွံတွေ၊ ဆီးစေ့တွေက အိမ်ပေါ်မှာ အပုံလိုက် ကျန်နေခဲ့ကြတာမျိုး၊ တီဗွီပြရတာ ကိုယ့်ပစ္စည်းနဲ့ကိုယ် ကလေးတွေကို သည်းခံရတယ်။

ရှေ့ဆုံးက ထိုင်နေတဲ့ ကလေးတွေက လက်ဆော့ ခြေဆော့နဲ့ ပန်ကာတို့၊ ဓာတ်ကြိုးတို့ ဆွဲတတ်တာမျိုးမို့ မလေး အလွတ်မပေးရဲဘူး။ အလုပ်တစ်ခု လုပ်ပြီးတော့ကို စောင့်ကြည့်နေရတာ၊ ဝန်လေးပေမယ့် သားသားနဲ့ အရွယ်တူကလေးတွေ ပျော်ကြပါစေ ဆိုပြီး ကလေးတွေကို ပြရတာ။ ခဏနေတော့ ခြောက်နာရီ သတင်းကြေညာတဲ့ တီးလုံးလည်း လာရော တဝုန်းဝုန်းနဲ့ အိမ်ပေါ်က ဆင်းကြတော့တာပဲ။

ကိုရွှေဝဏ္ဏကလည်း ကလေးတွေနဲ့ရောပြီး ဆင်းမယ်လုပ်လို့ တော်တော်ဆွဲထားရတယ်။ နို့မဟုတ်ရင် ရေချိုးပြီးသားလေး ပြန်ပေကျံညစ်ပတ်ပြီး ဆေးရကြောရဦးမှာလေ။ ထမင်းစား၊ ဘုရားရှိခိုး၊ တီဗွီကြည့်၊ အိပ်ရာဝင်သွားတဲ့ သားတော်မောင်ကို ကြည့်ပြီး မလေး ရင်မောနေရတယ်။ နှစ်လခွဲနော်။ နည်းနည်းနောနော မဟုတ်ပါလား။

ကျောင်းပိတ်ရက် အရှိန်လေးလည်း ရလာပြီ။ ကလေးတွေလည်း ဆော့နည်းမျိုးစုံနေပြီ။ တစ်နေ့တော့ လက်မောင်းတွေ၊ ခြေထောက်တွေမှာ သားရေကွင်း တစ်ထွေးကြီး စွပ်ပြီး အိမ်ရှေ့ ပိတောက်ပင်အောက်မှာ သားရေကွင်း ပစ်နေကြတယ်။ မလေးလည်း အားတာနဲ့ သူတို့ သားရေကွင်းဝိုင်းကို ထိုင်ကြည့်နေမိတယ်။ သားသားကိုလည်း အကဲခတ်ရတယ်။ မလေးက တစ်ယောက်တည်း မွေးထားတာလေ။ မွေးထားတဲ့ ကလေးက စိတ်တည်ငြိမ်မှု ရှိရဲ့လား၊ စိတ်ကို စုစည်းတတ်ရဲ့လား၊ နိုင်တဲ့အခါမှာ ပျော်သလို၊ ရှုံးတဲ့အခါမှာလည်း ခံနိုင်ရည်ရှိရဲ့လား။ ညစ်တီးညစ်ကျယ် လုပ်တတ်သလားဆိုတာ ကစားဝိုင်းမှာသာ အကဲခတ်လို့ရတာ။ ကြည့်နေရင်းပဲ နှစ်လက်မလောက် မြေကြီးပေါ်မှာ ထောင်နေတဲ့ ဝါးခြမ်းပြားလေးပေါ်မှာ တင်ထားတဲ့ သားရေကွင်း တစ်ထွေးကြီးကို ပစ်ဖို့ရာ ဝဏ္ဏအလှည့် ရောက်လာတယ်။

ဒူးတစ်ဖက် ထောင်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းလို့ မျက်စိက သားရေကွင်းတွေကို စိုက်ကြည့်ပြီး လက်ထဲက သားရေပင်နဲ့ ပစ်မလို့ ဟန်ပြင်နေတဲ့ ဝဏ္ဏကို ကြည့်ပြီး မလေး ရင်မောနေတယ်။ စိတ်တည်ငြိမ်မှု၊ လက်တည်ငြိမ်မှုက အင်မတန် အရေးကြီးတာလေ။ ဖတ်ခနဲ ပစ်လိုက်တာနဲ့ ထွေးခနဲ ထွေးခနဲ ပြုတ်ကျသွားတဲ့ သားရေကွင်း အပုံကြီးကို ကြည့်ပြီး ကျန်တဲ့ ကလေးတွေဆီက …
“ဟာ”
ဆိုတဲ့ အသံကြီး ထွက်လာတယ်။ ဝဏ္ဏကတော့ တည်တည်ငြိမ်ငြိမ်ပဲ သားရေကွင်းတွေကို သွားကောက်နေတယ်။ မလေးမှာ အခုမှ သက်ပြင်းချရတော့တယ်။ သားမှာ ပုံမှန်ဦးနှောက် ဖွံ့ဖြိုးမှု ရှိပါလားဆိုပြီး စိတ်သက်သာရာ ရသွားတယ်။ သားသားက ဘေးမှာကျနေတဲ့ သားရေကွင်းတွေကို ယူပြီး တိုင်မှာ စွပ်နေတဲ့ သားရေကွင်းတွေတော့ ထားခဲ့တယ်။ မလေး သေချာကြည့်နေတာ မြင်တာပေါ့။

“ဟေ့ကောင် … မင်း ငါးပင် ပိုယူသွားတယ်”
အသံလာရာကို အံ့ဩတကြီး ကြည့်မိတယ်။ ဂျစ်တူးဆိုတဲ့ကလေး မျက်နှာထား မှုန်မှုန်နဲ့ သားကို ပြောနေတယ်။ သူ ညစ်တာ၊ သူ့မှာ သားရေကွင်း ကုန်နေပြီ။ မလေး သိတာပေါ့။ ဒါပေမယ့် မလေး ဝင်မပြောဘူး။ သား ဘာပြောမလဲ မလေး စောင့်နေတယ်။ သားက ခပ်အေးအေးပဲ။

“မင်းတို့ အားလုံးရှေ့မှာပဲ ငါ ယူရမယ့်ဟာ ယူတယ်၊ ငါ ချန်ထားရမယ့်ဟာ ချန်ထားတယ်။ မယုံရင် အတူကစားနေတဲ့ ချစ်ဦးတို့၊ ခေါင်းကြီးတို့၊ ဖိုးခန့်တို့ကို မေးကြည့်၊ ဟေ့ကောင်တွေ ငါ ပိုယူသလား”
ကလေးတွေ အားလုံး ခေါင်းခါပြတယ်။ ဒါပေမယ့် ဂျစ်တူးက မရဘူး။
“သူတို့ မမြင်ပေမယ့် ငါ မြင်တယ်ကွ၊ မင်း ငါးပင် ပိုယူတယ်”
ဂျစ်တူးဆိုတဲ့ ကလေးကတော့ ရှုံးမဲမဲနေပြီလို့ မလေး သိလိုက်တယ်။ အတင်း ငြင်းနေတော့တာပဲ။ သားလည်း စိတ်တိုလာတယ်နဲ့ တူတယ်။
“မယူပါဘူးလို့ ဘယ်နှခါ ပြောရမလဲကွ၊ မင်း အငြင်းသန်တယ်၊ မကစားတော့ဘူကွာ၊ နောက် ငါတို့အိမ်ကိုလည်း ဘယ်တော့မှ တီဗွီ လာမကြည့်နဲ့တော့”
မလေး ပါးစပ် ဟသွားတယ်။ ဟိုကလေးက မျက်နှာပျက်ပျက်နဲ့ ပြန်သွားပြီး သားတို့က ဆက်ကစားနေကြတယ်။ မလေး ဆက်ကြည့်ရတာ စိတ်မပါတော့ဘူး။ စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဖြစ်တဲ့ပြဿနာကို နေ့လယ် ထမင်းစားပြီးတာနဲ့ မလေး သားကို ခေါ်ပြီး ရှင်းတယ်။

“သား လာစမ်းပါဦး၊ စောစောက ဂျစ်တူးကို တီဗွီလာမကြည့်နဲ့လို့ မင်း ဘာလို့ ပြောလိုက်တာလဲ”
“အမြင်ကတ်လို့ မေမေ၊ သူ ငြင်းလို့”
“သူ ငြင်းတာ မေမေလည်း သိပါတယ်။ သူ ရှုံးနေတာကို၊ သူ ငြင်းတာကို ကစားဖော်တွေ သိတယ်၊ သား မှန်တယ်ဆိုတာလည်း ကစားဖော်တွေ သိတယ်၊ သားကို ထောက်ခံကြတယ် မဟုတ်လား၊ တော်ပြီပေါ့၊ သား နိုင်နေပြီပဲ”
သားက မလေးစကားကို ငြိမ်ပြီး နားထောင်နေတယ်။

“တီဗွီ လာမကြည့်နဲ့လို့ ပြောတာမျိုးကျတော့ သား သူ့ကို နိုင်ရာနဲ့ ကိုင်တဲ့ သဘောမျိုး သက်ရောက်တယ်။ သားမှာ တီဗွီရှိတယ်၊ သူ့မှာ တီဗွီမရှိလို့ အနိုင်ကျင့်ရာ ကျတယ်။ တစ်ခုခုဆိုရင် သားတီဗွီ လာမကြည့်ရမှာစိုးလို့ သားမှားနေတဲ့အခါလည်း မှန်ပါတယ်လို့ သားဘက်က မျက်စိမှိတ် ထောက်ခံမယ့် လူတွေပေါ်လာရင် သားမှာ ညစ်ကျယ်ကျယ်လုပ်ချင်၊ ငါမှန်တယ် ဆိုပြီး အမြဲတမ်း ငြင်းချင်တဲ့ စိတ်တွေ ပေါ်လာမယ်။ မေမေ မကြိုက်ဘူးနော်၊ နောက်ကို အဲဒီ လို မပြောရဘူး၊ သူများတွေက ဝဏ္ဏမှာ တီဗွီရှိလို့ ကြီးကျယ်တယ်တယ်လို့ ထင်ကြဦးမယ်၊ မေမေပြောတာ မှတ်ထားနော်”

ဝဏ္ဏက ဘာမျှ ပြန်မပြောဘဲ ငြိမ်နေတယ်။ မလေး စကားတွေ သူနားလည်ရဲ့လား မသိဘူး။ ဓနဥစ္စာ ပိုင်ဆိုင်မှုကို အခြေခံပြီး လူတစ်ဖက်သားကို အနိုင်ကျင့် စော်ကားတတ်တဲ့ စိတ်၊ ကလေးဘဝကတည်းက ဝဏ္ဏရင်ထဲမှာ မရှိဖို့ မလေး ကလေးနားလည်မယ့် စကားတွေနဲ့ ရှင်းပြဖို့ ကြိုးစားခဲ့တာပဲ၊ တဖြည်းဖြည်းတော့ နားလည်ပါလိမ့်မယ်လို့ မျှော်လင့်တယ်၊ ကလေးဆိုတာ ဒီလိုပဲ၊ စိတ်ဓာတ်ကလေး ကောင်းအောင် စောင့်ကြည့်၊ အကဲခတ် ပြုပြင်ပေးရတာပေါ့။ သူတို့လျှောက်ရမယ့် ဘဝခရီးက အရှည်ကြီး ကျန်သေးတယ်လေ။ မလေးက တစ်ဦးတည်းသော သားကလေးကို စိတ်ရင်းကောင်းတဲ့၊ ရိုးသားတဲ့၊ သူများကို အနိုင်မကျင့်တတ်တဲ့၊ စိတ်ဓာတ်ခွန်အား ပြည့်စုံတဲ့ မေတ္တာထားတတ်တဲ့သူ ဖြစ်စေချင်တာဆိုတော့ အမြဲမပြတ် စောင့်ကြပ် တည့်မတ်ပေးနေရမှာ မလေး တာဝန်ပဲလေ။

အဲဒီ နေ့ကစပြီး မလေး အားတဲ့အချိန် သားတို့ကစားဝိုင်းကို ထိုင်ထိုင်ကြည့်တတ်တာ အကျင့်ဖြစ်လာတယ်။ နွေရာသီ ကျောင်းပိတ်ရက် တစ်စတစ်စ ကြာလာတာနဲ့အမျှ မန္တလေး နေကလည်း ပြင်းသည်ထက် ပြင်းလာတယ်။ အားလုံး မလေးတို့အိမ်ရှေ့က ပိတောက်ပင် အောက်မှာပဲ စုပြီး ကစားကြတာလေ။ ကလေးတွေရဲ့ ကစားနည်းတွေက ခုချက်ချင်း ချက်ချင်း ပြောင်းလဲသွားတတ်တယ်။ သားရေကွင်းပစ်ရာကနေ ဆရာမ လုပ်တမ်းဆိုပြီး အိမ်နံရံမှာ စာတွေရေးလို့ အော်ချင်အော်နေကြတာ။

ခဏနေရင် တူတူပုန်းတမ်းဆိုပြီး ဟိုကြား ဒီကြား တိုးချင် တိုးကြတာ။ ပေသီးပစ်မယ်ဆိုပြီး လူစုနေရင်း တစ်ယောက်က လေယာဉ်ပျံရှပ်ထိုး ကစားမယ်ဆိုတာနဲ့ ပြောင်းချင် ပြောင်းသွားတတ်တာမျိုး။ သင်္ကြန်ပြီးသွားတော့ လေကလေးကလည်း ပုံမှန် တိုက်နေပြီ။ တသုန်သုန်ဖြူးနေပြီဆိုတော့ လေတံခွန်လွှတ်ကြပြန်ပြီ။ တစ်ခု ငါးကျပ်နဲ့ လေတံခွန်အနီ၊ အပြာကလေးတွေ အိမ်ဆိုင်မှာ ရောင်းတာ ဝဏ္ဏ ပူဆာလို့ မလေး ဝယ်ပေးရတယ်။ တစ်ရက်တော့ ထူးထူးခြားခြား “ခြောက်ကျပ်ပေးပါ မေမေ၊ လေတံခွန် ဝယ်မလို့” လို့ ဝဏ္ဏက ပြောတယ်။

“ဟဲ့ သားရဲ့ လေတံခွန် ဈေးတက်သွားတာလား”
“မဟုတ်ပါဘူး မေမေ၊ ကျန်ကျောင်းပုံ လေတံခွန် ဝယ်ချင်လို့။ လေတံခွန်အနီ၊ အပြာက သေးတယ်၊ သူတို့က ရိုးရိုး တစ်ခု ငါးကျပ်၊ ကျန်ကျောင်းပုံ လေတံခွန်က ရှယ်အကြီးကြီး တစ်ခု ခြောက်ကျပ်၊ အဖြူပေါ်မှာ ကျန်ကျောင်းပုံ ရိုက်ထားတာ ဂွတ်ရှယ်ပဲ မေမေရာ၊ ကျန်ကျောင်းကလည်း လှလိုက်တာ။ မေမေ မမြင်ဖူးသေးဘူးလား”
“အေး … မမြင်ဖူးသေးဘူး”
သားက ပြတင်းပေါက်က ခေါင်းထွက်ပြီး ဟိုကြည့် ဒီကြည့် ကြည့်တယ်။ ပြီးတော့ ...
“ဟော … ဟော ကြည့်လိုက်မေမေ။ ဟိုမှာ ချစ်ဦးတို့ လွှတ်နေကြတာ”

မလေး ပြတင်းပေါက်က ခေါင်းထွက်ပြီး မော့ကြည့်လိုက်တယ်။ တွေ့ပါပြီ။ ကျန်ကျောင်းပုံ လေတံခွန်၊ ခေါင်းပေါ်မှာ သူ ဆောင်းနေကျ ဦးထုပ်နဲ့ ခပ်မြိန့်မြိန့်ပြုံးနေတဲ့ ကျန်ကျောင်း၊ အနီ အပြာ လေတံခွန်လေးတွေကြားမှာ ကြီးကြီးမားမား ခံ့ခံ့ထည်ထည်။ မလေး ကြည့်ရင်း ကြည့်ရင်း မလိုတမာ ဖြစ်လာတယ်။

လေတံခွန်ချိုးတဲ့ သူတွေကလည်း တော်၊ နိုင်ငံခြားမင်းသားကိုမှ၊ တကယ်ဆို ရန်အောင်ပုံ၊ ဒွေးပုံ၊ လွင်မိုးပုံ ရိုက်ပြီး ရောင်းပါလား၊ ကလေးတွေ ဝယ်ကြမှာပါပဲ။ အခုတော့ မလေးတို့ ခေါင်းပေါ်မှာ သူများကို မလေးတို့ မော့ကြည့်နေရတယ်။ အဲဒီနေ့က ကျပ်တန် အနုပ်မရှိလို့ ဆိုပြီး မလေး ငါးကျပ်တည်း ပေးလိုက်တယ်။ ဝဏ္ဏက ကျန်ကျောင်းပုံ မပူဆာတော့ဘဲ လေတံခွန် အနီလေးပဲ ဝယ်လာပြီး သူငယ်ချင်းတွေဆီ ထွက်သွားလို့ ပြဿနာ ပြေလည်သွားခဲ့ပေမယ့် နောက်တစ်နေ့မှာ ပြဿနာတစ်ခု ထပ်တက်လာတယ်။

ထုံးစံအတိုင်း ဝဏ္ဏ ကစားနေတာကို မလေးက ထွက်ထိုင်ကြည့်နေတဲ့အချိန်၊ ဝဏ္ဏကလည်း ဘီးလုံးကို လက်ကလေးနှစ်ဖက် မြှောက်ကိုင်ပြီး သူ့လေတံခွန်ကို လေထဲရောက်အောင် မ,တင်ဖို့ ကြိုးစားနေတယ်။ တော်တော်လှမ်းလှမ်းမှာ ဖိုးသားက ဝဏ္ဏရဲ့ လေတံခွန်လေးကို ကိုင်ပြီး လေထဲကို မြှောက်တင်ပေးနေတယ်။ ဝဏ္ဏက လွှတ်လိုက်တော့လို့ အော်လိုက်၊ ဖိုးသားက မြှောက်တင်လိုက်၊ လေတံခွန်လေးက ဒယီးဒယိုင်နဲ့ လေထဲကို တက်သွားလိုက် ပြန်ကျလာလိုက်၊ ဘယ်နှခါလည်း မသိဘူး။ အကြိမ်ကြိမ်ပဲ၊ ကြည့်နေတဲ့ မလေးတောင် စိတ်မရှည်တော့ဘူး။ ဒါပေမယ့် သားသားက ဇွဲရှိတယ်။ မျက်မှောင်လေး ကုတ်အောင်ချီပြီး လေတံခွန်လေးကို လေထဲရောက်အောင် အမျိုးမျိုး ကြိုးစားနေတယ်။

လေတံခွန်လေးက တက်သွားလိုက်၊ ပိတောက်ပင်နဲ့ ငြိပြီး ပြန်ကျလာလိုက်၊ တက်သွားလိုက်၊ ထောင်ထားတဲ့ မီးချိတ် မီးကပ်တွေနဲ့ ထိပြီး ပြန်ကျလာလိုက်၊ မလေး ကြည့်နေရင်းနဲ့ ဘဝမှာ တိုးတက်ဖို့ ကြိုးစားခဲ့ရတဲ့ ကာလများကို ပြန်သတိရလာတယ်။ အကြိမ်ကြိမ် လဲကျရာက ပြန်လည်ထူမ,လာခဲ့ရတဲ့ အဖြစ်။ ကြိုးစားလိုက်စမ်း သားရေ၊ သား ကြီးပြင်းလာရင် ဒီလိုအပြင်းအထန် ကြိုးစားရတဲ့ အခြေအနေမျိုးတွေ တွေ့ရမှာပဲ။ ဇွဲမလျှော့နဲ့ သားရေ၊ တစ်ချိန်ချိန်မှာ အောင်မြင်ရမယ်လို့ မလေးစိတ်ထဲ အားပေးနေတုန်းမှာပဲ …

“ဟေး”
လို့ အော်လိုက်တဲ့ သားသားအသံနဲ့အတူ လေတံခွန်လေးဟာ ဘာနဲ့မှ မငြိဘဲ ဒယီးဒယိုင်နဲ့ ကောင်းကင်ထဲသို့ တိုးတက်သွားတာ တွေ့လိုက်ရတယ်။ မလေး ဝမ်းသာလိုက်တာ၊ ဒါပေမယ့် မလေးရဲ့ ဝမ်းသာမှုက ကြာကြာမခံဘူး။

“ဖိုးသားရေ”
လို့ အော်ခေါ်လိုက်တဲ့ ဖိုးသားအမေရဲ့ အသံနဲ့အတူ …
“ဗျာ …”
ဆိုပြီး ဖိုးသားက ထူးတယ်။ ပြီးတော့ …
“ဟေ့ ဝဏ္ဏ ငါသွားတော့မယ်၊ ဘီးလုံး ပြန်ပေးကွ”
လို့ တောင်းတယ်။ သားသားက …
“နေဦးကွ၊ လေတံခွန်က ခုမှလေထဲရောက်တာ”
ဆိုပြီး ကြိုးစားပမ်းစား တင်ထားရတဲ့ လေတံခွန်လေးကို ဆက်လွှတ်နေတယ်။ မလေး မနေသာတော့ဘူး။
“ဖိုးသားကို ပေးလိုက် ငါ့သား”
လို့ ဝင်ဖြေရှင်းပေးလိုက်တော့ သားသားက စိတ်မသက်မသာ ပုံစံနဲ့ လေထဲရောက်ပြီးသား လေတံခွန်ကို ပြန်ရုပ်တယ်။ ဘီးလုံးကို ဖြုတ်ပြီး ဖိုးသားကို ပေးလိုက်တယ်။ လေတံခွန်လေးသာ ကိုင်ပြီး ပြန်လာတဲ့ သားသားကို …
“သားသားမှာ ဘီးလုံးမရှိတာကို မေမေ့ကို ဘာလို့ မပြောတာလဲ”
လို့ မေးတယ်။ သားသားက …
“ခြောက်ဆယ်တောင်”
လို့ ဖြေတယ်။ ခြောက်ဆယ် ဖြစ်ပါစေ၊ မလေး ဝယ်ပေးရတော့မှာပေါ့။ မှန်စာကြိုးနဲ့ ဘီးလုံးက ခြောက်ဆယ်တဲ့၊ မှန်စာကြိုးကိုတော့ မလေး သဘောမကျဘူး။

“သားသား မှန်စာကြိုးနဲ့တော့ မဝယ်ရဘူး၊ မှန်စာကြိုးက ရှတယ်။ သားသား အန်တီ စက်ဘီးစီးလာတုန်း လေတံခွန်ပြုတ်ကျပြီး မှန်စာကြိုး လည်ပင်းကို ရှတာ သွေးတွေ ရွှဲနေတာပဲ။ သားသားကို အရှမခံနိုင်ဘူး။ နောက်ပြီးတော့ …”
မလေး စကား ခဏရပ်သွားတယ်။ ဝဏ္ဏက မလေးကို မော့ကြည့်ပြီး …
“နောက်ပြီးတော့ ဘာဖြစ်လဲ မေမေ”
လို့ ပြန်မေးတယ်။

“လေတံခွန် လွှတ်တာ မှန်စာကြိုးနဲ့ဆိုရင် သားသား သူများလေတံခွန်ကို ဖြတ်ချင် တောက်ချင်တဲ့ စိတ်တွေ ဝင်လာလိမ့်မယ်။ လေတံခွန်အချင်းချင်း တွေ့ရင်ကို ဖြတ်ချင်ကြတာ မဟုတ်လား။ တကယ်ဆို လေတံခွန်တစ်ခု လေထဲရောက်အောင် ကြိုးစားရတာ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သားသား ကိုယ်တွေ့ပဲ မဟုတ်လား”
“ဟုတ်တယ် မေမေ”
“သားသားလိုပဲ ကြိုးစားပမ်းစား လေထဲရောက်အောင် တင်ထားရတဲ့ လေတံခွန်အချင်းချင်း လှီးချင်ဖြတ်ချင်တဲ့စိတ်၊ သူများရဲ့ ကြိုးစားမှုကို ဖျက်ဆီးချင်တဲ့စိတ်၊ သားမှာ မရှိစေချင်လို့ သားကို မေမေ မှန်စာကြိုး ဝယ်မပေးချင်တာ။ ရိုးရိုးအပ်ချည်ကြိုးနဲ့ လွှတ်နော် သား”
မလေးစကားကို နားထောင်နေကျ သားက ထူးထူးထွေထွေ ဆင်ခြေမကန်ရှာပါဘူး။

မလေးမှာလည်း သားရဲ့ စိတ်ဓာတ်ကောင်းဖို့ အကြောင်းသင့်တိုင်း ဆုံးမရတာ ၊ အဲဒီနေ့က ဘီးလုံးဝယ်ပေးပြီး သားသားလည်း လေတံခွန် လွှတ်နေပြီမို့ မလေး စိတ်အေးလက်အေး အဝတ်လျှော်နေတယ်။ သားသားရဲ့ လေတံခွန် လေထဲရောက်၊ မရောက် စောင့်ကြည့်ပြီးမှ မလေး အိမ်ထဲ ဝင်လာခဲ့တာ။ မလေးတို့ ရပ်ကွက်က ကားအသွားအလာ မရှိလို့ ကားတိုက်မှာလည်း မပူရ။ လေတံခွန်ဆိုတာ တစ်ယောက်တည်း လွှတ်ရတာမို့ ငြင်းမှာ၊ ခုံမှာ၊ ရန်ဖြစ်မှာလည်း မပူရလို့ စိမ်ပြေနပြေ အဝတ်လျှော်နေခဲ့တယ်။ တစ်ချိန်လုံး သားသားကို မေ့နေတယ်။

အဝတ်လျှော်၊ ရေချိုး၊ သနပ်ခါးလိမ်း၊ အလှပြင်၊ အချိန်တွေ အကြာကြီး နေပြီးမှ ဝဏ္ဏကို သတိရလာတယ်။ နေ့လယ်နေ့ခင်း ကော်ဖီတိုက်ဦးမှပါပဲလေ ဆိုပြီး ကော်ဖီဖျော်တယ်။ ပြီးမှ လေတံခွန်လွှတ်နေတဲ့ သားကို ခေါ်ဖို့ အိမ်ရှေ့ကို ထွက်လိုက်တယ်။ အဲဒီမှာ ဧည့်ခန်းနံရံကို မှီပြီး ခြေပစ်လက်ပစ်၊ စိတ်ပျက်လက်ပျက် ထိုင်နေတဲ့ ဝဏ္ဏကို မမျှော်လင့်ဘဲ တွေ့လိုက်ရတယ်။ ခါတိုင်း အိမ်ပေါ်တက်လာရင် ဝုန်းဒိုင်းကြဲပြီး မေမေရေလို့ အော်ဟစ် တက်လာတတ်တဲ့ သား၊ ဘာဖြစ်လို့ တိတ်တိတ်ဆိတ်ဆိတ် ဒီမှာ လာထိုင်နေရတာလဲ၊ မလေး စိတ်ထဲ ထူးဆန်းသွားတယ်။

“သား ဘာဖြစ်လာတာလဲ”
ဝဏ္ဏက မော့ကြည့်တယ်။ သူ့မျက်လုံးထဲမှာလည်း မျက်ရည်တွေဝဲနေလို့၊ မလေး စိတ်ပူလိုက်တာ …
“မေမေ”
“သား”
“သူများရဲ့ ကြိုးစားမှုကို ဖျက်ဆီးချင်တဲ့စိတ်၊ သူများကို လှီးချင်ဖြတ်ချင်တဲ့စိတ် ရှိမှာစိုးလို့ သားကို မှန်စာကြိုးနဲ့ မလွှတ်နဲ့လို့ မေမေ ပြောခဲ့တယ်နော်”
မလေး ရင်တွေ တထိတ်ထိတ် ခုန်လာတယ်။

“အခု သားရဲ့ ကြိုးစားမှုကို ဖျက်ဆီးချင်တဲ့သူတွေ၊ သားရဲ့ အောင်မြင်မှုကို လှီးချင်ဖြတ်ချင်တဲ့ သူတွေက မှန်စာကြိုးနဲ့ ဖြတ်သွားလို့ သား လေတံခွန် ပြတ်သွားပြီး မေမေ၊ သား မကာကွယ်နိုင်ခဲ့ဘူး၊ ဘယ်လိုလုပ်ရမလဲ မေမေ”

ဝဏ္ဏ မျက်ရည်တွေ တပေါက်ပေါက် ကျလာတယ်။ မလေး ကြောင်အ,နေတယ်။ သားကို ကြည့်ပြီး စိတ်မကောင်းဘူး၊ ဘာစကားမျှလည်း မပြောနိုင်ဘူး။ ကိုယ့်မှာသာ ကိုယ့်သားကို စိတ်ဓာတ် အဆင့်အတန်းမြင့်အောင်၊ သူများကို အနိုင်ကျင့်ချင်၊ လှီးချင်ဖြတ်ချင်တဲ့စိတ် မရှိအောင် ကြိုးစားလိုက်ရတာ၊ သင်ကြားလိုက်ရတာ ၊ လောကကြီးထဲမှာ လူမျိုးစုံ ရှိတာပါလား။ ကိုယ်က မလှီးရဘဲ ကိုယ့်ကို မညှာမတာ ရက်ရက်စက်စက် လှီးချင်တဲ့သူနဲ့ တွေ့တော့ အခုလို သားလေး မျက်ရည်ပေါက်ပေါက် ကျအောင် ခံစားနေရပြီ။

ဟုတ်တယ် … မေမေ လိုသွားတယ်။ မေမေ ညံ့သွားတယ်။ သူများကို မေတ္တာထားဖို့၊ အနိုင်မကျင့်ဖို့ လိုအပ်သလို ကိုယ့်ကို မေတ္တာမထားဘဲ အနိုင်ကျင့်ခံရတဲ့အခါ ခုခံကာကွယ်ဖို့ ကိုယ်ခံအင်အား၊ စိတ်ဓာတ်ခွန်အား ပြည့်နေဖို့ သားကို သင်ကြားပေးရဦးမှာပါလား။ လေ့ကျင့်ပေးဖို့ လိုအပ်နေပါလား ဆိုတာ ပထမဦးဆုံးအကြိမ် မလေး သတိထားမိလိုက်တယ်။

ပြတင်းပေါက်က ခေါင်းထွက်ပြီး ကောင်းကင်ပြာကြီးကို မလေး မော့ကြည့်လိုက်ဖြစ်တယ်။ သူ မညှာမတာ ဖြတ်ချထားခဲ့လို့ ပျော်ရွှင်အားရနေတာ ထင်တယ်။ ကျန်ကျောင်းပုံ လေတံခွန်ကြီးက ခပ်မြိန့်မြိန့်ပြုံးပြီး မလေးကို ငုံ့ကြည့်နေတယ်။ ကောင်းကင်ပြာ ဟိုးအဝေးမှာတော့ ကြိုးပြတ်သွားတဲ့ လေတံခွန်လေးတွေ၊ အနီ၊ အပြာလေးတွေ မှုန်မွှားမွှား မြင်နေရတယ်။ ဒီထဲမှာ သားသားရဲ့ လေတံခွန်လည်း ပါမှာ သေချာပါတယ်။

------

ယဉ်ယဉ်နု (မန္တလေး)
(ကြက်ခြေခတ်ကလေးများနှင့် လူငယ်ဝတ္ထုတိုများ)

No comments: