Friday, July 28, 2017

ဝက်သားနဲ့ ဂွေးသီးချဉ်ငံစပ် - ဆားငန်​သီး ငါးပေါင်း - ၀က်သားနဲ့ အင်ဥဟင်း




ဆားငံသီးငါးပေါင်း
ဒီမှာတော့ ရန်ကုန် မှာလို ဆားငံသီးလေးတွေကအရမ်းမငံဘူး၊ ရှိတဲ့ ဆားငံသီးလေးတွေနဲ့ပဲ ပေါင်းဆားရတယ်။ အရသာကတော့ အရမ်းကောင်းပါတယ်။ ဒီမှာက ကကတစ်ငါးကဝယ်လို့လွယ်ပါတယ်။ Sea Bass လို့ခေါ်တယ်။

ပါဝင်ပစ္စည်းများ
-ကကတစ်ငါးတကောင်
-ဆားငံသီးနဲနဲ၅ခု ၆ခု
-သံပုရာရည်၂ဇွန်း(စားပွဲတင်)၊ ငံပြာရည်ဇွန်းဝက်(အချိုဇွန်း)
-ဂျင်း အနဲငယ်
-ကြက်သွန်ဖြူ ၂ဥ
-ငရုတ်သီး၂တောင့်
-ရှောက်ရွက်၎ရွက်
-ဆား၊ ကြက်သားမှုန့်၂ဇွန်း(အချိုဇွန်း)

ငါးကိုသန့်စင်အောင်ဆေးပြီး ကိုယ်ထယ်ကို ကြက်ခြေခတ်သဏ္ဍန် ဓားလေးများဖြင့်မွှမ်းထားပါ။
ဆားအနဲငယ်၊ ကြက်သားမှုန့်၁ဇွန်းတို့ဖြင့်နယ်ထားပါ။ ဂျင်းကိုအချောင်းလေးများလှီးထားပါ။
ကြက်သွန်ဖြူ၊ ငရုတ်သီး၂တောင့်တို့ကို ဓားဖြင့် နုတ်နုတ်စဉ်းထားပါ။ သံပုရာရည်၊ ငံပြာရည်၊ ကြက်သားမှုန့်၁ဇွန်း တို့ဖြင့်ရောထားပါ။
ထဲ့ပေါင်းမဲ့ Kitchen Foilမှာဖြစ်စေ၊ ပန်းကန်ပေါ်ဖြစ်စေ ဂျင်း၊ ရှောက်ရွက်၂ရွက်၊ ဆားငံသီးတို့ဖြန့်ခင်းထားပါ။
ငါးကိုအပေါ်ကခင်းကာ ဂျင်း၊ ရှောက်ရွက်၂ရွက်၊ ဆားငံသီးတို့ထပ်တင်ပါ။
ရောထားသော Sauceရည်ကိုအပေါ်ကဖြန့်တင်ပါ။ foil နဲ့ ထုပ်ပြီးမှ ပေါင်းအိုးထဲကို မိနစ်၃၀ခန့်ရေနွေးခံ ပေါင်းပါ။

 အနံအရသာ အထူးကောင်းသော ဆားငံသီးငါးပေါင်းရပါပြီ။

ဝက်သားနဲ့ ဂွေးသီးချဉ်ငံစပ်  

မင်္ဂလာပါ ။

ဒီတစ်ပတ်တော့ ၀က်သားနဲ့ ဂွေးသီးချဉ်ငံစပ်  ချက်ထားပါတယ်။ ၀က်သားဟင်းလည်း စားချင် အီမှာလည်း ကြောက်တယ် ဆိုသူတွေအတွက် အချဉ်ဓာတ်လေး ပါအောင်ချက်ထားတဲ့ ၀က်သားနဲ့ ဂွေးသီးချဉ်ငံစပ် ဟင်းလေးပါ။

ချက်ပြုတ်ဖို့ အတွက် လိုအပ်တာတွေကတော့

ဝက်ပေါင်သား  ၂၅သား( အနေတော်လှီးပြီး ဆားဆနွင်းနယ်ထားပါ)

ဂွေးသီး          ၅လုံး( အခွံခွာပြီး ကြိတ်ချေထားပါ)

ကြက်သွန်နီ    ၂ဥ

ကြက်သွန်ဖြူ    ၁ဥ

ခရမ်းချဉ်သီး အနည်းငယ်

အရောင်တင်မှုန့် အနည်းငယ် တို့ ဖြစ်ပါတယ်။


အရင်ဆုံး ကြက်သွန်နီ   ၂ဥကြက်သွန်ဖြူ   ၁ဥ အရောင်တင်မှုန့် တို့ကို ထောင်းထားပါ။ ပြီးရင် ဆီသတ်ပါ။ ကြက်သွန်တွေ နွမ်းလာရင် ခရမ်းချဉ်သီး ထည့်ပြီး ချေပါ။ ပြီးရင်တော့ ကြိတ်ထားတဲ့ဂွေးသီးကို ထည့်ပါ။ ဂွေးသီး ကျက်အောင်ထားပါ။


ဂွေးသီးကျက်ရင် ၀က်သားထည့်ပါ။ အနှစ်နဲ့ အသားနှံ့အောင် မွှေပါ။ ရေမထည့်သေးဘဲ အသားအနံ့ပျောက်အောင် မီးအေးအေးနဲ့ အဖုံးအုပ်ပြီး ခဏတည်ထားပါ။ ပြီးမှ  အသားမြှုပ်အောင်ရေထည့်ပြီး ချက်ပါ။


ရေခမ်းပြီး ဆီပြန် အသားနူးတော့မယ်ဆိုရင် အရသာအပေါ့အငန်မြည်းပါ။ အချဉ်ဓာတ်ကဲတယ်ဆိုရင်တော့ ငံပြာရည် အနည်းငယ်ထည့်နိုင်ပါတယ်။ ရေခမ်းပြီး ဆီပြန်လာပြီဆိုရင်တော့ ချဉ်ငံစပ် ၀က်သားနဲ့ ဂွေးသီးချဉ်ငံစပ် ဟင်းလေးရပါပြီ။ ချက်ရတာ မခက်ခဲဘဲ ထမင်းမြိန်မယ့် ဟင်းတစ်မယ်ပါ။ ဂွေးသီးနေရာမှာ တခြားအချဉ်အရသာရှိတဲ့ အသီးတွေလည်း အသုံးပြုချက်ပြုတ်နိုင်ပါတယ်။

အင်ဥနဲ့ ဝက်သားဟင်း
...........................


 အင်ဥလေးပေါလာပြီဆိုတော့ အင်ဥနဲ့ ဝက်သားလေးစားချင်လိုက်တာဆိုတဲ့ အတွေးဝင်လာတာနဲ့ ချက်ဖြစ်သွားတာပါ။ ချက်ပြီဆိုရင် အင်ဥထုပ်ထုပ်လေးနဲ့ ဝက်သားနူးနူးအိအိလေးကို စားရတာ ရာသီစာမို့လို့လား မသိပါဘူး။ တခြားဟာတွေထက် ပိုခံတွင်းတွေ့ပါတယ်။ အင်ဥလေးတွေကို သန့်စင်ရတာ တော်တော့်ကို လက်ဝင်တယ်။ သေသေချာချာ အကြိမ်ကြိမ် ပွတ်တိုက်ဆေးကြောရပါတယ်။ သဲကျန်ရင် တရှပ်ရှပ်ကျိလိကျိလိနဲ့ ဘယ်စားကောင်းပါ့မလဲနော်။ အင်ဥလေးတွေချည်းပဲ သက်သတ်လွတ်စားလို့ ရသလို အသားဟင်းနဲ့လည်း စားလို့ရပါတယ်နော်။ အိသက်က ဝက်သားနဲ့ ချက်ပါမယ်။

►   ပါဝင်ပစ္စည်းများ
♦   အင်ဥ   -   လက်တစ်ဆုပ်သာသာ
    (လိုသလောက် သုံးနိုင်ပါတယ်)
♦   ဝက်သား   -   ၁၅ ကျပ်သား
♦   ကြက်သွန်နီ   -   အနေတော် ၄ လုံး
♦   ကြက်သွန်ဖြူ   -   ဥကြီးတစ်လုံး
♦   ငရုတ်သီးအကြမ်းကွဲ   -   စားပွဲဇွန်း ၁ ဇွန်း
♦   မိုးမျှော်ငရုတ်သီးစိမ်း   -   ၁၀ တောင့်
♦   ချင်း   -   လက်တစ်ဆစ်
♦   နနွင်းမှုန့်   -   အချိုဇွန်း ၁ ဇွန်း
♦   ဆား   -   အချိုဇွန်း ၁ ဇွန်း
♦   အသားမှုန့်   -   အချိုဇွန်း ၁ ဇွန်း
♦   နံနံပင်   -   အနည်းငယ်
♦   ငံပြာရည်   -   အချိုဇွန်း ၁ ဇွန်း

►   ပြုလုပ်နည်းအဆင့်ဆင့်
 အင်ဥလေးတွေကို ရေစိမ်ထားပါတယ်။ ပြီးမှပွတ်တိုက်ဆေးကြောပေးရပါမယ်။ သူက သဲတွေ တော်တော်များတော့ ကျွန်မကတော့ Brush နဲ့ပါ ပွတ်တိုက်ပစ်ပါတယ်။ ရေခဏခဏလဲပေးရင်း ဆေးကြောပေးရပါတယ်။ နောက်ဆုံးမှာ ခပ်ဖြူဖြူအင်ဥလေးတွေရလာပါမယ်။ ဒီအတိုင်းထည့် ချက်လည်းရသလို တစ်ရေဖျောပြီး ချက်လည်းရပါတယ်။ ရေနွေးလေးနဲ့ တစ်ရေဖျောလိုက်ရင် ပိုသန့်ပြီး ချက်တဲ့အခါလည်း အနူးလွယ်ပါတယ်။ ခုနက ခပ်ဖြူဖြူပြောမိလို့ မှားသွားမှာ စိုးပါတယ်။ အင်ဥက အညို၊ အမည်းပဲရှိပါတယ်။ ရေဆေးလိုက်လို့ ဖွေးသွားတာကို ပြောတာပါနော်။ အင်ဥလေးတွေ ဆေးပြီးရင် ထက်ခြမ်းခွဲထားပါတယ်။ သေးတဲ့ဥတွေတော့ မခွဲပါဘူး။

 ကြက်သွန်နီ/ ဖြူကို ချင်းနဲ့ ရောထောင်းထားလိုက်တယ်။ ငရုတ်သီးကြမ်းခွဲပါ  ရောထောင်းရင် ပိုကောင်းပါတယ်။ ဝက်သားကို ဆားနည်းနည်း၊ နနွင်းနည်းနည်းနဲ့ နယ်ထားလိုက်ပါ။
 ဝက်သားကို ကြက်သွန်ရောထောင်းထားတာတွေနဲ့ လုံးချက်လိုက်ပါတယ်။ ဝက်သားအရောင် ပြောင်းလာရင် ကြက်သွန်နဲ့လည်း ခပ်ကြွပ်ကြွပ်ဖြစ်နေရင် ရေနည်းနည်းထည့်ပြီး နူးသည်အထိ အဖုံးအုပ်တည်ပေးထားပါတယ်။

 ရေကို ဖြည်းဖြည်းချင်းထည့်ပြီး ဝက်သားနူးခါနီးနောက်ဆုံး တစ်ရေမထည့်ခင်  အင်ဥလေးတွေ ရောပါတယ်။ ဆား၊ အသားမှုန့်၊ ငံပြာရည် ထည့်ပါမယ်။ ခဏမွှေပြီး ရေထည့် အဖုံးအုပ်တည်ပေးပါ။ အသားလည်းနူး၊ အင်ဥလည်းနူးပြီး အရသာလည်း အနေတော်ရင် ငရုတ်သီးစိမ်းတွေ ခွဲပြီးထည့်ပေးပါ။ နံနံပင်လေးလည်း အုပ်ပေးလိုက်ပါ။ ဒါဆိုရင် ဝက်သားအင်ဥချက် မွှေးမွှေးလေးရပါပြီ။

 အင်ဥလေးတွေက ရာသီစာမို့ တစ်နှစ်တစ်ခါ ချက်စားမိအောင် ချက်ကြဖို့ တိုက်တွန်းချင်ပါတယ်ရှင်။
.................
မအိသက်
(Htet Family Creation)

Credit: Myanmar Food Magazine 

No comments: