သက်သတ်လွတ် မုန့်ဟင်းခါး
............................
ငါးအနံ့၊ ငါးအရသာပါမှ မုန့်ဟင်းခါးဆိုတာ စားကောင်းတာဖြစ်ပါတယ်။ ဒါပေမဲ့ လည်းသက်သတ်လွတ် ပုံစံလေးဖန်တီးချင်တာကြောင့် ဒီချက်နည်းမှာ ပဲငံပြာရည်ရဲ့ရနံ့ကို အနံ့စူးစူးကြီးဖြစ်မနေဘဲ ပုံစံတစ်မျိုးနဲ့ ပေါ်လွင်အောင်အစားထိုးချက်ပေးထားပါတယ်။
► ပါဝင်ပစ္စည်းများ (မုန့်ဖတ် ၁ ပိဿာအတွက်)
♦ ကုလားပဲ ပေါင်းအိုးဆန်ချင်ခွက် - တစ်ဝက်
(ညကတည်းက ရေစိမ်ထားပြီး မနက်ပိုင်းမှာပြုတ်ထားပါတယ်။
ပဲပြုတ်ရည်ကို မပစ်ဘဲ အဖတ်များကို ဆယ်ပြီး ထောင်းထားပါ)
♦ ဆန်အကျက်မှုန့် ပေါင်းအိုးဆန်ချင်ခွက် - ၄ ပုံ ၃ ပုံ
(ရေနွေးနွေးမှာ စိမ်ထားပါ)
♦ ရေနွေးဆူဆူ - ၅ လီတာ
♦ ကြက်သွန်နီဥအသေး - ၂၀ (အလုံးလိုက်ထားပါ)
♦ အသားတု - အလုံး ၂၀ ခန့် (လှီးထားပါ)
♦ ဆီ - ထမင်းစားဇွန်း ၃ ဇွန်း
♦ ချင်း - လက် ၁ ဆစ် (ထောင်းထားပါ)
♦ စပါးလင်အတွင်းသားနုနု - ၁ ချောင်း (ထောင်းထားပါ)
♦ ကြက်သွန်ဖြူ - ၁၀ တက် (ထောင်းထားပါ)
♦ နနွင်းမှုန့် - အနည်းငယ်
♦ မြေပဲလှော်ပြီး - ပေါင်းအိုးဆန်ချင်ခွက် တစ်ဝက်
(မညက်တညက်ထောင်းထားပါ)
♦ ပဲငံပြာရည် - ထမင်းစားဇွန်း ၅ ဇွန်း
♦ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ငရုတ်ကောင်းအဖြူမှုန့် - အနည်းငယ်
► ပြုလုပ်နည်းအဆင့်ဆင့်
၁။ ပဲပြုတ်ရည်မှာရေနွေးစိမ်ပြီးပွလာသောဆန်မုန့်များထည့်ပြီးတည်ထားပါ။ ကြက်သွန်နီများနဲ့ အသား တုများကိုထည့်တည်ထားပါ။
၂။ ဆီသတ်ဖို့ ဆီအိုးမီးပျော့ပျော့နဲ့ အပူပေးပြီး စပါးလင်ချင်းအရင်ထည့်ပြီးမွှေပေးပါ။ ကြက်သွန်ဖြူထည့် မွှေပါ။ နနွင်းမှုန့်ထည့်မွှေပေးပါ။
၃။ ထောင်းပြီးသားမြေပဲများထည့်ပါ။ ဆီအနည်းဆုံးပုံစံသုံးထားလို့ အိုးမကပ်အောင် သေသေချာချာ ဂရုစိုက်ပြီးမွှေပေးပါ။
၎။ အဆာများခြောက်လာလျှင်မီးပြင်းခဏတင်ပြီး ပဲငံပြာရည်ထည့်မွှေပေးပါ။ အငွေ့များမသေခင် ဆီသတ်ထားသော အဆာများအားလုံး ပဲရည်ပြုတ်ထားသော အိုးထဲထည့်ပေးပါ။ ဆူပွက်လာအောင် တည်ပြီး ထောင်းပြီးသား ပဲများထည့်ပေးပါ။
၅။ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကို လိုအပ်သလိုချိန်ဆထည့်ပြီး ပြင်ဆင်သုံးဆောင်နိုင် ပါပြီ။
► ပြင်ဆင်သုံးဆောင်ရန်
မုန့်ဖတ်၊ အကြော်၊ နံနံပင်၊ ပဲတောင့်ရှည်၊ သံပရာသီးတို့ဖြင့် ပြင်ဆင်သုံးဆောင်နိုင်ပါသည်။
....................
သစ်ထူး
(My Foodies)
ဂျပန်တို့ဟူးသုပ်
......................
ဂျပန်တို့ဟူးကတော့ ဟင်းလျာတွေမှာ ချဉ်၊ စပ်ပဲဖြစ်ဖြစ်၊ ခရုဆီနဲ့ပဲဖြစ်ဖြစ်၊ အသီးအရွက် ဟင်းလျာတွေမှာပဲဖြစ်ဖြစ် ချက်ကြပါတယ်။ ဒါပေမဲ့ အသုပ်ပုံစံစားတာကတော့ သိပ်မတွေ့သေးဘူးဗျ။ ဒါကြောင့် ဒီနေ့မှာ အသုပ်ပုံစံလေး တင်ဆက်ပေးမယ်ဗျာ။
► ပါဝင်ပစ္စည်များ
♦ ဂျပန်တို့ဟူး - ၂ ထုပ်
♦ ခရမ်းချဉ်သီး (Cherry Tomato) - ၆ လုံးခန့်
♦ ကြက်သွန်နီ - ၁ လုံး
♦ ငရုတ်သီးစိမ်း - ၄ တောင့်ခန့်
♦ ဂေါ်ဖီ (ခရမ်းရောင်) - အနည်းငယ်
♦ နံနံပင် - ၄ ပင်ခန့်
♦ နှမ်း - စားပွဲဇွန်း ၁ ဇွန်း
♦ ပုစွန်ခြောက်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
♦ ကြက်သွန်ဖြူဆီချက် - စားပွဲဇွန်း ၂ ဇွန်း
♦ ဟင်းခတ်မှုန့် - အနည်းငယ်
♦ ငံပြာရည် - အနည်းငယ်
♦ သံပရာရည် - အနည်းငယ်
♦ ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
♦ ငရုတ်သီးနီ - ၁ တောင့်
► ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဂျပန်တို့ဟူးကို အနေတော်အကွင်းများလှီးဖြတ်ကာ ကော်မှုန့်ကပ်ပြီး ကြွပ်လာ အောင်ကြော်ပေးပါ။ ပြီးလျှင် ဆီစစ်ပြီး အအေးခံထားပေးပါ။
၂။ ဇလုံတစ်ခုထဲမှာ ခရမ်းချဉ်သီး (ထက်ခြမ်းခြမ်း)၊ ကြက်သွန်နီ (ပါးပါးလှီး)၊ ငရုတ်သီး နီ/စိမ်း (ပါးပါးလှီး)၊ နံနံပင် (ပါးပါးလှီး)၊ ဂေါ်ဖီ (ပါးပါးလှီး)၊ နှမ်း၊ ပုစွန်ခြောက်မှုန့်နှင့် ကျန်တဲ့ပါဝင်ပစ္စည်းများအာလုံးကို ထည့်ပြီး နယ်ပေးပါ။ အရသာအဆင်ပြေပြီဆိုလျှင် ဂျပန်တို့ဟူးထည့်ပြီး သုပ်ပေးပါ။
၃။ အရသာအားလုံး အဆင်ပြေပြီဆိုလျှင် အလှဆင်ပြီး သုံးဆောင်လို့ရပါပြီ။
..........................
အံ့ဝင့်ထွဋ် (MRTV-4)
ချဉ်ငန်စပ်မှိုသုပ်
....................
မြန်မာပါးစပ်နဲ့ အစပ်တည့်နိုင်မယ့် ချဉ်ငန်စပ်မှိုသုပ်ပါ။ လုပ်ရတာလွယ်ကူပြီး ထမင်းလည်း မြိန်စေပါတယ်။ နှစ်သက်ရာ ပင်လယ်စာများကို ထည့်သုပ် နိုင်ပါတယ်။
► ပါဝင်ပစ္စည်းများ
♦ အပ်မှို - တစ်ထုပ်
♦ Fish Cake - အသေး ၃ ခု
♦ ကဏန်းသား - အနည်းငယ်
♦ သံပရာသီး - တစ်လုံး (အရည်ညှစ်ထားပါ)
♦ ကြက်သွန်ဖြူ - ၅ မြွှာ (နုပ်နုပ်စဉ်းထားပါ)
♦ ငရုတ်သီးစိမ်း - ၅ တောင့် (နုပ်နုပ်စဉ်းထားပါ)
♦ ထန်းလျက် - ၁ ခဲခန့် (ခြစ်ထားပေးပါ)
♦ ငါးငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ပဲငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
► ပြုလုပ်နည်းအဆင့်ဆင့်
၁။ အပ်မှိုကို ဆေးကြောပြီး သန့်စင်ကာ ပျော့သွားအောင် ပြုတ်ထားပါ။
၂။ Fish Cake နဲ့ ကဏန်းသားများကိုလည်း ခဏပြုတ်ပြီး ပါးပါးလှီးထားပါ။
၃။ ပါဝင်ပစ္စည်းအားလုံးနဲ့ ရောနယ်ပြီး အပေါ့အငန်ညှိပြီးရင် သုံးဆောင်ဖို့ အသင့်ဖြစ်ပါပြီ။
..................................
EVY'S KITCHEN
Credit: Food Magazine (Myanmar)

No comments:
Post a Comment