Monday, July 10, 2017

စီးပွားရေးလုပ်ရာမှာ အကျိုးအမြတ်ရှိမရှိ တွက်ဆသင့်သော အရာများ (၁)


=====

အရင်းကျေမှတ် (Break-even Point - BEP)

စီးပွားရေးလုပ်တာ ဘာအတွက်လဲ ... အဓိကတော့ ပိုက်ဆံရဖို့ပေါ့၊ မေးနေစရာတောင်မလိုဘူး။ အဲဒီတော့ စီးပွားရေးမှာ အမြတ်ထွက်ဖို့လိုပါတယ်။

အမြတ်ဆိုတာက တကယ်လုပ်ကြည့်မှ ထွက်တယ်မထွက်ဘူးသိတဲ့အရာ၊
ဟာ .. ဒါဆိုရင်တော့ ငါတို့ အလုပ်တစ်ခုလုပ်မယ်ဆို အမြတ်ရမရ ဘယ်လိုသိမလဲဆိုရင် အရင်ဆုံးတွက်ရမှာ Break-even Point ပါ။ Break-even Point အခြေအနေကိုသိရင် ဒီအလုပ်လုပ်သင့်လားမလုပ်သင့်လားဆိုတာ တွက်ဆလို့ရပါပြီ။

Break-even Point ဘယ်လိုတွက်မလဲ .... အလွယ်ပြောရရင်တော့ ကုန်ကျနိုင်တဲ့စရိတ်တွေအားလုံးပေါင်း ... အဲဒီ စရိတ်တွေကျေလောက်တဲ့အထိ အမြတ်ရအောင် ရောင်းနိုင်ရင် အရင်းကျေမှတ်ရပြီပေါ့။ လုံးဝနားမလည်တဲ့သူတွေတော့ နည်းနည်းရှုပ်သွားနိုင်တယ် အမြတ်လဲပြောတယ် အဲဒါမှ အရင်းကျေမယ်လဲပြောတယ်ဆိုတာမျိုးပေါ့။

ဥပမာပေးလိုက်တာ ပိုရှင်းမယ်ထင်တယ်။ အလုပ်တစ်ခုလုပ်ရင် အကြမ်းဖျင်းအောက်က ကုန်ကျစရိတ်တွေရှိတယ်။

အခန်းငှားခ (ကိုယ်ပိုင်အခန်းဖြစ်ရင်လဲ ထည့်တွက်ဖို့လိုပါတယ်)
အခန်းပြင်ခ
ပရိဘောဂ၊ ကား၊ မီးစက် နှင့်အခြား တန်ဖိုးကြီးပစ္စည်းများ
လိုင်စင်ကြေးနှင့် အစိုးရ အခွန်အခများ
ပစ္စည်းများ၏ အရင်းငွေ (အရောင်း၊ ဆားဗစ်၊ ထုတ်လုပ်မှု ပေါ်မူတည်ပြီးကွဲ)
ဝန်ထမ်းစရိတ်
ရေခွန် မီးခွန် အမှိုက်ခွန်
သယ်ယူပို့ဆောင်စရိတ်များ
ပြင်ဆင်ထိန်းသိမ်းစရိတ်များ
အာမခံ
ငွေတိုးများ
အထွေထွေအသုံးစရိတ်များ

ဒီစာရင်းဥပမာတွေမပေးခင် အရေးကြီးတာတစ်ခု အရင်ပြောဖို့လိုတယ်။ ဒါကတော့ တန်ဖိုးလျော့တွက်ခြင်း (Depreciation) ပဲ။

အခန်းပြင်ခ သိန်း ၁၀၀ ကုန်ရင် စာရင်းမှာ ဒီလ သိန်း ၁၀၀ ကုန်ပါတယ်လို့ ပြလိုက်ရင် အဲဒီလ စာရင်းချုပ်တွက်ရင် အရှုံးက သိန်း၁၀၀ လောက်ပြနေလို့ တစ်ခါတည်း စိတ်ဓါတ်တွေမြေကြီးထဲစိုက်ပြီး ဘာမှ ဆက်လုပ်နိုင်မှာမဟုတ်ဘူး။

အမှန်က ပြင်ထားတဲ့အခန်းကို ဘယ်နှစ်နှစ်သုံးမှာလဲ စဉ်းစားရမယ်။ သိန်း ၁၀၀ ပြင်ထားတဲ့အခန်းကို ၃ နှစ်သုံးမယ်ထားပါတော့၊ ၁၀၉၅ ရက်နဲ့ စားရမယ်။ တစ်ရက်ကို ၉၁၃၂ ကျပ်ကုန်ကျစရိတ်ရှိတယ်။

Depreciation သဘောက ၉၁၃၂ ကျပ်ကို တစ်ရက်တိုင်းမှာ နှုတ်သွားရတယ်။ လချုပ်ရင် ရက် ၃၀ ရှိရင် (၂၇၃၉၆၀ ကျပ်) ကို အခန်းပြင်ကုန်ကျစရိတ်အနေနဲ့ တွက်ရမယ်။

အဲဒီမှာ ၃ နှစ်မသုံးဖြစ်ဘဲ အကြောင်းတစ်ခုခုကြောင့် ၂ နှစ်နဲ့ အဲဒီအခန်းပြင်တာကြီးမသုံးဖြစ်တော့ရင်မှ ကျန်တဲ့ ၁ နှစ်စာကို အသုံးစရိတ်ထဲမှာ တစ်ခါတည်းပေါင်းထည့်ရတယ်။

ဥပမာ ဒီအခန်းမှာ ဆက်မနေတော့ဘဲ တခြားကိုရွှေ့မယ် ဒီအခန်းပြင်ထားတဲ့အထဲက ဘာမှလဲ သုံးမရတော့ဘူးဆိုရင် (၃၃သိန်း ၃သောင်း၃ထောင်ခန့်) ကို အသုံးစရိတ်အနေနဲ့ပြလိုက်ရတယ်။ အဲဒါဆိုရင်တော့ ရှုံးတယ်လို့ တွက်ရတယ်။

Depreciation ဟာ ကား၊ ပရိဘောဂ၊ ကွန်ပြူတာ နဲ့ အခြား ကာလရှည်သုံးလို့ရတဲ့ ပစ္စည်းတိုင်းမှာ တွက်ရတယ်။ ဘယ်နှစ်နှစ်သုံးမယ်ဆိုတာကို ဆုံးဖြတ်ချက်ချပြီး အဲဒီပေါ်မှာ မူတည်ပြီးတွက်ရတယ်။ ကွန်ပြူတာဆို ၂ နှစ် ၃ နှစ်၊ ကားဆိုရင် ၅ နှစ် ၁၀ နှစ် စသည်ဖြင့်ပေါ့။

အမြတ် အရမ်းထွက်ပါစေဆိုပြီး တကယ်သုံးမရတဲ့ နှစ်အရှည်ကြီး တွက်တာတို့၊ မြန်မြန်အရင်းကြေကွာဆိုပြီး နှစ်နည်းနည်းလေးတွက်တာတို့ မလုပ်ဖို့တော့လိုတယ်။ ဒါဆိုရင် စာရင်းဟာ တကယ် သုံးမရ၊ စဉ်းစားမရတဲ့စာရင်းကြီးထွက်လာမှာပဲ။

Depreciation အကြောင်း သိပြီဆိုရင် ခုနက ပြောခဲ့တဲ့အချက်တွေပေါ်မူတည်ပြီး ဥပမာပြ စဉ်းစားလို့ရပြီ။

- အခန်းငှားခ တစ်လ ၃ သိန်း ဆိုရင် တစ်နှစ် ၃၆ သိန်း ... အဲဒီမှာ ပွဲစားခ တစ်လ ပေးရလေ့ရှိတော့ ၃၆ သိန်း မရဘူး ၃၉ သိန်းဖြစ်တတ်တယ်။
ဒီတော့ တစ်ရက်ကို ၁၀၆၈၅ ကျပ်ရှိတယ်။

- အခန်းပြင်ခ သိန်း ၅၀ ထားပါတော့။ ဒီနေရာမှာ ၃ နှစ်လုပ်မယ်တွက်ရင် ၁၀၉၅ ရက်နဲ့ စား .... တစ်ရက် ၄၅၆၆ ကျပ်ရှိတယ်။

- ပရိဘောဂ စားပွဲ ကုလားထိုင် ကွန်ပြူတာ မီးစက် ဘာညာ အကုန်ပေါင်း သိန်း ၃၀ ရှိတယ်၊ ဒါတွေလဲ ၃ နှစ်သုံးမယ်ဆိုရင် ၁၀၉၅ရက်နဲ့စား .. တစ်ရက် ၂၇၄၀ ကျပ် ရှိတယ်

- လိုင်စင်ကြေးတွေ အခွန်အခတွေကတော့ တစ်ခါကုန်ရှိတယ်၊ လစဉ်ရှိတယ်
တစ်လကို ပျမ်းမျှ ၃၀၀၀၀ ပဲထားပါတော့ တစ်ရက်ကို ၁၀၀၀ ကျပ်

- ပစ္စည်းအရင်းငွေ ဆိုတဲ့နေရာမှာ နည်းနည်းမျက်စိလည်လိမ့်မယ်။ အဓိက ပြောချင်တာတော့ ခုနက တန်ဖိုးလျော့တွက်တာပါပဲ။ ပစ္စည်းအများစုဟာ အချိန်နဲ့အမျှ တန်ဖိုးလျော့တယ်။ ဥပမာ ဖုန်းတစ်လုံးဟာ အခုတင်ထားပြီး ရောင်းမထွက်သေးတဲ့အခါ နောက် မော်ဒယ်ထွက်လာရင် အလိုလိုဈေးကျသွားတယ်။ ဒါဟာ ကုန်ကျစရိတ်ပဲ။
ပုတ်ကုန်သိုးကုန်ဆိုလဲ ဒီအတိုင်းပဲ၊ ၁ လနေလို့ ရောင်းမထွက်ဘဲ ပုတ်သွားရင် ကုန်ကျစရိတ်ထဲဝင်သွားတယ်၊ စားသောက်ဆိုင်တွေဆိုရင် မသုံးရတဲ့ အသားတွေ အရွက်တွေ မကောင်းတော့လို့ နောက်နေ့လွှတ်ပစ်လိုက်ရတာမျိုး။ ဒါကတော့ ကြိုတွက်ဖို့ခက်ပေမယ့် မှန်းထားရမယ်။ ကိုယ်တင်ရောင်းတဲ့ပစ္စည်း အမြဲတမ်းကုန်နေမှာမဟုတ်ဘူး။

နောက်ပြီး ငွေလဲလှယ်နှုန်းအတက်အကျပေါ့၊ ဒေါ်လာဈေး အရမ်းထိုးကျသွားလို့ ကိုယ်က ၁ သိန်းဝယ်ထားပေမယ် ၉ သောင်းနဲ့ပဲရောင်းလိုက်ရတာမျိုးမှာ ၁ သောင်းဟာ ကုန်ကျစရိတ်ထဲဝင်သွားတယ်။

ဘာလုပ်ငန်းမှန်းမသိတဲ့အတွက် အကြမ်းဖျင်းအနေနဲ့ တစ်ရက်ကို ၂၀၀၀ လောက် ထည့်တွက်လိုက်မယ်။

- ၀န်ထမ်းစရိတ် ကတော့ အတော်ကို ပြုလွယ်ပြောင်းလွယ်ရှိတယ်။ အမြတ်များ အလုပ်ကောင်းရင် ၀န်ထမ်းတိုးခန့်၊ အမြတ်နည်း အလုပ်မကောင်းရင် ၀န်ထမ်းတွေလျော့၊ ဒါဆို Break-even Point လျော့သွားမယ်။ အသုံးစရိတ် သိသိသာသာ ချက်ချင်းလျော့လို့ရတဲ့ အရာထဲမှာ ၀န်ထမ်းက ထိပ်ဆုံးကပဲ။ ၀န်ထမ်း ၂ ယောက်အတွက် တစ်လကို ၂ သိန်းကုန်တယ်ဆိုရင် တစ်ရက်ကို ၆၆၇၀ ကျပ်

- ရေခွန် မီးခွန် အမှိုက်ခွန် တွေကတော့ ရှင်းတယ်။ အဲဒီထဲမှာ ဖုန်းဖိုး အင်တာနက်လိုင်းကြေး စတာတွေလဲ ထည့်လို့ရတယ်။ လုပ်ငန်းပေါ်လိုက်ပြီး အသုံးကွဲသွားမယ်။ တစ်လကို ၅သောင်းကုန်မယ်ဆိုရင် တစ်ရက်ကို ၁၆၇၀ကျပ်

- သယ်ယူပို့ဆောင်စရိတ်တွေကတော့ လူတွေ ၀န်ထမ်းတွေအတွက် ဘတ်စ်ကားခ တက်စီခ အဝေးပြေးကားခ လေယာဉ်ခ အပြင် နယ်ကိုပစ္စည်းပို့ခ စာပို့ခ တွေအကုန်ပေါ့။ တစ်မြို့တည်းလုပ်မယ်ဆိုရင်တော့ အသုံးစရိတ်နည်းတယ်။ တစ်ရက်ကို ၁၀၀၀ ပဲ တွက်

- ပြုပြင်ထိန်းသိမ်းစရိတ် ကတော့ မြန်မာတွေ တွက်လေ့မရှိတဲ့အရာပဲ။ အဲဒါကြောင့် လုပ်ငန်းတွေအများစုဟာ ကြာလေ စုတ်လေ ဖြစ်ဖြစ်လာတာ။ အဲကွန်းဆို မှန်မှန်ဆေးရမယ်၊ ကားဆို မှန်မှန် အင်ဂျင်ဝိုင်လဲရမယ်၊ အခန်းဆို မှန်မှန် ဆေးသုတ်ရမယ်၊ သန့်ရှင်းရေးလုပ်ရမယ်၊ နောက်ပြီး သက်တမ်းပြည့်လို့ လဲသင့်တဲ့ဟာတွေ မှန်မှန်လဲရမယ်။ ဒါမျိုးတွေရှိတယ်။
များသောအားဖြင့် သူ့ရဲ့ အသုံးစရိတ်ဟာ သိပ်မသေးဘူး။ အကြမ်းဖျင်း တစ်ရက်ကို ၂၀၀၀ နဲ့ပဲတွက်ကြည့်မယ်။

- အာမခံ -- ဒါတော့ မထည့်လဲရပါတယ်။ မြန်မာတွေ ထားလေ့သိပ်မရှိဘူး။ အမှန်တော့လိုတယ်

- ငွေတိုး - လုပ်ငန်းတစ်ခုမှာ အရင်းလိုတဲ့အခါ (အမှန်က အမြဲလိုတယ်) ငွေတိုးချေးရတယ်။ ဒါကြောင့် စီးပွားရေးသမားဆို အကြွေးမကင်းဘူးပြောတာ။ ငွေတိုးမချေးဘဲနဲ့ အလုပ်လုပ်ရင် တော်ရုံနဲ့ ကြီးမလာတော့ဘူး၊ ရင်းဖို့အတွက်ပြန်ပြန်စုနေရတာကိုး။ သိန်း ၁၀၀ အရင်းရှိတဲ့အလုပ်ဆိုရင် လက်ရှိဘဏ်တိုးနဲ့တွက်မယ်ဆိုရင် တစ်လ ၁ သိန်းခွဲ တစ်ရက်ကို ၅ထောင်

- အထွေထွေအသုံးစရိတ်ကတော့ အသေးသုံးတွေပေါ့။ ဘောပင်ဝယ် စာအုပ်ဝယ် တစ်ရှုးဝယ် လက်ဆေးဆပ်ပြာဝယ်စသည်ဖြင့်ပေါ့။ တစ်ရက်ကို ၅၀၀ ပဲထားပါ။

ဒီတော့ အားလုံးပေါင်းကြည့်မယ်။

အခန်းငှားခ - ၁၀၆၈၅
အခန်းပြင်ခ - ၄၅၆၆
ပရိဘောဂ - ၂၇၄၀
လိုင်စင်ကြေး - ၁၀၀၀
ပစ္စည်းအရင်းငွေ - ၂၀၀၀
ဝန်ထမ်းစရိတ် - ၆၆၇၀
ရေခွန် မီးခွန် - ၁၆၇၀
သယ်ယူစရိတ် - ၁၀၀၀
ထိန်းသိမ်းစရိတ် - ၂၀၀၀
ငွေတိုး - ၅၀၀၀
အထွေထွေ - ၅၀၀

တစ်ရက် ကုန်ကျစရိတ် - ၃၇၈၃၁ ကျပ်ရှိတယ်။

ဒီတော့ Break-even Point ရောက်အောင် အမြတ် ၃၇၈၃၁ ကျပ်ရှိရမယ်။ ရောင်းရငွေမဟုတ်ဘူးနော်။ အမြတ်နော်

ကိုယ်က ပစ္စည်းရောင်းတယ်ဆိုရင် အကြမ်းဖျင်း ပစ္စည်းပေါ်မှာ ၁၀% အမြတ်တင်ရောင်းရင် ... တစ်နေ့ကို ၃သိန်း ၈ သောင်းလောက်ရောင်းရဖို့လိုတယ်။ ဒါမှ အမြတ်ဟာ ၃သောင်း၈ထောင်ရှိမှာ

စားသောက်ဆိုင်ဆိုရင် ၅၀% လောက်မြတ်တယ်ဆိုရင် .. တစ်နေ့ကို ၈သောင်းဖိုးလောက်ရောင်းရဖို့လိုတယ်။ ဒါမှ အမြတ်ဟာ ၄ သောင်းရှိမှာ။

လက်ကားဖြန့်တဲ့ပစ္စည်းလိုမျိုး အချိုရည် ရေသန့် မုန့်စတာမျိုးကျတော့ ကွာသွားပြန်ရော ... သူက အမြတ်ပါးတယ်။ ၁% ၂% ပဲရှိတယ်။ ၁% ပဲရှိရင် တစ်နေ့ကို ၃၈သိန်းဖိုးလောက်ရောင်းရဖို့လိုတယ်။

ဒီတော့ Break-even point ဟာ လုပ်ငန်းတစ်ခုနဲ့တစ်ခု မတူဘူး။ လုပ်ငန်းသဘောကို နည်းနည်းသိမှ Break-even point ကို မှန်းလို့ရတယ်။ ဒါကြောင့် လုံးဝနားမလည်တဲ့သူတွေ ၀င်ဝင်လုပ်ရင် မအောင်မြင်ဘဲ ပြုတ်ပြုတ်သွားကြတာ။ သူတို့က ၀င်တာပဲမြင်တယ်၊ ကုန်တာတွေ လွှင့်ပစ်လိုက်ရတာတွေ မ၀င်တာတွေမမြင်ဘူး။ အဓိကက ၀င်တာထက် ကုန်တာက အခရာပဲ။

ဥပမာပေးလို့သာ ၁ ရက်နဲ့ ပြောတာပါ။ တကယ့် Break-even Point ကို တွက်ရာမှာ တစ်နှစ်နဲ့တွက်ရပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့လုပ်ငန်းတွေဟာ ရာသီချိန်ရှိလို့ပါ။ Jan Feb မှာ ၀င်ငွေလုံးလုံးမရှိသလောက်ဖြစ်ပေမယ့် March April မှာ ၀င်ငွေအရမ်းကောင်းနေတာမျိုးတွေ ရှိတတ်ပါတယ်။ အောက်မှာ နည်းနည်းရှင်းပြပါမယ်။

ဒီတော့ အဓိက မှတ်ထားရမှာက BEP ကို ၁ နှစ်ပေါ်မှာ မူတည်ပြီးတွက်ပါ။

===
ကဲ BEP တော့ အကြမ်းဖျင်း သိပြီ။ လုပ်ငန်းမှာ BEP ထိရင် (၀င်ငွေ အတက်အကျ Graph မှာ BEP မျဉ်းတားထားလေ့ရှိလို့ ထိတယ်လို့သုံးကြတယ်) နည်းနည်း စိတ်အေးတဲ့အဆင့်လို့ ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းအများစုဟာ မထိဘူး။ တကယ်ပြောတာ မထိဘူး။ ဒါကြောင့်လဲ ဆိုင်လေးတွေ ဖွင့်လာလိုက် ပိတ်သွားလိုက် ဖြစ်နေကြတာ။

အောင်မြင်ပါတယ်ဆိုတဲ့ လုပ်ငန်းကြီးတွေတောင် BEP မထိတဲ့ နှစ်တွေ မထိဘူး။

ဒီတော့ စီးပွားရေးလုပ်ရင် ပထမဆုံး ဦးတည်ချက်ဟာ BEP ထိရေးပဲ။ ကြီးကြီးကျယ်ကျယ်တွေ လျှောက်မတွေးနဲ့၊ အဲဒါ ထိအောင်တောင် သေအောင်လုပ်ရတာ။ အမြတ်ဆိုတာ နောက်မှ။

BEP မထိရင်ရောလို့မေးရင် လုပ်ငန်းအသစ်စလုပ်မယ်ဆိုရင် ငါတော့ ဘယ်လောက် အရှုံးခံပြီးလုပ်မလဲဆိုတာ အရင် ဆုံးဖြတ်ရတယ်။ ဟင် ... မင်းဟာကလဲ အရှုံးနဲ့ စတာပါလားလို့တော့မတွေးနဲ့ လုပ်ငန်းသစ်အများစုဟာ ရှုံးတာချည်းပဲ။ ပထမလနဲ့ BEP ထိတယ်ဆိုရင် ကွေးနေအောင်ကတော့ပဲ။

ဥပမာ - မဂ္ဂဇင်းတစ်ခု အသစ်ထောင်မယ်ဆိုရင် အရှုံး ၂ နှစ်တဲ့။ ၂ နှစ်လုံးလုံး အဲဒီ ငွေတွေ အဆုံးခံနိုင်မှ မဂ္ဂဇင်း အသစ်လုပ်ဖို့ စဉ်းစားတဲ့။
သူများတွေ ဘယ်လောက်ရောင်းနေရာတာ ဘယ်လောက်မြတ်နေတာ လာမပြောနဲ့ အဲဒါတွေပဲကြည့်ပြီး ၀င်လုပ်ရင် သေချာပေါက် စိတ်ဓာတ်ကျပြီး ဖြုတ်လိုက်ရမယ်။

အဲဒီလိုပဲ၊ လုပ်ငန်းတိုင်းဟာ အနည်းဆုံးတော့ အရှုံး ၁ နှစ်တော့ မှန်းထားရတယ်။ ဘယ်လောက်ပဲ မရောင်းရသည်ဖြစ်စေ၊ ဘယ်လောက်ပဲ ငုတ်တုတ်ထိုင်နေရသည်ဖြစ်စေ တစ်နှစ်တော့ အောင့်အီးသည်းခံပြီး ကြိုးစားဖို့လိုတယ် (ထိုင်နေလို့တော့ မရဘူးပေါ့လေ၊ အကြံဥာဏ်တွေထုတ်ပြီးတိုးတက်အောင်တော့လုပ်ရမှာပေါ့)

ဘာလို့လဲဆိုတော့ တစ်ချို့လုပ်ငန်းတွေဟာ ရာသီချိန်ရှိတယ်။ ဥပမာ - ရေသန့်ဆိုရင် မတ် ဧပြီ မေ -- ၃ လရဲ့ရောင်းအားဟာ ကျန်တဲ့ ၉လပေါင်းရောင်းအားထက် ဆများစွာ သာတယ်။ ဒီတော့ ကိုယ်က မသိဘဲနဲ့ မေလကုန်မှ ဒီအလုပ်စလုပ်မိတယ်ဆိုရင် ၆ လလောက်နဲ့ စိတ်ဓာတ်တွေကျပြီး ဆက်မလုပ်မိဘူးဆို တကယ့် အချိန်ကောင်းရောက်တဲ့ဟာကို မသိလိုက်ဘူးဖြစ်သွားတယ်။

ဒီတော့ တစ်နှစ်အတွင်းမှာ BEP မထိရင် စိတ်ဓာတ်မကျပါနဲ့ ကျားကုတ်ကျားခဲ ဆက်လုပ်ပါ။ ၁ နှစ်ပြည့်လို့မှ BEP မထိရင်တော့ ဘယ်လို ပြောင်းလဲမှုတွေလုပ်သင့်လဲဆိုတော စဉ်းစားသင့်ပါပြီ။ နောက်ဆုတ်ဖို့ပြောတာမဟုတ်ပါဘူး။

လုပ်ငန်းအများစုဟာ ဖြုတ်လိုက်တာမဟုတ်ဘဲ ပြုပြင်ပြောင်းလဲလို့ရပါတယ်။ အချိုရည်ရောင်းတာမကိုက်ရင် ရေသန့်၊ ရေသန့် မကိုက်ရင် မုန့် စသည်ဖြင့် တိုးသွားလျော့သွား၊ နည်းနည်းရွှေ့သွားတာမျိုးကို ပြောတာပါ။ ဒီလိုလုပ်ရင်း အဆင်ပြေသွားတဲ့သူတွေ မနည်းပါ

လုပ်ငန်းအများစုဟာ ကိုယ်သာ တကယ် သေချာလုပ်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဆင့်ပွားသက်ရောက်မှုတွေရှိပါတယ်။ ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင်တော့ အလုပ်တစ်ခုကို ရေရှည်လုပ်ဖို့လိုပါတယ်။ ဒီအကြောင်းတွေကို နောက်မှာ ၂ ၃ ၄ အနေနဲ့ အကျယ်ထဲမှာရေးအုံးမှာပါ။

အခုတော့ အရေးအကြီးဆုံးဖြစ်တဲ့ BEP အကြောင်း ၁ အနေနဲ့ အကြမ်းပြောပြီးပါပြီ။ ၂ အနေနဲ့တော့ အမြတ် ရာခိုင်နှုန်းအကြောင်းဆက်ရေးပါမယ်။

(သိသလောက်မျှဝေခြင်းဖြစ်လို့ အသုံးအနှုန်းတွေ မှန်တာမှားတာတွေရှိရင်လဲ ထောက်ပြကြပါ)

 #KKSBasicBusiness
Copy from Ko Thura Tun

Credit:  ဆရာပိုင်စိုးရဲ့ Page

No comments: