Thursday, May 11, 2017

“ပရော်ဖက်ရှင်နယ် ပီသဖို့” နဲ့ “Service mindset"

“Service mindset


အလုပ်မှာ အောင်မြင်ဖို့၊ ခေါင်းဆောင်ကောင်းဖြစ်ဖို့၊ ဘ၀မှာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့အတွက် EQ မြင့်ဖို့ လိုတယ် ဆိုတဲ့စကားကို ဒီနေ့ခေတ်မှာ တော်တော်များများ ပြောလာကြပါပြီ။ EQ ဆိုတာကို စတင်မိတ်ဆက်ပေးခဲ့တဲ့ Daniel Goleman က EQ မြင့်သူတွေရဲ့ စရိုက်လက္ခဏာတွေကို ရေးပြဖူးပါတယ်။ အဲဒီထဲမှာ ထူးခြားချက်တစ်ခုကတော့ EQ မြင့်သူတွေမှာ Service mindset (၀န်ဆောင်မှုစိတ်ထား) ရှိကြတယ် ဆိုတာပါပဲ။

ဒါဖြင့် Service mindset နဲ့ EQ ဒီနှစ်ခု ဘယ်လိုဆက်စပ်သလဲ စဉ်းစားကြည့်ပါမယ်။

EQ မှာ အစိတ်အပိုင်း (၅)ခု ပါဝင်ပါတယ်။

၁။ မိမိကိုယ်ကို သိရှိခြင်း (Self-awareness)
၂။ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း (Self-regulation)
၃။ စိတ်ဓါတ်တက်ကြွခြင်း (Motivation)
၎။ လူမှုဆက်ဆံရေး (Social skill)
၅။ ကိုယ်ချင်းစာစိတ် (Empathy) တို့ ဖြစ်ပါတယ်။

ကိုယ်က ၀န်ဆောင်မှုပေးနေရသူဆိုရင် ဒီအစိတ်အပိုင်း(၅)ခုမှာ ဖွံ့ဖြိုးဖို့ လိုပါတယ်။

ပထမဆုံးအနေနဲ့ ကိုယ့်ခံစားချက်တွေ ကိုယ်သိရပါမယ်။ ငါ အိမ်မှာ စိတ်တိုလာတယ်၊ မိသားစုနဲ့ ပြဿနာဖြစ်နေတယ်၊ ငါ ဒီနေ့ Mood မကောင်းဘူး၊ ဒါမျိုးအရင်ဆုံး စသိထားရပါမယ်။ ၀ယ်သူနဲ့ စကားပြောနေရင်း သူက တခုခုပြောလိုက်လို့ ကိုယ်စိတ်တိုသွားတယ်ဆိုလည်း စိတ်တိုလိုက်မှန်း သိရပါမယ်။

အဲဒီလို ကိုယ့်ခံစားချက်ကိုသိပြီ ဆိုမှ နောက်တစ်ဆင့်အနေနဲ့ အဲဒီစိတ်ကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဝန်ဆောင်မှု ပေးနေကြသူတွေဟာ သူတို့ဘ၀တွေလည်း အမြဲ အဆင်ပြေပျော်ရွှင်နေလို့ မဟုတ်ပါဘူး။ သူတို့ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို နောက်ပို့ပြီး အလုပ်ကို ပရော်ဖက်ရှင်နယ် ပီပီသသ လုပ်နေကြတာသာ ဖြစ်ပါတယ်။

တတိယတစ်ခုက အလုပ်မှာ တက်ကြွမှု။
ဝယ်သူ ဆိုင်ထဲဝင်လာတယ်၊ ထွက်မကြိုဘူး။ ပစ္စည်းကိုကြည့်နေတယ်၊ တက်တက်ကြွကြွ ရှင်းပြပေးတာ မရှိဘူး။ ဒီလိုဝန်ဆောင်မှုပေးသူတွေ ခဏခဏ တွေ့ဖူးပါတယ်။

တကယ်တော့ တက်ကြွမှုဆိုတာ “ကိုယ့်အလုပ်အပေါ် ဘယ်လိုသဘောထားလဲ”ဆိုတာနဲ့ အများကြီး သက်ဆိုင်ပါတယ်။
ပေးဖူးတဲ့ ဥပမာလေးပဲ ထပ်ပြောပါရစေ။
ညဘက်မှာ အဝေးပြေးကားတွေကို စစ်ဆေးရတဲ့ ရဲနှစ်ယောက် ရှိတယ်ဆိုပါတော့။ တစ်ယောက်က အထက်ကခိုင်းလို့ လုပ်ရတာပါကွာ လို့ခံယူပြီး စစ်လို့ရှိရင် ဓါတ်မီးနဲ့ ဟိုထိုးဒီထိုး လောက်ပဲ အဖြစ်သက်သက် လုပ်တယ်။ နောက်တစ်ယောက်ကတော့ ဒီအလုပ်က တိုင်းပြည်အတွက် အင်မတန်အရေးကြီးတယ်၊ အခွန်တွေ မနစ်နာအောင်၊ မူးယစ်ဆေးဝါးတွေ မပြန့်ပွါးအောင် သေချာဂရုစိုက် လုပ်ရမယ်လို့ တွေးတယ်။ ဒီတော့ သူက အလုပ်မှာ အမြဲတက်ကြွနေတယ်၊ ဒီအလုပ်လုပ်ရတာ သူ့အတွက် သိပ်အဓိပ္ပါယ်ရှိနေတယ်။ ဘာလို့ သူတို့နှစ်ယောက် တက်ကြွမှုချင်း ကွာခြားသွားတာလဲဆိုရင် အလုပ်အပေါ် ထားတဲ့ ခံယူချက်ချင်း ကွာခြားတာကြောင့် ဖြစ်ပါတယ်။

ဝန်ဆောင်မှုပေးတယ်ဆိုတာ ကုန်ပစ္စည်းတခုခု ပေးလိုက်ရုံသက်သက် မဟုတ်ပါဘူး။ ထမင်းကြော် လာစားရင် ထမင်းကြော်ပဲ ရောင်းလိုက်တာပဲ၊ ၀ယ်သူကလည်း ထမင်းကြော်ပဲ စားလိုက်ရတာပဲ၊ ဒါပေမယ့် ၀န်ဆောင်မှုကောင်းကောင်းပေးနိုင်ရင်တော့ ၀ယ်သူဟာ ထမင်းကြော်ကို စိတ်သက်သောင့်သက်သာနဲ့ စားသွားနိုင်မှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ၀န်ဆောင်မှုဟာ “တစ်ဖက်သားကို စိတ်ချမ်းသာအောင် လုပ်ပေးတဲ့အလုပ်” ဖြစ်ပါတယ်။ ငါတို့က ဘာကိစ္စ အောက်ကြို့ရမှာလဲ ဆိုတာမျိုး မတွေးဘဲ၊ အဲဒီလိုသာ ခံယူထားနိုင်မယ်ဆိုရင် ၀န်ဆောင်မှုပေးရတဲ့ ကိုယ့်အလုပ်မှာ တက်ကြွပျော်ရွှင်နေမှာ အသေအချာပါပဲ။

စတုတ္ထအချက်ကတော့ လူမှုဆက်ဆံရေး ကောင်းမွန်တာပါ။
ဖော်ရွေတယ်၊ ပြုံးနေတယ်၊ ခင်မင်နှစ်လိုဖွယ်ကောင်းတယ်၊ ပြောဆိုဆက်ဆံတတ်တယ်။ အဲဒါရဲ့ ပြောင်းပြန်၊ မျက်နှာထားက တည်တည်၊ စကားက မေးတစ်ခွန်းဖြေတစ်ခွန်း၊ ဘာကိုမှ အလိုမကျဘဲ ထိလွယ်ရှလွယ်တဲ့သူတွေလည်း ကြုံဖူး၊ တွေ့ဖူးကြမှာပါပဲ။ သူတို့တွေကတော့ ၀န်ဆောင်မှုပေးရတဲ့အလုပ်မျိုး မလုပ်သင့်တဲ့ သူတွေလို့ပဲ ဆိုရမှာပါ။

နောက်ဆုံးအချက်ကတော့ ကိုယ်ချင်းစာစိတ်ပါ။
ဝန်ဆောင်မှုပေးသူတွေဟာ နောက်အခြေအနေတစ်ခုမှာ ၀န်ဆောင်မှုပြန်ယူသူတွေ ဖြစ်သွားမှာပါပဲ။ ဟိုတယ်မှာ ကိုယ်က ၀န်ဆောင်မှုပေးသူ၊ နေမကောင်းလို့ ဆေးရုံရောက်တော့ ကိုယ်က ၀န်ဆောင်မှုယူသူ။

ဝန်ဆောင်မှုအရည်အသွေး ဆိုတာဘာလဲ တစ်ခွန်းတည်းပြောပါဆိုရင် အဲဒါ “ကိုယ်ချင်းစာစိတ်”ပါပဲ။
ကိုယ် ၀န်ဆောင်မှုယူတဲ့အခါ ကိုယ့်ကို ဆက်ဆံစေချင်တဲ့ ပုံစံအတိုင်း ဆက်ဆံပေးမယ်၊ ကိုယ်မလုပ်စေချင်တဲ့ အရာတွေကို ကိုယ်လည်း ရှောင်ရှားပေးမယ် ဆိုရင် အဲဒါ ၀န်ဆောင်မှုကောင်း ဖြစ်တာပါပဲ။
ရုံးတစ်ရုံးကို သွားလို့ ဘယ်သူမှ အအော်အငေါက်မခံချင်ဘူး။ စားသောက်ဆိုင်မှာ နာရီနဲ့ချီပြီး စောင့်မနေချင်ဘူး။ ဒါဆို ကိုယ့်ဆေးရုံကျလည်း အဲဒါတွေ မလုပ်နဲ့။
ဘယ်သူမဆို သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ်လေး မြင်ရရင် စိတ်ချမ်းသာတယ်၊ ကောင်းကောင်းမွန်မွန်လေး ပြောဆိုခံရရင် ကျေနပ်တယ်။ ဒါဆို ကိုယ့်ဆိုင်လေးမှာလည်း အဲဒီအတိုင်း လုပ်ပေး။

ကိုယ်ချင်းစာစိတ် ရှိဖို့ လိုအပ်တဲ့ နောက်အခြေအနေတစ်ခုကတော့ အကြောင်းအရင်းတခုခုကြောင့် ၀ယ်သူမကျေနပ်လို့ Complain လုပ်တဲ့အခါမှာပါ။ ကိုယ့်တစ်ဖက်ကပဲ ကြည့်ပြီး ပြောနေလို့မရပါဘူး၊ သူ့နေရာက ၀င်ကြည့်ပြီးလည်း ခံစားပေးတတ်ဖို့ လိုပါတယ်။ ဒါမှ ကိုယ့်ရဲ့ ပြောဆိုဆက်ဆံမှုတွေက ပရော်ဖက်ရှင်နယ် ဆန်မှာပါ။

ခုဆိုရင် ကမ္ဘာ့ရွာ ဆိုတဲ့ အ၀န်းအ၀ိုင်းထဲမှာ ကျွန်တော်တို့တွေလည်း မဖြစ်မနေ ပါဝင်လာရပြီ ဖြစ်ပါတယ်။ ကြိုးစားရဦးမှာတွေ အများကြီးရှိနေဆဲပါ။ အဲဒီထဲကတစ်ခုကတော့ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ အရည်အသွေး တိုးတက်လာဖို့ပါပဲ။

ကျွန်တော်တို့ဆီက ဆေးရုံဆေးခန်း၊ စားသောက်ဆိုင်၊ ဟိုတယ်၊ မိုတယ်၊ ခရီးသွားလုပ်ငန်း၊ ဈေးဝယ်စင်တာ၊ အဲဒီနေရာတွေက ၀န်ထမ်းတချို့ဟာ တော်တော်လေး ဆက်ဆံရေးအဆင်မပြေကြတာ သတိထားမိမှာပါ။ မချေမငံ ဆက်ဆံတာတင်မကဘဲ ၀ယ်သူကို ပြန်ရန်တွေ့တာမျိုးတောင် ကြုံဖူးပါတယ်။ ကြည့်လိုက်ရင် အလုပ်မှာ စိတ်မ၀င်စားတာ၊ ထိုင်းမှိုင်းနေတာတွေလည်း ခဏခဏ တွေ့ဖူးတယ်။ တခါတလေ ၀န်ဆောင်မှုပေးရမှာက သူလား ကိုယ်လား မသဲမကွဲတွေတောင် ဖြစ်ကုန်တဲ့အထိပါပဲ။

သေချာတာက ဒီအတိုင်းသာ ဆက်သွားနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ နောက်မှာ ကျန်နေခဲ့ရပါလိမ့်မယ်။

Ref: What makes a leader – Daniel Goleman

ဒေါက်တာ ဖြိုးသီဟ
၂၂.၄.၂၀၁၇

“ပရော်ဖက်ရှင်နယ် ပီသဖို့”

လုပ်ငန်းခွင်မှာ တခြားလူတွေနဲ့ အလုပ်တွေတွဲလုပ်ရတဲ့အခါ ဘာသတိထားမိလဲဆိုရင် ပရော်ဖက်ရှင်နယ် ပီသတဲ့သူတွေနဲ့ အလုပ်လုပ်ရတာ သိပ်စိတ်ချမ်းသာစရာ ကောင်းတယ် ဆိုတာပဲ။
သူတို့တွေဟာ အင်မတန် ယုံကြည်စိတ်ချရသူတွေ ဖြစ်တယ်။ ပြောထားတဲ့စကား၊ ပေးထားတဲ့ကတိကို တည်တယ်။ ဖြောင့်မတ်တယ်၊ Integrity ရှိတယ်။ သူတို့ကိုယ်သူတို့ တာဝန်ယူတတ်တယ်။ တစ်ဖက်ကို ဖြစ်သင့်တာထက် ပိုပြီး တောင်းဆိုတာမျိုးတွေ မရှိဘူး။ လေးစားမှုထားတယ်။

ပရော်ဖက်ရှင်နယ် ဆိုတာဘာလဲဆိုရင် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ အများကြီးရှိလိမ့်မယ်။ ကျွန်တော်ကတော့ 3 S နဲ့ ပြည့်စုံရင် ပရိုဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

ပထမ S – Salary (Paid occupation)

အလုပ်တစ်ခုမှာ ပရော်ဖက်ရှင်နယ်လို့ ပြောနိုင်ဖို့ဆိုရင် အဲဒီအလုပ်ကနေ ကိုယ့်အသက်မွေးနိုင်လောက်တဲ့ လုပ်ခလစာ ရရလိမ့်မယ်။ အဲဒါမှပဲ ကိုယ့်အချိန်၊ ခွန်အား၊ ပညာတွေကို သေသေချာချာ စိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ S – Skill (Specialized skill or knowledge to meet technical standard)

ဆရာဝန်၊ အင်ဂျင်နီယာ၊ ကားစက်ပြင်ဆရာ၊ အဆိုတော်၊ ယာဉ်မောင်း၊ ပန်းရံဆရာ စသဖြင့် ကိုယ့်သက်ဆိုင်ရာ အလုပ်တွေမှာ ရှိကိုရှိရမယ်လို့ သတ်မှတ်ထားတဲ့ ကျွမ်းကျင်မှုမျိုး ရှိထားဖို့ လိုတယ်။ ပရော်ဖက်ရှင်နယ် ပီသတဲ့သူဟာ သူ့အလုပ်မှာ ကျွမ်းကျင်သထက် ကျွမ်းကျင်အောင် လုပ်တယ်။ အထူးချွန်ဆုံး မဟုတ်တောင် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းကို မီအောင်တော့ အားထုတ်တယ်။

နောက်ဆုံး S ကတော့ – Self-control (To meet ethical standard)

ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းပဲ။ ဒီအပိုင်းက ကျွန်တော်တို့ဆီက ပရော်ဖက်ရှင်နယ်တွေမှာ အလိုအပ်ဆုံးအပိုင်းလို့လည်း ပြောလို့ရပါတယ်။

ထိန်းသိမ်းမယ်ဆိုတော့ ဘာတွေကို ထိန်းသိမ်းရမှာလဲ။ ၃ချက် ထပ်ပြောချင်ပါတယ်။

ပထမအချက် - စိတ်ခံစားချက်တွေကို ထိန်းသိမ်းရပါမယ်။
အဆိုတော်ဖြစ်လာရင် အသံကို ထိခိုက်စေမယ့် အစားအသောက်တွေ ဘယ်လောက်စားချင်စားချင် ရှောင်ရမယ်။
ကိုယ်က ၀န်ဆောင်မှုပေးသူ ဖြစ်နေရင် ကိုယ့်မှာ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ရှိနေရှိနေ၊ Customer ကို အချိုသာဆုံး ဆက်ဆံနိုင်ရမယ်။ တစ်ဖက်က ဒေါသနဲ့ Complain လုပ်နေဦးတော့၊ စိတ်ကို အတည်ငြိမ်ဆုံး ထားပြီး တုံ့ပြန်ပြောဆိုနိုင်ရမယ်။
ကိုယ်က ဆရာဝန်ဖြစ်နေရင် ကိုယ်အမုန်းဆုံးလူတစ်ယောက် သေခါနီးဆဲဆဲ အခြေအနေနဲ့ ကိုယ့်ဆီရောက်လာတဲ့အခါ အကောင်းဆုံးကုသမှုတွေ ပေးနိုင်ရပါမယ်။

နောက်တစ်ခု - အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားရပါမယ်။
ဒီအပိုင်းက ပြောမယ်ဆို ပြောစရာတွေအများကြီးရှိတယ်။
အိမ်က ခံစားချက်တွေ အလုပ်ကို သယ်လာတာ၊ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုခုကြောင့် အလုပ်ကို အမြဲနောက်ကျနေတာ၊ အလုပ်မှာ စွမ်းဆောင်ရည်ထက် ကိုယ့်အကြိုက် ဘယ်လောက်သိလဲ၊ ကိုယ်ခိုင်းတာ ဘယ်လောက်လုပ်ပေးသလဲ ဆိုတာနဲ့ အကဲဖြတ် အမှတ်ပေးနေတာ၊ ဒါတွေဟာ ပရိုမပီသတဲ့ အပြုအမူများပါပဲ။

နောက်ဆုံးတစ်ခု၊ ပရိုပီသချင်တယ်ဆိုရင် ရသင့်ရထိုက်တာ ပိုပြီး မယူမိအောင် ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။
အလုပ်မှာ ကိုယ်က သူ့အထက်က ဖြစ်နေတယ်ဆိုတာဟာ ကိုယ့် ကိုယ်ရေးကိုယ်တာအလုပ်တွေ သူ့ခေါ်ခိုင်းလို့ ရတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
အစက သဘောတူထားတာ ဒါတွေ၊ ဒါတွေလုပ်ပေးဖို့ပဲ ပါတယ်၊ နောက်တော့ ဟိုဟာလေး လုပ်ပေးပါဦး၊ ဒါလေး Request လုပ်တာပါ စသဖြင့် ဖြစ်လာတယ်။
နောက် မယူသင့်မယူထိုက်တဲ့ ခံစားခွင့်တွေကို ရှောင်ဖို့ပေါ့။
မီဒီယာသမားတွေဟာ အဖွဲ့အစည်းတခုခုဆီက တံစိုးလက်ဆောင် ယူခွင့်မရှိပါဘူး၊ ရေးသားဖော်ပြမှုတွေ ဘက်လိုက်မိမှာကို ကာကွယ်တဲ့အနေနဲ့ပါ။
စီးပွါးရေးလုပ်ငန်းတွေဟာ ကိုယ့်ကုန်ပစ္စည်း ရောင်းရရင် ပြီးရော မလုပ်သင့်ပါဘူး။
အစိုးရအဖွဲ့အစည်းတွေအနေနဲ့လည်း လက်သင့်ရာ စားတော်ခေါ် လုပ်လို့ မရပါဘူး။

ပြောရရင်တော့ ဘယ်လောက်ကျွမ်းကျင်မှု ရှိနေပါစေ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းမရှိရင် ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်သလို၊ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့လည်း ခက်ပါတယ်။

ပရိုပီသဖို့ဟာ သိပ်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကျွမ်းကျင်မှုပါရမီ၊ စတဲ့အချက်တွေမှာ ပြောရလောက်အောင် ကောင်းမနေတဲ့ ဒေးဗစ်ဘက်ခမ်း ဘာလို့ ဒီလိုအဆင့်အတန်းထိ ရောက်နိုင်ခဲ့သလဲ။ အဓိကကတော့ ပရိုပီသမှုကြောင့်ပါပဲ။ တခြားဥပမာတွေလည်း အများကြီး ရှိပါသေးတယ်။ နောက်ဆုံးကုန်ကုန်ပြောရရင် ပြည့်တန်ဆာတောင်မှ ပရိုပီသတဲ့ ပြည့်တန်ဆာက ဧည့်သည်ပိုရပါတယ်။

တစ်ချက်လောက် ပြန်စဉ်းစားကြည့်ပါ။ ပရိုမပီသတဲ့ ဆရာနဲ့ စာသင်ဖူးလား၊ ပရိုမပီသတဲ့ ဆရာဝန်နဲ့ ဆေးကုဖူးလား၊ ပရိုမပီသတဲ့ ၀ပ်ရှော့ဆရာဆီမှာ ကားပြင်ဖူးလား၊ ပရိုမပီသတဲ့ ဘော့စ်တစ်ယောက်ယောက်ရဲ့ လက်အောက်မှာ အလုပ်လုပ်ဖူးလား၊ ပရိုမပီသတဲ့ အစိုးရနဲ့ရော ကြုံဖူးလား။ သိပ်စိတ်ညစ်စရာ ကောင်းတာ သတိထားမိပါလိမ့်မယ်။

ခင်မင်ရတဲ့ ညီငယ်တစ်ယောက်က ရေဒီယိုအင်တာဗျူးတစ်ခုမှာ ဖြေပါတယ်။ ငယ်သေးတဲ့အချိန်မှာ ငွေစုတာထက် ယုံကြည်မှု စုတာ ပိုကောင်းပါတယ် တဲ့။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ် ပီသအောင် ကြိုးစားပါ။ ဒါဆိုရင် ကိုယ်နဲ့ အလုပ်တွဲလုပ်ရတဲ့သူတိုင်းဆီက 'ဒီလူဟာ ယုံကြည်စိတ်ချရတဲ့သူ၊ သူနဲ့တွဲလုပ်ရတာ သိပ်စိတ်ချမ်းသာရတယ်' ဆိုတဲ့ တုံ့ပြန်မှုမျိုး ရလာပါလိမ့်မယ်။
အဲဒီအခြေအနေဟာ  ကိုယ့် career မှာ ရှေ့ကို အဝေးကြီး ဆက်လျှောက်လို့ ရတဲ့ လမ်းမကြီးတစ်ခုကို ခင်းနိုင်လိုက်တာနဲ့ အတူတူပါပဲ။

ဒေါက်တာ ဖြိုးသီဟ
၁၀.၅.၂၀၁၇

Credit: ဒေါက်တာဖြိုးသီဟရဲ့ Page

No comments: